Showing posts with label ဆောင်းပါးများ. Show all posts
Showing posts with label ဆောင်းပါးများ. Show all posts

မန္တလေးသား နဲ့ ဆတ်သား


မန္တလေးမြို့က ဘာသာရေးကို နေရာတိုင်းမှာ အခြေခံ ထားတယ်။ အပြောအဆို၊ အနေအထိုင်၊ အရောင်းအဝယ် ကအစ စားသောက်တာ အဆုံး ဘာသာတရားနဲ့ ငြိနေရင်၊ ဆန့်ကျင်နေမယ် ဆိုရင် မလုပ်ကြဘူး။ ရှောင်ကြတယ်။ ဥပမာ ကြက် ဝက် အစရှိသဖြင့် သားတိုးမွေးတာ မန္တလေးသား၊ မန္တလေးသူ စစ်စစ်တွေ မလုပ်ကြ ပါဘူး။ မန္တလေးသား၊ မန္တလေးသူ အများစု က ဘာသာတရား တကယ်ကို ကိုင်းရှိုင်းပါတယ်။ ဟင်းစား တာတောင် အမဲသား (နွားသား) ဆိုရင် မစားကြဘူး။ စားသူနည်း ပါတယ်။ ဝက်သား၊ ကြက်သား ပဲ စားကြတယ်။ အစား အများဆုံးက ဝက်သားပါပဲ။ အလှူအတန်း အစရှိတဲ့ အကျွေးအမွေး ပြုလုပ်တဲ့ နေရာတိုင်းမှာ ဝက်သား၊ ကြက်သားပဲ ကျွေးတယ်။ အမဲသား ကျွေးတဲ့ အလှူအတန်း မရှိဘူး။ မတွေ့ကြ ရပါဘူး။


ဈေးထဲ အသားရောင်းတဲ့ ဆိုင်တန်း သွားရင်လဲ အမဲသားဆိုင် အတော် ရှာယူရတယ်။ ဈေးတစ်ခုလုံးမှ တစ်ဆိုင် နှစ်ဆိုင် ဆိုတာ အများဆုံးပဲ။ ထမင်းဆိုင် အတော်များများ ကလဲ အမဲသားဟင်း မေးရင်း ခေါင်းခါကြ ပါလိမ့်မယ်။


အမဲသားစားတဲ့ နယ်မြို့တွေက ပြောင်းလာခါစ လူတွေ ဆိုရင် အတော် အခက်ကြုံကြ ရပါတယ်။ နွားတွေဟာ လူနဲ့ဖက်ပြီး နွေ၊ မိုး၊ ဆောင်း ထွန်ထယ်တွေနဲ့ ခြေကန်ရုန်းပြီး လူတွေစားတဲ့ ဆန်စပါးတွေ၊ သီးနှံတွေ၊ လူတွေဝတ်မယ့် အဝတ်အထည် ရက်လုပ်တဲ့ ဝါဂွမ်းတွေ ထွက်အောင် လုပ်ပေးတာမို့ ကျေးဇူးရှင်လို့ မြင်ကြပါတယ်။ ဒါကြောင့် ဗြဟ္မစိုရ် စိတ်ထားပြီး နွားသားကို ရှေးက မန္တလေးသား၊ မန္တလေးသူ တို့ ရှောင်ခဲ့ ကြပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်၊ မွန်မြတ်တဲ့ အသိတရား နဲ့ အမဲသား ရှောင်ခဲ့တဲ့ မန္တလေးမြို့သူ၊ မြို့သားတွေ ဘယ်အချိန်က စပြီး အညာခံ၊ အလိမ်ခံ ရတယ် မသိဘူး။ ကျွန်တော်တို့ လူမှန်း သိတတ်တော့ အညာခံ နေရပါပြီ။ ဆတ်သားခြောက် ရောင်းနေကြပါပြီ။ ဝိသမသမား တွေရဲ့ စီးပွားရေး ဈေးကွက်ရှာ ရာမှာ အမဲသားက မန္တလေး မြို့ပေါ်မှာ ရောင်းအား နည်းတော့ ဆတ်သားခြောက် ဆိုတဲ့ နာမည်တစ်မျိုး နဲ့ပြောင်းပြီး ဈေးတွေမှာ ရောင်းလာ ပါတယ်။ တဖြည်းဖြည်း ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေမှာပါ ရောင်းလာကြ ပါတယ်။ အမဲသား ရောင်းသူ ရှားပေမယ့် ဆတ်သားခြောက် ကတော့ ဈေးတွေထဲမှာ ပေါလိုက်သမှ တောင်ပုံ၊ ရာပုံပါ။ ဘယ်နှပိဿာ ယူမလဲ။ အချိန် ဘယ်လောက် ယူမလဲ။ ပေါလိုက်တဲ့ ဆတ်သား ခြောက်တွေ။ လူအတော် များများလဲ ဆတ်သားခြောက် စားမိကြ ပါတယ်။


ကလေးဘဝ အတွေးနဲ့ တွေးမိတယ်။ ဒီအကောင် (ဆတ်)တွေကို ဘယ်လို နေရာကများ ဖမ်းကြသလဲလို့ မန္တလေးတောင်၊ စစ်ကိုင်းတောင် လိုနေရာ တွေကများ ဖမ်းကြသလား။ ဒါမှမဟုတ် ပြင်ဦးလွင် ဘက်တောင်တွေ ကများ လား။ နောက်နည်းနည်း အရွယ်ရောက်လို့ ခရီးလေး ဘာလေးသွားမှ ဆတ်အကြောင်း နားလည် ပါတော့တယ်။ ဆတ်ဆိုတာ ကချင်ပြည်နယ် လို တောထူထပ်တဲ့ နေရာမှာသာ ရှိနိုင်တဲ့ ရှားပါး တိရ စ္ဆာန်မျိုးပါ။ နောက်ပိုင်း ပြည်နယ်တွေမှာ ဆတ်က ရှားပါး လာပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ ဈေးတွေမှာတော့ ဆတ်သား အလွယ်တကူ ရနိုင်တုန်း ပါပဲ။ ပထမတော့ မန္တလေး ဆတ်သားက အတုံး နည်းနည်းကြီးပြီး ကြပ်တင် ထားပါတယ်။ ခပ်မည်းမည်း ပါ။ 


နောက်ပိုင်း ဆိုးဆေးတွေ ခေတ်စားလာတော့ အမဲသားကို ဆိုးဆေးနယ်ပြီး ကပ်ကြမ်းတွေ ပေါ်တင် ယင်တဝီဝီ နဲ့ လှန်းထားတာ ရပ်ကွက် အချို့မှာ တွေ့နေရ ပါတယ်။ ဆေးရောင်ကြောင့် အမဲသားနဲ့ မတူတဲ့ နီရဲရဲအရောင် ဖြစ်သွားပါတယ်။ မန္တလေးမြို့ ဈေးတွေထဲက ဘုရားစူး ဆတ်သား၊ မိုကြိုးပစ် ဆတ်သားပါ။


နွားများကို သနားသော၊ နွားသားကို မစားသော မေတ္တာ ထားသော ဗြဟ္မစိုရ်တရား ပွားများသော ထိုမြို့သားများ အတွက်ပါရမီ ဖြည့်ဆည်းရန်၊ ကုသိုလ်ယူ နိုင်ရန် အမဲသားကို ဆတ်သား လုပ်ရောင်းခြင်း တော့ မဖြစ်နိုင် ပါဘူး။ ကိုယ်ကျိုး စီးပွားအတွက် အတ္တကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ၊ ငါ့ အကျိုးစီးပွား အတွက် ဘယ်သူ့ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး ထိခိုက်ထိခိုက် ငါအမြတ်ရရင် ရောင်းကြမှာပါ။ ဆတ်သား မဟုတ်ဘူး ဆိုတာ ထူတဲ့ပြိန်းတဲ့ လူအနည်းစု လောက်သာ မသိပေမယ့် လူတော်တော် များများကတော့ သိကြပါတယ်။ ဒါပေမဲ့ ဆတ်သားခြောက် ဆိုတဲ့ အမှတ်နဲ့ ဝိနည်းကို လက်တစ်လုံးခြား ကပ်ရှောင်ပြီး ဝါးလက်စ ဆက်ဝါး၊ စားလက်စနဲ့ ဆက်စားကြ ပါတယ်။ တို့ကတော့ အမဲသား မစားဘူး၊ ဆတ်သားခြောက် ဝယ်တာပဲ မစစ်ရင် သူတို့ရောင်းတာ သူတို့ ခံလိမ့်မယ် ဆိုတဲ့ ဆင်ခြေနဲ့ စားသူက စားပါတော့တယ်။ မူလ ရည်ရွယ်ရင်းတွေ စောင့်ထိန်းမှုတွေ ပျောက်ကွယ်ကုန် ပါတယ်။


မန္တလေးမြို့ နာမည်ကြီး ထမင်းဆိုင် အတော်များများ က ထမင်းစားပြီး ထန်းလျက်ခဲ၊ လက်ဖက်သုပ်၊ ဆတ်သားခြောက်ဖုတ် ရေနွေးကြမ်း တို့ဖြင့် တထီးတနန်း ဧည့်ခံတတ် ကြခြင်းက ဓလေ့ထုံးစံ တစ်ခုပါပဲ။ ချပေးတတ်ပါ သေးတယ်။ ကြိုက်လို့ကတော့ စားပါ။ ဆတ်သား ခြောက်ဖုတ် ကတော့ ပေါပေါပဲ။ နောက်ထပ် လိုက်ပွဲချပေး တတ်ပါတယ်။ အမဲသား မစားသူများ အတွက် အမှတ်ရစရာ လေးတစ်ခုပါ။ ဆတ်သားခြောက် ရောင်းသူ အတော်များများ ကလဲ ရောင်းအား ကောင်းခဲ့ကြ ပါတယ်။


အခုအချိန် မှာတော့ ဆတ်သားခြောက် ပျောက်ကွယ် သွားပါပြီ။ ဆတ်သားခြောက် ရောင်းသူတွေရဲ့ ပဉ္စလက် အတတ်ပညာနဲ့ မျက်လှည့် ဆရာ ဒေးဗစ် ကော်ပါဖီး တို့လို ဆတ်ကို ဟိုက်ချလောင်း လုပ်ပြီး ဆိတ်ဖြစ်သွား ပြန်ပါပြီ။ဆတ်သားခြောက် ကတော့ ဆေးဆိုးတာ၊ ကပ်ကြမ်းပေါ် လှန်းတာ မြင်နိုင် တွေ့နိုင်တယ်။ အသားချင်း ကလဲ ကွာတယ်။ မန္တလေး မြို့ကြီးမှာ ဆတ် လွယ်လွယ် ကူကူ မရနိုင်ဘူး ဆိုတာလဲ သိနိုင်တဲ့ အတွက် တကယ် စဉ်းစားပြီး ရှောင်ရင် ဆတ်သားက မစားမိ နိုင်ပါဘူး။ ဆိတ်သား ခြောက်ကတော့ ဈေးကိုယ်တိုင် ဝယ်လို့ အမြီး တန်းလန်းနဲ့ မြင်ရရင် ဆိတ်သားစစ် ပါလိမ့်မယ်။ မမြင်ရ ရင်တော့ စစ်ဖို့ မသေချာ၊ စားဖို့ သတ္တိမရှိ တာလဲ အမှန်ပါ။ မစားရဲ ပါဘူး။


စာရေးသူက မနက်စောစော အိပ်ရာထတဲ့ အကျင့် ရှိပါတယ်။ တစ်နေ့မနက် လေးနာရီ လောက် အိပ်ရာ ထချိန်မှာ မြင်းခွာသံ တခွပ်ခွပ် နဲ့ မြင်းလှည်း တစ်စီး မောင်းနှင် လာပါတယ်။ မိမိ အရှေ့နား အရောက်မှာ မြင်းဇက် သတ်ပြီး ရပ်လိုက် ပါတယ်။ အင်္ကျီချွတ်နဲ့ အသား မည်းမည်း ခပ်သန်သန် လူတစ်ယောက် တုတ်ကြီး တစ်ချောင်းကို ကျောတွင် လက်ပြန် ကပ်ပြီး ဆင်းလာ ပါတယ်။ မိမိလဲ သူ့ကိုကြည့်ပြီး ကိုယ့်ကို အန္တရာယ် ပြုတော့မယ့် အထင်နဲ့ အတော် ကြောက်လန့် သွားပါတယ်။ နောက်တော့ မဟုတ်ဘဲ လမ်းဘေးက ခွေးတစ်ကောင်ရဲ့ ဦးခေါင်းကို တုတ်ခနဲ ရိုက်ချ လိုက်ပါတယ်။ ကိန်ဆိုတဲ့ အသံ တစ်ချက်ပဲ ထွက်လိုက် နိုင်ပါတယ်။ ခွေးက ဆန့်နေပါပြီ။ ခြေထောက် နှစ်ချောင်းဆွဲ လှည်းပေါ် ပစ်တင်ပြီး ဒုန်းစိုင်း မောင်းထွက် သွားပါတယ်။ နောက် မကြာမကြာ လဲ ဒီလှည်းနဲ့ ဒီလူတွေ ဒီလို ခွေးတွေ လိုက်ရိုက် နေတာ တွေ့ရပါတယ်။ လှည်းက အမိုးတပ် မထားတော့ အလားတူ ခွေး အတော်များများ ကိုလဲ လှုပ်တုတ် လှုပ်တုတ်နဲ့ အပုံလိုက် ပါသွားတာ တွေ့လိုက် ရပါတယ်။ တကယ်လို့ ဒီအသားတွေ ဈေးထဲ ရောက်ပြီး ဘုရားစူး ဆိတ်သား မိုးကြိုးပစ် ဆိတ်သား တွေ ဖြစ်ကုန်ရင် ဆိုတဲ့ အတွေးနဲ့ ဆိတ်သား နဲ့ ဆိတ်သားခြောက် ဆိုရင် (ဝေရာမဏိ) ရှောင်ကြဉ်မိ ပါတော့တယ်။


အချို့ ဆတ်သားခြောက် မဟုတ်ဘူး။ ဆိတ်သားခြောက် မဖြစ်နိုင်ဘူး ဆိုတာ တွေးခေါ် နိုင်တယ်။ ယုတ္တိ ဘယ်လိုမှ မရှိဘူး ဆိုတာလဲ သိတယ်။ သိရက်နဲ့ စားကြ ပါတယ်။ အမဲသား လုံးဝ ရှောင်ထားကြ သူတွေပါ သူများ မိုးခါးရေ သောက်လို့ မိမိတို့လဲ လိုက်သောက်ကြ တာလား။ တကယ်လို့ အပြစ်ရှိမယ်၊ ငရဲကြီးမယ် ဆိုရင် ဆတ်သားခြောက်၊ ဆိတ်သားခြောက် ဆိုတဲ့ နာမည် ပြောင်းထားရုံနဲ့ အပြစ်လွတ် မှာလား။ အမဲသား စားချင်တာ အမဲသားပဲ စားပါ တော့လား။ သူများ လိမ်တာ သိသိကြီးနဲ့ အလိမ်မခံ ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင် ပါနဲ့။ မုသာဝါဒ အပြစ်တစ်ခု ထပ် မကျူးလွန် ပါနဲ့တော့လား။ အမဲသားကို အမဲသားလို့ စားတာက ဈေးလဲပိုချို ကိုယ်ကြိုက်တဲ့ နေရာက အသား၊ မိုးခိုသား၊ ပေါင်သား၊ လိုချင်တဲ့ အသား၊ ကြိုက်တဲ့အသား၊ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အသားကို စားလို့ ရပါတယ်။ စားကြ စမ်းပါ။


အခုခေတ်မှာ ဆတ်သားခြောက် ကတော့ မရောင်းကြ တော့ပါဘူး။ ဆိတ်သားခြောက် ကတော့ အခုခေတ် စားဆဲပါ။ ထမင်းဆိုင် မှာလဲ ဆိတ်သားဟင်း၊ ဆိတ်သားခြောက်၊ လက်ဖက်ရည် ဆိုင်မှာလဲ ဆိတ်သား ခြောက်ဖုတ်၊ ထမင်းဆီဆမ်း၊ ဆိတ်ကီးမား၊ ဆိတ်ပလာတာ၊ ဆိတ်ခပတ်၊ ဆိတ်စွပ်ပြုတ်၊ ဆိတ်နာမည် တပ်ထားတဲ့ အစားအစာ အတော် များများ တွေ့နေ ရပါတယ်။ မန္တလေးသူ၊ မန္တလေးသား တွေက ရှေးက ဘိုးဘွားတွေ လက်ထက် ကလို တကယ် ယုံကြည်လို့ တကယ် မေတ္တာထားလို့ တကယ် ရှောင်မယ် ဆိုရင်တော့ တိတိကျကျ လိုက်နာ ရှောင်ကြဉ်သင့် ပါတယ်။ သူများ လိမ်တာလဲ မခံချင်ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင်ပါနဲ့။ သူများ ယောင်လို့ လိုက်ယောင်တာ လူအထင် ကြီးအောင် လုပ်တာ ဘာအကျိုး မှ မရှိပါဘူး။ ကုသိုလ်လဲ ရမှာ မဟုတ်ပါဘူး။ အသားမစားဘူး ဆိုမှတော့ အာရုံ ပြတ်ပြတ် နေစမ်းပါ။ ဂျုံကို အသားတု လုပ်မစားချင် ပါနဲ့တော့လား .. ဗျာ။


