Showing posts with label မေမြတ်နိုးသတင်း. Show all posts
Showing posts with label မေမြတ်နိုးသတင်း. Show all posts

ကိုရီးယားအဖွဲ့ဆက်သွယ်လာပါက သရဖူပြန်ပေးမည်ဟု မေမြတ်နိုးမိခင်ဆို



သရဖူကိစ္စနှင့်ပတ်သက် ၍ ထပ်မံဖြေရှင်းရန် အစီအစဉ် မရှိဘဲ ကိုရီးယားအဖွဲ့အစည်းက ဆက်သွယ်ပါက သရဖူကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်းMiss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး၏ မိခင်က ပြော သည်။

‘‘သူတို့ဘက်က မဟုတ်တာ တွေပြောထားတော့ လာမယူရဲ တာထင်တယ်။ အန်တီတို့ဘက် ကတော့ ဒီကိုလာယူတာနဲ့ ပြန် ပေးဖို့အဆင်သင့်ပါ’’ဟု မေမြတ် နိုး၏ မိခင်က ပြောသည်။

သရဖူကိစ္စနှင့်ပတ်သက်၍ ကိုရီးယားအဖွဲ့အစည်းဘက်မှ ယခုအချိန်ထိ ဆက်သွယ်မှုမရှိ သေးဘဲ ဆက်သွယ်လာပါက အားလုံးကို အသိပေးသွားမည်ဟု ၎င်းက ပြောသည်။

ကိုရီးယားဘက်မှ စွပ်စွဲထား သော အကြောင်းအရာများကို မေမြတ်နိုးက စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ဖြေရှင်းခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျခဲ့ရသောကြောင့် ယင်းအဖွဲ့အစည်းက တောင်းပန်မှသာ သရဖူကိုပြန်လည်ပေးအပ် မည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စကို Miss Asia Pacific World အဖွဲ့အစည်းက မေမြတ်နိုးကို ပြိုင်ပွဲမှထုတ်ပယ် သည့်အချက်သုံးခုပါဝင်သော ကြေညာချက်တစ်စောင်ကို စက် တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်နှင့်အ တူ မေမြတ်နိုး၏ လိမ်ညာမှုများ အတွက် ကိုရီးယားနှင့် မြန်မာရဲ တပ်ဖွဲ့များထံ ရာဇဝတ်မှုဖြင့် တောင်းဆိုမည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
7 Day

အငြင်းပွားနေသော Miss Asia Pacific World သရဖူကိစ္စနှင့် ပတ်သက်၍ မေမြတ်နိုးအား ကိုရီးယားထိပ်တန်း MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးမည်


မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်း ရုပ်သံဌာန တစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ အဆိုပါ အစီအစဉ်တွင် မေမြတ်နိုးနှင့် အင်တာဗျူး မေးမြန်းမှုများကို ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
“ကိုရီးယား MBC ရုပ်သံလိုင်းက ကမ်းလှမ်းတယ်ဆိုပြီး ဖုန်းဆက်လာတာပါ။ ကိုရီးယားစကားပြန် မြန်မာအမျိုးသမီးလည်း ပါမယ်။ အဓိက,ကတော့ အန်တီတို့လည်း သူတို့ဘက်က သိချင်တာတွေကို အမှန်တရားအတိုင်း ဖြေကြားမယ်ဆိုတဲ့စိတ်နဲ့ လက်ခံဖြစ်သွားတာ။ သူတို့မီဒီယာဘက်ကိုလည်း အမှန်တရား အတိုင်းပဲ သိစေချင်တယ်” ဟု မေမြတ်နိုး၏ မိခင်က ပြောကြားသည်။
MBC မှ လာရောက်ရိုက်ကူးရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသူ မခင်လေးကလည်း “ကိုရီးယားထိပ်တန်း ရုပ်သံလိုင်းတစ်ခုက လာပြီးရိုက်ကူး ချင်တယ်ဆိုတာကြောင့် ကြားကနေ ဆောင်ရွက်ပေးဖြစ်တာပါ။ ရိုက်ကူးရေးအစီအစဉ် အားလုံးကိုတော့ MBC ကပဲ ဆောင်ရွက်ပါလိမ့်မယ်” ဟု ဆိုသည်။
မေမြတ်နိုးသည် လက်ရှိအချိန်တွင် MRS ကျောင်း၌ ကျောင်းပြန်တက်ရန် စီစဉ်ထားပြီး အနုပညာလုပ်ငန်းများကိုမူ ရွေးချယ်လုပ်ကိုင် သွားမည်ဟုသိရသည်။ Miss Asia Pacific World Organization မှကိုရီးယား မီဒီယာများထက်၌ ပြောဆိုထုတ်ပြန် ထားမှုများအပေါ် မေမြတ်နိုး၏ကိုယ်စား မေမြတ်နိုး၏ မိခင်ဖြစ်သူက ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ရန်လည်း စီစဉ်ထားသည်ဟု သိရသည်။
ယင်းအဖွဲ့အစည်းအနေဖြင့် မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့ ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ် ပြုလုပ်ဆောင်ရွက် ခဲ့သည်များကို ကိုရီးယားမီဒီယာများသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မေမြတ်နိုးသည် ရင်သားခွဲစိတ်မှုကိုလည်း ပြုလုပ်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မေမြတ်နိုးနှင့် လာရောက်တွေ့ဆုံရိုက်ကူးမည့် MBC ရုပ်သံလိုင်းမှာ ကိုရီးယားထိပ်တန်း ရုပ်သံလိုင်းတစ်ခုဖြစ်ပြီး ကိုရီးယားဒရာမာ စီးရီးများ ရိုက်ကူးထုတ်လွှင့်မှု၌ ထင်ရှားသည့် ရုပ်သံလိုင်းတစ်ခုဖြစ်သည်။
ကမ္ဘာ့အလှမယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Missosology ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းတစ်ပုဒ်၌ Miss Asia Pacific World Organization နှင့် မေမြတ်နိုးတို့ ဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် Organization ထံ မေးမြန်းရန် ကိုရီးယား အလွတ်တန်း သတင်းထောက်မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရရှိသောကြောင့် ယင်း Organization ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆိုးလ်မြို့ရှိ လိပ်စာသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနေရာတွင် Organization ၏ ရုံးခန်းမတွေ့ရှိရသဖြင့် လွန်စွာအံ့အားသင့်မိကြောင်း၊ ယင်းနေရာ ပတ်ဝန်းကျင်ရှိ ဒေသခံများကလည်း အဆိုပါ Organization ရှိခဲ့ကြောင်းကို သတိပြုမိသူ မရှိကြောင်း စုံစမ်းသိရှိရသည်ဟု ရေးသားဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါအလွတ်တန်း သတင်းထောက်မှ Organization ၏ Founder ဖြစ်သူ Mr.Choi ထံသို့ ဆက်သွယ်မေးမြန်းရာ လိပ်စာပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း၊ ဘူဆန်မြို့တွင် ၎င်းတို့၏ ရုံးခန်းရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်ဟု အဆိုပါသတင်းတွင် ထည့်သွင်းရေးသားထားသည်။

မေမြတ်နိုးကို ရဲတိုင်ပြီးအရေးယူမည်ဟု Miss Asia Pacific World ကော်မတီ သတိပေး


ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက မြန်မာအလှမယ်မေမြတ်နိုးကို လိမ် ညာမှုများအတွက် ကိုရီးယားနှင့် မြန်မာရဲတပ်ဖွဲ့များထံသို့ ရာဇ၀တ်မှုနှင့် အရေးယူရန် တောင်းဆိုသွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

