Showing posts with label ssaသတင်း. Show all posts
Showing posts with label ssaသတင်း. Show all posts

အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ


ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၆ ရက်မှ စတင်၍ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းဒေသတွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂ ရက်က ၂၀၁၈ ကြိမ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်တွင် စစ်ရေးပြနေသည့် ရှမ်းစစ်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

၎င်းက "သူတို့တပ်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ဆွဲမိုင်းဆွဲတာတွေ ချုံခိုတိုက်တာတွေ မလုပ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ညွှန်ကြားလိုက်ပါတယ်" ဟု ပြောသည်။

ကျေးသီးမြို့နယ် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက "တိုက်ပွဲတွေတော့ ငြိမ်သက်သွားပြီ။ တပ်မတော်ဘက်က ကျဆုံးသွားတဲ့ လူတွေကို လဲချားမြို့နယ် သင်္ချိုင်းကုန်းမှာ မနေ့က သဂြိုလ်ခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။

အစိုးရတပ်မတော် နှင့် (SSPP/SSA) တို့ သည် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် တာဖာဆောင် ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်မှ တပ်မတော်သား ၁၁ ဦး ကျဆုံးခဲ့သည်ဟုလည်း ၎င်းကပြောသည်။

အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်၍ ကျေးသီးမြို့နယ်ရှိ ကျေးရွာများ၌ တည်ငြိမ်လျက်ရှိကြောင်း ကျေးသီးမြို့ခံ စိုင်းစံမိန်းပြောသည်။

ရှမ်းပြည်နယ်အတွင်း ကျေးသီး၊ နောင်ချို၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်လန်မြို့နယ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မိုင်းရှုး - မိုင်းရယ်ကားလမ်းကို အစိုးရစစ်တပ်မှ ပိတ်ပင်ထား၍ ကုန်ကားများ သွားလာခွင့်မရကြောင်း SSPPဘက်က ဆိုသည်။

တိုက်ပွဲများဖြစ်ပွားခဲ့သော ကျေးသီးမြို့နယ်အတွင်းတွင် လက်တလောတိုက်ပွဲများ ရပ်တန့်သွားပြီဖြစ်ပြီး ကျေးရွာများသို့ ထိခိုက်ခြင်းမရှိ၍ စာသင်ကျောင်းများပိတ်ရခြင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များ အဖြစ် ရှောင်တိမ်းနေရခြင်းတို့ မရှိဟုလည်း ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စိုင်းအွမ်ဆိုင်မိန်းက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် တိုက်ပွဲများဖြစ်ပွားရခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အတားအဆီးဖြစ်စေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ ခေါင်းဆောင် နိုင်ဟံသာက စက်တင်ဘာလ အတွင်း ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားထားသည်။

မဇ္ဈိမ

SSA(ရွက်ဆစ်) အဖွဲ့ ထောင်ထားသော တိုက်မိုင်းတစ်လုံးနင်းမိပေါက်ကွဲ၍ တောင်ယာမှ ပြန်လာသူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း) မောက်မယ်မြို့နယ် ကဒူးလေး ကျေးရွာအုပ်စု ဒုံပုံရွာအနီးတွင် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် SSA(ရွက်ဆစ်) အဖွဲ့ ထောင်ထားသော တိုက်မိုင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် တောင်ယာလုပ်ကိုင်သူ ဒေသခံတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ မိသားစုများနှင့် အတူ တောင်ယာလုပ်ကိုင်ပြီး ပြန်လာသူ ဦးဗွာ ၄၂ နှစ် (ဘ) ဦးဘဲသည် ရွာ၏ မြောက်ဘက် ၃ မိုင်ခန့် အရောက်၌ တိုက်မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲပြီး ဘယ်မေးရိုး အောက်ပိုင်း၊ ဘယ်ခါးနှင့် ညာတင်ပါး တို့တွင် မိုင်းစထိမှန်ကာ ဘယ်လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ မိုင်းနင်းမိလူနာကို တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများက နယ်မြေခံ ဆေးတပ်ရင်းသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရှိရသည်။

