Showing posts with label အေးချမ်းမြတ်နိုးသတင်း. Show all posts
Showing posts with label အေးချမ်းမြတ်နိုးသတင်း. Show all posts

မော်ဒယ်အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးသဘောတူ လက်ထပ်လုနီးပါးဖြစ်ခဲ့ဟု တရားခံရှေ့နေတင်ပြ


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်းအဖြစ် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

တရားခံရှေ့နေဖြစ်သူ ဦးစိန်မြင့်၏ တင်ပြမေးမြန်းချက်များတွင် သေဆုံးသူ အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ မောင်အံ့ဖြိုးပိုင်တို့သည် လွန်ခဲ့သည့် ၂ နှစ်ခန့်ကတည်းက တစ်ဦးနှင့် တစ်ဦး လွန်စွာချစ်ခင်သည့် သမီးရည်းစားများဖြစ်ပြီး၊ ၎င်းတို့နှစ်ဦးသည် ထိုအချိန်ကတည်းက ဒဂုံမြို့နယ် တရားရုံးသို့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန် အသိမိတ်ဆွေများဖြင့် သွားရောက်ခဲ့ပြီး ထိုစဉ်က အေးချမ်းမြတ်မိုး၏ အသက်မှာ ၁၈ နှစ် နီးနီးသာ ရှိသေး၍ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး၍ မရကြောင်း တရားရုံးရှိ ၀န်ထမ်းမှ မိတ်ဆွေများရှေ့တွင် ရှင်းပြခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် အလှူဒါနပြုခြင်း၊ လက်ဝတ်ရတနာပစ္စည်းများ ပြုလုပ်ခြင်း၊ လက်ဆောင်များ အပြန်အလှန်ပေးအပ်ခြင်း၊ အေးချမ်းမြတ်မိုး မြန်မာ့အသံဝန်းအတွင်း အနုပညာသင်တန်းတက်စဉ်က မောင်အံ့ဖြိုးပိုင်မှ အကြိုအပို့လုပ်ခဲ့ခြင်း၊ ၎င်းတို့နှစ်ဦးသည် အံ့ဖြိုးပိုင်၏ Honda Insight ကားအတွင်း ချစ်ခင်ကြင်နာစွာဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရ စီဒီခွေများ ထုတ်ခြင်းတို့ရှိကြောင်း တရားရုံးသို့ တင်ပြပြီး သေဆုံးသူ အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ ကိုအာကာဝဏ္ဏအား အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ သိ၊ မသိမေးမြန်းရာ ကိုအာကာဝဏ္ဏမှ လုံးဝမသိရှိကြောင်းနှင့် လုံးဝ မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ဒီကိစ္စတွေ ကျွန်တော်လုံးဝမသိဘူး၊ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ ညီမလေးက အံ့ဖြိုးပိုင် သူ့ကို လိုက်နှောင့်ယှက်နေတယ်ပဲ ကျွန်တော့်ကို ပြောပါတယ်။ ညီမလေးက သင်တန်းမှာရော၊ ကျောင်းမှာပါ ယောက်ျားလေးသူငယ်ချင်းအများ ကြီးရှိပြီး ဓာတ်ပုံတွေလည်း အများကြီး တွဲရိုက်ခဲ့ပါတယ်။ အားလုံးကိုရွယ်တူ သူငယ်ချင်းလို့ သဘောထားတာပါ၊ ဒီကိစ္စတွေ လုံးဝမဖြစ်နိုင်ပါဘူး”ဟု သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏက တရားရုံးသို့ ပြန် လည်ဖြေကြားသည်။

လူသတ်မှု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အနေဖြင့် အခင်းဖြစ်ပွားသည့် သြဂုတ်လ ၂၆ ရက်နေ့က အင်းလျားလမ်းရှိ ကုမ္ဗဏီတခုတွင် အလုပ်ကိစ္စအတွက် ညနေ ၅ နာရီကျော်သည်အထိ လူတွေ့ အင်တာဗျူးဖြေဆိုနေကြောင်း၊ ထိုအချိန်တွင် ဖုန်းပိတ်ထားသည့်အတွက် အင်တာဗျုးပြီး ဖုန်းဖွင့်သောအခါ သေဆုံးသူ အေးချမ်းမြတ်မိုးမှ သူ၏ ဟန်းဖုန်းသို့ စာတိုများပို့ထားကြောင်း၊ ထို့ကြောင့် ၎င်းမှ အေးချမ်းမြတ်မိုးထံသို့ သွားရောက်တွေ့ဆုံ ခဲ့ကြောင်းလည်း တင်ပြခဲ့သည်။ စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်သည် ဆေးတက္ကသိုလ် (၁) ကျောင်းသားတစ်ဦးဖြစ်ပြီး ဆေးတက္က သိုလ်တွင် ပထမနှစ်တစ်နှစ်သာ တက်ရောက်ပြီး နှုတ်ထွက်ခွင့်တောင်းကာ အေးချမ်းမြတ်မိုးတက်ရောက်နေခဲ့သော အဝေးသင်တက္ကသိုလ်အင်္ဂလိပ်စာမေဂျာသို့ ပြောင်းရွှေ့သင်ယူခဲ့ကြောင်းလည်း တရားခံရှေ့နေက တင်ပြခဲ့သည်။