ကိုရီးယား အော်ဘဇာဘာ သတင်းစာတွင် စက်တင်ဘာ ၆ ရက် ဖော်ပြထားသော အဆိုပါအဖွဲ့အစည်း၏ ကြေညာ ချက်၌ ယင်းကဲ့သို့ ရေးသားထား ခြင်းဖြစ်သည်။ ထိုကြေညာ ချက်တွင် မေမြတ်နိုးအား အချက် သုံးချက်ကြောင့် မယ်ပွဲဆုရှင် အဖြစ်မှ ဖယ်ရှားခဲ့ရသည်ဟု ဆို သည်။

အဆိုပါအချက်များတွင် အ ဆက်မပြတ်လိမ်ညာမှုများ၊ မိခင်ကို သုံးလနေထိုင်ခွင့်မပြုပါလျှင် သူကပါ သူ၏တိုင်းပြည်သို့ ပြန် မည်ဆိုသည့် ရိုင်းပျသော တစ် ကိုယ်ကောင်းဆန်သော အပြုအမူနှင့် ကော်မတီ၏စကားကို နား မထောင်ခြင်း စသည်တို့ဖြစ်သည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော်မတီက ထောက်ပြထားသည်။

ထို့အပြင်မေမြတ်နိုးကို နိုင်ငံ တကာယဉ်ကျေးမှုမသိသူ နိုင်ငံ ကြီးသား မပီသသူ၊ ယဉ်ကျေးမှု ချင်းခြားနားချက်ကို မကျော်လွှား နိုင်ခြင်းဖြင့် ကိုရီးယားနိုင်ငံယဉ် ကျေးမှုကို လိုက်မမီသူအဖြစ် လည်း ၎င်းတို့က စွပ်စွဲထားသည်။ ကော်မတီက မေမြတ်နိုး၏ ကိုရီးယားခရီးစဉ်နှင့် ပတ်သက်၍သြဂုတ် ၁၉ ရက်မှ ၂၇ ရက်ထိအသေးစိတ်ထုတ်ပြန်ခဲ့ပြီး၊ သူမက ရင်သားခွဲစိတ်မှုမပြုခဲ့သည်ဆိုသော်လည်း သြဂုတ် ၂၀ တွင် ခွဲစိတ်ခဲ့ကာ သြဂုတ် ၂၃ အထိ ဆေးရုံတွင်ရှိခဲ့ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၉ တွင် မေမြတ်နိုးနှင့် ကော်မတီ ထိပ်တိုက်တွေ့ကာ သြဂုတ် ၂၅ ရက်တွင်ဆေးရုံက ဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများက သူတို့ ကော်မတီနှင့် မေးမြန်းပြီး အခြေအနေမှန်ကို သိရှိသော်လည်း မြန်မာပြည်က သတင်းမီဒီယာများသည် စက် တင်ဘာ ၂ ရက်က အလှမယ် မေ မြတ်နိုးပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကိုသာ အခြေခံပြီးရေး သားထားသည်ဟု ဆိုသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အခြေခံရေးသားထားသော သတင်းမီဒီ ယာများသည် မြန်မာနှင့် ကိုရီး ယားနှစ်နိုင်ငံလုံး၏ ပုံရိပ်ကို ဖျက် ဆီးနေသည်ဟု ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီက စွပ်စွဲပြောကြားသည်။ မေမြတ်နိုးကို အဆိုပါကြေညာချက်နှင့်ပတ်သက်၍ 7Day Daily က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင်ခြင်းမရှိပေ။

စက်တင်ဘာ ၂ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Miss Asia Pacific Worldကော်မတီသည် တစ်ကိုယ်လုံးခွဲစိတ်ရန် ပြောဆိုပြီး၊ လုပ်ငန်းရှင်များကိုဖျော်ဖြေရန် ပြောခဲ့ကြောင်းမေမြတ်နိုးက ပြောကြားခဲ့သည်။

ဘီဘီစီနှင့် တခြားသတင်း မီဒီယာများတွင် ဖော်ပြခဲ့သော သတင်းများအရ ကိုရီးယားနိုင်ငံ Miss Asia Pacific World ကော် မတီသည် တခြား နိုင်ငံတကာ အလှမယ်များနှင့် အလားတူပြ ဿနာများရှိခဲ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယူကျူ့ဘ်ဗီဒီယိုတွင် လည်း အဆိုပါအဖွဲ့အစည်းနှင့် နိုင်ငံတကာမယ်များ ပြိုင်ပွဲတွင် မရိုးသားမှုကြောင့် စကားများ ငြင်းခုံနေကြသည့် ဗီဒီယိုဖိုင်ကို လည်း တွေ့ရသည်။ မယ်ဆု ပြိုင်ပွဲဆိုသော်လည်း ဆုငွေပေး ခြင်းမရှိဘဲ ဆုရသူမယ်ကို အဆို တော် မင်းသမီးဖျော်ဖြေသူ ဖြစ် အောင်သာ စပွန်ဆာအဖွဲ့အစည်း များဖြင့် ကူညီပေးလေ့ရှိပါသည် ဟု သူတို့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားပါသည်။

ကိုရီးယားနိုင်ငံတွင် သရုပ် ဆောင်များ၊ မော်ဒယ်များ၊ မင်း သမီးများကို သူတို့၏အဖွဲ့အစည်း များ၊ မန်နေဂျာများက လုပ်ငန်း ရှင်များဖြင့် ဖိအားပေးပြီး ဖျော်ဖြေခိုင်းသည်မှာ ထုံးစံဖြစ်သည်။

မြန်မာပရိသတ်များသိရှိကြ သည့် နာမည်ကျော်ကိုရီးယား မင်းသမီး Jang-Ja-Yeon သည် ထိုကဲ့သို့ ပြဿနာများကြောင့် ၂၀၀၉ ခုနှစ် မတ်လ ၂၉ ရက် တွင် ကိုယ့်ကိုယ့်ကိုယ် သတ်သေခဲ့သည်။ သူသည် ကိုရီးယားလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများကလုပ်ငန်းရှင်များနှင့် ဖျော်ဖြေရန် ဖိအားပေးခံရမှုကြောင့် စိတ်ဓာတ်ကျကာ သတ်သေခြင်းဖြစ်သည်ဟု ကိုရီးယားသတင်းဌာနများက ရေးသားဖော်ပြခဲ့ဖူးပါသည်။
by 7day

အွန်လိုင်းထဲရောက်လာတဲ့ မေမြတ်နိုးဓာတ်ပုံတချို့

အငြင်းပွားမှုတွေဖြစ်နေတဲ့ မေမြတ်နိုး၊ တောင်ကိုရီးယားအခြေစိုက် Miss Asia Pacific World အဖွဲ့အစည်းတို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဓာတ်ပုံတချို့ အွန်လိုင်းထဲ ရောက်လာပါတယ်။ 





ဒီပုံတွေကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ တင်တာလဲ၊ ပုံတွေအားလုံးက အစစ်အမှန်လား၊ ဘယ်တုန်းက ဘယ်မှာ ရိုက်ကူးထားတာလဲ ဆိုတာကတော့ ဘာမှ မသိရပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ... Miss Asia Pacific World အဖွဲ့အစည်းက သူ့ကို သူခိုး၊ လိမ်ညာသူ လို့ ပြောဆိုခဲ့မှုတွေကို ပြန်တောင်းပန်မှ သရဖူကို ပြန်အပ်မယ်လို့လည်း မေမြတ်နိုးက ပြောထားပါတယ်။ 

