Showing posts with label RCSSသတင်း. Show all posts
Showing posts with label RCSSသတင်း. Show all posts

ဆက်ကြေးငွေအလွဲသုံးစားလုပ်သော RCSS/SSA အဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံထံ သို့ ထွက်ပြေးတိမ်းရှောင်


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျိုင်းတောင်းမြို့နယ်အတွင်း သစ်စက် များ၊ သစ်လုပ်ငန်းရှင်များထံမှ ကောက်ခံရရှိသော ဆက်ကြေးငွေများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့တစ်ဖွဲ့မှ အလွဲသုံးစားလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းဒေသခံများထံမှ သတင်း ရရှိသည်။

“ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး ဒီမြို့နားပတ်ဝန်းကျင်ရွာတွေမှာ ရွက်ဆစ်အဖွဲ့က စစ်သားတွေ ခြေရှုပ်နေကြ တယ်၊ ကောက်ခိုင်းတဲ့ ဆက်ကြေးငွေတွေ လာမပေးလို့လိုက်ရှာနေတာလို့သိရတယ်၊ သူတို့ အချင်းချင်းကြားမှာလဲ ဖြတ်စားလတ်စားတွေရှိမှာပေါ့ ” ဟု ကျိုင်းတောင်းမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါအဖွဲ့မှ ကျိုင်းတောင်းခွင်အတွင်း ကောက်ခံရရှိသွားသော ဆက်ကြေးငွေ ပမာဏမှာ သိန်း(၅၀၀) အထက်တွင် ရှိနေကြောင်း သစ်လုပ်ငန်းရှင်တစ်ဦးကဆို သည်။

“ ဆက်ကြေးကောက်တဲ့ ခေါင်းဆောင်ရဲ့ မိန်းမကဒီကွန်ဟိန်းမြို့နယ်ထဲကလို့ သိရတယ်၊ သူ့မိန်းမ ဆီပြန်သွားပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွား တယ်လို့သတင်းထွက်နေတာပဲ” ဟု ကွန်ဟိန်းမြို့ခံ တစ်ဦးက ပြောသည်။

ယင်းဆက်ကြေးငွေများအား အလွဲသုံးစားလုပ်နေသော RCSS/SSA အဖွဲ့မှ စိတ်မှူးအဆင့်ရှိ စောနန္တိသည် ဇနီးဖြစ်သူ မနန်းဖြစ် ရှမ်း/ဗုဒ္ဓ၊ ဆိုက်ခေါင်ကျေးရွာ၊ ကွန်ဟိန်းမြို့နယ်နေသူအား လာရောက်ခေါ်ဆောင်သွား ကြောင်းသိရသည်။
အဆိုပါအဖွဲ့တွင် အင်အား(၁၀)ဦးခန့်ပါရှိပြီး ကောက်ခံရရှိသော ဆက်ကြေးငွေ များအား ယူဆောင်ကာ လက်နက်ကိုယ်စီဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြကြောင်း သိရှိရပါသည်။

စိုင်းဇေယျာ(ကွန်ဟိန်း)
Shan News

PNLO နှင့် RCSS ကြား ပြဿ နာ ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် RCSS တိုက်တွန်း


သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မောက်မယ် မြို့နယ် အတွင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်တို့ ယနေ့မနက်က ဖြစ်ပွါး ခဲ့သော တိုက်ပွဲ ကြောင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်သွား လိုကြောင်း သျှမ်းပြည် တပ်မတော် ဘက်က ပြောဆိုပါသည်။

စက်တင်ဘာလ ၃ ရက် မနက်ပိုင်းက မောက်မယ်မြို့နယ် ကန်တူးလုံဒေသ ဟိုနမ့်အုပ်စုတွင် RCSS/SSA နှင့် PNLO တို့ ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့ဘက်ကတော့ တမြေတည်းနေတဲ့ ညီကိုမောင် နှမတွေ အချင်းချင်း အပေါ် စတင်ပစ်ခတ်တိုက်ခိုက်မယ့် ပေါ်လစီမရှိဘူး။ ကျနော်တို့အိမ်တွင်းရေးပြဿနာကို ကျနော်တို့ညီအကိုအချင်းချင်းဆွေးနွေးပြီး အေးအေးချမ်းချမ်း ဖြေရှင်းမယ်လေ။ ကျနော်တို့အိမ်သားတွေထက် ပြင်ပလူက ဘယ်လိုလုပ် ပိုသိနိုင်မလဲ မဟုတ်လား။ နဲနဲကျဉ်းကျဉ်း ပြဿနာကို အိမ်ပြင်က လူခေါ်ပြီး လာရှင်းခိုင်းရင် ရှင်းမသွားဘဲ ပိုရှုပ်လာမှာပေါ့။ အပ်နဲ့ထွင်းရမယ့်ဟာလေးကို ပုဆိန်နဲ့ခုတ်တဲ့ အဆင့် အထိ မဖြစ်စေချင်ဘူး” သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်က ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီ အတွင်းရေးမှူး စိုင်းငင်းကသျှမ်းသံတော်ဆင့်အား ပြောပြသည်။

