Showing posts with label ဘ၀အတွက် သိမှတ်ဖွယ်ရာစာစုလေးများ. Show all posts
Showing posts with label ဘ၀အတွက် သိမှတ်ဖွယ်ရာစာစုလေးများ. Show all posts

အပြင်ထွက်ခါနီးမှာ ကိုယ့်ဆံပင်က ပုံပျက်ပန်းပျက် ဖြစ်နေတယ်ဆိုရင် အလျှင်အမြန် ဖြေရှင်းနိုင်မယ့် နည်းလမ်း (၅)သွယ်



တစ်နေရာသွားခါနီးမှ ဆံပင်က ပုံမကျ ပန်းမကျ ဖြစ်နေပြီဆိုရင် ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကလည်း အမျိုးသမီးတွေအတွက် သိထားသင့်တဲ့အရာပါပဲ။ ခေါင်းသွားလျှော်၊ ပုံသွင်းဖို့အထိလည်း အချိန်မရ သွားရမယ့် ချိန်းဆိုမှုကလည်း ကောက်ခါငင်ခါ ပေါ်လာပြီဆိုရင်တော့ ပျိုမေတွေ အဆင်ပြေ လွယ်ကူပြီး အထာကျတဲ့ ဆံပင်အပြင်အဆင်လေးရအောင် ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါလို့။

၁။ ရှုပ်ပွနေတဲ့ ဆံပင်ကို သပ်ရပ်သွားအောင် လုပ်ချင်တယ်ဆိုရင်

အိပ်ယာက ထခါစအချိန် မှန်ထဲမှာ ကြည့်လိုက်ရင် ဆံပင်တွေ ရှုပ်ပွပြီး အထာမကျ ဖြစ်နေတတ်ပါတယ်။ ဒီလိုဆံပင်နဲ့ အပြင်သွားမယ်ဆိုရင်တော့ လူတွေသင့်ကို ရယ်တော့မှာပေါ့။ ခုလို ရှုပ်ပွနေတဲ့ ဆံပင်အတွက် အကောင်းဆုံး နည်းကတော့ ကျစ်ဆံမြီး ကျစ်လိုက်ဖို့ပါပဲ။ ဒါဟာ သပ်ရပ်ပြီး ဖက်ရှင်လည်း ကျစေပါတယ်။

၂။ဆံပင်တွေဖွာပြီး ကြည့်မကောင်းဖြစ်နေမယ်ဆိုရင်

ဆောင်းရာသီမှာ ဆံပင်တွေက ဖွာထွက်ပြီး ကြည့်မကောင်း ဖြစ်နေတတ်ပါတယ်။ ဒါကို အများအားဖြင့် ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေးသေချာသုံးဖို့ ပြောထားတတ်ကြပါတယ်။ မခြောက်ခင်မှာ ဆံပင်ကို လှပစေမယ့် အလှကုန်သုံးပါပေါ့။ ခုတော့ ဒီလိုလုပ်ဖို့ထိ အချိန်မရှိတော့ဘူးဆိုရင် သင်လုပ်ဆောင်ရမှာက ဆံပင်ဖြီးတဲ့ ဘရက်ရှ်ကို ဆံပင်ဖြန်း စပရေး နည်းနည်းဖြန်းလိုက်ပြီး သေချာ ခေါင်းဖြီးကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

၃။ဦးထုပ်ဆောင်းထားလို့ ပြားကပ်နေတယ်ဆံပင်ကို ပြင်ဆင်ချင်တယ်ဆိုရင်

ဦးထုပ်ဆောင်းနေကျ ပျိုမေတွေ ကြုံရတဲ့ ပြသနာပေါ့။ ဒါပေမယ့် ဒီပြသနာကို ဖြေရှင်းဖို့ နည်းလမ်းက လွယ်ကူပါတယ်။ ကိုယ်က သေချာမစဉ်းစားမိပဲ ဦးထုပ်ဆောင်းပြီးကာမှ ဆံပင်က ပြားကပ်နေတယ်ဆိုရင် ဆံပင်ခွဲကြောင်းကို ပြောင်းခွဲပေးလိုက်ရုံပါပဲ။ ဒါပေမယ့် နောက်ပိုင်း သတိထားရမှာကတော့ ဦးထုပ်ဆောင်းတော့မယ်ဆိုရင် ကိုယ်ခွဲနေကျ ဆံပင်ခွဲထားနဲ့ ပြောင်းပြန်ခွဲပြီး ဆောင်းလိုက်ပါ။ ပြီးသွားတဲ့အခါမှ ဦးထုပ်ကို ချွတ်ပြီး ခွဲနေကျအတိုင်း သေချာပြန်ခွဲလိုက်ရင် ပြသနာရှင်းပြီးသား ဖြစ်ပါပြီ။