"အုံးကနဲ အသံအကျယ်ကြီး ကြားပြီး မြေကြီးတွေ ဖွာခနဲ ဖြစ်သွားတယ်။ မီးခိုးတွေပြယ်တော့ ကြည့်လိုက်တော့ အဖေ မှောက်ပြီး အော်နေတာတွေ့ရတယ်။ သွေးတွေလည်း အများကြီးပဲ။ ကျန်တဲ့သူတွေ ဘာမှ မဖြစ်တာ အတော်ကံကောင်းတယ်" ဟု ဦးဗွာနှင့် အတူပြန်လာသူ
မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာလုပ်ကိုင်စားသောက်လိုသော်လည်း မကြာခဏ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းခြင်းတို့ပြုလုပ်ခံရသည့်အပြင် မိုင်းနင်းမိမည့် အန္တရာယ်ကြောင့် သွားရေးလာရေး အခက်တွေ့လျက်ရှိကြောင်း သတင်းရရှိသည်။

စိုင်းထက်ဇော်

ရှမ်းသတင်းစဉ်

RCSS/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ယင်းလူမျိုး ကလေးငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖက်ကျေးရွာအုပ်စု၊ လွိုင်ငင်းကျေးရွာအနီးတွင် စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မ တော်(RCSS/SSA)အဖွဲ့ ထောင်ထားသော မိုင်းတစ်လုံးနင်းမိပေါက်ကွဲမှုကြောင့် ဒေသခံကလေးငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။


အဆိုပါဖြစ်စဉ်မှာ ၎င်းကျေးရွာနေ ကလေးငယ်နှစ်ဦးသည် ကျွဲကျောင်းသွားစဉ် ကျွဲတစ်ကောင်မှ မိုင်းနင်းမိ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

``ကျွဲကျောင်းသွားကြတာလေ၊ မိုင်းနင်းမိလို့ ကျွဲနှစ်ကောင်ကတော့ အဲဒီနေရာမှာဘဲ ပွဲချင်းပြီး ဆုံးသွားတယ်၊ ကလေးနှစ်ယောက်ကလည်း မိုင်းစတွေ ထိမှန်ထားတဲ့ ဒဏ်ရာတွေက မြင်မကောင်းဘူး´´ ဟု ရွာခံတစ်ဦးက ပြောသည်။

RCSS/SSA ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သော ကလေးငယ်နှစ်ဦးမှာ မောင်အိုက်ပွဲ(ဘ) ဦးအိုက်မောင်း၊ (၁၁)နှစ်၊ ယင်း/ဗုဒ္ဓနှင့် မောင်အိုက်နောင့်(ဘ) ဦးအိုက်ကာ၊(၁၃)နှစ်၊ ယင်း/ဗုဒ္ဓ တို့ဖြစ်ကြောင်း သိရသည်။

``အစကတော့ နမ့်စန်ပြည်သူ့ဆေးရုံမှာတင်တာ၊ ဒါပေမယ့် ဒဏ်ရာတွေကများတော့ လွိုင်လင်ပြည်သူ့ဆေးရုံ ကို ထပ်ပြီးတင်ထားရတယ်´´ ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများတွင် RCSS/SSA အဖွဲ့ဝင်များ ၀င်ထွက်သွားလာကာ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းခြင်းတို့ကို ပြုလုပ်ချက်ရှိရာ ယခုကဲ့သို့ မိုင်းထောင်ထားမှုကြောင့် ဒေသခံကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး၊ ကျွဲနှစ်ကောင်သေဆုံးမှုအပေါ် ဒေသခံများအနေဖြင့် ၎င်းအဖွဲ့ အား မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

စိုင်းဇော်ရှိုင်း

နယ်မြေအငြင်းပွားမှုကြောင့် PNO နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်တော့မှာလား


ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ပွန်ချောင်းအရှေ့ခြမ်းတွင် လှုပ်ရှားနေသော ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/SSA)တို့ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ သြဂုတ်လ ဒုတိယပတ်ခန့် တွင် ထိပ်တိုက်ရင်ဆိုင် အငြင်းပွားနေကြောင်း သိရသည်။ ထိုနယ်မြေ နှင့်ဆက်စပ်နေသော ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းပွန်တိုက်နယ် တွင် သြဂုတ် ၃၀ ရက်နေ့၌ RCSS/SSA နှင့် ပအို့ဝ်အသွင်ပြောင်းပြည်သူ့စစ် (PNO)တို့ နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။