PNLO ဘက်က အင်အား ၆၀ ဝန်းကျင်ခန့်ရှိပြီး တိုက်ပွဲကြောင့် ၂ ဦး ၂ ဘက် ဒဏ်ရာအနည်းအကျဉ်းရရှိရုံမှလွဲ၍ သေကြေမှုတော့ မရှိကြောင်း၊ အောက်ခြေ တပ်သား များ နားလည်မှုလွဲမှားမှုကြောင့်ပစ်ခတ်မှုဖြစ်ပွါးခြင်းဖြစ်နိုင်ကြောင်း RCSS ကပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ခွန်မြင့်ထွန်းက ကန်တူးလုံဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရ ချပေးသော စီမံကိန်းအတွက် လှုပ်ရှားရာမှ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ တပ်သား ၃ ဦးကိုလည်း သျှမ်းပြည် တပ်မ တော်ဘက်က ဖမ်းဆီးထားကြောင်း မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားထားသည်နှင့်ပတ်သက်၍ RCSS/SSA က စိုင်းငင်းက ဤကဲ့သို့ ပြန်လည်ဖြေကြားထားပါသည်။

“ တော်လှန်ရေးအဖွဲ့ အချင်းချင်းကြားဖြစ်တဲ့ ပြဿနာကို အချင်းချင်း ဆွေးနွေးညှိနှိုင်းဖို့ဘဲလိုတယ်။ ပအိုဝ်းအဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ဘက်က ပြီးခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက ကော်မတီဖွဲ့ထားပြီးပြီ။ ကျနော်တို့ ဌာနချုပ်မှာလာဆွေး နွေး ဖို့ဖိတ်ခေါ်တယ်လို့ပြောတယ်။ ပအိုဝ်းတပ်သား ၂ ယောက်ကို RCSS ကဖမ်းသွားတယ်လို့ PNLO ဥက္ကဌကြီးပြောသွား တဲ့ ကိစ္စ။ အဲတာလည်း ကျနော်တို့မဖမ်းရပါဘူး။ သူတို့ဆန္ဒသဘောအတိုင်းသာ ကျနော်တို့ဆီကိုလာတာ။ ကျနော်တို့ တောင် ကောင်းကောင်းစောင့်ရှောက်ကျွေးမွေးထားသေးတယ်။ သူတို့ကို မိခင်တပ်ရင်းဆီ ပြန်ချင်တဲ့အချိန် ပြော။ ကျနော်တို့က အရောက်ကိုပို့ပေးမှာလို့ပြောထားတယ်။ သူတို့က မပြန်ချင်ဘူးဆိုလို့ ကျနော်တို့ဆီမှာရှိနေပါတယ်။”

ယခင်က ကန်တူးလုံဒေသသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က လှုပ်ရှားသည်ဟုဆိုသော်လည်း SNPLO ရလလဖ မှ ဗိုလ်မှူးကြီးခွန်သူရိန်တို့ခွဲထွက်လာသည့်နောက်ပိုင်း ကန်တူးလုံဘက်တွင် လှုပ်ရှားသည့်တပ်ဖွဲ့မရှိတော့သဖြင့် RCSS က သွားရောက်လှုပ်ရှားနေသည်မှာ ယနေ့အထိ ဖြစ်ကြောင်း၊ PNLO နှင့်ပူးပေါင်းလှုပ်ရှားသွားလာ နေသည်မှာ ၇ နှစ် ကျော် ပြီ ဖြစ်သော်လည်း ပြဿနာမရှိဖူးဘဲ ယခုမှပစ်ခတ်တိုက်ခိုက်ကြသည်အထိဖြစ်ပွါးခဲ့ရသည်မှာ အံ့ဩစရာဖြစ်ရ ကြောင်း၊ မည်သည့်ပြဿနာဖြစ်စေကာမူ ငြိမ်းချမ်းသောနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းစေလိုကြောင်း စိုင်းငင်းကပြော သည်။

“ကျနော်ပြောချင်တာက သျှမ်းပြည်မှာနေတဲ့ သျှမ်းလူမျိုးအချင်းချင်းဘဲ။ တမြေတည်းသားချင်းတွေဘဲ။ ဒီ သျှမ်းပြည်ကို သျှမ်းပြည်သားအားလုံးကပိုင်ဆိုင်တယ်။ အတူတကွ လှုပ်ရှားသွားလာနိုင်တယ်။ အခုလို ပြဿနာဖြစ်လာတော့ ကျနော်တို့ RCSS ဘက်က စစ်ရေးနည်းနဲ့ မဖြေရှင်းချင်ဘူး။ သူများထောင်ထားတဲ့အကွက်ဘဲ ဝင်သွားလိမ့် မယ်” ဟု စိုင်းငင်းက ပြောဆိုပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်တို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသအဖြစ် အစိုးရက ပေးအပ်ထားပါသည်။

မိမိတို့အတွက် လှုပ်ရှားရန်ပေးထားသောနယ်မြေအတွင်းပြဿနာပေါ်ပေါက်ခဲ့ပါက အစိုးရဘက်မှ ကူညီဖြေရှင်း ပေး ရန် ယမန်နှစ်က အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တွေ့ဆုံစဉ်က PNLO က ပြောဆိုထားပါသည်။

သျှမ်းသံတော်ဆင့်