နာက်ပြီး ရင်သားခွဲစိတ်မှုကိုလည်း မပြုလုပ်ခဲ့ဘူးလို့ မေမြတ်နိုးက ငြင်းဆိုထားတာပါ။ 

မမြတ်နိုးနဲ့ပတ်သက်တဲ့ အသက် ကိုလည်း အလှမယ် ပြိုင်ပွဲ စတင်ကတည်းက အမှန်အတိုင်း ၁၆ နှစ် အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဆိုလိုချင်တဲ့သဘောကို ဓာတ်ပုံတပုံမှာ တွေ့ရပါတယ်။ 

နာက်တချက်က ရင်သားအစားထိုး ဖို့ အတင်းဖိအားပေးခံခဲ့ရတယ်လို့ မေမြတ်နိုးဘက်က ပြောဆိုခဲ့ပြီး ရင်သားခွဲစိတ်မှု မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားမှုတွေကို စဉ်းစားစရာဖြစ်သွားနိုင်မယ့် ဓာတ်ပုံလည်း ပါပါတယ်။ 

အဲဒီ ခွဲစိတ်ခန်းလိုလို၊ ကျန်းမာရေးဝန်ဆောင်မှုတခုခုပေးတဲ့အခန်းလိုလိုမှာ တွေ့ရတဲ့ အမျိုးသမီးက မေမြတ်နိုးနဲ့ ဆင်တူပါတယ်။ သူလည်း ဖြစ်နိုင်သလို တခြားတယောက်လည်း ဖြစ်နိုင်ပါတယ်။

ကိုရီးယားမယ်ပြိုင်ပွဲအဖွဲ့ကတော့ မေမြတ်နိုးရဲ့အလှအပအတွက် ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးကို အပ်ထားခဲ့တယ်လို့ ပြောထားတာကို http://blog.irrawaddy.org/2014/09/blog-post_62.html မှာ ရေးထားပါတယ်။ ကျွမ်းကျင်သူ ၁ဝ ဦး စီစဉ်ထားတယ် ဆိုတော့လည်း ဒီအခန်းဟာ ခွဲစိတ်ခန်း ဟုတ်ပါ့မလားလို့လည်း သံသယ၀င်စရာ ဖြစ်ပါလိမ့်မယ်။





ဒီစာအုပ်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ဖော်ပြထားတဲ့ အလှမယ် ပြိုင်ပွဲနဲ့ပတ်သက်ပြီး အလှမယ်တဦးချင်းစီ အကြောင်းရေးထားတဲ့ စာအုပ်၊ မေမြတ်နိုးနဲ့ပတ်သက်တဲ့ ရေးသားဖော်ပြချက်၊ အသက် ၁၆ နှစ်လို့ တရားဝင် ဖော်ပြထားတဲ့ မှတ်တမ်း စာအုပ်လို့ ယူဆနိုင်ပါတယ်။






စားပွဲပုံစံအရ ဆိုရင် ဒါဟာ ဝန်ဆောင်မှုတခုခုပေးတဲ့ဌာနတခုခုရဲ့ ဧည့်ခန်းဖြစ်ပါလိမ့်မယ်

ဒါက မေမြတ်နိုး နဲ့ သူ့မိခင် ဖြစ်ပါလိမ့်မယ်

အလှမယ် မေမြတ်နိုးနဲ့ ကိုရီးယားအဖွဲ့ကြား ပဋိပက္ခက အင်မတန် ရှုပ်ထွေးပါတယ်။ နှစ်ဘက်စလုံးက ငါ့ဘက်က မမှား၊ သူ့ဘက်ကသာ မှားတယ်လို့ ပြောနေကြတာပါ။
ဒီပဋိပက္ခအကြောင်း နောက်ဆက်တွဲတွေ ထပ်လာဦးမယ်လို့ ယူဆရပါတယ်။

အိမ့်သံစဉ် ~

မေမြတ်နိုး ရင်သား ခွဲစိတ်မှု မပြုခဲ့သလို မိမိမှာလည်း ဗီဇာအတု ပြုလုပ်ခဲ့ ခြင်းမရှိဟု ၎င်း၏ မိခင် ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၄။ အလှမယ် မေမြတ်နိုးသည် ကိုရီးယားနိုင်ငံ၌ ရင်သား ခွဲစိတ်မှု မပြုလုပ်ခဲ့သည့် အပြင် မိမိအနေဖြင့်လည်း ဗီဇာအတုလုပ်ခဲ့ ခြင်း မရှိဟု မေမြတ်နိုး၏ မိခင်ဖြစ်သူက မဇ္စျိမကို ပြောကြားသည်။



"အခုလို ခွဲစိတ်တဲ့ ပုံတွေ တက်လာတာက ပြဿနာ မရှိပါဘူး။ သူတို့ဘက်က သရဖူကို ပြန်လိုချင်တယ်။ အဲဒီကိစ္စကို အရင်ရှင်း ပါမယ်။ မေမြတ်နိုးက ငယ်သေးတယ်။ မတရား စွပ်စွဲမှုတွေ၊ ဗီဇာ လိမ်လည်မှုတွေကို ဥပဒေ လမ်းကြောင်း ဒါမှမဟုတ် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကနေပြီး ဖြေရှင်းသွားမယ်။ အခုက ကိုရီးယား နိုင်ငံနဲ့လည်း မသက်ဆိုင်ပါဘူ။ လှနုထွန်းနဲ့ မစ္စတာ ရောဘတ်ချန်း တို့နဲ့သာ သက်ဆိုင်တာပါ။ ကိုရီးယား နိုင်ငံနဲ့ K-pop အဖွဲ့သား တွေကိုလည်း မစော်ကား ပါဘူး။ K-pop အဖွဲ့ လုပ်ပေးမယ် ဆိုလို့ ယုံကြည်ချက် တစ်ခုနဲ့ သွားခဲ့ ကြတာပါ။ ဟိုရောက်တဲ့ အခါမှာ လှနုထွန်း ဖုန်းဆက် ပါတယ်။ K-pop အစီအစဉ်ကို ဖျက်လိုက်တော့။ လှနုကိုယ်တိုင် တက်လာမယ်။ မေမြတ်နိုး အမေကို ပြန်ခိုင်း လိုက်တော့လို့ ပြောတယ်။ အဲဒီ အချိန်မှာ ကိုယ်တွေ ဘက်က ဘယ်ကုမ္ပဏီမှ ဘယ်အေးဂျင့် ကိုမှ မတွေ့ခဲ့ ပါဘူ။ အခုလို မဟုတ်မမှန်တဲ့ ပုံစံကို တွေ့ခဲ့တယ်။ ဒါ့ကြောင့် သမီးကို ကာကွယ်ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ တာပါ။ သူတို့က အမျိုးမျိုး စွပ်စွဲချက်တွေ လုပ်ခဲ့တယ်။ အန်တီတို့ကြေငြာထားတဲ့ အတိုင်း မဟုတ်မဟတ် စကားလုံး တွေနဲ့ သရဖူ ပြန်သိမ်းမယ့် ကိစ္စကို ပြောနေမယ် ဆိုရင် ပြန်ပေးမယ်။ သူတို့သိမ်းတာကို မဖြစ်ချင်ဘူး။ ကိုယ်တိုင် ပြန်ပေးမှာပါ။ သက်သေနဲ့ စွပ်စွဲမှုကို ပြန်ဖြေရှင်း သွားမယ်။ မိခင်တစ်ယောက်ရဲ့ ခံစားမှုကို မိခင်တိုင်း နားလည်မှာပါ။ မေမြတ်နိုးက ဘာကို လိမ်ညာတာလဲ ဆိုတာကို မပြောသရွေ့ သရဖူ မပေးပါဘူး။ အဲဒါတွေကို သက်သေ မပြနိုင်ပဲသရဖူသိမ်းမယ် ဆိုရင်တော့ အန်တီတို့က သရဖူကို နိုင်ငံတော်ကို ပေးသွားမှာပါ"ဟု မေမြတ်နိုး၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းထွေး(ခ) ဂျူးဂျူး ကပြောသည်။