“ဒီနယ်မြေက ပအို့ဝ်အသွင်ပြောင်းပြည့်သူ့စစ်အဖွဲ့တွေ လှုပ်ရှားနေတဲ့နေ မြေပါ၊ ရွက်ဆစ်အဖွဲ့ တွေဝင် လာတော့ နှစ်ဖက်ပြဿနာဖြစ်တာပေါ့၊ တိုက်ပွဲတွေဖြစ်မှာကိုပဲ စိုးရိမ်တယ်” ဟု ဒေသခံ ပအို့ဝ် တိုင်းရင်းသား တစ်ဦးက ပြောသည်။ မိုင်းပွန်တိုက်နယ်၊ နမ့်ထဗိုကျေးရွာအုပ်စု၊ လုံထွေကျေးရွာအနီး တစ်ဝိုက်သို့ RCSS/SSA အဖွဲ့ဝင်များ ၀င်ရောက်လာမှုကြောင့် နယ်မြေခံ ပြည်သူ့ စစ်အဖွဲ့(PNO) နှင့် ထိပ်တိုက်တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း နယ်မြေခံတပ်ရင်းမှ အရာရှိတစ်ဦးက ပြောသည်။

PNO အဖွဲ့သည် ဟိုပုံးမြို့နယ်အတွင်းရှိ ထန်စမ်းဂူနှင့် ကျောင်းထိုင်ဆရာ တော် ဟိုပုံးကိုရင်လေး၏ သာသနာပြုနယ်မြေအား လုံခြုံရေးဆောင်ရွက်ပေး လျက်ရှိရာ ဟိုပုံး၊ မိုင်းပွန်၊ ပင်လုံ၊ လွိုင်လင်စသည့် ဆက်စပ်နယ်မြေများ၌လည်း လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။ RCSS/SSA အဖွဲ့မှ PNLO/PNLA နယ်မြေအား ၀င်ရောက်ကျူးကျော်မှုကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သလို PNO လှုပ်ရှားရာနယ်မြေတွင်းသို့လည်း ၀င်ရောက်လာပြီး ရန်စနှောင့်ယှက်မှုများ ကြောင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ခွန်သာထွန်း

ပအိုးဝ်နဲ့ SSA တပ်များအကြား နယ်မြေအငြင်းပွားမှုဖြစ်ပွား


ပအိုးဝ်လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA တို့အကြား ထိမ်းချုပ်နယ်မြေသတ်မှတ်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားလို့ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသမှာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူ ထားတဲ့ PNLA အဖွဲ့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ်မှာ RCSS/SSA က သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထားပြီး အဲဒီဒေသတွင်းကထွက်ခွာဖို့ စာပို့ခဲ့တယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆက်လက်ပြီး သြဂုတ်လ ၁၅ရက်နေ့မှာ စာထပ်ပေးပို့ခဲ့ပြီး သြဂုတ်လ ၂၁ရက်နေ့မှာ (PNLA) တပ်သား ၃ဦးကို ဖမ်းစီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ခွန်မြင့်ထွန်းက…

"RCSS က ကျနော်တို့ကို ကျနော်တို့ကဒီအစိုးရနဲ့ သဘောတူထားတဲ့ ဖွံ့ဖြိုးရေးတွေလုပ်တာ သူ့ထိမ်းချုပ်နယ်မြေဆိုပြီး တိုက်မလို့ဘာညာဖြစ်နေတာ၊ ကျနော်တို့ကလည်း ပြန်တိုက်ရမယ်ဖြစ်နေအဲ့လိုတွေ ကျနော်တို့ တပ်ဖွဲ့ဝင် ၃ ယောက်ကိုသူတို့ ဖမ်းထားတယ်၊ ၂၁ ရက်နေ့ထဲက ဖမ်းထားတာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA အဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ UNFC ညီလာခံမှာရောက်ရှိနေတဲ့ SSA တောင်ပိုင်းက တာဝန်ခံအရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းငင်းက ခုလိုပြောပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျနော်တို့ ဘာမှမှတ်ချက်မပေးလိုသေးပါဘူး၊ အခုထိ ကျနော်တို့ညှိနေတဲ့ အခြေအနေပဲရှိပါသေးတယ်၊ နောက်ပြီးတော့ ဒီနယ်မြေက အရင်တုန်းကလည်း ကျနော်တို့နေတဲ့ နယ်မြေတွေပါ၊ အစိုးရကလည်း ဒါသူ တို့ကိုပေးတယ် ဆိုတာလည်း ကျနော်တို့ကိုလည်း ဘာမှတိုင်ပင်တာမရှိပါဘူး၊ ကျနော်တို့နှစ်ဖက် ညှိနေကြတယ်"

ဒီပြဿနာနဲ့ပတ်သက်ပြီး UNFC ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကို တင်ပြပြီး ကြားဝင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိတယ်လို့ ပအိုးဝ်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်မြင့်ထွန်းကလည်းပြောပါတယ်။

RFA Burmese