၎။ဒီအတိုင်း ဆံပင်က ကြည့်မကောင်းအောင် ပြားကပ်နေတယ်ဆိုရင်

အပြင်သွားခါနီးမှ ဆံပင်က ကြည့်မကောင်းအောင် ပြားကပ်နေရင်တော့ ဆံပင်နည်းနည်း ထူသွားအောင် အပူချောင်းသုံးဖို့ လိုလာပါပြီ။ ပြီးရင်တော့ ဆံပင်အတွင်းဘက် အရင်းနားတွေက စပရေး ဖျန်းပေးဖို့ လိုပါတယ်။ ပြီးတဲ့အခါ နည်းနည်း အခြောက်ခံလိုက်ပြီး လက်နဲ့နည်းနည်းထိုးဖွပေးလိုက်ရုံပါပဲ။

၅။ဆံပင်က ပုံမကျပန်းမကျနဲ့ ဘာမှလုပ်ချင်စိတ် မရှိတော့ဘူးဆိုရင်

ဒါဆိုရင်တော့ အကောင်းဆုံးနည်းက ပိုနီတေး စည်းလိုက်တာပါပဲ။ ဆံပင်အားလုံးကို တစ်ခုတည်း စုပြီးခပ်မြင့်မြင့် ချည်နှောင်ဖို့ မဖြစ်နိုင်ဘူးဆိုရင် ပိုနီတေးကို နှစ်ဆင့် စည်းနိုင်တယ်နော်။



Ref:.realsimple
Trend

လက်ထပ်ခြင်း


လက်ထပ်တယ်ဆိုတဲ့အရာဟာ ကိုယ့်အတွက်မဟုတ်ဘူးလို့ ကျွန်တော် လက်ခံယုံကြည်တယ်… ဒါနဲ့ပတ်သက်ပြီး ခင်ဗျားစိတ်ထဲ ဘာမှလိုက်မတွေးခင်မှာ စာကို ဆက်ဖတ်လိုက်ပါဦး…

ကျွန်တော့်ဇနီးနဲ့ ကျွန်တော်စတွေ့တုန်းက ကျွန်တော်တို့ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူလေးတွေ အဖြစ်ပဲရှိသေးတယ်…. အဲ့ဒီအချိန်ကစပြီး ကျွန်တော်တို့သူငယ်ချင်းဖြစ်လာတာ ဆယ်နှစ်တိုင်ခဲ့တာပေါ့ဗျာ… အဲ့ဒီနောက်တော့ သူငယ်ချင်းဘဝနဲ့ ဆက်မနေတော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်…. အချစ်ဆုံးသူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်သွားကြတဲ့အခါမှာ တကယ့်ပျော်ရွှင်မှုနဲ့ နားလည်မှုတွေရလာမယ်ဆိုတာကို ကျွန်တော်ရဲရဲကြီးအာမခံပါတယ်….

ဒါပေမဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်ရတယ်ဆိုတဲ့အချက်ဟာ လက်ထပ်ဖို့အတွက် ကြောက်ရွံ့မှုနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ မဖြစ်ပေါ်အောင်တော့ မကာကွယ်ပေးနိုင်ခဲ့ပါဘူး… သူနဲ့ကျွန်တော် လက်ထပ်ဖို့အချိန်နီးကပ်လာလေလေ ကြောက်ရွံ့တွေဝေမှုတွေ ပိုဖြစ်လာလေလေပါပဲ…

လက်ထပ်ဖို့အတွက် ကျွန်တော်အသင့်ကောဖြစ်ပြီလား… ကျွန်တော့်ရွေးချယ်မှုက မှန်ကောမှန်ပါ့မလား… သူမဟာ ကျွန်တော့်အတွက် ဇနီးကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား… သူမက ကျွန်တော့်ကို ပျော်အောင်ထားနိုင်ပါ့မလား….. စတာတွေကို တွေးနေမိပါတယ်….