#Yadanarpondaily

၂၀၁၅ ရွေးကောက်ပွဲ ဘာကြောင့် အရေးကြီးသလဲ


ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဟာ
ပြည်တွင်း သတင်းမီဒီယာ တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ သူက အမေရိကန် အစိုးရအနေနဲ့ ၂၀၁၅ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဘယ်သူဖြစ်သင့်တယ်ဆိုတဲ့ သဘောထားမျိုးမရှိဘဲ ရွေးကောက်ပွဲကို ဒီမိုကရေစီလုပ်ငန်းစဉ်အတိုင်း ပွင့်လင်းမြင်သာစွာ ကျင်းပဖို့၊ ရွေးကောက်ပွဲက တက်လာသူ တိုင်းပြည်ကို ခေါင်းဆောင်နိုင်ဖို့ စတာတွေကိုပဲ လိုလားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ပြောင်းလဲကျင့်သုံးမယ့် ကိစ္စကိုတော့ စိတ်ပျက်စရာတစ်ခုအဖြစ် မြင်တယ်ဆိုပြီးလည်း ပြောဆိုခဲ့ပါတယ်။ ဒဲရစ်မစ်ချယ်ရဲ့ ပြောဆိုချက်ကို ဒီကနေ့ သုံးသပ်ကြည့်ကြရအောင်။

သူ ပထမဦးဆုံးပြောတဲ့ အမေရိကန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဘယ်လို ခေါင်းဆောင်မျိုး၊ သမ္မတမျိုး မြင်တွေ့လိုတယ် ဆိုတဲ့ သဘောထားမျိုး မရှိဘူးဆိုတာကတော့ ရှင်းပါတယ်။ အမေရိကန်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ဖက်လိုခြင်း အလျဉ်းမရှိဘူး၊ မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားတယ်လို့ ဆိုလိုက်တာပါ။ နောက်တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာ ကျင်းပဖို့ဆိုတဲ့ ကိစ္စပါ။ ဒီကိစ္စကတော့ အမေရိကန်တင်မက တခြား အနောက်နိုင်ငံတွေ၊ မြန်မာနိုင်ငံ အကျိုးစီးပွားကို လိုလားသူတိုင်းက ဒီကိစ္စစိတ်ပူပန်စွာ ပြောကြပါတယ်။ အကြောင်း
က သူတို့တွေအနေနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ထွန်းကားစေချင်လို့ပါ။

ပြည်သူတွေလိုလားတဲ့ အစိုးရအဖွဲ့ကို အုပ်ချုပ်စေချင်လို့ပါ။ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ပြီ၊ မရောက်သေးဘူး တိုင်းတာရာမှာ လွတ်လပ် တရားမျှတတဲ့ ရွေး ကောက်ပွဲကျင်းပဖို့၊ အဲဒီ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရဖို့ဆိုတာ အချက်တစ်ချက်အနေနဲ့ ပါဝင်လို့ ဖြစ်ပါတယ်။

ဒီကိစ္စ နိုင်ငံတကာ မိသားစုက အရေးတကြီး ပြောဆိုနေရတာကလည်း အကြောင်းရှိပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်၊ နောက်တစ်ကြိမ် စစ်အာဏာသိမ်းတာ ခံလိုက်ရတဲ့ ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံမှာ ပါတီစုံစနစ် မရှိသလို၊
ပါတီစုံပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲတွေလည်း မရှိခဲ့ပါဘူး။ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကတော့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ်။ ပြီးရင် သူတို့စစ်တန်းလျား ပြန်မယ်ဆိုပြီး တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၀ ပြည့်နှစ်မှာ လွတ်လပ်မျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ အာဏာလွှဲမပေးရုံမျှမက လွှတ်တော်တောင် ခေါ်မပေးခဲ့ပါဘူး။

ဒီလိုနည်းနဲ့ စစ်အစိုးရဟာ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ မှာ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီနဲ့ အတိုက်အခံတွေ ပါဝင်ခွင့်မရအောင် နည်းပေါင်းစုံ
နဲ့ ကန့်သတ်လိုက်တဲ့အတွက် အားလုံးပါဝင်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ ဒါတင်မက ရွေးကောက်ပွဲကိုလည်း မသမာမှု နည်းပေါင်းစုံ သုံးပြီး ကိုယ်လိုချင်တဲ့ ရလဒ် ရအောင် ကျင်းပခဲ့တာပဲ ရှိပါတယ်။ ဒါကြောင့်လည်း ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့အစိုးရအဖွဲ့
တွေဟာ ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းကျ ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။ တကယ်လို့သာ ၂၀၁၅ ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပ ပေးနိုင်ခဲ့ရင်၊ အဲဒီရွေးကောက်ပွဲ ရလဒ်ကနေ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ ပေါ်ပေါက်
လာမယ့် သမ္မတနဲ့ အစိုးရအဖွဲ့ကို လက်ရှိ အစိုးရအဖွဲ့က အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးခဲ့ရင်၊ တပ်မတော်ကလည်း အသိအမှတ်ပြုရင် မြန်မာ့သမိုင်းအတွက် အလွန့်အလွန် အရေးပါတဲ့ အချိုးအကွေ့ မှတ်တိုင်ကြီးတစ်ခု ဖြစ်လာမှာပါ။ အဲလို အခြေအနေမျိုးကသာလျှင် မြန်မာနိုင်ငံ
ဒီမိုကရေစီလမ်းကြောင်းပေါ် စရောက်ပြီလို့ ပြောဆိုနိုင်မှာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

အဲလို တိုင်းပြည်တည်ငြိမ်မှု၊ နိုင်ငံတကာ အစိုးရတွေရဲ့ အသိအမှတ်ပြုမှုတွေနဲ့ မှသာလျှင် နောက်ပိုင်း မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဆက်ပြီးဆောင်ကျဉ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို အရေးကြီးတယ်လို့ ဆိုနေ
ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၁၅ ရွေးကောက်ပွဲကြီး တရားမျှတစွာ ကျင်းပဖို့ဆိုတာကလည်း ပြဿနာတွေ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ဒိုင်လူကြီးနဲ့ ဒိုင်အဖွဲ့ဝင်တွေဟာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်နဲ့ စစ်ဗိုလ်ဟောင်းတွေ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်နေတာပါ။ အကြောင်းကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ပါတီကြီးတွေထဲမှာ လက်ရှိအာဏာလည်းရ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ရှိနေလို့ပါပဲ။

ဒါ့အပြင် နောက်ထပ် အရေးကြီးတာတွေက နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကို လေ့လာခွင့်ပြုဖို့ ကိစ္စပါ။ ဒီကိစ္စ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဘာကတိမှ ပေးမထားသေးပါဘူး။ ဒါ့အပြင် အမြဲတန်း အဆင်သင့်ဖြစ်နေရမယ့် မဲပေးပိုင်ခွင့်ရှိသူစာရင်း ဆိုတာမျိုးကလည်း
ဘယ်နေမှန်းတောင် မသိနိုင်သေးတဲ့ အခြေအနေပါ။ အဘက်ဘက်က စိုးရိမ်နေရပါတယ်။ ဒီအထဲ ထပ်ပြီး စိုးရိမ်လာရတာက နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့၊ စစ်ဗိုလ်ဟောင်း ပြည်ခိုင်ဖြိုးအမတ်တွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ကနေ လာမယ့် ရွေးကောက်ပွဲကို PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးဖို့ အသည်းအသန် ကြိုးစားနေတဲ့ ပြဿနာပါ။ ပြောရရင် ညောင်နှစ်ပင် ညီလာခံကနေ ပြည်သူလူထုကို အနိုင်ကျင့်ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံကို အတင်းအကျပ် အတည်ပြုခဲ့သလို အခုလည်း လွှတ်တော်ကို လွှမ်းမိုးထားနိုင်တယ်ဆိုတဲ့ အခြေအနေကိုအားကိုးပြီး အနိုင်ကျင့် စနစ်ပြောင်းမယ့် အခြေအနေ တွေ့မြင်နေကြရပါတယ်။ ဒါကတော့ အတော် စိုးရိမ်ဖို့ ကောင်းပါတယ်။

အကြောင်းကတော့ PR စနစ်ကိုသာ ကျင့်သုံးရင် ဒီစနစ် ကျင့်သားမရတဲ့အတွက် ရွေးကောက်ပွဲမှာ အခက်အခဲတွေကြုံရနိုင်ပါတယ်။ မဲမသမာမှုတွေ ပိုပြီး ပေါ်ပေါက်နိုင်ပါတယ်။ မဲဆန္ဒနယ်တစ်ခုချင်း အနိုင်အရှုံး မရှိတဲ့အတွက် မဲစာရင်းဘယ်လောက် မသမာ လုပ်လိုက်သလဲ အလွယ်တကူ မသိ
နိုင်သလို၊ အလွယ်တကူ စောဒကတက်လို့လည်း မလွယ်နိုင်လို့ပါ။ နောက်အရေးကြီး ပြဿနာက ဖွဲ့စည်းပုံအရ သမ္မတရွေးရာမှာ စစ်ဗိုလ်အမတ်တွေက ၂၅ ရာခိုင်နှုန်းအသာစီး ရယူထားပြီးသားကို စစ်ဗိုလ်ဟောင်း ပါတီက နောက်ထပ်အခွင့်အရေး ထပ်လိုချင်နေလို့ပါပဲ။ အားလုံးကို ခြုံငုံသုံးသပ်
လိုက်ရင် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် ပြောတာတွေဟာ မြန်မာ့နိုင်ငံရေး ဝင်စွက်လိုခြင်း အလျဉ်းမရှိသလို၊ မြန်မာပြည်သူလူထုရဲ့ လိုလားချက်၊ တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ တစ်ထပ်တည်းကျပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
mizzima

ဗြိတိသျှကိုကိုမောင်နှင့် အဖျားရှူး ခေါင်းလောင်းကြီး


တကယ်တော့ ဘယ်သူတွေ ဘာပြောပြော ဗြိတိသျှသည် ဦးစံလင်း၏ ပရိသတ် အစစ်အမှန် ဖြစ်သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တစ်ပတ်အတွင်း ရအောင် ဆယ်ပြမည်
ဆိုပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်ကတည်းက အနှီလူကြီးကို လေးစားမိချေသည်။

ဗြိတိသျှ ငယ်ငယ်ကတည်းက ဒီခေါင်းလောင်းကြီးကို ဆယ်မည်ဆိုသည့် သတင်းတွေ ကြားခဲ့ရဖူးသည်။ သိပံ္ပနည်းအရ ဆယ်မည်ဆိုသည့် နိုင်ငံခြားသားတွေရော.. ရိုးရာ
နည်းဖြင့် ဆယ်မည်ဆိုသော စာရေးဆရာတွေရော..အပ်ချည်ကြိုးဖြင့် ဆယ်မည်
ဆိုသော နတ်ကတော်တွေပါ ကြိုးစားခဲ့ကြသည်။

သို့သော် အားလုံးက ဝေဝေဝါးဝါး...။

ဗြိတိသျှ၏ ဟီးရိုးကြီး ဦးစံလင်းကတော့ အပိုင်ဟု ဆိုလာသည်။ ခေါင်းလောင်းကို စောင့်
ရှောက်နေသည့် မမြင်အပ်သော အစောင့်တွေကိုပင် ညှိထားပြီးပြီဟု ပြောလာသည်။ သူကိုယ်တိုင်လည်း ခေါင်းလောင်းအစောင့် ဖြစ်ခဲ့ဖူးသည်ဟု ဆိုလာပြန်တော့လည်း ပိုယုံကြည်မိပြန်သည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆိုတော့ ဝင်ရထွက်ရသည့် လမ်းကြောင်းများကို သူက ပိုသိနိုင်သည်။ မြန်မာပြည်ရှိ လူ့လောကတွင်ပင် မဟုတ်၊ နတ်လောကတွင်လည်း ဒီလိုလမ်းကြောင်း အပေးအယူနှင့် ဝင်ထွက်တာမျိုး ရှိနိုင်သည်
ဟု ဗြိတိသျှတော့ မှန်းဆမိသည်။

ဘာပဲဖြစ်ဖြစ် နတ်တွေကို လာဘ်ထိုးထားသည် ဆိုတော့ အဆင်ပြေနိုင်သည်။ ဗြိတိသျှ
လိုပဲ ဂျာနယ်တွေကလည်း ပွဲစကတည်းက ဦးစံလင်းကြီးကို အားပေးကြသည်မှာ မြိုင်မြိုင်
ဆိုင်ဆိုင်ပင်။ဂျာနယ်အချို့က ကောင်းကင်ရှိ တိမ်များပင် ဦးစံလင်း၏ သီလသမာဓိ အားတွေကြောင့် ခေါင်းလောင်းပုံ ပေါ်ပေးရသည်အထိ တိမ်များကို ခက်ခက်ခဲခဲ ဓာတ်ပုံ
သွားရိုက်ပြီး သတင်းတွေရေး ဖော်ပြကြသည်။

ခေါင်းလောင်းကြီးအတွက် လှူကြတန်းကြ သူတွေနှင့် သွားရောက် အားပေးကြသူတွေ
နှင့် ဆိုတော့ ဘာပဲပြောပြော ဦးစံလင်း ပရိသတ် ဗြိတိသျှလည်း အားရှိမိခဲ့သည်။
ဗြိတိသျှတို့ မြန်မာလူမျိုးတွေကလည်း ဒီနေရာဆို အလှူအတန်း သိပ်ရက်ရောကြသည်။ လူလူချင်းသာ စေတနာ မရှိရင် နေမည်။ နတ်တွေ၊ နဂါးတွေ ဘီလူးတွေကိုတော့
တော်တော် စေတနာထားပုံ ရသည်။

ဘာပဲပြောပြော တစ်ပတ်အတွင်း ခေါင်းလောင်းကြီးတော့ ပေါ်မည်ပေါ့..။
စစချင်းတော့ ရန်ကုန်ကလူတွေ အကျင့်အတိုင်း ဘတ်စ်ကားပေါ်လည်း ခေါင်းလောင်း၊ မုန့်ဟင်းခါးဆိုင်လည်း ခေါင်းလောင်း၊ လက်ဖက်ရည်ဆိုင်ထဲလည်း ခေါင်းလောင်း၊
ယုတ်အစွဆုံး ဗြိတိသျှ အရက်ပုန်းဆိုင်တွင်ပင် ဒီအကြောင်းပဲ ပြောကြသည်။

အခုတော့ တစ်ပတ်လည်း မပေါ်၊ နှစ်ပတ်လည်းမပေါ် ဆိုတော့ လူတွေက နည်းနည်း
တော့ အီလာပုံ ရသည်။အကောင်းမြင်သမား မောင်ဗြိတိသျှကတော့ ဦးစံလင်း
တစ်ယောက် ခေါင်းလောင်း အစောင့်အရှောက်တွေကို ဂါသည့် လက်ဆောင်ပစ္စည်း
များ နည်းသွားလို့လား၊ ဈေးများ ညှိမရလို့လား.. ခေါင်းလောင်းစောင့် ပုဂ္ဂိုလ်အကြီး
ဆုံးကြီးက သယ်ယူခွင့် လက်မှတ်ထိုးဖို့များ ညစ်ထားလို့လား စသည်ဖြင့် တွေးမိ
ပါသေးသည်။

သို့သော် မကြာမီဘဲ ခေါင်းလောင်းကြီး ရှာတွေ့ပြီဆိုသည့် သတင်းကို သတင်းစာ
သမားများ အော်ရောင်းသံ ကြားရသဖြင့် ဝမ်းသာသွားသည်။ ဒါမှ တို့ ဦးစံလင်းကွ
ဆိုပြီး ဗြိတိသျှ လက်ခမောင်းတွေပင် ထခတ်ပြီး သတင်းစာကို အပြေးအလွှား
ဝယ်မိသည်။

ခေါင်းလောင်း ပြန်ကြားရေးအဖွဲ့က ကြေညာချက်တွေ ဘာတွေနှင့် ကျကျနန ထုတ်ပြန်သည်ဆိုတော့ ဟုတ်လှပြီပေါ့..။
ဟုတ်တော့ ဟုတ်ပါသည် ..။
ခေါင်းလောင်းကို တွေ့သော်လည်း ယူလို့ မရသေးတဲ့။ ရေအောက်မှာ ရှိတဲ့ ရွှေရောင်
နဂါးမင်းကြီးက ခေါင်းလောင်းကြီးကို ဆီမီးတွေ အကြီးအကျယ် ပူဇော်နေပါသဖြင့်တဲ့။
ဒီတစ်ခါတော့ ဦးစံလင်းကို ဗြိတိသျှ ပိုလေးစားသွားသည်။နဂါးတွေနှင့် အဆက်
အသွယ် ရသည် ဆိုသည်မှာ နည်းနည်းနောနော ပညာမဟုတ်။ လူ့ပြည်မှာတော့
အိမ်ပေါ်နှင့် အိမ်အောက်တောင် ဖုန်းခေါ်လျှင်တောင် ကောင်းကောင်းမရချင်။
အင်တာနက်၊ အီးမေးလ် ဆိုတာကတော့ ပြောမနေနှင့် ပတ်ကျိကို အရက်တိုက်ထား
သလို လည်တယ်တယ် နှေးတေးတေးရယ်...။

ဒီတော့ နဂါးပြည်နှင့် လူ့ပြည်ကြားကဆက်သွယ်မှုကော်နက်ရှင်ကတော့ ကမ္ဘာ့အဆင့်မီ
ဟုပင် ပြောလို့ရသည်။နဂါးတွေ မီးပူဇော်သည်ဟု ဦးစံလင်း ပြောလို့မှ မဆုံးသေး..။
ခေါင်းလောင်းစောင့် နဂါးရဲ့ အမျိုးအဆွေတွေက လူ့ပြည်မှာ အလျှိုလျှို ပေါ်လာသည်။
ခေါင်းလောင်းရောဂါ နောက်ဆက်တွဲ နဂါးပူးရောဂါကြီးက အီဘိုလာထက်ပင် မြန်မာ
ပြည်တွင် ကူးစက်မြန်ပုံကား ကြောက်စရာပင်..။