၎င်းတို့ ဗီဇာအတု ပြုလုပ်ခြင်း ဟုတ်မဟုတ် ကိုရီးယား သံရုံးက သက်သေရှိသည်ဟု ပြောသည်။ ယခုကဲ့သို့ ရင်သား ခွဲစိတ်ခြင်း ရှိမရှိကို တစ်ဘက်မှ တင်လာမည့် ဓာတ်ပုံများကို ကြည့်ပြီး ရင်ဆိုင် ဖြေရှင်း သွားမည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။ 

ယင်းကိစ္စနှင့် ပတ်သက်ပြီး Miss Asia Pacific World Myanmar မှNational Director မလှနုထွန်းက "အခုရင်သား ခွဲစိတ်တဲ့ အချိန်တုန်း ကလည်း ဒါ ကတော့ ဟိုဘက်ကို မေးကြည့် လိုက်ပါ။ လှနု မပြောတော့ပါဘူးရှင်။ ဖေ့ဘွတ်မှာလည်း ဓာတ်ပုံတွေ တက်နေပါပြီ။ လေးငါးခြောက်ပုံ တက်နေ ပါတယ်။ ဆရာဝန်နဲ့ ပျော်ပျော်ရွှင်ရွှင် ပါပဲ။ လှနုဘက်ကမြန်မာနိုင်ငံကို ငှဲ့ညာပြီးတော့ ဒီဓာတ်ပုံတွေ သိမ်းထား တာပါ။ အစ်မ ဘက်ကတော့ မေမြတ်နိုးပြီးသွားပြီ။ သူ့ဟာသူ သရဖူကို ပိုက်ထားပိုက်ထား သူက Miss Asia Pacific world မဟုတ် တော့ဘူး။ အခုအချိန်မှာ သူအေးအေးဆေးဆေး ပြန်အပ်လိုက်ရင် ရသွားပါပြီ။ သူ့အမေရဲ့ ချုပ်ထိန်းမှု အောက်မှာ သွားတာ ဖြစ်တဲ့ အတွက် အဲဒီနောက်ပိုင်းက ကိစ္စတွေက လှနုနဲ့ မသက်ဆိုင်တော့ပါဘူး။ လှနုက သူ့ကို ခွင့်လွှတ်ဖို့ ကြိုးစားနေ ပါတယ်။ ကိုယ့်မြန်မာ လူမျိုးတစ်ယောက် ဖြစ်တဲ့အတွက် ဘာဖြစ်လို့ တရားစွဲဆို ရမှာလဲရှင့်။ ဟိုဘက်က ဆွဲခိုင်းလည်း လှနုမဆွဲပါဘူး။ လှနုကမြန်မာ လူမျိုးပါ။ မြန်မာဘက်က ရပ်တည်ရ မှာပေါ့။ ဗုဒ္ဓဘာသာ တစ်ယောက်က ခွင့်လွှတ်တတ်ရတယ်လေ။ ဒါပေမယ့် မေမြတ်နိုးက ဗမာပြည်ကို တစ်ကယ်ချစ်တယ်ဆိုရင် လှနု စောစောကပြောသလို ပစ္စည်းလေး တွေကိုပြန်အပ်လိုက်ပါ။ ဒီသရဖူကို ဘယ်လောက် တန်ကြောင်း လိုက်ပြ နေမယ့်အစား တစ်ခြား မီဒီယာတွေ တစ်ဆင့်ဆင့် နိုင်ငံခြားမီဒီယာတွေရဲ့ချဲ့ကားမှုကြောင့် ဈေးကြီးသွားတဲ့ သရ ဖူ ပေါ့နော်။ အဲဒီသရဖူကို ဟုတ်မဟုတ် လိုက်စစ်ပြီးတော့ ပြောနေမယ့်အစား တန်ဖိုး မရေတွက် နိုင်အောင်ကြီးမား လွန်းတဲ့ မြန်မာနိုင်ငံရဲ့သိက္ခာကိုငဲ့ကွက်တဲ့ အနေနဲ့ သရဖူလေးကို ပြန်အပ်ပေးပါလို့ ၊ သူအလုပ် မလုပ်ဖြစ်တော့ ဘူးလေ။ အလုပ်မလုပ် ဖြစ်တော့တဲ့ အတွက် ဟိုဘက်ကနေ ၂၈ ရက် နေ့မှာ လက်မှတ်ဝယ်ပေး လိုက်တာလေ။ ကိုရီးယားဘက်က မြန်မာနိုင်ငံကို ဘယ်လိုမျိုး တရားစွဲမယ် ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီကိစ္စ အစ်မ အနေနဲ့ဘာမှ ပြောပိုင် ခွင့် မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သေချာတာကတော့ သရဖူကို အမဆီကို အပ်ပါလို့ ပြောထားတဲ့ ဟာကို အခု မေမြတ်နိုး လိမ်လိမ်မာမာနဲ့ အပ်မယ်ဆိုလို့ရှိရင် သူတို့ဆရာကြီး ရှိနေပါတယ်။ အေးအေးဆေးဆေးလေး အပ်လိုက် လို့ရပါတယ်နော်။ အဲဒီတော့ အစ်မအနေနဲ့ ကြားက လူကြုံဝင်စရာ မလိုတော့ပါဘူး။ တစ်ကယ်လို့ အချိန်ဆွဲ နေမယ်ဆိုရင်တော့ လှနုကိုသူလာ အပ်ရပါလိမ့်မယ်ရှင့်။ အစ်မအနေနဲ့ ဘယ်လို မြင်မိလဲဆိုတော့ အလုပ်မလုပ် တော့ရင်တော့ ၀န်ဆောင် မှု ပေးထားတဲ့ ကုမ္ပဏီကို ကိုယ်ယူထားတဲ့ အရာ အားလုံးပြန် ပေးရမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။

အလှမယ်ဟောင်း မေမြတ်နိုးကို တရားစွဲဆိုရန် အတွက် ကိုရီးယားနိုင်ငံမှ Miss Asia Pacific World Organization မှတာဝန်ရှိသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး တရားစွဲဆိုရန် အတွက် ပြင်ဆင် လျက်ရှိသည်ဟု လူမှုကွန်ရက် စာမျက်နှာ များတွင် ပြောဆို ရေးသားလျက် ရှိသည်။

ယင်းMiss Asia Pacific World အလှမယ်ပြိုင်ပွဲ ကျင်းပခြင်းသည် ယခုအခါ လေးကြိမ် မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းပြိုင်ပွဲ၌ဆုချိတ်နိုင်ရန်အတွက် လိင်ကိစ္စဖြင့် အလဲအလှယ်လုပ်ရန် တာဝန်ရှိ သူများ၏တောင်းဆိုမှုများ ရှိခဲ့ကာပါဝင်ယှဉ်ပြိုင်သူ မိန်းကလေးအချို့သည်စွပ်စွဲမှုများ ရှိခဲ့သည်ဟု The Kore Times သတင်းစာ၌ ဖော်ပြထားသည်။