ဒီလိုနဲ့ တစ်ညမှာတော့ ကျွန်တော့်ရဲ့အတွေးတွေနဲ့ ကြောင့်ကြမှုကို ကျွန်တော့်အဖေဆီ ရင်ဖွင့်ဖြစ်ပါတယ်…. ကျွန်တော့်အတွေးတွေနဲ့ပတ်သက်ပြီး အဖေပြန်ပြောတဲ့ တစ်ခဏဟာ ကျွန်တော့်ဘဝအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အချိန်လေးတွေဖြစ်ခဲ့ပါတယ်…

အဖေက နားလည်တဲ့အပြုံးမျိုးပြုံးရင်းပြောတယ်…
“သား… တကယ်တော့ မင်းက တစ်ကိုယ်ကောင်းဆန်ဆန်တွေးနေတာပဲ… သားကိုအဖေ ရိုးရိုးရှင်းရှင်းလေးပြောပြမယ်… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူးကွ…. မင်းပျော်ရွှင်နိုင်ဖို့အတွက် လက်ထပ်ရတာမဟုတ်ဘူး… တခြားသူတွေပျော်ဖို့အတွက် လက်ထပ်ရတာ… ထပ်ပြောရမယ်ဆိုရင် လက်ထပ်တယ်ဆိုတာ မင်းတစ်ယောက်ထဲအတွက်မဟုတ်ဘူး… မိသားစုတစ်ခုအတွက်ပဲ သား…. နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ တခြားဘာအကြောင်းအရာတွေအတွက်မှလည်း မဟုတ်ဘူး… အနာဂတ်မှာရလာမယ့် မင်းတို့ရဲ့ ရင်သွေးလေးတွေအတွက်ပဲ… သူတို့ဘဝတိုးတက်မြင့်မားဖို့အတွက် မင်းဘယ်လိုအကူအညီမျိုးလိုချင်သလဲ… သူတို့အပေါ်ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမျိုး ရှိစေချင်သလဲ… လက်ထပ်တယ်ဆိုတာ မင်းအတွက်မဟုတ်ဘူး… မင်းလက်ထပ်လိုက်တဲ့သူနဲ့ပဲ အဓိကသက်ဆိုင်တဲ့အရာပဲ….. ”

အဲ့ဒီအချိန်မှာပဲ သူမဟာ ကျွန်တော်လက်ထပ်ဖို့ အသင့်တော်ဆုံးသူဖြစ်တယ်ဆိုတာ ကျွန်တော်သိလိုက်တယ်… ကျွန်တော့်အနေနဲ့ သူမကိုပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်းသိတယ်…. သူမရဲ့အပြုံးကို နေ့တိုင်းမြင်ချင်တယ်… သူမကို နေ့တိုင်းပျော်ရွှင်ရယ်မောနေစေချင်တယ်… သူမရဲ့မိသားစုမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ကျွန်တော်ပါဝင်ပတ်သက်ချင်တယ်… ကျွန်တော့်မိသားစုကလည်း သူမကို မိသားစုဝင်အဖြစ် လိုလားကြတယ်… ကျွန်တော့်ရဲ့တူမလေးတွေနဲ့ သူမ ဆော့ကစားနေတာကို တွေ့မြင်မိတိုင်း ကျွန်တော့်ကိုယ်ပိုင်မိသားစုလေးကို သူမနဲ့အတူ တည်ဆောက်ချင်နေမိတယ်ဆိုတာကို ကျွန်တော်သိပါတယ်…

ကျွန်တော့်အဖေရဲ့ အကြံပြုစကားဟာ တကယ့်ကို ထိရောက်မှန်ကန်လွန်းပါတယ်… သူ့စကားတွေဟာ တစ်စုံတစ်ယောက်က သင့်ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ခဲ့ရင် နောက်တစ်ယောက်ကိုပြောင်းလိုက်တာလိုမျိုး အပေးအယူ/အရောင်းအဝယ်ဆန်တဲ့ ဒီကနေ့ခေတ်ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့တော့ ဆန့်ကျင်နေပါတယ်…