လှည်းကူးဘက်မှာ ရွှေရောင်နဂါးကြီး၏ ယောက္ခမ ဝင်ပူးသည် ဆိုသူကဆို၊ ခေါင်းလောင်း
ဆယ်သည့် ကမ်းနားတွင် နဂါးမင်းကြီး၏ ယောက်ဖ ဝင်ပူးသူက ပူးနှင့် ဖြစ်ကုန်သည်။
နဂါးတွေ သောင်တူးစက် ပိနေသဖြင့် ဖယ်ခိုင်းသူက ဖယ်ခိုင်းသည်။

ဒါတော့ ဗြိတိသျှ သိပ်လက်မခံ။ရေထဲတွင်ပင် မီးပူဇော်နိုင်သည်အထိ တန်ခိုးကြီးသည့် နဂါးများကား သောင်တူးစက်လောက်ကတော့ အေးအေးဆေးဆေး ဖယ်နိုင်မည်ဟု
ထင်သည်။နဂါးအသေကြီး တစ်ကောင်မိတယ်ဆိုပြီး ပုံတွေ ထုတ်ရောင်းစားသူက
ရောင်းစားသည်။ ဗြိတိသျှတောင် နောက်ဖေး အိမ်သာနားက ရေမြွေလေးကို ဓာတ်ပုံ
ရိုက်ပြီး ပုံကြီးချဲ့ကာ ရန်ကုန်မြစ်ဘေး နဂါးတွင်းထဲမှ နဂါးကြီးဆိုပြီး ဂျာနယ်တိုက်ကို ပို့လိုက်သေးသည်။ဂျာနယ်ဆရာများ ဖုန်းဆက်ပြီး ဝိုင်းဆဲတာသာ ခံလိုက်ရသည်။

ခေါင်းလောင်းကနဂါးကြီးသည် ကျွန်မမွေးထားတဲ့ နဂါးမဟုတ်ပါဘူး ဆိုပြီး သိုက်နန်းရှင်
ဆိုသူ အန်တီကြီး တစ်ယောက်ကလည်း ကြေညာချက် ထုတ်သည်။ နဂါးမွေးမြူရေး လုပ်ငန်းကြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်ထည်ဖော်သူ အနှီအန်တီကြီးကို
လည်း ဦးစံလင်းလိုပဲ ကြည်ညိုမိပြန်သည်။

အနှီအန်တီကြီးကလည်း ခေသူ မဟုတ်.. နဂါးအားကိုးနှင့် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဖေ့စ်ဘွတ်တွင် ခပ်တည်တည်ဖြင့် ကြေညာထားသူ ဖြစ်သည်။
အံ့သြဂုဏ်ယူဖွယ် ကောင်းပေစွ…။ဘာပဲဖြစ်ဖြစ် သူလို ကိုယ်လို ဦးစံလင်း ခရေဇီတွေ နဂါးခရေဇီတွေ များလာသဖြင့် ဗြိတိသျှ အားရှိမိသည်။

အစတုန်းကတော့ ခေါင်းလောင်းကြီး ရှိပါတယ်ဆိုပြီး စာတစ်တန် ပေတစ်တန် ပြောပြီး
အခုကျမှ ဟိုလိုလို ဒီလိုလိုတွေ ပြောနေသော စာရေးဆရာကြီးကိုပင် ဦးစံလင်းကိုယ်စား ဗြိတိသျှ စိတ်ဆိုးမိသေးသည်။ဘယ်သူတွေ ဘာပြောပြော တို့ကတော့ ခေါင်းလောင်း
ကြီးနှင့် နဂါးဘက်တော်သားများကွ ဆိုပြီး အားတက်သရော သတင်းတွေ နားစွင့်
ထားလိုက်သည်။ ခေါင်းလောင်းကြီး ပေါ်လာရင် ရွှေတိဂုံကုန်းပေါ် တင်မယ်ဆိုတော့ လှူဖို့တန်းဖို့အတွက် စာမူခလေးပင် စုထားသေးသည်။ နောက်ပိုင်း မွေးနေ့တွေ
ဘာတွေကျရင် ရန်ကုန်မြစ်ထဲ နဂါးအစာ သွားကျွေးပြီး ကုသိုလ်ယူမည်ဟုလည်း စိတ်ကူးယဉ်လိုက်သေးသည်။

သို့သော် နဂါးများ မီးပူဇော်သည့် ကာလက ကြာမြင့်လှချေသည်။
ရေအောက်မှာ နဂါးတွေ ခေါင်းလောင်းကြီးကို မီးပူဇော်ရင်း မီးထတောက်ရင်ဖြင့် ရန်ကုန်မြစ်ထဲက ငါးတွေ၊ ပုစွန်တွေ မီးဘေးဒုက္ခသည် ဖြစ်ကုန်မှာလား..၊ မတော်
တဆ မီးက ရေပြင်ပေါ် တက်လောင်ရင် ခေါင်းလောင်းရှာသည့် အဖွဲ့တွေဆီ မီးများ ကူးကုန်မလားဆိုပြီး ဗြိတိသျှ၏ ဟီးရိုးကြီး ဦးစံလင်းနှင့် အဖွဲ့အတွက် စိုးရိမ်မိသေး
သည်။နဂါးတွေပဲ မီးပူဇော်လို့ မပြီးနိုင်သည်လား ။ အစောင့်နတ်တွေနှင့်ပဲ ဦးစံလင်းတို့ အပေးအယူ မတည့်လို့လားမသိ။

ခေါင်းလောင်းကြီးက ပေါ်မလာ...။
အခုတော့…
ခေါင်းလောင်းကြီးကို မြစ်ကမ်းဘေးကနေ နေ့စဉ် သွားငေးသူတွေလည်း နည်းသွား
ပြီ။သမ္ဗာန်သမားတွေလည်း အရင်လို အလုပ်မဖြစ်သဖြင့် ကမ်းနားတွင် ကျားထိုးနေ
ကြသည်။ခေါင်းလောင်းဆယ်သည့် အဖွဲ့ထဲမှ ရေငုပ်အဖွဲ့ခေါင်းဆောင် အန်ကယ်ကြီး
ကလည်း ခေါင်းလောင်းကြီး မတွေ့၊ သင်္ဘောပျက်ကြီးသာ တွေ့သည်ဟု ဂျာနယ်
စာမျက်နှာတွေပေါ် တက်လာသည်။

အကောင်းမြင်သမား မောင်ဗြိတိသျှကတော့ တစ်ခု တွေးမိသည်။ယခုခေါင်းလောင်း
ကြီး မပေါ်ခင်ကတည်းက မွန်လူမျိုးတွေက သူတို့ ပိုင်သည်ဟု ဆိုသလို ဗမာတွေက
လည်း သူတို့ပိုင်သည်ဟု ဆိုသည်။ နောင်ခေါင်းလောင်းကြီး ပေါ်လာလျှင် မွန်နှင့်ဗမာ
ခေါင်းလောင်းကြီးလုပြီး ချစ်ကြည်ရေး ပျက်တော့မည်။ ဒီတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုကာ ဦးစံလင်းက ခေါင်းလောင်းကြီးကို တွေ့လျက်နှင့် မဆယ်ခြင်း ဖြစ်မည်ဟု တွေးမိပြီး ဦးစံလင်းကို ကျိတ်လေးစားမိသည်။

လေးစားဖွယ်ကောင်းပေစွ.. အဘစံ...။
ဒါပေမဲ့လည်း ခေါင်းလောင်းကြီးက အခုအချိန်အထိ ပေါ်မလာတော့ ဗြိတိသျှ
တစ်ယောက် စိတ်ပျက်ရသည်။ခေါင်းလောင်းဟူသည် အရင်းက ရှူးပြီး အဖျားက
ပြန့်ကားသွားသည့် အမျိုးဖြစ်သည်။ ယခု ခေါင်းလောင်းကြီးကား အဖျားရှူး
ခေါင်းလောင်းကြီး ဖြစ်နေချေ ပြီတကား...။

ဘာပဲဖြစ်ဖြစ် ဗြိတိသျှ စိတ်မပျက်ပါ...။
ခေါင်းလောင်းကြီးကို နောက်ထပ် ငွေသန်းချီ အကုန်အကျခံပြီး ဆယ်ကြမည် ဆိုသည့်
မြန်မာ့သူဌေးအဖွဲ့များကား မြစ်ဝတွင် ခါးတောင်းကျိုက် နေကြလေပြီ…။
ခေါင်းလောင်းကြီး တကယ်ရှိခဲ့သည် ဆိုလျှင်ဖြင့် ဗြိတိသျှတို့ မသေခင်တော့
မြင်သွားချင်ပါသေးသည်။

ဘာပဲဖြစ်ဖြစ်... ရိုးရိုးသားသား ပြောရလျှင် အဖျားမရှူးဖို့ဘဲ လိုပါသည် ခင်ဗျာ…။

ဗြိတိသျှကိုကိုမောင် (သံချောင်းပါတီ)

From:Ko Ko Mg

“မြတ်နိုးအချိန်ပြည့်ပြီ”