Miss Asia Pacific World ပွဲစီစဉ်သူများသည် သရဖူပြန်လည်သိမ်းဆည်းရေးအတွက် မေမြတ်နိုးကို တောင်းပန် မည်မဟုတ်ဘဲ သရဖူခိုးယူမှုဖြင့် ရဲကိုတိုင်ကြားသွားမည်ဟု စက်တင်ဘာ ၃ ရက် ညနေပိုင်းက The Kore Times သတင်းစာကိုပြောကြားထား သည်။

အလှမယ်ပြိုင်ပွဲစီစဉ်ကျင်းပသူ ယောင်ချိုက “ကျွန်တော့်ရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဒီနေ့ပဲ ရဲစခန်းမှာ တိုင်မှာပါ” ဟု ပြောကြားသည်။ မေမြတ်နိုးက မိမိ၏ ရင်သားခွဲစိတ်ပြုပြင်ခဲ့ခြင်းမရှိဟု စက်တင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ယောင်ချိုက ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုနှင့်ပတ်သက်၍ မိမိတို့တွင် ဓာတ်ပုံအထောက်အထားများရှိကြောင်း The Kore Times သတင်းစာသို့ ပြောကြားသည်။

မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့


မေမြတ်နိုးကို သရဖူအပ်ခဲ့၊ အခုတော့ သရဖူ ပြန်တောင်းနေတဲ့ တောင်ကိုရီးယား အခြေစိုက် Miss Asia Pacific World အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အငြင်းပွားစရာဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် ပြိုင်ပွဲမှာ ဗင်နီဇွဲလားအလှမယ်ကို သရဖူပေးဖို့ ကြိုတင် စီစဉ်ထားခဲ့တယ်ဆိုပြီး အဲဒီပွဲက အလှမယ် အများအပြားက ပြောဆိုခဲ့ပါတယ် တဲ့။


အဲဒီကာလ အငြင်းပွားမှု အခြေအနေကို ရိုက်ကူးထားတဲ့ ရုပ်သံကို “Confessions of a Beauty Queen” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာရင် ယူကျူမှာ တွေ့နိုင်သေးတယ် ဆိုပဲ။

ပြိုင်ပွဲမှာ ဆုတွေရချင်ရင် သူတို့နဲ့လိင်ဆက်ဆံဖို့ ပြိုင်ပွဲကော်မတီဝင်တချို့က ကမ်းလှမ်းတယ်ဆိုပြီး တချို့ အလှမယ်တွေက စွပ်စွဲကြပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ မီဒီယာညွှန်ကြားရေးမှူး David Kim က ငြင်းဆိုပါတယ်။

အလှမယ်တွေက ပြိုင်ပွဲကော်မတီဝင်တွေနဲ့ရော ဒါရိုက်တာတွေနဲ့ရော အိပ်တယ် ဆိုတာ မဟုတ်ပါဘူး၊ ရဲတပ်ဖွဲ့ကလည်း အဲဒါကို ကောလာဟလသက်သက်ဖြစ်တယ်ဆိုတာ ကြေညာပြီးပါပြီ။ အားလုံးကို စစ်ဆေးပြီးပါပြီ၊ ဟိုတယ် လုံခြုံရေးကင်မရာကိုလည်း စစ်ပြီးပါပြီ၊ အဲဒါ ကောလာဟလ သက်သက်ပါ လို့ သူက ရှင်းဆိုပါတယ်။

ဒါကတော့ ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာမှာ Dethroned Burmese Beauty Queen Blasts Pageant Boss ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ သတင်းထဲက ကောက်နုတ်ချက်ပါ။ မူရင်းကို http://www.irrawaddy.org/burma/dethroned-burmese-beauty-queen-blasts-pageant-boss.html မှာ ဖတ်နိုင်ပါတယ်။

ခွဲစိတ်ပြုပြင်ဖို့ ကိုရီးယားပြိုင်ပွဲအဖွဲ့က စီစဉ်တာကိုလည်း လက်မခံခဲ့ကြောင်း မေမြတ်နိုးက ပြောပါတယ်။

AFP သတင်းတပုဒ်မှာတော့ ကိုရီးယားပြိုင်ပွဲအဖွဲ့ကိုတည်ထောင်တဲ့ Young Choi က မေမြတ်နိုး ခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ ဓာတ်ပုံအထောက်အထား ရှိတယ်လို့ ဆိုထားကြောင်း ရေးပါတယ်။

မေမြတ်နိုးကို တရားစွဲဖို့လည်း စဉ်းစားမယ်လို့ ဆိုပါတယ်။
ခွဲစိတ်ပြုပြင်တယ်ဆိုတဲ့ စရိတ်စကနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဖြေဆိုခြင်း မပြုပါ၊ ခွဲစိတ်ပြုပြင်ရေးကျွမ်းကျင်သူ ဆယ်ဦးနဲ့ ကာလအတန်ကြာကတည်းက စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ဘန်ကောက်အခြေစိုက် The Nation သတင်းစာရဲ့ အွန်လိုင်း သတင်းတိုတပုဒ်မှာတော့ ကိုရီးယားအဖွဲ့ရဲ့ ဥက္ကဋ္ဌ Lawrence Choi ကို ကိုးကားထားပါတယ်။
သရဖူပြန်သိမ်းရခြင်းဟာ သူ့အသက် ငယ်လွန်းလို့ပါ တဲ့။ မယ်ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်က ၁၈ နဲ့ ၂၇ ကြား ဖြစ်ရပါမယ် တဲ့။
မေမြတ်နိုးက ၁၅ နှစ်ပဲ ရှိသေးတယ်လို့ သူက ဆိုပါတယ်။
လာမယ့်လ ၁၃ ရက်နေ့မှ သူ့အသက် ၁၆ နှစ် ပြည့်ပါမယ် တဲ့။

ဒါကတော့ မေမြတ်နိုးကို သရဖူပြန်တောင်းနေတဲ့ တောင်ကိုရီးယားအဖွဲ့အကြောင်း ဆက်စပ် အချက်အလက်တွေကို ကောက်နုတ် ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဧရာဝတီ

တောင်းပန်စာရမှသာ သရဖူပြန်အပ်မည်၊ လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန်တောင်းဆိုခံရဟု မေမြတ်နိုး ဆို


တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization က လိုအပ်ပါက စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန် တောင်းဆိုခံရခြင်း၊ မိမိအပေါ် အသရေဖျက်မှု၊ လိမ်လည်မှု၊ စွပ်စွဲမှုများ ပြုလုပ်ခြင်းတို့ကြောင့် ယင်း Organization ၏တောင်းပန်စာရမှ သရဖူကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း အလှမယ် မေမြတ်နိုးက ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကမာရွတ်မြို့နယ်ရှိ House Of Memories စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ Miss Asia Pacific World Organi-zation၊ National Director၊ မီဒီယာနှင့် ပရိသတ်များအပေါ် လိမ်လည်မှုနှင့် မလေးမစား ဆက်ဆံခဲ့မှု၊ မိခင်ဖြစ်သူမှာလည်း ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက်များ ပေးထားသော်လည်း သုံးလကြာ နေထိုင်ခွင့်ရရန် တရားမဝင် ဝင်ကြိုးပမ်းခဲ့မှု များကြောင့်ဟုဆိုကာ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World Organization က သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သကဲ့သို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင်လည်း မေမြတ်နိုးမှာ အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကို ပြန်မအပ်ဘဲ ထွက်ပြေး တိမ်းရှောင်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်အရ Mapi Dolls အမည်ရှိ K Pop အဖွဲ့တွင် ပါဝင်ကာ စီးရီးထုတ်လုပ်ရန်အတွက် Organization က မိမိကို သုံးလဗီဇာသက်တမ်း၊ မိခင်ဖြစ်သူကို သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက် ပေးထားသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတွင် တရားဝင် ဗီဇာဝင်သည့်အခါ မိခင်ဖြစ်သူကို သုံးလဗီဇာ သက်တမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မီဒီယာ စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ မိခင်ဖြစ်သူမှာ သုံးလ ဗီဇာသက်တမ်းဖြင့် နေခွင့်ရရန် တရားမဝင် ကြိုးပမ်းခဲ့ခြင်း မဟုတ်ကြောင်း မေမြတ်နိုးက ဖြေရှင်းသည်။