တကယ့် အိမ်ထောင်တစ်ခု… အချစ်စစ်တစ်ခုဟာ ဘယ်တော့မှ သင့်အတွက်မဟုတ်ပါဘူး… သင်ချစ်ရတဲ့သူ အတွက်သာဖြစ်ပါတယ်… သူတို့ရဲ့ လိုအပ်ချက်တွေ… သူတို့ရဲ့ လိုအင်ဆန္ဒတွေ… သူတို့ရဲ့ မျှော်လင့်ချက်တွေ… သူတို့ရဲ့ အိပ်မက်တွေနဲ့ သက်ဆိုင်နေပါတယ်… တစ်ကိုယ်ကောင်းသမားက “င့ါအတွက်ဘာရနိုင်မလဲ…” လို့ တောင်းဆိုနေချိန်မှာ… ချစ်ခြင်းမေတ္တာသမားကတော့ “ငါဘာပေးနိုင်မလဲ…” လို့ မေးမြန်းနေပါလိမ့်မယ်…

ဒီစာကို ဖတ်နေတဲ့သူတွေအနေနဲ့ အိမ်ထောင်သည်တွေဖြစ်ဖြစ်… လက်ထပ်ဖို့ရည်ရွယ်ထားတဲ့သူတွေဖြစ်ဖြစ်… လူပျိုအပျိုတွေပဲဖြစ်ဖြစ်… ယုတ်စွအဆုံး တစ်သက်လုံးလူပျိုကြီး အပျိုကြီးလုပ်တော့မယ့်သူတွေပဲဖြစ်ဖြစ်… လက်ထပ်ခြင်းဆိုတာ ခင်ဗျားတို့အတွက်မဟုတ်ဘူးဆိုတဲ့အချက်ကို သိထားစေချင်ပါတယ်… စစ်မှန်တဲ့ ဘယ်ချစ်ခြင်းမေတ္တာကမှ သင့်အတွက်ရယ်လို့ မရှိနိုင်ပါဘူး… အချစ်ဆိုတာ သင်ချစ်ရတဲ့သူအတွက်သာဖြစ်ပါတယ်…

နောက်တစ်ချက်က ဝိရောဓိသဘောတရားအရ လူတစ်ယောက်ကို ခင်ဗျားပိုချစ်မိလေလေ… ချစ်ခြင်းမေတ္တာကို ခင်ဗျားပိုပြီး ရရှိခံစားနိုင်လေလေဖြစ်ပါတယ်… ဒီချစ်ခြင်းမေတ္တာဟာ ခင်ဗျားချစ်ရတဲ့သူတွေဆီကတင် မကပါဘူး…. သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ… သူတို့ရဲ့ မိသားစုဝင်တွေ… ပြီးတော့ သင်တစ်ခါမှမဆုံတွေ့ဖူးသေးတဲ့ တခြားလူထောင်ပေါင်းများစွာဆီကပါ သင့်ကိုဗဟိုပြုခြံရံပြီး ချစ်ခြင်းမေတ္တာတွေ သင့်ထံစီးဆင်းလာပါလိမ့်မယ်…

ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းဆိုတာတွေဟာ တကယ်ပဲ သင့်အတွက်မဟုတ်ပါဘူး… တခြားသူတွေအတွက်သာဖြစ်ပါတယ်….

‪‎နှိုင်းရင့်နွေ‬

ချစ်သက်တမ်းရှည်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက် ၂၀



အချစ်နဲ့ အရာရာအကောင်းအတိုင်း ဖြစ်စေမယ် တဲ့။ တကယ်တမ်းတော့ အချစ်တစ်ခုတည်းက ပျော်ရွှင်နားလည်မှုရှိတဲ့ ချစ်သက်တမ်းတစ်ခုကို ထူထောင်မပေးနိုင်ပါဘူး။ ချစ်သူဘ၀ဖြစ်ဖြစ် အိမ်ထောင်ရှင်ဘ၀ဖြစ်ဖြစ် စိတ်ချမ်းမြေ့စရာ နှစ်ယောက်ပေါင်းဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ လက်မခံလို့မဖြစ်တဲ့ အချက်ပေါင်း ၂၀ ရှိပါတယ်။ အဲဒါတွေကတော့