“မြတ်နိုးအချိန်ပြည့်ပြီ” ဆိုသော အသံကြားလိုက်ရသည်နှင့် အခန်းထဲတွင် မူးနေသော အမျိုးသားကြီး တစ်ဦးကို နှိပ်ပေးနေသော အသက် ၂၀ ကျော်အရွယ် မိန်းကလေးငယ်သည် လန်းဆန်းပျော်ရွှင်သော မျက်နှာ အမူအရာနှင့်အတူ အခန်းအပြင်သို့ အပြေးကလေး ထွက်သွားသည်။ အနှိပ်ခံသော အမျိုးသားကြီးကလည်း ဒယီးဒယိုင်ဖြင့် အခန်းအပြင်သို့ ထွက်လာပြီး ကောင်တာတွင် ငွေရှင်းကာ ထွက်ခွာသွားသည်။
ထိုမြင်ကွင်းသည် မန္တလေးမြို့ရှိ အနှိပ်ခန်း တစ်ခုအတွင်းမှ မြင်ကွင်းဖြစ်ပြီး မန္တလေးမြို့တွင် ငယ်ရွယ်နုပျိုသော မိန်းကလေးငယ်များစွာ အလုပ်လုပ်ကိုင်နေသော အနှိပ်ခန်းမြောက်မြားစွာ ရှိလာပြီ ဖြစ်သည်။ မန္တလေးမြို့ရှိ အနှိပ်ခန်း မြောက်မြားစွာအနက် အနှိပ်ခန်းဗန်းပြ၍ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများလည်း ရှိနေရာတွင် မန္တလေးအနှိပ်ခန်း အများစုမှာ ပြည့်တန်ဆာ လုပ်ငန်းနှင့် ပတ်သက်မှုမရှိဟု ဆိုကြသော်လည်း ကျန်းမာရေးအတွက် ဖွင့်လှစ်သည့် အနှိပ်ခန်းများ မဟုတ်သည်က အသေအချာပင်။ မြောက်မြားစွာသော မန္တလေး အနှိပ်ခန်းများ၏ အဓိက ဖောက်သည်များက တရုတ်အမျိုးသားဖြစ်ပြီး အများစုသည် အနှိပ်ခန်းကို မူးယစ်သောက်စား၍ လာကြသည်က အများဆုံး ဖြစ်သည်။
“ဒီလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင် ဖြစ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အသန့်ရှင်းဆုံး ဖြစ်အောင်နေတယ်၊ သူများတွေလို တရုတ်ကြီးတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်သူတို့ အလိုလိုက်ပြီး မနေဘူး။ ဆိုင်လာတဲ့ တရုတ်တွေက မြန်မာစကားလည်း နားလည်ကြတာ မဟုတ်ဘူး။ ပြီးတော့ အမြဲတမ်း အရက်မူးနေကြတာ။ သားသမီးချင်းလည်း ကိုယ်ချင်းစာရမှန်းသိတာ မဟုတ်ဘူး” ဟု အနှိပ်ခန်း အလုပ်သမ မြတ်နိုးက ဆိုသည်။ အနှိပ်ခန်းတွင် အလုပ်လုပ်မည်ဆိုပါက အနှိပ်ပညာ တတ်လာရန်မလိုဘဲ ရုပ်ရည်ချောမော ပြေပြစ်မှု၊ စကားပြော ကောင်းမွန်မှုကိုသာ အဓိကထားသည်။
သို့သော်လည်း တရုတ်စကား တတ်မြောက်သော အနှိပ်ခန်း အလုပ်သမတို့သည် တရုတ်ပေါက်ဖော်များနှင့် ဆက်ဆံရေး ပြေပြစ်သည့်အတွက် အနှိပ်ခံသော တရုတ်အမျိုးသားများက အပိုဆုကြေးငွေ ဘောက်ဆူးများ ပေးလေ့ရှိသဖြင့် အနှိပ်ခန်း အလုပ်သမတို့ တရုတ်ဘာသာစကား တတ်မြောက်ရန် သင်ယူမှုများလည်း ရှိနေသည်။ အနှိပ်ခန်း အလုပ်သမ အများစုသည် နယ်ဒေသများမှ ဖြစ်ပြီး မြို့ပြဒေသတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ကြရာမှ နောက်ဆုံး အလွယ်တကူ ဝင်ငွေရနိုင်သော အနှိပ်ခန်းများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်သည်။
“နယ်ကနေတက်လာ တုန်းကတော့ ဒီမှာဆိုင်တစ်ခုခုမှာ အလုပ်လုပ်ဖို့ပါပဲ။ ဒီရောက်တော့လည်း ကိုယ့်အတန်းပညာနဲ့ ဘာမှလုပ်မရဘူး။ ဒီကို အရင်ရောက်နေခဲ့တဲ့ အစ်မတွေနဲ့ ချိတ်ဆက်ပြီး ဒီအနှိပ်ခန်းမှာပဲ အလုပ်ဝင်လုပ် ဖြစ်သွားတာ” ဟု မြတ်နိုးက ဆိုသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းများစွာရှိပြီး အနှိပ်ခန်း အားလုံးသည် တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်းများ ဖြစ်ကြသည်။ ပေါ်ပေါ်တင်တင်ဖွင့် လှစ်ထားသော အနှိပ်ခန်းများနှင့် ပုန်းလျှိုးစွာ ဆိုင်လာနေကျ ဧည့်သည်အချင်းချင်း ဖောက်သည် အချင်းချင်းသာ သိနိုင်သော အနှိပ်ခန်းများစွာ ရှိနေသည်။ အနှိပ်ခန်း အားလုံးတွင် တူညီသောအချက်က ငယ်ရွယ်နုပျိုသော မြန်မာမိန်းကလေးငယ် အများစု အလုပ်လုပ်နေကြခြင်း ဖြစ်သည်။
အလုပ်အကိုင် ရှားပါးခြင်း၊ စားဝတ်နေရေး စရိတ်ကြီးမြင့်ခြင်း၊ နောက်ဆုံးပေါ် အဝတ်အစားနှင့် ခေတ်မီအလှအပ အသုံးအဆောင်များ သုံးစွဲလိုမှုက မိန်းကလေးငယ် အများစုကို အနှိပ်ခန်းများတွင် အလုပ်လုပ်ရန် တွန်းပို့လိုက်ခြင်းဟု ဆိုနိုင်သည်။
“အခု အလုပ်လုပ်နေတဲ့ အနှိပ်ခန်းက ဧည့်သည်ကို တစ်နာရီ ၅၀၀၀ ယူတယ်၊ ညီမတို့ကျတော့ တစ်နာရီကို ၁၀၀၀ ပြန်ရတယ်။ အလုပ်ချိန် သတ်သတ်မှတ်မှတ် ရှိတယ်မဟုတ်ပါဘူး။ ကိုယ့်နာမည်နဲ့ လာတဲ့ဧည့်သည် ရှိသလို အခြားဧည့်သည် လာလို့ အလှည့်ကျ နှိပ်ပေးရတာလည်း ရှိတယ်” ဟု အနှိပ်ခန်း အလုပ်သမ တစ်ဦးဖြစ်သူ ဆည်းဆာက ပြောကြားသည်။
နိုင်ငံတကာတွင် ဟိုတယ်များ၊ အလှပြင်ခန်းများနှင့် အပန်းဖြေဇိမ်ခံနေရာ တခုအဖြစ် Body Massage၊ Foot Massage ဟု အမည်တပ်၍ နှိပ်ခန်းများ ဖွင့်လှစ်သည့်နည်းတူ မန္တလေးရှိ နာမည်ကျော် ဟိုတယ်ကြီးများတွင် အနှိပ်ခန်းများ ရှိနေပါသည်။ သို့ရာတွင် အဆိုပါ အနှိပ်ခန်းများသည် အဓိကအားဖြင့် လာရောက် အပန်းဖြေတည်းခိုသော ဧည့်သည်များကို ကျန်းမာရေးအရ နှိပ်နယ်ပေးသည့် လုပ်ဆောင်မှုများကိုသာ အဓိက လုပ်ဆောင်လေ့ ရှိသည်။ ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင် အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားသော အနှိပ်ခန်းများကမူ ကျန်းမာရေး အတွက်ဆိုသော ရည်ရွယ်ချက်ထက် ဆန္ဒရမ္မက်ကို ဦးစားပေး ဖွင့်လှစ်ထားကြခြင်းသော အနှိပ်ခန်းများပင် ဖြစ်သည်။ ထိုသို့သော အနှိပ်ခန်းများသည် ဒေသခံ အာဏာပိုင်များနှင့် ချိတ်ဆက် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အနှိပ်ခန်း ဖွင့်လှစ်ခွင့် အတွက်လစဉ် လိုင်းကြေးပေးဖွင့် လှစ်ရသည်ဟု သိရှိရသည်။
“တစ်ပတ်ကို သုံးခါလောက် နယ်ထိန်းတွေ ထင်တာပဲ ဆိုင်ကို ရောက်ရောက် လာတတ်ကြတယ်။ သူတို့လာရင်တော့ အနှိပ်ခန်းခကို မတောင်းတော့ပါဘူး။ ဒီတိုင်းပဲ အနှိပ်ခံခိုင်းတယ်။ ဘာလို့လည်းဆိုတော့ အဖမ်းအဆီး ရှိတယ်ဆိုရင် သူတို့ဆီကပဲ သတင်းပြန်ရတတ်တာလေ။ အဖမ်းအဆီးရှိတယ် ဆိုရင်တော့ ဆိုင်ကို ခဏပိတ်၊ ဝန်ထမ်း ကောင်မလေးတွေကို အခြားနေရာမှာ ခဏရှောင်ခိုင်း ထားရတာပေါ့” ဟု အနှိပ်ခန်း ဖွင့်လှစ်ထားသော အမည်မဖေါ်လိုသူ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။
အဖမ်းအဆီးရှိ၍ အနှိပ်ခန်းများ ခေတ္တပိတ်လျှင် အနှိပ်အလုပ်သမတို့ စားဝတ်နေရေးနှင့် ဝင်ငွေ ထိခိုက်သွားပြီး အချို့အနှိပ်အလုပ်သမများက လမ်းများပေါ် ရောက်ရှိသွားကာ ပြည့်တန်ဆာများ ဖြစ်သွားသည့် ဖြစ်စဉ်များလည်း ရှိသည်။ လူပေါင်းစုံနှင့် ဆက်ဆံနှိပ်နယ်ရသော အလုပ်ကား မိန်းကလေးငယ်များအတွက် ခက်ခဲကြမ်းတမ်းသော်လည်း ဝင်ငွေရ လွယ်သည့်အတွက် လုပ်ကိုင်သူ မရှားသော အလုပ်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။
“တချို့ဧည့်သည်တွေဆို အသက်ကသာ ကြီးတာ၊ အပြောအဆို အပြုအမူက အရမ်းရိုင်းတယ်။ သားသမီးချင်း မစာနာကြဘူး။ ပြီးတော့ အရက်တွေ သောက်လာကြပြီး မူးနေကြတာ။ မကောင်းတာ လုပ်စားတဲ့ အမျိုးသမီးတွေကို ဆက်ဆံတဲ့ လေသံမျိုးတွေနဲ့ ဆက်ဆံပြီး၊ အသားယူချင်ကြတာ။ ဒါမျိုး ဧည့်သည်တွေနဲ့ တွေ့တဲ့နေ့ကတော့ အရမ်းစိတ်ညစ်ရတယ်၊ တစ်ခါတလေ ကိုယ်က လုံးဝသည်းမခံ နိုင်ရင်တော့ နောက်တစ်ချိန် ဆက်မနှိပ်ပေးတော့ဘူး။ လူချိန်းလိုက်ပါလို့ပဲ အဆင်ပြေအောင် ပြောပြီးထွက်လိုက်တယ်” ဟု ဆည်းဆာက ဆိုသည်။
အနှိပ်ခန်းများ၏ ဝန်ဆောင်မှု ဈေးနှုန်းများမှာ ရိုးရိုးနှိပ်တစ်နာရီလျှင် ၅၀၀၀၊ ၆၀၀၀ ကျပ်ခန့်ရှိပြီး ဆီဖြင့်အနှိပ်ခံလျှင် တစ်နာရီ ၁၀၀၀၀၊ ၁၅၀၀၀ ကျပ် အထိရှိသည်။ အများအားဖြင့် အနှိပ်ခန်းများတွင် လိင်ကိစ္စနှင့် ပတ်သက်သော ဝန်ဆောင်မှုများ မရှိသော်လည်း ကာမရာဂ သန်လွန်းသူ အမျိုးသားတို့အတွက် အဆက်အသွယ် များစွာရနိုင်သော နေရာတခုဆိုလျှင်လည်း မမှားပေ။ သို့သော်လည်း ကျန်းမာရေးအတွက် အနှိပ်ခန်း သီးသန့် ဖွင့်လှစ်မှုများလည်း ရှိနေပါသည်။
“ဆိုင်မှာကတော့ ဘာမှမရောဘူး၊ လုံးဝ အနှိပ်သီးသန့်ပါပဲ။ ဝန်ထမ်း ကောင်မလေးတွေကိုလည်း သေချာမှာထားတယ်။ ရန်ကုန်တို့၊ နေပြည်တော်တို့မှာတော့ အခြားဝန်ဆောင်မှုတွေ ပါရတဲ့ အနှိပ်ခန်းတွေ အများကြီးရှိတယ်။ အနှိပ်ခန်း ဗန်းပြပြီး ပြည့်တန်ဆာ လုပ်နေကြတာပေါ့။ မန္တလေးမှာတော့ ဒါမျိုးဆိုင်တွေ မရှိသလောက် ရှားပါတယ်။ ရှိလည်း ဆိုင်အနည်းအကျဉ်းပါပဲ။ အနှိပ်ခန်းဗန်းပြပြီး ပြည့်တန်ဆာ လုပ်နေတဲ့ ဆိုင်တွေက သိတာပါတယ်။ အဲဒီလိုဆိုင်တွေက တစ်ချိန်စာကို ၂၅၀၀၊ ၃၀၀၀ လောက်ပဲယူပြီး ဧည့်သည်ကတော့ ကိုယ်ကြိုက်တဲ့ အမျိုးသမီးကိုရွေး၊ ပြီးတော့ အထဲရောက်မှ ဈေးစကားပြောပြီး ရှေ့ခရီးဆက်ကြတာ” ဟု မန္တလေးမြို့မှ အနှိပ်ခန်းပိုင်ရှင် တစ်ဦးကဆိုသည်။ “အလုပ်မှာ ပင်ပန်းပြီး ညောင်းညာနေလို့ သူငယ်ချင်းတွေနဲ့ သွားနေကျ အနှိပ်ခန်းမသွားဘဲ အခြားအနှိပ်ခန်းကို သွားခဲ့ကြတယ်။ အခန်းထဲ အသက် ၂၀ ကျော် လောက်နှိပ်ပေးမယ့် ကောင်မလေး ရောက်လာပြီး နှိပ်လည်း နှိပ်မပေးဘဲ မွေ့ရာဘေးမှာ ထိုင်နေတယ်။ ကျွန်တော်က မေးတော့လည်း မနှိပ်တတ်ဘူးတဲ့။ စကားပြောရင်း ပြောရင်းနဲ့မှ Sex ကိစ္စအတွက်ပဲ ဒီနေရာက ဖွင့်ထားတယ်ဆိုတာ သိရတော့တယ်။ နှိပ်တော့ မနှိပ်တတ်ဘူး၊ သူနဲ့ Sex ကိစ္စ လုပ်ဆောင် ချင်ရင်တော့ရတယ်၊ ဈေးညှိရမယ်လို့ ပြောလာတယ်။ မေးကြည့်လိုက်တော့ ၁၅၀၀၀ လို့ ပြောတယ်” ဟု မန္တလေး ဒေသခံ တစ်ဦးဖြစ်သူ ဦးနိုင်အောင်က ပြောကြားသည်။
နယ်မှ မြို့တက်လာပြီး အနှိပ်ခန်းသို့ ရောက်ရှိသွားသော မိန်းကလေးငယ်များသည် ငွေရလွယ်သည့် နေရာတွင်ပင် ၎င်းတို့၏ဘဝကို မြှုပ်နှံထားလိုက်ကြသည်။ ပညာအရည်အချင်း နိမ့်ကျခြင်းနှင့် အပင်ပန်း မခံနိုင်မှု တို့ကြောင့်လည်း အနှိပ်ခန်း အလုပ်သမဘ၀က မိန်းကလေးငယ်တို့ ရုန်းမထွက်နိုင်ကြ။
‘အလုပ်လုပ်တာ နည်းနည်းကြာလာတော့ ကိုယ့်ဧည့်သည်လည်း ရလာတယ်။ ဧည့်သည် ရလာတော့ ကိုယ်လည်း အလုပ်လုပ်ခ ပိုရတယ်၊ ဘောက်ဆူးလည်း ရလာတယ်။ ပြီးတော့ ဧည့်သည်အသစ်တွေလို အကြာကြီး နှိပ်ပေးစရာ မလိုတော့ဘူး။ ကိုယ်နဲ့လည်း သူငယ်ချင်းလို၊ မိတ်ဆွေလို ရင်းနှီးလာတော့ သူများတွေလို ပြင်ပသူငယ်ချင်း မဟုတ်ဘဲ ဖောက်သည် သူငယ်ချင်း ဖြစ်သွားတာပေါ့။ ပြီးတော့ အိမ်ကိုလည်း ကိုယ့်စားစရိတ်ဖယ်ပြီး တစ်လကို နှစ်သိန်းနီးပါးလောက် ပို့နိုင်တော့ မိသားစု စားဝတ်နေရေလည်း အဆင်ပြေ သွားတာပေါ့၊ မတရားရထားတဲ့ ငွေမဟုတ်ဘူးလေ။ သမ္မာအာဇီဝ ရထားတဲ့ငွေနဲ့ မိဘတွေကို ထောက်ပံ့ပေးနေရတော့ ကိုယ်လည်း ကုသိုလ်ရတာပေါ့” ဟု အိဆိုသူ အနှိပ်ခန်း အလုပ်သမက ဆိုသည်။
အနှိပ်ခန်းတွင် အလုပ်လုပ်နေရသော မိန်းမငယ်လေး အများစုသည် နေအိမ်အကျယ်ချုပ် ကျသဖွယ် အလုပ် လုပ်ကိုင်နေသည့် အနှိပ်ခန်းပြင်ပကို မထွက်ရဘဲ အချိန်ပြည့် အခန်းအောင်း နေရလေ့ ရှိသည်။ အပြင်ထွက်မည် ဆိုပါကလည်း ဧည့်သည်ပါးသည့် အချိန်များတွင်သာ သွားလာနိုင်သည်။ တစ်လလျှင်ခွင့် နှစ်ရက်ရှိပြီး နားရက် ဆိုသည်က အနှိပ်ခန်း အလုပ်သမတို့အတွက် ရှားပါးလှသည်။ “မြတ်နိုးရေ တစ်ချိန်ဝင်မယ်” ဟု အခန်းပြင်ပမှ အသံကြားလိုက်ရသည်နှင့် မြတ်နိုးတစ်ယောက် ဧည့်သည်ရှိရာ အခန်းအတွင်းသို့ နှေးကွေးသော ခြေလှမ်းများဖြင့် ထပ်မံဝင်ရောက် သွားတော့သည်။
နေလင်း

- See more at: http://thevoicemyanmar.com/index.php/article/item/2515-mpar#sthash.nhNEpEvZ.dpuf

MPT လာတော့ Ooredoo ငုတ်တုပ်မေ့


မြန်မာနိုင်ငံတယ်လီကွန်းလောက အပြောင်းအလဲအစဖြစ်သော (၂၀၁၄)ခုနှစ် အတွင်း အစိုးရမှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အပြိုင် နိုင်ငံတကာဆက်သွယ် ရေးလုပ်ငန်းကြီးများကိုပါ နိုင်ငံတွင်း ရင်း နှီးမြှုပ်နှံခွင့်ပြုခဲ့ရာ ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ဗဏီ Ooredoo နှင့် နော်ဝေ အခြေစိုက်ဆက်သွယ်ရေး ကုမ္ဗဏီ Telenor တို့က လုပ်ငန်းလိုင်စင် ရရှိခဲ့သည်။ အဆိုပါ ကုမ္ဗဏီနှစ်ခုလုံးလည်း အစိုးရခွင့်ပြုသည်နှင့် တပြိုင်နက် အရင်းအနှီးများစွာဖြင့် မြန်မာ့ဆက်သွယ်ရေးဈေးကွက်ကို ဖြန့်ကြက်ခဲ့ပြီး လူထုစိတ်ဝင်စားမှုလည်း ရရှိခဲ့သည်။ စက်တင်ဘာ ၂ ရက်ကစ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကလည်း ဂျပန်စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်သော Sumitomo၊ KDDI တို့နှင့် ပူးပေါင်းပြီး ၁၅၀၀ ကျပ်တန် ဆင်းကဒ်များ စတင်ဖြန့်ချိခဲ့ရာ ရောင်းမလောက်ဖြစ်ခဲ့ပြီး Ooredoo ဆင်းကဒ်ရောင်းချရမှုအား သိသိသာသာ ကျဆင်းသွားကြောင်း သိရသည်။
“အစ်ကိုတို့ ဆိုင်တောင်မဖွင့်ရဲဘူး၊ ဒီလူအုပ်ကြီးနဲ့ ဆိုင်ထဲတိုးဝင်လာရင် ဆိုင်ကပစ္စည်းတွေ ပျောက်ဆုံးသွားမှာ ကြောက်လို့”ဟု ရန်ကုန် ပန်းဆိုးတန်းလမ်းပေါ်ရှိ ဖုန်းဆိုင်ပိုင်ရှင်တဦးက သူ၏ဆိုင်အရှေ့တွင် MPT ဆင်းကဒ်ဝယ်ယူရန် စောင့်ဆိုင် တိုးဝှေ့နေသော လူအုပ်ကို ညွှန်းပြ ပြောဆိုသည်။ တချိန်တည်းမှာပင် သူ့ဆိုင်နှင့် ကိုက် ၁၅၀ လောက်အကွာတွင်ရှိသော Ooredoo အရောင်းကိုယ်စားလှယ်ဆိုင်တွက်မူ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

သြဂုတ်လ ၂ ရက်တွင် ကာတာ ကုမ္ဗဏီ Ooredoo က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီး(၃)မြို့တွင် ဖုန်းဆင်းကတ်များကို (၁၅၀၀)ကျပ်ဖြင့် ဖြန့်ချိခဲ့ပြီး သြဂုတ်လ (၂) ရက်မှ (၁၅) ရက်နေ့အထိ စမ်းသပ်ကာလအဖြစ် သတ်မှတခဲ့ကာ အခွင့်အရေးများစွာဖြင့် ပြည်သူလူထုကို စတင်ဆွဲဆောင်ခဲ့သည်။

“Ooredoo အနေနဲ့ ဆင်းကတ် စတင်ဖြန့်ချိဖို့ (၂)လလောက်အလို ကတည်းက ဈေးကွက်ဖြန့်ကြက်ပါတယ်။ ဖုန်းဆိုင်တွေကို လိုက်မေးတယ်။ Ooredoo ကိုယ်စားလှယ်လုပ်မလားပေါ့။ အဲဒီနေရာမှာလည်း အဆင့်သတ်မှတ်ခွဲခြား ထားပါတယ်။ ကိုယ်စားလှယ် ရွှေအဆင့်၊ ငွေအဆင့်၊ ကြေးအဆင့်ဆိုပြီး ရှိတယ်။ ရွှေအဆင့်အဖြစ် သတ်မှတ်တဲ့ဆိုင်ကတော့ Ooredoo ရဲ့ ဆင်းကတ်ကလွဲပြီး အခြား ကတ်ရောင်းခွင့်မရှိဘူး။ သူတို့ဘက်ကလည်း အကောင်းဆုံး အခွင့်အရေး ပြန်ပေးတယ်။ ငွေအဆင့်၊ ကြေးအဆင့်ဆိုတာ ကတော့ Ooredoo ကိုလည်း ကိုယ်စားလှယ်အနေနဲ့ ရောင်းပေးမယ်။ အခြား ဆင်းကတ်တွေပေါ်လာရင်လည်း ရောင်း မယ်။ အဲဒီသဘောပေါ့။ အခွင့်အရေး ရပိုင် ခွင့်ကတော့ နည်းသွားမယ်။ အခုကျတော့ MPT အနေနဲ့ကလည်း (၁၅၀၀)တန် GSM နဲ့ WCDMA တွေလိုသလောက် ရောင်းနေပြီဆိုတော့ Ooredoo အပေါ် ပြည်သူစိတ်ဝင်စားမှုက သိသိသာသာ ကျဆင်းသွားတယ်။ အ၀ယ်မရှိသလောက် ဘဲ။ ဒီလို အော်ပရေတာတွေ အားပြိုင်တဲ့ အခါ MPT ကတော့ လူထုစိတ်ဝင်စားမှု အရှိဆုံးပါပဲ””ဟု ရန်ကုန်မြို့တွင်း Ooredoo နှင့် ရွှေအဆင့်ကိုယ်စားလှယ် ဆိုင်တဆိုင်မှ မန်နေဂျာ ကိုမင်းသန့်က ပြောသည်။
ယခုကဲ့သို့ အထူးရောင်းကိုယ်စားလှယ်များကို Ooredoo မှ ခံစားခွင့်များအဖြစ် ဆိုင်အပြင်အဆင်၊ ကုန်ပစ္စည်းနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ၊ Marketing ဈေးကွက်အချို့နှင့် Ooredoo ဆင်းကတ် နှင့် ဟန်းဆက်ပစ္စည်းရောင်းအားအလိုက် ရာခိုင်နှုန်း အချိုးကျခွဲပေးသည့် အခွင့်အရေးများ ပေးထားကြောင်း Ooredoo မှ သိရသည်။
“အခုဟာက စပြောတုန်းကနဲ့ သူတို့လုပ်ပုံက မညီဘူး။ Ooredoo ကတ် တွေရောင်းဖို့လာပြောတုန်းက ရန်ကုန်မှာ ဆိုကြိုက်တဲ့နေရာခေါ် လိုင်းကောင်းစေရ မယ်။ အင်တာနက်လိုင်းလည်း ကောင်းတယ်။ အရောင်းကိုယ်စားလှယ်တွေကို ခံစားခွင့်ကောင်းကောင်းလည်းပေးတယ်။ အဲဒီတော့ ကျွန်တော်တို့လည်း ရောင်းပေး တယ်။ စမ်းသပ်ကာလမှာတော့ လိုင်းက ရေလည်ကောင်းတယ်။ အဆင်ပြေတယ်။

