Showing posts with label ဦးသိန်းစိန်သတင်း. Show all posts
Showing posts with label ဦးသိန်းစိန်သတင်း. Show all posts

အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်
ရေရာသေချာလိမ့်မည်ဟု အောက်တိုဘာ ၁ ရက် သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။



(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

“အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကိုပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုစတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုများကိုရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်းသတိပြုမိစေလိုပါတယ်” ဟုသမ္မတက ပြောသွားသည်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုစာချုပ် လက်မှတ်ထိုးနိုင်ရန် “ပိုမိုအားထည့် ဆောင်ရွက်ကြရမည့်အချိန်” ဟု ညွှန်းဆိုသွားပြီးအစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းသွားသည်။

သမ္မတသည် သူ၏ လစဉ် ရေဒီယိုမိန့်ခွန်းများတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်ပြီးအကျယ်တဝင့် ပြောလေ့ရှိပြီးသူ၏ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးရလိုကြောင်းထုတ်ဖေါ်ပြောဆိုလေ့ရှိသည်။

သမ္မတ၏ မိန့်ခွန်းများတွင် ယခုနှစ်မကုန်မီအပစ်ရပ် လက်မှတ်ရေးထိုးရန် မျှော်မှန်းချက်များကို ထည့်သွင်းပြောကြားလေ့ ရှိသော်လည်း ယခုမူအပစ်ရပ် လက်မှတ်ထိုးမှူ ကို ပိုမိုအားထည့်ရန် ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

သြဂုတ်လ ၂၂ ရက်ကရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဂေဟာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသေးရာ၊ အဆိုပါ ဆွေးနွေးပွဲသည် အပြီးသတ် ဆွေးနွေးမှုအဖြစ် အများက မျှော်မှန်းထားကြသော်လည်း အောင်မြင်မှုမရဘဲအဆုံးသတ်ခဲ့သည်။

အလားတူပင် ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။
မဇ္ဈိမ

မတူကွဲပြားမှုများ သဟဇာတဖြစ်မှ ရေရှည်တည်တံ့မည့် “ငြိမ်းချမ်းရေး” ဖြစ်မည်ဟု သမ္မတဆို


လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းထက် မတူကွဲပြားမှုများကို သဟဇာတဖြစ်မှ ရေရှည်တည့်တံ့မည့် ငြိမ်းချမ်းရေးဖြစ်မည်ဟု ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့သို့ ပေးပို့သည့် သမ္မတဦးသိန်းစိန်၏ သဝဏ်လွှာတွင် ရေးသားထားသည်။

“လူ့အဖွဲ့အစည်းအတွင်း၌ မတူကွဲ ပြားသော ကြန်အင်လက္ခဏာများ၊ အတွေးအခေါ်များနှင့် အယူဝါဒများကို အပြန်အလှန် နားလည်လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော သဟဇာတဖြစ်မှုမျိုးသည်သာလျှင်ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး” ဟု သဝဏ်လွှာတွင် သမ္မတက အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းအတွင်း၂၀၁၂ခုနှစ်က မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့သည့် မတူညီသည့် လူအုပ်စုနှစ်ခုကြား ပဋိပက္ခများမှာ မြန်မာပြည်အလယ်ပိုင်း မန္တလေးထိ ယခုနှစ်အတွင်း ကူးစက်ခဲ့သည်။

အဆိုပါ ပဋိပက္ခများကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့များဖြစ်ခဲ့ကြရသည်။

“စစ်ပွဲများကိုပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသား များထဲမှာပင် စစ်ပွဲ များကို ဟန့်တားနိုင်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစားတရားများကို ပြုစုပျိုးထောင်သွား ကြရမည်” ဟု မြန်မာနိုင်ငံသားဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ အဆိုအမိန့်ကို သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသေးသည်။

၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေကြသည့် တိုင်းရင်းသားလူငယ်များ ကိုင်စွဲထားသည့် လက်နက်များအစား တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Laptop) များကိုသာ ကိုင်ဆောင်အသုံးပြုစေရန် ဆန္ဒရှိသည်ဟု သမ္မတက ထုတ်ဖော် ပြောဆို ထားသည်။

သို့သော် ဦးသိန်းစိန်၏ အစိုးရသက်တမ်း လေးနှစ်နီးပါးရှိလာသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည့် ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင် အထည်အဖော်နိုင်ခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုသည် နိုင်ငံသားတစ်ဦးချင်းစီ အတွက် အလွန်အရေးပါသော ဖြစ်စဉ်ကြီးတစ်ရပ်ဟု အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းရေးသား ထားသည်။

Mizzima

စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန်


မြန်မာနိုင်ငံအတွက် စိန်ခေါ်မှု များကိုသာအလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆို ပါ အောင်မြင်မှုများအခြေခိုင်အောင် အကူ အညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြော ကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင်ကူး ပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အ ကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် သုံးနှစ်တာကာလ အတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အ ကောင်အထည်ဖော်ရန် ကန့်သတ် ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတ ကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။

‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေ ရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အား ထက်သန်နေကြောင်း လည်း ပြောဆိုသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီး နောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။
From: 7day