၁. ကိုယ်ပြောင်းလဲလို့မရတာတွေကို လက်ခံပါ။
၂. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ကို ပြုပြင်လို့မရဘူးဆိုတာ လက်ခံပါ။
၃. ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်ဟာ စင်းလုံးချောပြည့်စုံမနေကြောင်း လက်ခံပါ။
၎. လူတိုင်း ကိုယ့်လို ပြုမူဆက်ဆံမှာမဟုတ်ဘူးလို့ လက်ခံပါ။
၅. ကိုယ့်လို မဆက်ဆံတာနဲ့ သူမမှားကြောင်း လက်ခံပါ။
၆. သူ့ချို့ယွင်းချက်တွေကို လက်ခံပါ။
၇. သူက သူတတ်နိုင်သလောက် ကိုယ့်ကိုချစ်ကြောင်း လက်ခံပါ။
၈. ကိုယ်က သူ့ကိုချစ်တာကို လက်ခံပါ။
၉. ကျွန်မတို့အားလုံးဟာ အချစ်အပါအ၀င် အရာရာအပေါ် အမြင်မတူနိုင်ဘူးဆိုတာ လက်ခံပါ။
၁၀. တခါတလေ သူ့မှာ စိတ်ပျက်စရာရှိကြောင်း လက်ခံပါ။
၁၁. အဲဒီစိတ်ပျက်စရာကို သူက ဖုံးကွယ်ထားတတ်ကြောင်း လက်ခံပါ။
၁၂. သူဟာ လူသားတစ်ယောက်မို့ မှားတဲ့အချိန်ရှိမှာပဲလို့ လက်ခံပါ။
၁၃. သူ့တောင်းပန်မှုကို လက်ခံပါ။
၁၄. တယောက်နဲ့တယောက် ကွဲပြားခြားနားတာကို လက်ခံပါ။
၁၅. လူတိုင်းမှာ အတိတ်ရှိတာကို လက်ခံပါ။
၁၆. ကိုယ့်စိတ်ကို သူ မဖတ်တတ်ဘူးဆိုတာ လက်ခံပါ။
၁၇. ကိုယ်မပြောဘဲ ကိုယ်ဖြစ်စေချင်တာကို သူလုပ်မပေးတတ်ကြောင်း လက်ခံပါ။
၁၈. ကိုယ်ကလည်း အမြဲမှန်မနေဘူးဆိုတာ လက်ခံပါ။
၁၉. အဆင်ပြေတဲ့အချိန်ရော ငိုကြွေးရမယ့်အချိန်ပါ ရှိလာလိမ့်မယ်လို့ လက်ခံပါ။
၂၀. သူ့ကို လက်ခံပါ။

ကဲ..ဒါတွေဟာ ဆက်ဆံရေးတစ်ခု အဓွန့်ရှည်ဖို့ မဖြစ်မနေ လက်ခံရမှာတွေပါ။ စာဖတ်သူက ဒါတွေကို လက်ခံနိုင်ပါမလား။ ဘာတွေကို ဖြည့်ချင်သေးလဲ။ ရေးပေးခဲ့ကြပါဦး။

စုပြည့်စုံ

မွေးချင်းတွေကြားက ပြိုင်ဆိုင်တဲ့စိတ်



ကျမရဲ့ သမီးကြီး ပန်းချီပြိုင်ပွဲမှာ ဆုရတော့ သမီးငယ်က တစ်နေကုန်ငိုနေပါတယ်။ သူလည်း ၀င်ပြိုင်ထားပြီး ဆုမရလို့တဲ့လေ ။ သူ့အစ်မရဲ့အောင်မြင်မှုကို မပျော်ရွှင်နိုင်ပဲ သူဆုမရလိုက်တာကို ငိုနေပြီး သူကြိုက်တာဝယ်ပေးမယ်ပြောတာတောင် ချော့လို့မရပဲဖြစ်နေပါတယ်။ သမီးငယ်ကို ကျမ သတိထားမိတာ ကြာပါပြီ။ သူက သူ့ထက် တစ်နှစ်ပဲကြီးတဲ့ သူ့အစ်မကို ချစ်လည်းအရမ်းချစ်ပြီး အရမ်းလည်းဂရုစိုက်ပါတယ်။ သမီးကြီးက ခပ်အေးအေးပဲနေတတ်တော့ အမြဲ သမီးငယ်ကပဲ လိုက်ကပ်နေရတာပါပဲ။ အငယ်က အကြီးလုပ်တာကို အကုန်လိုက်လုပ်ချင်တတ်တာဟာ မိသားစုတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘာဝဆိုပေမဲ့ ပြိုင်ဆိုင်စိတ်တွေက အဆိုးဘက်ရောက်သွားမှာ စိတ်ပူရပါတယ်။ ဒါနဲ့ပဲ သမီးငယ်လေးကို သူ့ပန်းချီလက်ရာက လည်းကောင်းကြောင်း၊ နည်းနည်းငယ်သေးလို့ ဆုမရသေးတာဖြစ်ကြောင်း၊ သူ့အစ်မလိုအရွယ်ဆို ဆုရမှာ ဖြစ်ကြောင်းပြောပြရပါတယ်။