အဲတရားဝင်လုပ်ငန်းလည်းစရော ပြည်သူ ကမကြိုက်တော့ဘူး။ လိုင်းမမိဘူး။ ငွေ ဖြတ်တာ ကြမ်းတယ်။ အဲဒီလိုတွေ ပြော လာပြီး ရောင်းအား လုံးဝကျသွားတယ်။ကျွန်တော်တို့က အထူးအရောင်းကိုယ်စား လှယ်မဟုတ်တဲ့အတွက် နောက်ထပ် ဆင်းကတ်အသစ်တွေထွက်လာရင်လည်း ရောင်းဦးမှာပါ။ သူတို့ပေးတဲ့ အခွင့်အရေး တွေလည်း မလိုချင်တော့ဘူး။ အခု MPT ကတ်တွေကိုပဲ အားလုံးစိတ်ဝင်စားနေတယ်။ Ooredoo ဈေးကွက်ကတော့ မရှိ သလောက်ဖြစ်သွားပြီ”ဟု ကျောက်တံတား မြို့နယ်မှ ငွေအဆင့်အရောင်းကိုယ်စား လှယ် ကိုဇော်မင်းက ပြောသည်။
“ဒီအတိုင်းဆက်သွားမယ်။ ပြည်သူ ကို ၀န်ဆောင်မှု မမြှင့်တော့ဘူးဆိုရင်တော့ MPT ဈေးကွက်က ပိုကျယ်လာနိုင်တယ်။ လက်ရှိမှာလည်း Ooredoo ဈေးကွက်က မရှိသလောက်ကို ဖြစ်သွားပြီ။ Ooredoo ဘက်ကတော့ ဘာဆက်လုပ်ဦးမလဲ မသိ ပေမယ့် လက်ရှိ အခြေအနေကတော့ ကိုယ်စားလှယ်တွေက MPT ဘက်ကို စိတ်အားထက်သန်နေပါတယ်”ဟု ကိုမင်းသန့်က ပြောသည်။

MPT ဆင်းကဒ်များသည် မှောင်ခိုဈေးကွက်တွင် ရောင်းဈေးထက် ၁၀ဆကျော်မကသော ဈေးနူန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိသည်။
“နံပါတ်လှတယ်၊ အပူးလေးတွေ ၁ ကဒ် ၂ ပုလင်း..”။ ယင်းမှာ MPT ဆင်းကဒ်ရရှိရေး တိုးဝှေ့နေသော ဖုန်းဆိုင်အရှေ့ လူအုပ်ကြီးအတွင်မှ ထွက်ပေါ်လာသော မှောင်ခိုသမားတဦး၏ အော်သံဖြစ်သည်။
လက်ရှိတွင် Ooredoo ဆင်း ကတ်သုံးစွဲသူဦးရေမှာလည်း ၁ ဒသမ ၃ သန်းကျော်ရှိနေပြီဖြစ်ကြောင်း Ooredoo ထံမှ သိရသည်။
“လက်ရှိ တာဝါတိုင်အသစ် စိုက်ထူမှုတွေ နေ့စဉ်ပြုလုပ်နေတယ်။ ပြည်သူရဲ့ အသံကိုလည်း အမြဲနားထောင်နေတယ်။ အစီအစဉ်အသစ်တွေလည်း ထပ်မံလုပ် ပေးဖို့ရှိတယ်။ အခုကတော့ ပုံမှန်အတိုင်း ဆက်သွားနေပါတယ်။ MPT အနေနဲ့လည်း ပြည်သူ့အတွက်လုပ်တာဆိုတော့ ဘာမှပြောစရာမရှိပါဘူး။ ပြည်သူတွေ အဆင်ပြေရင်တော့ ကောင်းပါတယ်။ အခြား အထွေအထူးထုတ်ပြန်စရာတော့ မရှိပါဘူး။ ကိုယ်စားလှယ်တွေအနေနဲ့ လည်း နှစ်ဦးသဘောတူအစကတည်းက စာချုပ်ချုပ်ထားတာတွေရှိပါတယ်။ ထိုက်တန်တဲ့ အခွင့်အရေးတွေလည်း ပေးနေပါတယ်။ ကျန်တာတော့ သူတို့အပိုင်း ပါ””ဟု Ooredoo မှ ပြန်ကြားရေး တာဝန်ခံ မသီရိကြာညိုက ပြောသည်။

ယခုကဲ့သို့ Ooredoo နှင့် MPT တို့၏ ဈေးကွက်လှုပ်ရှားမှုများကြောင့် ရန်ကုန်ဟန်းဆက် ဈေးကွက်မှာလည်း နှစ်ဆခန့် ရောင်းအား မြင့်တက်သွားပြီး ဈေးနှုန်းများမှာလည်း ပုံမှန်ထက် အနည်းငယ်ပိုနေကြောင်း ပန်းဘဲတန်းမြို့နယ်မှ ဟန်းဆက်အရောင်း ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
စက်တင်ဘာလအတွင်း တယ်လီနောကလည်း ဆင်းကတ်များကို စတင် ရောင်းချမည်ဟု ကြေညာထားရာ မြန်မာ့ ဆက်သွယ်ရေးလောက၏ ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာမည်မှာ သေချာသည်။ လတ်တလောတွင် MPT ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် Ooredoo ငုတ်တုတ်မေ့နေလေသည်။

မြတ်ထွဋ်ကျော်၊ မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဓမ္မစေတီခေါင်းလောင်း မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီနှင့် မေမြတ်နိုး သရဖူ ရုပ်သိမ်းခံရခြင်း ။


ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ကြည့်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု အဆက်အစပ် ကင်းမဲ့
သလို ရည်ရွယ်ချက်တွေကလည်း အမျိုးမျိုးကွဲပြားနေပါတယ်။ သေချာတာကတော့
မြန်မာနိုင်ငံသားတွေ အတွက် ဒီတစ်ပတ်အတွင်း အငြင်းခုံရဆုံး သတင်းအကြောင်း
အရာ ၃ခု ဖြစ်ခဲ့တာကတော့ သေချာပါတယ်။ အထူးသဖြင့် ဓမ္မစေတီ ခေါင်းလောင်း
ကြီး ဆယ်ယူနေတဲ့ ဦးစံလင်းနဲ့အဖွဲ့က ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း
ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။

ဒီလို ကြေညာရာမှာလည်း ခေါင်းလောင်းကြီး တွေ့ရှိကြောင်း အရိယာဝိဇ္ဇာ အပေါင်း
ကို ခွင့်ပြုချက် တောင်းခံပြီးမှ အတိအလင်း ကြေညာတာဖြစ်ကြောင်း ဖတ်ခဲ့ရပါတယ်။
နောက်ထပ် ပြောဆိုမှုတွေထဲမှာ ခေါင်းလောင်းကြီးကို မဆယ်ယူသေးတဲ့ အကြောင်း
ကတော့ ရွှေရောင် နဂါးမင်းကြီး နဲ့တကွ နဂါးအပေါင်းတို့က ခေါင်းလောင်းကြီးကို ဆီမီးပူဇော်နေလို့ ဖြစ်တယ်လို့ ပါဝင်ပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေ အကြားမှာ ဖြစ်နိုင်/မဖြစ်နိုင် အငြင်း
ပွားခဲ့ရသလို ခေါင်းလောင်းကြီးကို တွေ့၊ မတွေ့ ဆိုတာကလည်း မိသားစု အတွင်း
မှာတောင် ငြင်းခုံဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ခေါင်းလောင်းကြီး အကြောင်းကို အာရုံရောက်နေတဲ့ အတွက် ပြီးခဲ့တဲ့ လပိုင်းအတွင်း
က ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနဲ့ PRစနစ်
ကို ကန့်ကွက်ရေး နိုင်ငံရေး လှုပ်ရှားမှုတွေဟာ မှေးမှိန်ဖျော့တော့ သွားခဲ့ရပါတယ်။
အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ၄၃၆ကို ပြင်ဆင်ဖို့ နိုင်ငံသား၎သန်းနဲ့
၉သိန်း လက်မှတ်ထိုးထားတဲ့ စာရွက်တွေဟာ လွှတ်တော်ကို ရောက်ရှိနေပြီ ဆိုတာ
ကလည်း လူမသိ သူမသိ ဖြစ်သွားပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀က ရန်ကုန်မြစ်ဝမှာ
နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရက်သတ္တပတ် နှစ်ပတ်အတွင်း ရအောင် ဆယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီလို အာမခံရဲရဲနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူကတော့ အတိတ် သမိုင်းမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ ဦးစံလင်းနဲ့အဖွဲ့ ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ခွင့် ကိုတော့ ရန်ကုန်
တိုင်း ဒေသကြီး အစိုးရက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ခေါင်းလောင်း ဆယ်ယူရေး ကာလအတွင်း သတင်းရေးသားတဲ့ သတင်းစာ၊ ဂျာနယ်တွေ ရောင်းကောင်းခဲ့သလို သမ္ဗန်သမားတွေ၊ ဈေးသည်တွေလည်း ၀င်ငွေ
လမ်းဖြောင့် ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ပြီ
လို့ ကြေညာချက်နဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ်ရဲ့
သ၀ဏ်လွှာ တစ်စောင်ကို မြို့တော်ဝန်က ရန်ကုန်တိုင်း လွှတ်တော် အတွင်းမှာ ဖတ်ကြားခဲ့ပါတယ်။

သ၀ဏ်လွှာထဲမှာ ဖော်ပြထားတဲ့ အဓိက အကြောင်းအရာကတော့ ရန်ကုန်မြို့ရဲ့
အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်း အကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ
တွံတေး ကားလမ်းအကြားမှ ဧက သုံးသောင်းကျော် အကျယ်အ၀န်းရှိတဲ့ မြို့သစ်
စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီသ၀ဏ်လွှာ
ထဲမှာပဲ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးအတွက် ငွေရေးကြေးရေးမှာ စိတ်ချရတဲ့
မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးအပ်ကြောင်းနဲ့ စီမံကိန်း အကောင်အထည်ဖော်မည့် အပေါ်မှာ ဒေသခံ ပြည်သူလူထုရဲ့ သဘောတူညီချက်
ကို ရရှိထားပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသ၀ဏ်လွှာကို နားထောင် လိုက်ရတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
တွေ အံ့အားသင့် ခဲ့ရသလို ဘယ်သူမှ မသိသေးတဲ့ ဒီစီမံကိန်း အတွက် ဒေသခံ
ပြည်သူတွေရဲ့ သဘောတူညီချက် ရပြီ ဆိုတာကလည်း ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး
ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ဖြစ်ခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀၀၀လောက် ပမာဏရှိတဲ့ စီမံကိန်းအတွက် မြန်မာ့
စီးပွားရေး အသိုင်းအ၀ိုင်းက မသိတဲ့ မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးခဲ့တဲ့ အတွက် အကြောင်းပြချက်ကတော့ မလိုလားအပ်တဲ့ ပြဿနာတွေ
ဖြစ်မှာ စိုးတဲ့အတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ ရတယ်လို့ ဆင်ခြေပေးခဲ့ပါတယ်။

ဒီလို လွှတ်တော်မှာ ကြေညာလိုက်တဲ့ တစ်ချိန်တည်းမှာပဲ စီမံကိန်းလုပ်မယ့် ရန်ကုန် တစ်ဖက်ကမ်းက မြေဧကတွေကို ၀ယ်ယူဖို့ တရုတ် တိုင်းရင်းသား နွယ်ဖွားတွေနဲ့
တရုတ် သူဌေးတွေ အတွက် ခြံမြေတွေ လိုက်လံ ၀ယ်ယူပေးနေတဲ့ အိမ်ခြံမြေ
ပွဲစားတွေ အလုံးအရင်း ရောက်လာကြပါတယ်။

သူတို့တွေရဲ့ ၀ယ်ယူမှုတွေကြောင့် တစ်ချိန်က တစ်ဧကကို သိန်း၄၀၊ ၅၀ရှိတဲ့
မြေဧကတွေဟာ သိန်း ၅၀၀ကနေ သိန်း၁၀၀၀ကြားကို ခုန်တက်သွားပါတယ်။
တချို့ကလည်း မြို့သစ်စီမံကိန်း လုပ်မယ့် ကုမ္ပဏီဟာ တရုတ် လူမျိုးတွေ ပိုင်ဆိုင်တဲ့
အတွက် သူတို့နဲ့ ပတ်သက်တဲ့ သူတွေကို ကြိုတင် သတင်းပေးပြီး ရင်းနှီးမြှုပ်နှံ
ခိုင်းတယ်လို့ ခန့်မှန်းကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်တွေရဲ့ စီးပွားရေးနဲ့
မကင်းတဲ့ ကုမ္ပဏီတစ်ခုကို မြို့သစ်စီမံကိန်း လုပ်ဖို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က
လက်သိပ်ထိုး လုပ်ဆောင်ခဲ့တယ် ဆိုတာကတော့ မပြေးသော် ကန်ရာရှိ ဆိုသလို
ပါပဲ။ ဒီအခြေအနေတွေကြောင့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဟာ ဒီကုမ္ပဏီကို လုပ်ပိုင်
ခွင့်ပေးခဲ့တာကို ရုပ်သိမ်းပြီး တရားဝင် တင်ဒါ ခေါ်ယူမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ရပါတယ်။

နောက်သတင်း တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ အလှမယ်တွေထဲက Miss Asia
Pacific World 2014 ရခဲ့တဲ့ မေမြတ်နိုးရဲ့ သရဖူကို တောင်ကိုရီးယား အခြေစိုက်
သူ့ရဲ့ Organizationက ပြန်လည် ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဘာကြောင့် ရုပ်သိမ်း လိုက်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကျယ်တ၀င့် မဖော်ပြ
ပေမယ့် မေမြတ်နိုးဟာ အလှမယ် တစ်ယောက်ရဲ့ လိုက်နာရမယ့် စည်းကမ်းတွေ
ဖောက်ဖျက်လို့ဆိုပြီး ဖော်ပြထားပါတယ်။ တချို့ကလည်း သရဖူ ရုပ်သိမ်းမှုမှာ
ဆုရွေးချယ်တဲ့ အဖွဲ့အစည်းနဲ့ ပြဿနာရှိလို့ မဟုတ်ဘဲ ပြည်တွင်းက အေဂျင်စီနဲ့
မေမြတ်နိုးနဲ့ကြားမှာ ပြဿနာဖြစ်ခဲ့လို့ ရုပ်သိမ်းခံခဲ့ရတယ်လို့ မှတ်ချက်ပြုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေမြတ်နိုးနဲ့ အေဂျင်စီက တာဝန်ရှိသူတွေဟာ Facebookမှာ
အပြန်အလှန် စွပ်စွဲကြရင်း တစ်ယောက် အားနည်းချက်ကို တစ်ယောက်ထောက်
နေကြပါတယ်။ မေမြတ်နိုးကလည်း ဒီအဖွဲ့ဟာ သရဖူပေးပြီး လူကို တရားဝင် ၃
နှစ်လောက် အပိုင် ၀ယ်ထားတဲ့ ပုံစံမျိုး ပြုလုပ်နေသလို နှစ်စဉ်တိုင်း သရဖူ ရုပ်သိမ်း
လေ့ ရှိတာကလည်း သံသယ ဖြစ်ဖွယ်ရာ ကောင်းတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ မြန်မာနိုင်ငံကအလှမယ်တွေဟာ နိုင်ငံတကာ
ကို အေဂျင်စီရဲ့ အကူအညီနဲ့ သွားရောက် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။ ယှဉ်ပြိုင်
ပြီးတိုင်းလည်း စည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး အေဂျင်စီနဲ့ အလှမယ်တွေ ကြား
မှာ ပြဿနာ ဖြစ်ပွားလေ့ ရှိပါတယ်။

အထူးသဖြင့်တော့ နိုင်ငံတကာလုပ်တဲ့ Miss ပြိုင်ပွဲတွေဟာ အမှန်တကယ် ဂုဏ်
သိက္ခာရှိပြီး ရိုးသားဖို့ လိုအပ်သလို သူတို့ရဲ့ စာချုပ်ပါ အချက်အလက်တွေကိုလည်း
သေချာဖတ်ရှုဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာလူမျိုးတွေဟာ
နားမလည် ပါးမလည်နဲ့ ကြိုက်သလို လှည့်စားလို့ ရတယ်ဆိုပြီး လူလည် လုပ်နေဦး
မှာ ဖြစ်ပါတယ်။ အထူးသဖြင့် စာချုပ်မှာ လက်မှတ်ထိုးပြီးရင်တော့ ငြင်းဆိုလို့ မရတဲ့ အခြေအနေရှိတာမို့ နိုင်ငံခြားကဆိုတိုင်း မျက်စိစုံမှိတ် မယုံမိဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးရဲ့ အဓိက ပြောဆိုလိုတာကတော့ ဓမ္မစေတီခေါင်လောင်း ဆယ်တာ
ပဲဖြစ်ဖြစ်၊ တွေ့တာပဲဖြစ်ဖြစ်၊ နဂါးမင်းကြီး ရေအောက်မှာ ရှိတာပဲဖြစ်ဖြစ်၊ မရှိတာ
ပဲဖြစ်ဖြစ် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ဘယ်လိုခြေလှမ်း လှမ်းတာပဲဖြစ်ဖြစ်၊ နိုင်ငံ
တကာက မြန်မာ အမျိုးသမီးတွေကို ခေါ်ပြီး ဘယ်လို သရဖူမျိုး ပေးတာပဲဖြစ်ဖြစ်
နောက်ကွယ်က ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားတွေကို မြင်ယောင် ကြည့်နိုင်မှသာ
ကျွန်တော်တို့ လူမျိုးတွေကို “လူအ”စာရင်း အသွင်းခံရမယ့် ဒုက္ခက ကင်းဝေးနိုင်
မယ် ဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၂ရ)ပါ ဆောင်းပါး )