ယခုကဲ့သို့ တရားခံရှေ့နေဘက်မှ သေဆုံးသူ မော်ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို တင်ပြခဲ့သော်လည်း ၎င်းတို့နှစ်ဦးမှာ သမီးရည်းစားလုံးဝမဟုတ်ဘဲ၊ အံ့ဖြိုးပိုင်ကသာ အေးချမ်းမြတ်မိုးကို လိုက် လံနှောင့်ယှက်နေခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူမှ အခင်းဖြစ်ပွားစဉ်က မီဒီယာများကို ဖြေကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးသေဆုံးမှု၏ တတိယမြောက်ရုံးချိန်းကို လာမည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန် ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ထပ်မံ စစ်ဆေးသွားမည်ဖြစ်ပြီး တရားလိုရှေ့နေမှ တရားခံရှေ့နေ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားခွင်မှ သိရသည်။

လက်ရှိတွင် စွပ်စွဲခံ မောင်အံ့ဖြိုးပိုင်အား လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားခြင်းဖြစ်ပြီး ပြစ်မှုကျုးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ကျခံရနိုင်သည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရမှုအတွက် တရားခံဟု ယူဆရသူအား ယနေ့ထိ တရားရုံး တင်နိုင်ခြင်း မရှိသေး


သေဆုံးပြီး (၁၁)ရက်တိုင်ကြာသည့်တိုင် မှုခင်းဆရာဝန်များထံမှ ဆေးစစ်ချက် ထွက်မလာသေး၊ ဓားဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးခဲ့ရဟုသိရ
မော်ဒယ်အေးချမ်းမြတ်မိုး သေဆုံးပြီး ၁၁ရက်ကြာမြင့်သည် အထိ မှုခင်း ဆရာဝန်များ၏ ဆေးစစ်ချက် မှတ်တမ်းများ မရရှိသေးသည့် အတွက် လူသတ် တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်အား တရားစွဲ ရုံးတင်မှု မပြုလုပ်နိုင်သေးကြောင်း ဒဂုံရဲစခန်းမှ အမှုစစ် အရာရှိ ရဲအုပ် ဇာနည်ထွဋ်က Tomorrow သို့ပြောသည်။