“ဒီလိုဖြစ်လာတဲ့အပေါ် ကျွန်တော့်သမီးအတွက်၊ တိုင်းပြည်အတွက် အရမ်းခံစားရပါတယ်။ မဟုတ်မဟတ်တာတွေ ရေးထား၊ ပြောထားတဲ့အတွက် စိတ်ထဲမှာ မကောင်းဘူး။ သူ့ကိုနောက်ပိုင်း ပညာရေးပဲ လုပ်စေချင်ပါတယ်။ ပညာသင်ရမယ့် အရွယ်လေးမှာ အခုလိုမျိုး ဖြစ်လာတဲ့အတွက် ကလေးမှာ စိတ်ဒဏ်ရာတွေ ရသွားတဲ့အတွက် ဒီအလုပ်တွေကို ရပ်စေချင်တာပါ” ဟု မြန်မာအလှမယ် မေမြတ်နိုး၏ ဖခင်ဖြစ်သူ ဦးကျော်လွင်က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် အခါတွင်လည်း K Pop အဖွဲ့လိုက် စီးရီးထုတ်တော့မည် မဟုတ်ဘဲ ၎င်းတစ်ယောက်တည်းသာ အနုပညာအလုပ်များ ဆက်လုပ်နိုင်ရန် စီစဉ်ပေးမည် ဖြစ်သကဲ့သို့ ပိုမိုလှပလာအောင် ခေါင်းအစ၊ ခြေအဆုံး ခွဲစိတ်ပြုပြင် ပေးမည်ဖြစ်ပြီး ယင်းသို့ ပြုလုပ်မည့်အပေါ် ငြင်းပိုင်ခွင့်မရှိဟု ပြောကြားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံတွင် ဆက်လက်နေထိုင်ကာ အနုပညာ အလုပ်များ လုပ်ရန်အတွက် ငွေကြေး လိုအပ်မည် ဖြစ်ပြီး ယင်းငွေရရန်အတွက် နည်းလမ်းတစ်ခုရှိပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုအပ်သည့် အချိန်တွင် အဖော်အဖြစ် နေပေးရမည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံးမှ ရယူခဲ့သည့် သုံးလဗီဇာသက်တမ်းမှာ မလုံလောက်သည့်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ကိုရီးယား ဗီဇာသက်တမ်းတိုးရန် ပြောကြားခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ရာတွင် မိခင်ဖြစ်သူ လိုက်ပါခွင့်ရမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

“ကိုရီးယားကို ရောက်ပြီး နှစ်ရက်အကြာမှာ ဘူဆန်မြို့က လူအရောက် အပေါက်နည်းတဲ့ အိမ်ကြီးတစ်လုံးမှာ သမီးတို့ သားအမိကို နေရာချပေးခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်မှာ သမီးကို လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ပေးဖို့ပါ။ ဒါကို သမီးတို့က လက်မခံတဲ့အတွက် သမီးတို့ သားအမိကို ထားသွားပြီး စားစရိတ်ကော၊ စောင့်ရှောက်မှုတွေရော လုံးဝမပေးတော့ပါဘူး။ သူတို့ရဲ့ အကြံကတော့ သမီးက ပိုလှလာရင် စပွန်ဆာ ရှာလို့ရမယ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အခက်အခဲများ ကြုံလာခဲ့ပြီးနောက် Organization နှင့် လက်တွဲအလုပ်လုပ်ရန် မဖြစ်နိုင်တော့ဟု ယူဆသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ သရဖူကို ခိုးယူ ထွက်ပြေးသွားသည်ဟု Organization မှ မီဒီယာများတွင် ဖြေကြားထားသော်လည်း သရဖူသိမ်းကြောင်း ထုတ်ပြန်ချက်မှာ မိမိ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်ပေါ် တက်ခဲ့သည့် အချိန်အထိ မထုတ်ပြန်ရသေးကြောင်း၊ သရဖူကို ခိုးယူခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ရရှိခဲ့သည့် သရဖူကို အမိနိုင်ငံသို့ ပြန်ယူလာရမည်ဆိုသည့် စိတ်တစ်ခုတည်းနှင့် ပြန်လည် ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း မေမြတ်နိုးက ဖွင့်ဟသည်။

မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးသည့်၊ မြန်မာနိုင်ငံကို စော်ကားသည့် Organization မှ ပေးအပ်သော သရဖူကို မလိုချင်တော့ သကဲ့သို့ ဂုဏ်ယူစရာ တစ်ခုဟုလည်း မထင်တော့ကြောင်း၊ Organization က ယင်းသရဖူကို National Director မှတစ်ဆင့် ပြန်လည် ပေးအပ်ခိုင်းထားသော်လည်း မိမိမကောင်းကြောင်းကို Organization သိစေရန် တစ်ချိန်လုံး ပြောနေသည့် မြန်မာနိုင်ငံတွင် ရှိသည့် အလှမယ်များကို သရဖူများ သိမ်းနေသည့် National Director ထံမှတစ်ဆင့် ပြန်မပေးချင်ကြောင်း၊ နိုင်ငံတကာမှ ဒိုင်များရှေ့တွင် စည်းမျဉ်း စည်းကမ်းနှင့်အညီ ရွေးချယ်ခံကာ ရယူထားသည့် သရဖူကို တောင်ကိုရီးယားနိုင်ငံရှိ Organization သို့သာ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း မေမြတ်နိုးက အတိအလင်း ပြောကြားသည်။

Miss Asia Pacific World Organization မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်တွင် ရောက်နေသည့်အတွက် မေမြတ်နိုးအနေနှင့် သရဖူကို ကိုယ်တိုင် ပြန်လည် အပ်နှံနိုင်ကြောင်း၊ မိမိမှာ Organization ကိုယ်စား National Director တစ်ဦးအနေနှင့် ကိုယ်စား လက်ခံပေးခြင်း ဖြစ်ကြောင်း၊ မိမိမှာ တောင်ကိုရီးယား ခရီးစဉ်သို့ ပါမသွားသည့်အတွက် သရဖူ သိမ်းခံရသည့် အသေးစိတ် ဖြစ်ရပ်များကို မသိကြောင်း၊ အလုပ်တစ်ခု ထွက်သည့်အခါ အလုပ်က ပေးထားသည့် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းရကြောင်း၊ သရဖူကို အလှမယ် တစ်ယောက်၏ ဂုဏ်တစ်ခုအနေနှင့်သာ သိထားပြီး တန်ဖိုးအနည်း အများကို မသိကြောင်း၊ တန်ဖိုးထားမှု အပေါ်တွင်သာ မူတည်ကာ တန်ဖိုး ကွာခြားနိုင်ကြောင်း National Director ဒေါ်လှနုထွန်းက ပြောကြားသည်။