အခွန်နဲ့ အခွံ


စာရေးသူတို့ မြန်မာစကားမှာ အသံထွက်ချင်းတော့ တူတယ်၊ သို့ပေမယ့် အဓိပ္ပာယ်က လုံးဝကွဲပြားခြားနားတဲ့ စကားလုံးတွဲ တစ်တွဲက ‘ခခွေးဝဆွဲ နငယ်သတ် ခွန်’ ဆိုတာနဲ့ ‘ခခွေးဝဆွဲ သေးသေးတင် ခွံ’ ဆိုတာ ဖြစ်ပါတယ်။ အခွန်ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ကုန်သွယ်ခွန် (Commercial Tax)၊ အကောက်ခွန် (Custom Duty)၊ သွင်းကုန်လိုင်စင်ခွန် (Import License Tax)၊ ထုတ်ကုန်လိုင်စင်ခွန် (Export License Tax)၊ ရောင်းခွန် (Sales Tax)၊ မြေခွန် (Land Tax)၊ ရေခွန် (Water Tax)၊ ၀င်ငွေခွန် (Income Tax)၊ အမှိုက်ခွန် (Garbage Tax)၊ မီးခွန် (Lighting Tax)၊ နိုင်ငံဖြတ်ကျော်ခအခွန် (Country Pass Tax)၊ လမ်းနှင့် တံတားအသုံးပြုခွန် (Road and Bridge Tax) စတာတွေ ဖြစ်ပါတယ်။ စာရေးသူ မှတ်သားမိသလောက် ရေးပြလိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတို့ လုပ်ပိုင်ခွင့်တစ်ခုချပေးဖို့ လက်သိပ်ထိုးလို့ ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ လာဘ်ထိုးရတာကလည်း အမှန်တော့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်မြင်သံကြားဖန်သားပြင်၊ အင်တာနက် အစရှိတာတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ကြော်ငြာတာ၊ မော်တော်ကားတွေမှာ ကြော်ငြာတာ၊ မြေစိုက် ဒါမှမဟုတ် တိုင်ထောင်ဘုတ်ကြော်ငြာ အပါအ၀င် ကြော်ငြာတွေအားလုံးကလည်း ကြော်ငြာခွန်လို့သုံးရင် မှားမယ်မထင်ပါ။ သူများနိုင်ငံတွေမှာ အခမဲ့ပေးနေတဲ့ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေကို ဈေးကွက်ထိန်းပြီး ရောင်းချတာတွေကလည်း တစ်နည်းအားဖြင့် မှောင်ခိုအခွန်ဖြစ်တယ်။ ယခင်က အောင်ဘာလေသိန်းထီလက်မှတ် တစ်စောင်တန်ဖိုးက နှစ်ကျပ်နဲ့ ရောင်းခဲ့တယ်။
အဲဒီအချိန်က ထီတစ်စောင် နှစ်ကျပ်ကိုဝယ်ရင် နှစ်ကျပ်ပဲပေးရတယ်။ ဒီဘက်ခေတ်မှာ ထီတစ်စောင်ရဲ့ အစိုးရမူရင်းဈေးက တစ်စောင် ၂၀၀ ကျပ်ဖြစ်ပေမယ့် ထီထိုးသူတွေက တစ်စောင်ကို အက္ခရာနဲ့ နံပါတ်အပေါ်မူတည်ပြီး တစ်စောင်ကို ၃၀၀ ကျပ်၊ ဒါမှမဟုတ် ၃၅၀ ကျပ်အထိ ပေးဝယ်ကြရတယ်။
တစ်လချင်း ထီဖွင့်တာဖြစ်လို့ တစ်လကို ထီအစောင်သုံးသန်းထုတ်ပြီးရောင်းရင် စုစုပေါင်း ရောင်းရတန်ဖိုး သိန်း ၆၀၀၀ ကျော်ဖြစ်ပြီး အဲဒီအထဲက ၄၀ ရာခိုင်နှုန်းကို အစိုးရကနေ အခွန်အဖြစ်ရယူပြီး ၆၀ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ် ပြန်လည်ဖောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် တစ်လကို အစိုးရရဲ့ အခွန်ငွေက သိန်းပေါင်း ၂၄၀၀ ရရှိပြီး ထီထိုးသူတွေကို ပြန်လည်ခွဲဝေပေးတဲ့ပမာဏ သိန်း ၃၆၀၀ ကျပ်ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ပြင်ပပေါက်ဈေးနဲ့ ၀ယ်ပြီးထိုးရရင် အပိုကြေးပါထပ်ပြီး ပေးကြရတာဖြစ်တယ်။ ဒါကလည်း ထီရောင်းရာမှာ ကြားခံရောင်းတဲ့ဆိုင်တွေက ထီခွဲတမ်းလစဉ်ရရှိသူထံကနေတစ်ဆင့် ပြန်လည်ဝယ်ယူကြရလို့ ဈေးတင်ရောင်းကြရတာ ဖြစ်တယ်ဆိုတာ သိရတယ်။ ဒါကလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်။
အခွန်နဲ့ပတ်သက်ပြီး စနစ်တကျ သေချာလေ့လာကြည့်ရင် အဲဒီအခွန်တွေကို နိုင်ငံသားတွေက ပြန်လည်မျှပြီး ပေးနေကြရတာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းလုပ်သူတွေက အမြတ်ရဖို့ သူတို့ပေးလိုက်ရတဲ့ ကုန်ကျစရိတ်တွေကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ထပ်ပေါင်းပြီး ထည့်လိုက်တာလို့ အခွန်ဆိုတဲ့ဝန်ထုပ်က နိုင်ငံသားတွေအပေါ် ပါလာစေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ဘက်ကလည်း အခွန်အထုပ်တွေနဲ့ မိမိနိုင်ငံသားတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့ လိုအပ်သလို ပေါင်းစုံကနေရရှိတဲ့ အခွန်ငွေကြေးတွေ ကဏ္ဍအလိုက်ရရှိတဲ့အခွန် အဲဒီအခွန်တွေကို နိုင်ငံနှင့် နိုင်ငံသားတွေ အကျိုးအတွက် ဘယ်လိုခွဲဝေချထား သုံးစွဲတယ်ဆိုတာကိုလည်း စနစ်တကျ စာရင်းဇယားနဲ့ ချပြသင့်တယ်။ ဒါမှ ပွင့်လင်းမြင်သာမှုက အစိုးရနဲ့ နိုင်ငံသားတွေကြားမှာ ရှိလာစေမှာ ဖြစ်တယ်။ အစိုးရအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ဒီမိုကရေစီအစိုးရ တက်လာတယ်ဆိုကတည်းက မိမိနိုင်ငံသားတွေကို ဘာကြောင့်ထင်သာမြင်သာ မပြရဲကြတာလဲ။ ဒါကို ဦးစီးဦးဆောင်တဲ့သူကနေ ပွင့်လင်းမြင်သာရှိစေရမှာ ဖြစ်တယ်။
အခွန်တွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ကောက်၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကျတော့ ချန်လှပ်ထားတာက တစ်နည်းဆိုရင် အခွန်ရှောင်တဲ့သဘော ဖြစ်တယ်။ သေရင် မိမိနောက်ကို ပါမသွားပေမယ့် ပိုင်ဆိုင်ပစ္စည်းတွေကိုတော့ ဘာကြောင့်တွယ်တာနေကြတာလဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ဒီဘ၀မှာ အကောင်းဆုံးစားမယ်။ သုံးမယ်။ ဖြုန်းမယ်။ နောက်ဘ၀ဆိုတာ မရှိဘူးလို့များ တွေးထင်မှတ်နေကြရော့လား။ ဒီဘဝ လူဖြစ်တုန်းအခိုက် အကောင်းဆုံးလုပ်ဆောင်ပါမှ အနာဂတ်ဘ၀သာယာစေမှာ ဖြစ်တယ်။ တစ်ဘ၀တည်းနဲ့ လူ့ဘ၀က ပြီးမသွားပါ။
ဒါဆိုရင် အဲဒီလို တစ်ဘ၀စံ အတွေးရှိသူတွေကို အနှစ်သာရမရှိဘဲ အခွံသက်သက်လူတွေလို့ ဆိုချင်တယ်။ အခွံဆိုတာ ဘာမျှအသုံးပြုလို့မရတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥကိုခွဲလိုက် အခွံကို ဘယ်သူစားပါသလဲ။ လွှတ်ပစ်လိုက်ကြတာပဲ မဟုတ်လား။ အလားတူ သစ်သီးတွေကို အခွံနွှာစားကြတယ်။ အခွံကို ပစ်လိုက်ကြတယ်။ အခွံက လူတွေကို ဘာမျှအကျိုးမပြုပါ။ လူကိုလည်း ဒီကောင်အခွံပါကွာဆိုရင် လူ့ဘ၀မှာ ဘာမျှ မိမိနိုင်ငံ မိမိနိုင်ငံသားတွေကို အကျိုးမပြုသူကို ခေါ်ကြတာ ဖြစ်တယ်။ လူ့ဘ၀မှာ လူ့တန်ဖိုးနားလည်ပြီး လူဖြစ်ရကျိုးနပ်အောင် လုပ်ဆောင်တတ်ကြဖို့ လိုအပ်တယ်။
ဆရာကြီးဦးသုခရဲ့ ‘အကာက အချစ်၊ အနှစ်က မေတ္တာ’ ဆိုတဲ့ကားကို ကြည့်ဖူးတယ်။ အခွံက ဘာမျှအသုံးမ၀င်တာမို့ ချန်လှပ်ထားတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥတွေမှာ အကာနဲ့ အနှစ်ကိုသာ စားသုံးကြပြီး အခွံကိုတော့ အမှိုက်ပုံထဲ ပစ်လိုက်ကြတယ်။ အခွံက ဘာမျှအသုံးမ၀င်လို့ ဖြစ်တယ်။ သစ္စာကိုတိုင်တည်ပြီး ချစ်ခြင်းမေတ္တာတရားကို လက်ကိုင်ပြုကြဖို့ လိုအပ်တယ်။ လူတွေမှာ အပြန်အလှန်ဆက်နွှယ်မှု၊ အပြန်အလှန် အကျိုးပြုမှုတွေရှိစေဖို့ လိုအပ်တယ်။ သူ့ဘက်လည်းကြည့်၊ ကိုယ့်ဘက်လည်း ကြည့်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အခုဟာက အတ္တတွေများပြီး မိမိအကျိုးကိုသာ ကြည့်တတ်သူတွေဖြစ်တယ်ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေတယ်။
အတ္တတွေကို ခ၀ါချပြီး တစ်ဖက်မှာ နိုင်ငံတော်အကျိုးအတွက် အခွန်တွေကို စနစ်တကျအသုံးပြုပြီး မိမိနိုင်ငံသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ခံယူကြပါလို့ ဆိုချင်တယ်။ မိမိတို့ကိုယ်ကို အခွံမဖြစ်ပါစေနဲ့လို့သာ ဆိုချင်ကြောင်းပါ။
(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
Eleven Media Group




တချိန်ကတော့ ဗိုလ်လောင်းလို့ ဆိုလိုက်ရင် အမျိုးသား ဗိုလ်လောင်းတွေကိုပဲ မျက်စေ့ထဲ ပြေးမြင်မိကြပါလိမ့်မယ်။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။


ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို မှော်ဘီမှာ ရှိတဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ သြဂုတ်လ ၂၈ ရက်နေ့ က ကျင်းပခဲ့ပါတယ်။

အမျိုးသမီးဗိုလ်လောင်းတွေလည်း ပေါ်ပေါက်လာပြီး သူတို့ဟာ တပ်မတော် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာမှာလို့ သိရပါတယ်။

သင်တန်းဆင်း ဗိုလ်ကြီးမမတွေဟာ အခုဆို တပ်မတော် ကြည်း၊ ရေ၊ လေ တို့မှာ အသီး သီး တာဝန်ထမ်းဆောင်ကြပါတော့မယ်။

တချိန်ကတော့ စစ်ဆေးရုံတွေမှာ အမျိုးသမီး ဆရာဝန် စစ်ဗိုလ်တွေနဲ့ သူနာပြု စစ်သမီးတွေကိုသာ မြင်တွေ့ ခဲ့ရ ပေမယ့် အခုဆို မဟာဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းတွေကို ဗိုလ်အဆင့် တွေနဲ့ စတင်မြင်တွေ့ရပါပြီ။

အမျိုးသမီး ဗိုလ်လောင်း သင်တန်းဆင်းပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သလို ထူးချွန် အမျိုးသမီး ဗိုလ်လောင်းတွေကိုလည်း ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁) က အကောင်းဆုံး ဗိုလ်လောင်း ဆုရရှိသူက ဗိုလ်လောင်းအမှတ်(၈၂) ဗိုလ်လောင်း လေးနွယ်ထွန်းဖြစ်ပါတယ်။

“ယနေ့ခေတ် ကမ္ဘာကြီး၏ အခြေအနေ ကို လေ့လာကြည့်လျှင်လည်းနိုင်ငံ အများအပြားတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ပေါင်တန်းပြီး အလုပ်လုပ်ကိုင်နေကြကြောင်း၊ အချို့နိုင်ငံများတွင်နိုင်ငံ အကြီးအကဲ တာဝန်ထမ်းဆောင်နိုင်သည်အထိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာသည်ကို ရဲဘော်တို့ အသိပင်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။

ဒီအပြင် “လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သည့် ကာလတွင်လည်း မြန်မာ အမျိုးသမီး အချို့ သည် တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းခဲ့ကြကြောင်း၊ မိမိတို့နိုင်ငံတွင်၁၉၅၄ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေး အတွက် အမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ပြီး ထူးချွန်ပြောင်
မြောက် သည့် အမျိုးသမီးစစ်မှုထမ်းများစွာလည်း ပေါ်ပေါက်ခဲ့ကြောင်း” လည်း ထည့်ပြောပါတယ်။

ညပိုင်းမှာတော့ ဂုဏ်ပြု ညစာနဲ့ တည်ခင်းခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ဓာတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ ပုံတွေ အွန်လိုင်းထဲ ရောက်လာတော့ တပ်မတော်တွင် အမျိုးသမီး ပါဝင်မှု ဆိုတာကို အရှိန်မြှင့် ခြေလှမ်းတခု တိုးလိုက်တာလို့ စာဖတ်သူတချို့ မှတ်ချက်ပေးတာတွေလည်း တွေ့နေရပါတယ်။

အမျိုးသမီးအင်အား အများအပြား တနေ့ တချိန်တည်းမှာ အရာရှိသင်တန်း ဆင်းကြပြီး အရာရှိဖြစ်လာကြတဲ့အတွက် ဗိုလ်ကြီးမမတို့ တခေတ်ဆန်းပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အမျိုးသမီးဗိုလ်လောင်းတွေ အလိုရှိကြောင်း အစိုးရသတင်းစာမှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း 
အမျိုးသမီးတွေကို စစ်အရာရှိအဖြစ် မွေးထုတ်တဲ့အစီအစဉ် အစပြုခြင်းပါပဲ။

အရာရှိသင်တန်း ၆ လခန့် တက်ပြီးရင် ဒုဗိုလ်ရာထူး စတင် ခန့်အပ်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ပထမအကြိမ်သင်တန်းပြီးလို့ အရာရှိ ၁ဝဝ ကို မွေးထုတ်လိုက်ပါပြီ။ ဒုတိယ 
အကြိမ်သင်တန်းမှာလည်း ဒီအရေအတွက်ထက် ပိုပြီး ခေါ်မလား ဆိုတာက လည်း စိတ်ဝင်စားစရာကောင်းလှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဧရာဝတီblog

ခရိုနီနဲ့ ကျောက်မီးသွေး

ကွမ်းခြံကုန်းတွင် Asia World ကုမ္ပဏီမှ အကောင်အထည်ဖော်ရန် စီစဉ်နေသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံများ ကန့်ကွက်ကြစဉ် (ဓာတ်ပုံ- ပြည့်စုံအောင်)


မြစ်ဆုံအပါအဝင် ဧရာဝတီ၊ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းကြီးများကို လူမသိသူမသိ ချုပ်ဆိုခဲ့သော စာချုပ်များနှင့်အတူ ခရိုနီလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့်ရခဲ့ပြီးဖြစ်သည်။

ထိုမှတစ်ဖန် မြို့နယ်ပေါင်း ၈၄ မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကိုလည်း ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရသည့် ခရိုနီကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၂၃ ခုတည်းက နည်းလမ်းစုံဖြင့် လုပ်ကိုင်ခွင့်ရခဲ့ပြန်သည်။

ထိုမျှနှင့် မပြီးသေးဘဲ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခွင့်ကိုလည်း ထပ်မံရရှိခဲ့ကြသည်။

ထိုမျှနှင့်လည်း မရပ်သေးဘဲ ခရိုနီအချို့သည် ပတ်ဝန်းကျင်နှင့်ဒေသခံများ ထိခိုက်မှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် ထပ်ဝင်လာကြရာ စီမံကိန်းအတွက် မြေသိမ်းခံရနိုင်ပြီး စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည့် ဒေသခံများအတွက်တော့ စိုးရိမ်စရာ ထပ်တိုးလာပြန်ပြီဖြစ်သည်။