“ကျွန်တော်တို့ဆီကို အခုချိန်အထိ ဆေးစစ်ချက် မရရှိသေးဘူး။ သေဆုံးသူကို သင်္ဂြိုလ် ပြီးသွားပေမယ့် မှုခင်းဆရာဝန်တွေရဲ့ ဆေးစစ်ချက် မှတ်တမ်းတွေက သူတို့လက်ထဲမှာပဲ ရှိနေတုန်းပါ။ ဘာလို့ကြာနေလဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး”ဟု အမှုစစ် အရာရှိ ရဲအုပ်ဇာနည်ထွဋ်က ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်မတိုင်ခင် တစ်လခန့်အကြာက လူသတ် တရားခံဟု တရားစွဲဆိုခံရသူ အံ့ဖြိုးပိုင်သည် မော်ဒယ် အေးချမ်းမြတ်မိုးအား ချစ်ရေးဆိုခဲ့ပြီး ၄င်းအား ပြန်မချစ်ပါက သတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့မှုများ ရှိခဲ့ပြီး ၄င်း ထိုသို့ခြိမ်းခြောက်မှု အတွက် ဆုံးမရန် ပြောဆိုမှုများ အေးချမ်းမြတ်မိုး၏ မိခင်မှ မောင်အံ့ဖြိုးပိုင် အဖေထံသို့ တိုင်ကြား ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မောင်အံ့ဖြိုးပိုင် အနေဖြင့် မအေးချမ်းမြတ်မိုး မတိုင်မီ မအေးချမ်းမြတ်မိုး အစ်မဖြစ်သူအားလည်း ချစ်ကြိုက်သည်ဟု ပြောဆိုခဲ့မှုများ ရှိခဲ့ကြောင်း၊ ထို့ပြင် မအေးချမ်းမြတ်မိုး အသတ် မခံရမီ အချိန်တွင် စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင် အနေဖြင့် တတိယထပ်ရှိ သူမတို့၏ နေအိမ် ၀င်ပေါက်တံခါးအား အပြင်ဘက်မှ ဂျက်ချပိတ်ထားခဲ့ကြောင်း၊ အေးချမ်းမြတ်မိုး တိုက်ခန်းပေါ်သို့ တက်လာစဉ် ဒုတိယထပ်တွင် ဆီးခုံသို့ ဓားဖြင့် အရင်ထိုးခဲ့ကြောင်း၊ သူမမှာ အပေါ်သို့ ဒဏ်ရာဖြင့် ထွက်ပြေးသည့် အချိန်တွင် နောက်မှလိုက်၍ ဓားဖြင့် လည်ပင်းအား ထပ်မံထိုးခဲ့ခြင်းဖြစ်၍ အေးချမ်းမြတ်မိုးမှာ ဓားဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မအေးချမ်းမြတ်မိုးမှာ အိမ်ရှေ့ တံခါးဝ သွေးအိုင်ထဲ လဲကျအော်ဟစ်နေချိန်တွင် အပြင်မှ ဂျက်ချ ပိတ်ထားသော အိမ်တံခါးအား ပတ်ဝန်းကျင်မှ ဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် အိမ်ရှေ့တံခါး မပွင့်သေးခင်တွင် မအေးချမ်းမြတ်မိုး၏ အော်ဟစ်သံကြောင့် သူမ၏ အစ်ကိုဖြစ်သူမှ တိုက်ခန်းသုံးလွှာမှ အောက်သို့ ခုန်ချခဲ့ကြောင်း အောက်အရောက်တွင် လှေကားဝ၌ ပြေးဆင်းလာသော မောင်အံ့ဖြိုးပိုင်နှင့် ရင်ဆိုင်တွေ့ပြီး ရုန်းရင်းဆန်ခတ် လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။

ထို့အပြင် မောင်အံ့ဖြိုးပိုင်အား ပတ်ဝန်းကျင်မှ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ချိန်တွင် မောင်အံ့ဖြိုးပိုင်၏ ဖခင်ဖြစ်သူမှ မအေးချမ်းမြတ်မိုးအား သူသတ်ခဲ့တာဖြစ်ကြောင်း လူအများရှေ့တွင် မဟုတ်မမှန် ၀န်ခံခဲ့သေးကြောင်းလည်း သတင်းရရှိပါသည်။
အထက်ဖော်ပြပါ ကြားသိ ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိ အတည်ပြုချက်ပေးရန် ဒဂုံရဲစခန်းမှ အမှုစစ် ရဲအုပ် ဇာနည်ထွဋ်အား ထပ်မံ မေးမြန်းရာ “အခုညီလေးတို့ သိထားတာနဲ့ ကျွန်တော်တို့ သိထားတာ အတူတူပါပဲ။ ဒဏ်ရာ ဘယ်နှစ်ချက်နဲ့ သေဆုံးတယ်ဆိုတာကတော့ မှုခင်းဆေးစာ မရသေးတဲ့ အတွက် မသိရသေးပါဘူး။ နောက်ပြီး သူများတွေ စွပ်စွဲနေသလို လူသတ်တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ တစ်ယောက် မဟုတ်ကြောင်း စိတ်ဝေဒနာ မရှိဘဲ သာမန် လူကောင်း တစ်ယောက်ပါ ဖြစ်ပါသည်”ဟုလည်း အတည်ပြုခဲ့ပါသည်။
သြဂုတ်လ ၂၆ရက်နေ့တွင် လူသတ်တရားခံဟု စွပ်စွဲခံထားရသူ မောင်အံ့ဖြိုးပိုင်သည် မအေးချမ်းမြတ်မိုးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် အတွက် ပုဒ်မ ၃၀၂ဖြင့် သေဆုံးသူဘက်မှ အစ်ကိုဖြစ်သူက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှု ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။

ဆက်လက်၍ သေဆုံးသူ မအေးချမ်းမြတ်မိုး၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ ဘယ်နှစ်ချက်ဖြင့် သေဆုံးသည်ကို လည်းကောင်း၊ အချိန်ကာလအားဖြင့် (၁၁)ရက် ကြာမြင့်သည်အထိ မှုခင်းဆိုင်ရာ ဆေးစစ်ချက် မရရှိသေးသည့် ကိစ္စအား လည်းကောင်း မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များသည် တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်သောကြောင့် Tomorrow သတင်းဂျာနယ်မှ မေးမြန်းဆက်သွယ် အတည်ပြုခွင့် မရရှိခဲ့ပေ။

Tomorrow