The Voice Weekly

တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများ အား ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ စေခိုင်းမှုများကြောင့် ကိုရီး ယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်းမှ တောင်းပန်ရ မည် ဖြစ်ကြောင်း မူရင်းအသက် ၁၅ နှစ်သာ ရှိသေးသော မေမြတ်နိုး ရှင်းလင်း


တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ကာ စပွန်ဆာရှာခြင်း၊ စပွန်ဆာများကို ဧည့်ခံပေးခြင်းနှင့် အဖော်လုပ်ပေးခြင်းတို့ကို စေခိုင်းမှုများကြောင့် ကိုရီးယားနိုင်ငံ မှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့အစည်း မှ တောင်းပန် ရမည်ဖြစ်ကြော င်း မူ ရင်း အသက် ၁၅ နှစ်သာရှိသေးသော မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ Miss Asia Pacific World Organization အနေဖြင့် မေမြတ်နိုးနှင့် မြန်မာနိုင်ငံ ကို တောင်းပန်စာတရားဝင်ပေးပို့မှသာ Miss Asia Pacific World Organization ထံသို့ သရဖူကို ပြန်လည်ပေးအပ် သွားမည်ဖြစ်ကာ ယင်းသို့ တောင်းပန်ခြင်းမပြုခဲ့ပါက တရားစွဲဆိုသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ပြုလုပ်ခဲ့သည့် မီဒီယာ များ နှင့်တွေ့ဆုံ ပွဲတွင် မေမြတ်နိုးက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မီဒီယာများနှင့်တွေ့ဆုံမှုတွင် နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းမှ မီဒီယာများ တက်ရောက်ခဲ့ကြပြီး မေမြတ်နိုးနှင့် သူ၏ မိခင်တို့က Miss Asia Pacific World ပြိုင်ပွဲစတင်ယှဉ်ပြိုင်စဉ်ကတည်းကပင် ကြုံ တွေ့ခဲ့ရသည့်အခက်အခဲများနှင့် သရဖူရရှိခဲ့ပြီးချိန်တွင်လည်း National Director ၏ခြိမ်းခြောက်မှုများနှင့် အကျပ်ကိုင်မှုများခံရပုံကို ရှင်းလင်းခဲ့သည်။ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားချိန်မှစတင်ကာ Miss Asia Pacific World Organization မှ ပြုမူဆက်ဆံခဲ့ပုံများ၊ အကျပ်ကိုင်စေခိုင်းခဲ့မှုများ၊ တောင်းဆို ခဲ့မှုများကို တစ်ချက်ချင်း ရှင်းလင်းတင်ပြခဲ့သည်။ ယင်း Organization က စပွန်ဆာများအတွက် အဖော်လုပ်ပေးရန် ပြောဆိုခဲ့ခြင်း၊ ခေါင်းအစခြေအဆုံး ပလတ်စတစ်ဆာဂျရီပြုလုပ်ရန် တောင်းဆိုခဲ့ခြင်း၊ မိခင်ဖြစ်သူ အား မြန်မာနိုင်ငံသို့ပြန်စေပြီး မိမိတစ်ဦးတည်းကျန်ရှိကာ စပွန်ဆာများနှင့် တွေ့ဆုံရမည်ဟု ပြောဆိုခဲ့သောကြောင့် မြန်မာနိုင်ငံသို့ပြန်လာ
ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ဒီပြိုင်ပွဲကို စပြီးယှဉ်ပြိုင်ကတည်းက National Director တွေက စိတ်ဓာတ်ကျစရာ စကားတွေပြောတယ်။ ဆုရသွားတဲ့အခါမှာလည်း organization နဲ့အနုပညာအလုပ်လုပ်ဖို့ သုံးနှစ်စာချုပ် ချုပ်ဆိုရမယ်လို့ ပြောခဲ့ပါတယ်။ သမီးက ပညာရေးရှိပါသေးတယ်လို့ ပြောတဲ့အခါ သုံးနှစ်စာချုပ် မချုပ်ရင် သရဖူကို ပြန်သိမ်းသွားလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အတွက် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်မှာပါဝင်တဲ့အချက်အလက်တွေကို ဖတ်ကြည့်ရာမှာလည်း သမီးအနေနဲ့ သူတို့နိုင်ငံမှာအနုပညာအလုပ်တွေ လုပ်ကိုင်ရာမှာ စားစရိတ်၊ နေစရိတ် အစစအရာရာ ပံ့ပိုးကူညီမယ်ဆိုတဲ့အပြင် သမီးရဲ့လုံခြုံရေးကိုပါ အပြည့်အဝပြင်ဆင်ပေးပါ့မယ်ဆိုတာပါ ပါတယ်။ ဒါကြောင့် လက်ခံခဲ့တာပါ။ ဒီပြန်ရောက်လာတဲ့အခါ National Director က မီဒီယာတွေမှာ သမီးရဲ့မကောင်းကြောင်းတွေ ပြောဆိုခဲ့တယ်။ အဲဒီအချိန်မှာ Organization ဘက်က National Director က သမီးရဲ့မကောင်းကြောင်းတွေကို Report တွေ ဆက်တိုက်လုပ်နေကြောင်းနဲ့ သူတို့အနေနဲ့ သမီးကိုပဲယုံကြည်ကြောင်း၊ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ပါလို့ ပြောဆိုခဲ့ပါတယ်။ အဲဒါနဲ့ National Director တွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ ကိုရီးယားကိုသွားဖို့ လုပ်ခဲ့တယ်။ သမီးက အသက်မပြည့်သေးတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အုပ်ထိန်းသူမိခင် လိုက်ပါဖို့လိုအပ်တာကြောင့် သူတို့ဘက်က သမီးရဲ့မိခင်လိုက်ပါနိုင်ဖို့ ဖိတ်ခေါ်စာပို့ပေးခဲ့ပါတယ်။ ဒီဖိတ်ခေါ်စာတွေနဲ့ ကိုရီးယားသံရုံးမှာ ဗီဇာလျှောက်တဲ့အခါ သုံးလနေထိုင်ခွင့်ဗီဇာ ရခဲ့ပါတယ်။ ဟိုရောက်တဲ့အခါ မူလစာချုပ်နဲ့ ဖိတ်ကြားစာမှာပါတဲ့အတိုင်း ဘာမှစီစဉ်ပေးမထားပါဘူး။ K Pop Girl Bandလည်း မဖွဲ့ဖြစ်တော့ဘူးလို့ ပြောပါတယ်။ လှပအောင်ပဲ အရင်လုပ်ရမယ်။ အဲဒီအတွက် တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီလုပ်ရမယ်။ ပြီးရင် စပွန်ဆာတွေရှာရမယ်။ အဲဒီ စပွန်ဆာတွေကို ဧည့်ခံပေးရမယ်။ အဖော်လုပ်ပေးရမယ်လို့ ပြောပါတယ်။ သမီးအနေနဲ့ စဉ်းစားပါရစေဦးလို့ပဲ ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘူဆန်မြို့စွန်က ပလတ်စတစ်ဆာဂျရီလုပ်တဲ့ အိမ်ဟောင်းကြီးတစ်ခုကို ပို့ခဲ့ပါတယ်။ သမီးအနေနဲ့ အသက်မပြည့်သေးတဲ့အတွက် ဒီလိုခွဲစိတ်ဖို့ကို မဖြစ်နိုင်သေးပါဘူး။ အုပ်ထိန်းသူမိခင်ကလည်း လက်ခံနိုင်မှာမဟုတ်ပါဘူးလို့ ပြောတဲ့အခါ ဒါဆိုဘာထောက်ပံ့မှုမှ မပေးတော့ဘူးလို့ပြောပြီး အဲဒီနေရာမှာသမီးတို့ သားအမိနှစ်ယောက်ကို ထားခဲ့ပါတယ်။ သမီးမေမေကိုလည်း ကိုရီးယားမှာဆက်မနေဖို့၊ မြန်မာနိုင်ငံကိုပြန်ဖို့နဲ့ သမီးကို စပွန်ဆာတွေနဲ့တွေ့ဆုံပေးဖို့ အစီအစဉ်တွေ ရှိနေသေးတယ်။ မေမေရှိနေရင် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။ ဂျပန်နိုင်ငံထိပါ စပွန်ဆာရှာဖို့အတွက် ခရီးထွက်ရမယ်။ အဲဒီမှာ ဗီဇာထပ်တိုးရမယ်လို့ပြောပါတယ်။ သူတို့ပြောတဲ့အချက်တွေအားလုံးက သမီးလုံးဝ လက်မခံနိုင်ပါဘူး။ အဲဒါနဲ့ပဲ မြန် မာနိုင်ငံပြန် ဖို့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ လေယာဉ်ကွင်းရောက်ဖို့ ကိုတောင် ဟိုမှာရောက်နေတဲ့ မြန်မာတစ်ယောက်က ကူညီခဲ့ တာပါ”ဟု ဖြစ်စဉ်အသေးစိတ်အား မေမြတ်နိုးက ရှင်းပြခဲ့သည်။