ခရိုနီနဲ့ ရေအားလျှပ်စစ်

ရေအားလျှပ်စစ် စီမံကိန်းများရရှိသည့် ခရိုနီကုမ္ပဏီများထဲတွင် လုပ်ငန်းစုံ၊ ကဏ္ဍစုံ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် အေးရှားဝေါလ်၊ ရွှေတောင်နှင့် IGE တို့က ပြိုင်ဘက်မရှိ စီမံကိန်းအများဆုံး လုပ်ခွင့်ရကုမ္ပဏီများဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် မြစ်ဆုံစီမံကိန်း အပါအဝင် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းဒေသတွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းပေါင်း ရှစ်ခုကို တရုတ်မှ CPI ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ကို ရခဲ့သည်။

ထို့နောက် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲ Gold Energy ကုမ္ပဏီအမည်ဖြင့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပြီး သောက်ရေခပ် (၂) စီမံကိန်းမှထွက်သည့် ဓာတ်အားများကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်သို့ပြန်ရောင်းရန် စီစဉ်ခဲ့ကြပြန်သည်။

သောက်ရေခပ် (၂) စီမံကိန်းအား တည်ဆောက်ရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထုတ်ချေးသော ချေးငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၇ဝ ကျော်ကိုပင် အသုံးပြုခွင့်ရသည်အထိ အခွင့်အလမ်းသာခဲ့သည်။

ဧရာဝတီမြစ်အပြီး သံလွင်မြစ်ဘက်သို့ထပ်လှည့်ကာ သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်း (မဂ္ဂါဝပ် ၁၄ဝဝ အထိထွက်မည်) ကိုလည်း အေးရှားဝေါလ်ကုမ္ပဏီမှပင် တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ထပ်မံရရှိခဲ့သည်။

အေးရှားဝေါလ်နှင့်အပြိုင် ရွှေတောင်ကုမ္ပဏီသည်လည်း တရုတ်မှ CDOI ဖြင့်ပူးပေါင်းကာ ရေအားလျှပ်စစ်စီမံကိန်း ၁ဝ ခုအထိကို တည်ဆောက်လုပ်ကိုင်ခွင့်ရရှိထားပြီး စီမံကိန်း ၁ဝ ခုထဲတွင် စက်တပ်ဆင်အား မဂ္ဂါဝပ် ၄ဝဝဝ အထိရှိသည့် ရွာသစ်စီမံကိန်းကဲ့သို့ စီမံကိန်းကြီးများ ပါဝင်သည်။

တရုတ်ဖြင့် ပူးပေါင်းတည်ဆောက်မည့် စီမံကိန်းများမပါ ၎င်းတို့တစ်ဦးတည်းအနေဖြင့် ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး တည်ဆောက်ခွင့်ရသည့်အပြင် တရုတ်မှ မြန်မာနိုင်ငံသို့ ထုတ်ချေးသောငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၅ဝ နီးပါးကိုပါ လှည့်သုံးခွင့်ရခဲ့သည်။

အေးရှားဝေါလ်၊ ရွှေတောင်တို့နှင့်အပြိုင် IGE ကုမ္ပဏီသည်လည်း လုပ်ကိုင်ခွင့်များစွာ ရရှိထားပြီး တရုတ်နိုင်ငံမှ YPIC International ကုမ္ပဏီတို့ ပူးပေါင်း၍ စီမံကိန်းလေးခုကို လည်းကောင်း၊ IGE ကုမ္ပဏီမှပင် အခြားတရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ နောက်ထပ်စီမံကိန်း လေးခုကိုလည်းကောင်း လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။

IGE ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင်လည်း မြန်မာနိုင်ငံ၌ စက်တပ်ဆင်အား အကြီးမားဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇၁၁ဝ အထိရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းမှအစ မဂ္ဂါဝပ် ၁၃၆ဝ စက်တပ်ဆင်အားရှိမည့် ဟတ်ကြီးစီမံကိန်း၊ မဂ္ဂါဝပ် ၁၂ဝဝ ထိရှိသည့် နောင်ဖစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။

သို့သော် အဆိုပါစီမံကိန်းအားလုံးမှာ အများပြည်သူမသိလိုက်ရဘဲ စာချုပ်များချုပ်ဆို၊ နားလည်မှုစာချွန်လွှာများရေးထိုးပြီး ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအားလုံးနီးပါးသည်လည်း နိုင်ငံတော်မှ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသာ ဓာတ်အားရမည်ဖြစ်ပြီး အေးရှားဝေါလ်၊ ရွှေတောင်၊ IGE နှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသော တရုတ်ကုမ္ပဏီများကသာ ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ ရမည့် စီမံကိန်းများဖြစ်သည်။

အနှစ်ချုပ်လျှင် မြန်မာနိုင်ငံတွင် ဆောက်နိုင်သမျှသော ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါးမှာ အဆိုပါကုမ္ပဏီသုံးခုနှင့် တရုတ်ကုမ္ပဏီများအားလုံး ရယူထားခြင်း ဖြစ်သည်။

ခရိုနီနဲ့ လျှပ်စစ်ဖြန့်ဖြူးခွင့်၊ ခရိုနီနဲ့ သဘာဝဓာတ်ငွေ့

ရန်ကုန်မြို့ပေါ် အပါအဝင် မြို့နယ်ပေါင်း ၈၄ မြို့နယ်၌ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးလုပ်ကိုင်ခွင့်ကို ကုမ္ပဏီ ၂၃ ခုတည်းသို့ လုပ်ကိုင်ခွင့်ပေးထားသည်။

ဖြန့်ဖြူးခွင့်ရသည့် ကုမ္ပဏီများထဲတွင် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခွင့်ရထားသည့် အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဖြစ်သော Gold Energy ကုမ္ပဏီ၊ လုပ်ငန်းစုံလုပ်ကိုင်ခွင့်ရလာသည့် Capital Development လီမိတက်၊ Ruby Dragon ကဲ့သို့ ကုမ္ပဏီများ ပါဝင်လာပြန်သည်။

အေးရှားဝေါလ်၏ ကုမ္ပဏီခွဲဆိုလျှင် ပဲခူးတိုင်းဒေသကြီး အရှေ့မြို့နယ် ၃၇ မြို့နယ်စလုံးကို တစ်ဦးတည်းဖြန့်ဖြူးခွင့် ရထားခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်း အားလုံးနီးပါး ကုန်သလောက်ရှိသွားသည့်အခါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဘက် လှည့်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ပင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အနည်းဆုံး ရှစ်ရုံအထိဆောက်လုပ်ရန် စီစဉ်ထားပြီး ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ရထားသည့် ကုမ္ပဏီအချို့လည်း အပါအဝင်ဖြစ်သည်။

လုပ်ကိုင်ခွင့်မှာ ရိုးရိုးရရှိခြင်းမဟုတ် တစ်ယူနစ်ဓာတ်ငွေ့ဖိုးအပါ ကျပ် ၃ဝဝ အထိ ပေးချေရမည့် စာချုပ်များဖြင့် ရသွားခဲ့ကြခြင်းဖြစ်ရာ ပြည်သူများအနေဖြင့် ရှေ့လျှောက်ရင်လေးစရာ အခြေအနေတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။

သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများအတွက်လည်း ထုံးစံအတိုင်း မည်သို့မည်ပုံ စာချုပ်ပြီးပေးလိုက်သည်ကို အများပြည်သူ မသိခဲ့ရဘဲ လျှို့ဝှက်စွာ ရသွားသည့်သဘော ဖြစ်နေသည်။

ခရိုနီနဲ့ ကျောက်မီးသွေး

ရေအားလျှပ်စစ် စီမံကိန်းမှာလည်း ထပ်လုပ်စရာပင်နေရာ မကျန်တော့သည့်အချိန်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများဘက် လှည့်ကြသည်။

သဘာဝဓာတ်ငွေ့ စီမံကိန်းများအပြီး ယခုကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများဘက်သို့ ထပ်လှည့်လာကြပြီဖြစ်သည်။

စီမံကိန်း၏ ဘေးထွက်ဆိုးကျိုးကို ခံစားရနိုင်၍ ဒေသခံအများအပြားက ကန့်ကွက်နေသည့်ကြားမှပင် ပြည်သူများ တိကျစွာမသိလိုက်ရဘဲ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကိုးရုံအထိ အကောင်အထည်ဖော်ရန် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခွင့်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွမ်းခြံကုန်း၌တည်ဆောက်မည့် စီမံကိန်းအတွက် Virtue Land ကုမ္ပဏီနှင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ထန်းတပင်စီမံကိန်းအတွက် ထူးနှင့် တရုတ်ကုမ္ပဏီဖြစ်သော Huaneng Lancang တို့ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်က လည်းကောင်း၊ ကျောက်တန်းစီမံကိန်းအတွက် Diamond Palace နှင့် နိုင်ငံခြားကုမ္ပဏီများ ပူးပေါင်းတည်ဆောက်ရန် ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်က လည်းကောင်း၊ သီလဝါစီမံကိန်း တည်ဆောက်ရန်အတွက် Toyo Thai ကုမ္ပဏီဖြင့် ၂ဝ၁၃ ခုနှစ် မတ် ၂၁ ရက်ကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် ဧရာဝတီတိုင်း ငရုတ်ကောင်းစီမံကိန်းကို Ta Ta Power၊ ရှမ်းပြည်နယ်အရှေ့ ကျိုင်းတုံစီမံကိန်းကို Lumpoondum၊ ကလေးဝစီမံကိန်းကို ISDN နှင့် Tun Thwin၊ ဘုတ်ပြင်းစီမံကိန်းကို 24 Hour၊ မြိတ်စီမံကိန်းကို သန်းဖြိုးသူကုမ္ပဏီတို့က အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးပေးထားခဲ့သည်။

လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများကို ကြည့်လိုက်လျှင်လည်း ကွမ်းခြံကုန်းစီမံကိန်းကို တည်ဆောက်မည့် Virtue Land ကုမ္ပဏီဆိုသည်မှာ ရေအားလျှပ်စစ်စီမံကိန်းပေါင်းများစွာ လုပ်ကိုင်ခွင့်ရထားပြီး တစ်ဦးတည်း ၃၇ မြို့နယ် ဖြန့်ဖြူးခွင့်ရထားသည့် အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ၊ ထူးကဲ့သို့သော ကဏ္ဍစုံလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများ ပါဝင်လာပြန်သည်။

ဒေသခံများနဲ့ ကျောက်မီးသွေးပြဿနာ

ကုမ္ပဏီများက မည်မျှပင် နည်းပညာမြင့်သည်ဆိုပါစေ ဒေသခံများမှ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများအပေါ် ကန့်ကွက်ခဲ့ကြသည်။

တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကြောင့် ဒေသခံများ ထိခိုက်ခဲ့ရမှုကလည်း ဒေသခံများ ကန့်ကွက်မည်ဆိုလျှင်လည်း ကန့်ကွက်ထိုက်သည့် သက်သေအဖြစ် ရှိနေသည်။

တီကျစ် ကျောက်မီးသွေးစက်ရုံကို China National Heavy Machinery cooperation ကတည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃ သန်းကျော်နှင့် ကျပ်ဘီလျံ ၃ဝ နီးပါး စုစုပေါင်း (လက်ရှိငွေလဲနှုန်းဖြင့်)ကျပ်ဘီလျံ ၇ဝ ကျော်အထိ နိုင်ငံတော်မှ ကုန်ကျခဲ့သည့်စီမံကိန်းဖြစ်သည်။

သို့သော် နည်းပညာနိမ့်ပြီး ဒေသခံများအပေါ် ထိခိုက်မှုရှိလာသည့်အတွက် ရပ်ဆိုင်းထားလိုက်ပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဩဂုတ် ၂၃ ရက်က အတည်ပြုပြောကြားခဲ့ပြီး နည်းပညာအသစ်ဖြင့် ပြန်လည်ပြင်ဆင်ရန်ပင် စီစဉ်နေရသည်ဟု သိရသည်။

နိုင်ငံတော်လည်း ဘဏ္ဍာငွေ ကျပ်ဘီလျံ ၇ဝ ကျော်ကုန်၊ ဒေသခံများလည်း ထိခိုက်ခဲ့ရသည့် စီမံကိန်းဖြစ်ခဲ့သည်။

ထို့အတွက်လည်း တနင်္သာရီမြစ်ဝတွင်ဆောက်မည့် စီမံကိန်း၊ ကွမ်းခြံကုန်းတွင် ဆောက်မည့်စီမံကိန်း၊ မြိတ်တွင်ဆောက်သည့် စီမံကိန်းများအတွက် ဒေသခံများအားလုံး ကန့်ကွက်ကြသည်။

ဘေးထွက်ဆိုးကျိုးရှိသည့် အချက်တစ်ခုတည်းဖြင့် ဒေသခံများက ကန့်ကွက်နေကြခြင်းမဟုတ်ဘဲ ကျေးရွာလိုက် ပြောင်းရွှေ့ပေးရခြင်း၊ စီမံကိန်းအတွက် မြေသိမ်းခံရခြင်း၊ အစားထိုးမြေ ပြန်ပေးသည့်တိုင် စိုက်ပျိုးရာတွင် ဒုက္ခရောက်ခြင်း စသည့်အချက်များကြောင့်လည်း ကန့်ကွက်ကြခြင်းဖြစ်သည်။

ဥပမာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံတွင်တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံအတွက် လိုအပ်သည့်မြေမှာ ဧက ၁၂ဝဝ နီးပါးအထိရှိပြီး ရွာသုံးရွာအထိ ထိခိုက်မှုရှိမည်ဖြစ်သည်။ စီမံကိန်းနယ်မြေအတွင်းပါဝင်သည့် ကျေးရွာများ ပြောင်းရွှေ့ပေးရခြင်း၊ လယ်မြေများ အသိမ်းခံရခြင်း ရှိလာနိုင်သည်။

ပြောင်းရွှေ့ပေးရမည့် ကျေးရွာရှိ ဒေသခံများအတွက် မြို့နှင့်ဝေးသွားသည့်ဆိုပါက ကျောင်းသားကျောင်းသူများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။ လယ်အစားပြန်ပေးသည် ဆိုသော်လည်း ရေမိုးမကောင်းသည့် လယ်ယာများဖြစ်နေပါက ဒေသခံများ ဒုက္ခရောက်ကြရမည်ဖြစ်သည်။

တီကျစ်ကဲ့သို့ နည်းပညာနိမ့်သည့် စက်ရုံများဆိုပါက ဒေသခံများအတွက် အဆိုးဆုံးထိခိုက်မှု ရှိလာဦးမည် ဖြစ်သည့်အတွက်လည်း ဒေသခံများက ကန့်ကွက်နေကြခြင်းဖြစ်သည်။

နိုင်ငံတကာ ပေတံ

နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ကျောက်မီးသွေးမှာ ဈေးအသက်သာဆုံးဖြစ်ပြီး နိုင်ငံတကာတွင်လည်း Clean Coal နည်းပညာဖြင့် တွင်တွင်ကျယ်ကျယ် သုံးနေကြသည်ဆိုသော နိုင်ငံတကာပေတံဖြင့်တိုင်းပြီး ကုမ္ပဏီများကို တည်ဆောက်ခွင့်ပေးရန် စီစဉ်ခြင်းဖြစ်သည်။

သို့သော် တီကျစ်စက်ရုံသည်လည်း တရုတ်ကုမ္ပဏီမှ တည်ဆောက်သွားခြင်းဖြစ်ပြီး ယခုဘေးထွက်ဆိုးကျိုးများသည့်အတွက် ရပ်ထားရသည့် သင်ခန်းစာကိုလည်း ထည့်တွက်သင့်သည်။

ကျောက်မီးသွေးနောက် ဘာကြောင့်လိုက်သလဲ

လက်ရှိ လျှပ်စစ်စီမံကိန်း ချထားပေးမှုများ လျှို့ဝှက်စာချုပ် ချုပ်ဆိုမှုများကိုကြည့်လျှင် ခရိုနီတို့ခင်းသည့် ဇာတ်ကွက်အတိုင်း တာဝန်ရှိသူများက လိုက်ကပေးနေသလားဟုပင် ပြည်သူများအကြား ထင်စရာရှိလာသည်။

ရေအားလျှပ်စစ် စီမံကိန်းများကို လျှို့ဝှက်စာချုပ်ပြီး ချထားပေးသည်။ ယင်းနောက် တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီကတောင်းသည့် တစ်ယူနစ် ကျပ် ၇ဝ ဖြင့် နိုင်ငံတော်မှ ပြန်ဝယ်ပေးရန်အတွက်ကိုလည်း ပြည်သူသို့ချမပြဘဲ သဘောတူစာချုပ်ပေးရန် စီစဉ်ခဲ့ရာ တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီမှာ အမြတ်အစွန်းကြီးသွားသည်။

ဥပမာ အေးရှားဝေါလ်မှ တည်ဆောက်သည့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ တစ်ယူနစ် ၇၅ ကျပ်ဖြင့် ကုမ္ပဏီကတောင်းသည်ကို တစ်ယူနစ် ကျပ် ၇ဝ ဖြင့် ဈေးညှိကာ ပြန်ဝယ်ယူပေးမည်ဟု စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းများ ကုန်သလောက်ရှိအောင် ရယူပြီးသည့်အခါ သဘာဝဓာတ်ငွေ့ဘက်သို့ လှည့်ကြသည်။ နိုင်ငံတော်မှ ပြည်သူသို့ချမပြဘဲ ဓာတ်ငွေ့ဖိုးအပါ တစ်ယူနစ် ကျပ် ၃ဝဝ ဝန်းကျင်အထိရှိသည့် ဈေးနှုန်းများဖြင့်ပါ ခွင့်ပြုပေးရန် စီစဉ်ခဲ့သည်။