သမီးငယ်က မွေးရာပါပြိုင်ဆိုင်စိတ်ပြင်းထန်တာ ဖြစ်နိုင်သလို ကျမတို့လည်း အမှုမဲအမှတ်မဲ့ ပြောဆိုမိတာကြောင့် သူ့အစ်မရဲ့ လုပ်ဆောင်ချက်တွေကို သတိထားမိပြီး အားကျရင်းကနေ ပြိုင်ဆိုင်မိလာတာဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ပြိုင်ဆိုင်စိတ်ပြင်းထန်လာပြီး ညီအစ်မချင်း အရွယ်ရောက်လာတာနဲ့အမျှ သွေးကွဲတာတို့ဖြစ်လာမှာကို စိုးရိမ်လာမိ ပါတော့တယ်။ ဒီတော့ ညီအစ်ကိုမောင်နှမ မွေးချင်းတွေကြားမှာ ပြိုင်ဆိုင်စိတ်တွေရှိမယ့်အစား တစ်ဦးရဲ့ အရည်အချင်းကို တစ်ဦးက လေးစားပြီး အချင်းချင်း သင်ယူကာ မျှမျှတတနေတတ်ဖို့အတွက် မိဘတွေအနေနဲ့ ပညာသားပါပါ ကိုင်တွယ်တတ်ဖို့လိုပါတယ်။

နှိုင်းယှဉ်ခြင်းကို ရှောင်ပါ - ကလေးတိုင်းဟာ မိဘရဲ့မျက်နှာသာပေးမှု၊ ချီးကျူးမှုကို လိုချင်ကြ တာပါပဲ။ တစ်ယောက်က အမှားမလုပ်တဲ့အခါ (သို့) ကောင်းတာတစ်ခုခုလုပ်လာတဲ့အခါ ချီးကျူးတာဟာ လုပ်သင့်တဲ့ကိစ္စပါပဲ။ ဒါပေမဲ့ ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး “ အကြီးမက စာတော်တယ် .. အငယ်မက ဘိတ်ချီး.. စာကိုမကြိုးစားဘူး”၊ “ ကိုကိုက အိမ်မှာ အလိမ္မာဆုံး” စတဲ့စကားတွေကို မကြာမကြာမပြောမိဖို့လိုပါတယ်။ “နင့်အစ်မက အကုန်လုပ်တတ်နေပြီ .. နင်က မလုပ်တတ်သေးဘူးလား” စတဲ့ စကားမျိုးဟာ အငယ်က အကြီးကို သတိထားကြည့် မိသွားစေပြီး အကြီးဘာလုပ်လုပ် လိုက်လုပ်ပြီး ကိုယ်ပိုင်စိတ်ဝင်စားမှုနဲ့ ကိုယ်ပိုင်အရည်အ ချင်းတို့ကို ပျောက်ပျက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် အကြီးကို အငယ်က မုန်းသွားတာမျိုး အထိတောင် ဖြစ်နိုင်ပါတယ်။