ဆက်လက်၍ သရဖူသိမ်းယူခဲ့ခြင်းနှင့် ပတ်သက်၍လည်း မေမြတ်နိုးနှင့် မိခင်တို့ လေယာဉ်ပေါ်ရောက်သည့်အချိန်မှသာ သရဖူရုပ်သိမ်းကြောင်း ထုတ်ပြန်ချက်ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ကြေညာချက်တွင်လည်း မြန်မာနိုင်ငံသို့ မိမိပြန်လည်ရောက်ရှိမှသာ National Director ထံ သရဖူပြန်လည်အပ်နှံရန် ရေးသားထားကြောင်း၊ ယင်းအတွက် ၎င်း Organization မှ စွပ်စွဲပြောဆိုခဲ့သည့် သရဖူအား ခိုးယူသွားသည်ဆိုခြင်းမှာ မိမိနှင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုစော်ကားခြင်းသာဖြစ်ကြောင်း၊ မြန်မာကိုယ်စားပြုအလှမယ်တစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးခဲ့သည့် Organization မှ ပေးအပ်သော သရဖူကိုလည်း မိမိအနေဖြင့်မလိုချင်ပါကြောင်း၊ ချက်ချင်းပင် ပြန်လည်ပေးအပ်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ်သိက္ခာကို စော်ကားခဲ့ခြင်းအတွက် Organization မှ တောင်းပန်စာပေးပို့မှသာလျှင် သက်ဆိုင်ရာတာဝန်ရှိများ၏ရှေ့တွင် ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ ရှေ့ဆက်၍လည်း Miss Asia Pacific World Organization နှင့်ရော National Director နှင့်ပါ ဆက်လက်လက်တွဲမည် မဟုတ်ကြောင်း ပြောကြားသည်။

ထို့အပြင်ယင်း Organization အနေဖြင့် ယခင်ကလည်း အလှမယ်များနှင့်ပြဿနာ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် Winner ရရှိခဲ့သည့် ကိုရီးယားအလှမယ်မှာ ယင်းကဲ့သို့ စပွန်ဆာများနှင့် ချိတ်ဆက်ပေးခြင်းအား လက်မခံနိုင်သည့်အတွက် သရဖူပြန်လည်အပ်နှံခဲ့ကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင်လည်း ပြိုင်ပွဲမှအလှမယ်များ ထွက်ပြေးခဲ့သည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့ဖူးကြောင်း၊ ယင်းကိစ္စရပ်များကို ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ခြင်းမပြုမီ မသိရှိခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

Miss Asia Pacific World Organization ကစွပ်စွဲပြောကြားခဲ့သည့် ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ခွဲစိတ်မှုလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်း၊ သူနာပြုထံမှ ပိုက်ဆံချေးယူခဲ့ခြင်းမှာလည်း လုံးဝမဟုတ်မှန်ကြောင်းကို မေမြတ်နိုးက ရှင်းလင်းခဲ့သည်။ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ မေမြတ်နိုးတွင် ရင်သားခွဲစိတ်ပြုပြင်မှုပြလုပ်ထားသည့် ပုံသဏ္ဍာန်မျိုး တွေ့မြင်ရခြင်းမရှိကြောင်း ရှင်းလင်းပွဲသို့တက်ရောက်ခဲ့သူအချို့က သုံးသပ်ပြောကြားသည်။

မေမြတ်နိုး၏ မွေးသက္ကရာဇ်အမှန်မှာ ၁၉-၁ဝ-၁၉၉၈ ဖြစ်ကြောင်း၊ ၎င်းအချက်အလက်အမှန်ကို National Director ကို ပြိုင်ပွဲမဝင်ခင်တွင်ပင် ပြသခဲ့ကြောင်း၊ ပြိုင်ပွဲလျှောက်လွှာများကို National Director ကပင် ဖြည့်ပေးခဲ့ကြောင်း၊ ပြိုင်ပွဲစည်းကမ်းမှာ အသက် ၁၈ နှစ်ဟုဆိုသဖြင့် National Director အား မေးမြန်းခဲ့ရာ စိတ်မပူရန်နှင့် ၎င်းတို့သိက္ခာမကျစေရန် ဆက်လက်ယှဉ်ပြိုင်ပါဟုပြောဆိုခဲ့ကြောင်း၊ ယင်းအတွက် မိမိအနေဖြင့် သက္ကရာဇ်မှားယွင်းနေမှုကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ခြင်းဖြစ်ကြောင်း မေမြတ်နိုးက ရှင်းလင်းခဲ့သည်။

မေမြတ်နိုးက ယခုကိစ္စရပ်တွင် ၎င်းနှင့် မြန်မာနိုင်ငံကိုစော်ကားကာ သိက္ခာချခဲ့ခြင်းဖြစ်သည့်အတွက် အရှုံးပေးရန် မလိုအပ်ကြောင်း၊ ယင်းအတွက်အဆိုပါ Organization က တောင်းပန်စာပေးပို့မှသာ သရဖူပြန်လည်အပ်နှံမည်ဖြစ်ပြီး တောင်းပန်စာပေးပို့ခြင်းမရှိပါက တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

Eleven

ကိုရီးယားကနေ အလှမယ်သရဖူ ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်ချက် အပေါ် မေမြတ်နိုးက ဒီနေ့ စက်တင်ဘာ ၂ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။





Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးက သူရရှိခဲ့တဲ့ သရဖူကို National Organization ဆီပြန်အပ်မှာ မဟုတ်ပဲ ကိုရီးယားရှိ Miss Asia Pacific Organization က တရားဝင်တောင်းပန်စာနဲ့ တောင်းပန်ပါက တိုက်ရိုက် ပြန်လည်ပေးအပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကိုရီးယားကနေ အလှမယ်သရဖူ ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်ချက် အပေါ် မေမြတ်နိုးက ဒီနေ့ စက်တင်ဘာ ၂ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။

DVB TV News