ဓာတ်ငွေ့ဖိုးမပါပါက တည်ဆောက်ခွင့်ရသည့်ကုမ္ပဏီမှ တစ်ယူနစ် ၃၄ ကျပ်ဝန်းကျင်အထိ ရနေဦးမည်ဖြစ်ရာ တည်ဆောက်ခွင့်ရသူများ အကျိုးများခဲ့ကြပြန်သည်။

သဘာဝဓာတ်ငွေ့မှာ ပြည်တွင်း၌ပင် မလုံလောက်သည့်အတွက် ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများ ထင်သလိုဆောက်ရန် ခက်ခဲသေးသည်။ သို့သော် လျှပ်စစ်ထုတ်လုပ်ခွင့်ရသည့် ကုမ္ပဏီများသည် မိမိတို့လိုချင်သည့်ဈေးအတိုင်း စာချုပ်ချုပ်ဆိုပေးနေသည့် သဘောမျိုး သက်ရောက်နေသည့်အတွက်လည်း အကျိုးအမြတ်ကြီးမားစွာရရှိသည့် လျှပ်စစ်စီမံကိန်းများကို ထပ်လိုချင်မည်သာဖြစ်သည်။

ကျောက်မီးသွေးသုံး၍ ထုတ်လုပ်သည့် ဓာတ်အားခဈေးနှုန်းမှာ နျူကလီးယားနှင့် ရေအားလျှပ်စစ်ပြီးလျှင် ဈေးအသက်သာဆုံးဟု ဆိုသည်။ ထိုသို့ဆိုလျှင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခွင့်ရသူသည် တစ်ယူနစ် ကျပ် ၇ဝ ရနေသည့် ရေအားလျှပ်စစ်ထက် ဈေးများစွာပိုရနိုင်မည့်သဘော ဖြစ်နေသည်။

ယင်းအကျိုးအမြတ်ကြောင့် နည်းပညာတစ်ချက်လွဲသည်နှင့် ဆုံးရှုံးမှုများနိုင်သည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို ရဲရဲဝံ့ဝံ့မြှုပ်နှံရန် ခရိုနီအချို့က ပြည်သူများကန့်ကွက်နေသည့်ကြားက လုပ်ဆောင်လာခြင်းလားဟုပင် တွေးစရာကောင်းနေသည်။ 
EMG

အထီးကျန်ခြင်းနှင့် ဦးနှောက်ဖောက်ပြန်မှု။


လူဆိုတာ အဖော်အပေါင်းနဲ့ နေတဲ့အမျိုးပါလို့  စာဆိုရှိပါတယ်။ အမှန်တစ်ကယ်လည်း လူတွေဟာ တစ်ယောက် တည်း ရှင်သန်နေထိုင်နိုင်စွမ်းမရှိပါဘူး။ လူတွေနဲ့ မပါတ်သက်ချင်ရင် အနဲဆုံး အိမ်မွေးတိရိစ္ဆာန်လေးနဲ့  နေပါတယ်။ တစ်ယောက်တည်းနေပါရစေ ဆိုတဲ့လူတွေဟာ လူသံ၊ကားသံတွေ ကြားနေရမှ တစ်ယောက်တည်းနေနိုင်တာပါ။ 

တစ်ယောက်တည်းပဲနေချင်တယ်ဆိုတဲ့လူတွေကို ဘာသံမှမကြားရတဲ့အခန်းတစ်ခုထဲ ထည့်ထားကြည့်ပါ။ တစ်နာ ရီတောင် ပြည့်အောင် နေနိုင်ကြမှာ မဟုတ်ပါဘူး။ 
တစ်ခါတလေလည်း အပေါင်းအသင်းတွေ၊ လူစုလူဝေးတွေကနေ အဝေးထွက်ပြေးပြီး တစ်ယောက်တည်းသီးသန့်  နေချင်စိတ်တွေ ဖြစ်မိကြမှာပါ။ ဒါပေမယ့် တစ်ကယ့်ကိုတစ်ယောက်တည်းဖြစ်သွားပြန်ပြီဆိုရင်လည်း လူတွေဟာ မနေတတ်ကြပါဘူး။ တစ်ကယ်တော့ လူ့ အသိုင်းအ၀ိုင်းနဲ့  ဝေးသွားတယ်ဆိုရင်တောင်မှ ကျေးငှက်သာရကာ တိရိ စ္ဆာန်တွေကို အဖော်ပြုပြီး နေနိုင်ပါသေးတယ်။ သက်ရှိဆိုလို့  ဘာဆိုဘာမှမရှိတဲ့အခြေအနေမှာဆိုရင်တော့ လူတွေ ဟာ ဘယ်လိုများဖြစ်သွားနိုင်တယ်ဆိုတာကို လေ့လာကြည့်ရအောင်ပါ။ 

အထီးကျန်စိတ်ဝေဒနာဟာ ဆိုးရွားပါတယ်။ ကာလရှည်ကြာ တစ်ကိုယ်ရည်တည်းနေရတဲ့လူတွေမှာ သွေးတိုးရောဂါ၊ အနာတွေဖြစ်ရင် ပိုးကူးလွယ်တဲ့လက္ခဏာ၊ အယ်လ်ဇိုင်းမားရောဂါနဲ့  သူငယ်နာပြန်ရောဂါတွေဟာ သာမန်ထက်ပိုပြီး အဖြစ်များပါတယ်။ အိပ်စက်ခြင်းအဆင့်ကို အနှောက်အယှက်ပေးပြီး အာရုံစိုက်နိုင်မှုတွေပျက်ပြားပြီးတော့ ယထာဘု တကျကျစဉ်းစားတွေးခေါ်နိုင်စွမ်းနဲသွားသလို စကားပြောရင်း စဉ်းစားနိုင်စွမ်းလည်း ကျဆင်းသွားလေ့ ရှိပါတယ်။ 

အထီးကျန်မှုကြောင့် ကိုယ်ခံအားစနစ်ထဲမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေနဲ့  ကိုယ်တွင်းအပူဓါတ်များခြင်းတွေဟာ ဆက်တိုက်ဆိုသလိုဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့  ခံစားရမှာကလည်း ဆိုးရွားလွန်းပါတယ်။ 

တစ်ကယ်တော့ အထီးကျန်စိတ်ဝေဒနာဆိုတဲ့အတိုင်း ဝေဒနာဟာ စိတ်ထဲမှာပိုတာပါ။ ပထမဆုံး အချိန်ကပြောင်း ပြန် ဖြစ်ပါမယ်။ ၂၄ နာရီဟာ သူတို့ အတွက် ၄၈ နာရီနဲ့  ညီမျှနေတတ်ပါတယ်။ ဒီတော့ သာမန်လူသားတွေအတွက် နေ့ လည်စာစားချိန်ပဲရောက်နေသေးပေမယ့် သူတို့ အတွက်တော့ ညစာစားချိန်လောက်နီးနီး ဖြစ်နေတဲ့အတွက် တစ်နေ့ တစ်နေ့ ကို နှစ်ရက်စာလောက် ရှည်လျားနေတော့ ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ရပါတယ်။ 

လူ့ အာရုံငါးပါးကို အမြဲအစာကျွေးနေရပါတယ်။ မျက်လုံးကလည်း မြင်နေရမှ၊ နားကလည်း ကြားနေရမှ၊ နှာခေါင်း ကလည်း အနံ့ တစ်မျိုးမျိုးကို ရနေမှ၊ လျှာကလည်း အရသာတစ်ခုခုကို ပုံမှန်ခံစားနေရမှ၊ လက်ကလည်း တစ်ခုခုကို ထိတွေ့ နေရမှ နေတတ်တာပါ။ အခန်းတစ်ခန်းကို အသံလုံခန်းလုပ်၊ အနံ့ တွေမ၀င်အောင်သေချာပိတ်၊ ကိုင်စရာ ဘာမှမရှိ၊ စားစရာဘာမှမရှိဖြစ်အောင် အသင့်ပြင်ပြီး သင်ဝင်နေကြည့်ပါ။ နာရီပိုင်းအတွင်း နေမထိ၊ထိုင်မသာ ဖြစ် လာပါလိမ့်မယ်။ သင့်စိတ်အာရုံကို လှုံ့ ဆော်ပေးဖို့  သီချင်းဆို၊ ကဗျာရွတ်၊ ပါးစပ်က ပေါက်ကရတွေအော်ပြီး လက် ကလည်း ဂဏှာမငြိမ်စွာ ကုတ်ခြစ်ပါလိမ့်မယ်။ ဒီလိုဖြစ်လို့  မခံနိုင်တော့တဲ့အဆုံး အခန်းတံခါးဖွင့်ပြီး အပြင်ကိုထွက် လိုက်ပါ။ သင်္ချာတွက်ကြည့်ပါ။ စာဖတ်ကြည့်ပါ။ သင့်အရည်အချင်းတွေ အများကြီးယုတ်လျော့သွားတာကို လက်တွေ့  သိမြင်ပါလိမ့်မယ်။ 

အထီးကျန်စိတ်ဝေဒနာမှာ ကြောက်စရာအကောင်းဆုံးကတော့ သွေးလေချောက်ခြားခြင်းပါပဲ။ အလင်းအစက် အပျောက်တွေတွေ့ မယ်။ မျဉ်းကြောင်းတွေ၊ ပုံရိပ်အမျိုးမျိုးတွေတွေ့ မယ်။ ထူးဆန်းတဲ့ပုံရိပ်တွေဖြစ်တဲ့ ရှဥ့်တွေ အိတ်ကိုယ်စီထမ်းပြီး ချီတက်နေတာတွေ၊ လမ်းပေါ်မှာ မျက်မှန်တွေတန်းစီချထားတာတွေ တွေ့ ခဲ့ကြတဲ့ သာဓက တွေရှိပါတယ်။ တစ်ချို့ ဆိုရင် ဘာကိုကြည့်ကြည့် ခွေးလို့ ပဲမြင်ပြီး တစ်ချို့ က ကလေးလို့ ပဲ မြင်တာတွေ ရှိဖူးပါ တယ်။ 
တစ်ချို့ ကလည်း အသံအမျိုးမျိုးကြားပါတယ်။ နားထဲမှာ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ပေါ်လာမယ်။ ဓမ္မတေးသီချင်း သံပြိုင်သီဆိုသံလိုလိုတွေကြားမယ်၊ တစ်ချို့ ကလည်း တစ်ကိုယ်လုံးပေါ် ပုရွက်ဆိတ်တက်လာသလိုလို၊ တစ်ယောက်ယောက်ကပဲ လောက်လေးခွနဲ့ ပစ်လိုက်သလိုလို၊ ဘာကိုကိုင်ကိုင် ဓါတ်လိုက်နေသလိုလို ခံစားကြရ ပါတယ်။ တစ်ခန်းလုံးရွေ့ နေတယ်လို့ ပြောတဲ့သူနဲ့ ၊ အရာရာက ပုံပန်းသဏ္ဍန်ပြောင်းပြောင်းသွားတယ်လို့ ပြောတဲ့ သူတွေနဲ့  အထီးကျန်စိတ်ဝေဒနာခံစားရသူတွေမှာ စိတ်နဲ့ အာရုံဆက်နွယ်ထိန်းချုပ်မှုတွေ ပျက်ပြားသွားပြီး အာရုံ ငါးပါးကို ဦးနှောက်က တိကျစွာထိန်းချုပ်နိုင်စွမ်း လျော့နဲပျောက်ကွယ်သွားရပါတယ်။ 
ဒါကြောင့်လည်း အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေကို တိုက်ပိတ်ထားတဲ့စနစ်မျိုး အရင်တုန်းက သုံးခဲ့ကြပါ တယ်။ မာကျောခေါင်းမာလွန်းသူတွေကို ခုနှစ်ရက်လောက်တိုက်ပိတ်ထားရင် တုန်လှုပ်ခြောက်ချားပြီး အပြင်ပြန် ရောက်လာကြပြီးတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာ တစ်စစီဖြစ်သွားကြပါတယ်။ 

ဦးနှောက်ဟာ စဉ်ဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲနေတာတွေကို တောက်လျှောက်ရယူစုစည်း အကဲဖြတ် ဆောင် ရွက်နေပါတယ်။ အာရုံငါးပါးကပဲ အဲဒီလိုအပ်တဲ့အချက်အလက်တွေကိုပေးတာပါ။ ရုတ်တရက် အာရုံငါးပါးကနေ သတင်းအချက်အလက်ပေးသွင်းမှုတွေ ရပ်ဆိုင်းသွားတဲ့အခါ ဦးနှောက်အာရုံကြောတွေက ရပ်တန့် မနေတဲ့အတွက် တနည်းနည်းနဲ့  သတင်းအချက်အလက်တွေကို အစားထိုးဖြည့်ပေးရပါတယ်။ ဒီလိုအခါမှာ ထည့်ပေးတဲ့သတင်း အချက်အလက်တွေဟာ ပြင်ပကမ္ဘာမှာ အမှန်တစ်ကယ်ဖြစ်ပျက်နေတာမဟုတ်တဲ့အတွက် ကိုယ်သန်ရာသန်ရာ တွေးမိပုံဖော်ပြီး ဦးနှောက်ကို သတင်းအချက်အလက်ပေးပို့ ကြတဲ့အတွက် လူကောင်းတွေဘယ်လိုမှလက်မခံနိုင်
တဲ့ ပုံရိပ်တွေ၊အသံတွေ၊မြင်ကွင်းတွေ၊အနံ့ တွေကို သူတို့ က ခံစားကြရတာပါ။ 

ဒါကြောင့် ကိုယ်ရော၊ အခြားလူတွေပါ အထီးကျန်နေတဲ့ဘ၀မျိုးထဲကနေ ရုန်းထွက်ဖို့  အားပေးပါ။ ဘယ်သူမှ အထီး ကျန်ဆန်စွာ မနေချင်ကြပါဘူး။ အကျင့်ဖြစ်နေပြီ ဆိုတာလည်း မဟုတ်ပါဘူး။ ဆင်ခြေပေးတာပါ။ လူရယ်လို့ ဖြစ်လာ ရင် အဖော်အပေါင်း၊ အသင်းအပင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ ညာသိကာတို့ နဲ့  တစ်နည်းမဟုတ်တစ်နည်း ပါတ်သက်နေမှ နေနိုင်ကြတာပါ။ 
အခန့် မသင့်လို့  ကိုယ့်တစ်ယောက်တည်း နေခဲ့ရပြီဆိုရင်လည်း သင့်အာရုံငါးပါးကို တပြိုင်နက်မဟုတ်တောင် တစ်လှည့်စီ လှုံ့ ဆော်ပေးဖို့  မမေ့ပါနဲ့ ။ တစ်ယောက်တည်း စကားထိုင်ပြောသူတွေကို မလှောင်ပါနဲ့ ။ သွားပြီး စကားပြောပေးပြီးတော့ ကူညီလိုက်ပါ။ ကိုယ်တစ်ယောက်တည်းဖြစ်နေရင်လည်း စာရေးပါ၊ ပုံဆွဲပါ၊ သီချင်းဆိုပါ၊ အလုပ်တစ်ခုခုလုပ်နေပါ။ တွေဝေငေးငိုင်ထိုင်ကျန်ခဲ့ရင် အထီးကျန်စိတ်ဝေဒနာ ခံစားရဖို့  လမ်းစရှာပေးလိုက်သလို ဖြစ်သွားပါမယ်။ 

ဘယ်သူ့ ကိုမှလည်း ပစ်မထားပါနဲ့ ။ လူ့ အသိုင်းအ၀ိုင်းမှာ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်မဖန်တီးနိုင်သူတွေ ရှိပါတယ်။ ကလေးတွေနဲ့  သက်ကြီးရွယ်အိုတွေပါ။ ကလေးတစ်ယောက်ဟာ သူဖြစ်ချင်တာလေးဖြစ်လာဖို့  လူကြီး တွေကို အကြိမ်ပေါင်းများစွာပြော၊ ငိုပြ၊ရယ်ပြနဲ့  သနားစရောကောင်းလောက်အောင် ကြိုးစားရပါတယ်။ သက်ကြီး ရွယ်အိုများမှာလည်း အိုမင်းမစွမ်းလေတော့ သား၊သမီး၊စောင့်ရှောက်သူတွေကနေ မဖြည့်ဆည်းပေးရင် လစ်ဟာနေ တဲ့ ဆန္ဒကြီးကို ရင်ဝယ်ပိုက်ပြီး တနု့ံ့နုံ့  ခံစားနေရသူတွေပါ။ စကားပြောပေးပါ။ ခနလောက် အတူနေပေးပါ။ သူတို့  ကို ဆုပ်ကိုင်နှိပ်နယ်ပေးပါ။ ရယ်စရာတွေပြောပြပါ။ မေးခွန်းတွေရှာကြံမေးပါ။ သူတို့ ရဲ့  အာရုံငါးပါးကို အလုပ်ပေး နိုင်ဖို့  ကြိုးစားပါ။ 

အထီးကျန်ဆန်တဲ့လူတွေ အထီးကျန်စိတ်ဝေဒနာ ခံစားရတဲ့အထိ ဖြစ်မသွားဖို့  လေ့လာရေးသားတင်ပြလိုက်ရ ပါတယ်။

လှတာမက်လို့ ညစာခက်ရပြီ


တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။
မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။

ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။

ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။
အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။

ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။
တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။
ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။

အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။
ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။
ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။
အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေးထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။

ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။
အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။

ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်းတော့မလဲ။

(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)