စုပေါင်းလုပ်ဆောင်ခြင်းကို ချီးကျူးပါ - မွေးချင်းတွေကြားမှာ ချစ်ခင်ကြင်နာမှုနဲ့ စုပေါင်းလုပ် ဆောင်မှုတွေကို အလေးထားတယ်ဆိုရင် မိဘတွေအနေနဲ့ ချီးကျူးစကားပြောပေးဖို့လိုပါ တယ်။ ကလေးတွေ လိမ်လိမ်မာမာကစားနေတာကိုတွေ့တဲ့အခါ ချီးကျူးပေးပါ။ တစ်ယောက်နဲ့တစ်ယောက်ကူညီကြတာကိုတွေ့တဲ့အခါ ချီးကျူးပေးပါ။ ပြီးတော့ အချင်းချင်း ကူညီရိုင်းပင်းတာဟာ အရမ်းကောင်းကြောင်းနဲ့ အရမ်းအရေးကြီးကြောင်းကို ပုံပြင်တွေပါ ပြောပြပေးပါ။

မွေးချင်းဆိုတာ တစ်လှေတည်းစီးဖြစ်ကြောင်း ပြောပြပါ - အချင်းချင်း မကောင်းပြောတာကို လက်မခံပါနဲ့။ တစ်ယောက်ရဲ့မကောင်းကြောင်းကို တစ်ယောက်ကပြောလာတဲ့အခါ ညီအစ်ကိုမောင်နှမဆိုတာ တစ်လှေတည်းစီးဖြစ်ကြောင်း၊ အချင်းချင်းစည်းလုံးဖို့လိုကြောင်း၊ ဘ၀တလျှောက်လုံးမှာ အချင်းချင်းချစ်ခင်စွာ ကာကွယ်ဖြည့်ဆည်းပြီး နေသွားရမှာဖြစ်ကြောင်း ပြောပြပေးဖို့လိုပါတယ်။ မိဘနှစ်ဦးအနေနဲ့လည်း တစ်ဦးနဲ့တစ်ဦး စည်း လုံးညီညွတ်စွာ အကူအညီပေးပြီး နမူနာကောင်းအဖြစ် နေပြရမှာဖြစ်ပါတယ်။

မိသားစုလိုက်ကစားရတဲ့ ကစားပွဲတွေကို ၀င်ရောက်ဆင်နွှဲပါ - သားသမီးတွေဟာ မိဘဆီ ကနေ အများဆုံးသင်ယူပါတယ်။ ဒါကြောင့် မိဘကိုယ်တိုင်က စံပြနမူနာဖြစ်နေသင့်ပြီး ရံဖန်ရံခါ မိသားစုလိုက်ကစားပွဲတွေမှာ ပါဝင်ပေးသင့်ပါတယ်။ ရုပ်မြင်သံကြားတွေမှာ ကျင်းပ ပေးတဲ့ မိသားစုလိုက်ပြိုင်ပွဲတွေ၊ စနေတနင်္ဂနွေတွေမှာ ကစားကွင်းတွေမှာ အပျော်တမ်းကစား ကြတဲ့ မိသားစုလိုက်ပြိုင်ပွဲတွေကို ၀င်ရောက်ဆင်နွှဲခြင်း၊ အိမ်မှာကြိုတင်လေ့ကျင့်ခြင်းတို့ဖြင့် မိသားစုစည်းလုံးညီညွတ်မှုရဲ့ အရေးပါမှုကို သားသမီးတွေ အလေးထားအောင် ပြုလုပ်ပေး သင့်ပါတယ်။ အိမ်မှာ ကစားလို့ရတဲ့ ပျော်စရာကစားနည်းတခုကိုဖော်ပြပေးလိုက်ပါတယ်။ စောင် ဘောလုံး ကစားနည်း - စောင်တစ်ထည်ကို ဖေဖေ၊မေမေ နဲ့ သားသမီး (အနည်းဆုံး) နှစ်ယောက်က တစ်ဘက်တစ်ချက်စီက ကိုင်ပြီး ဘောလုံးကို တစ်ယောက်က မြှောက်လိုက်တဲ့အခါ အားလုံးက စောင်ကိုဖြန့်ပြီး လိုက်ဖမ်းရတဲ့ ကစားနည်းဖြစ်ပါတယ်။

သားသမီးများကို စည်းလုံးညီညွတ်စေပြီး ပြိုင်ဆိုင်မှု၊ မနာလိုဝန်တိုမှုတို့ ကင်းဝေးကာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီ အပြန်အလှန် သင်ယူရင်း မိသားစုဆိုတဲ့ အသိုက်အမြုံကို နွေးထွေးအောင် ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Credit: YangonLife