Showing posts with label မှုခင်းသတင်း. Show all posts
Showing posts with label မှုခင်းသတင်း. Show all posts

ယာဉ်စည်းကမ်းစစ်ဆေးသည်ကိုမကျေနပ်သဖြင့် ယာဉ်ထိန်းကိုဓားနဲ့ ထိုးသတ်


ဆိုင်ကယ်ကိုတားကာလိုင်စင်စစ်ဆေးဖမ်းဆီးသည်ကို မကျေနပ်သဖြင့် ယာဉ်ထိန်းရဲကို ဓားဖြင့် ထိုးသဖြင့် သေဆုံးသွားသည့် ဖြစ်ရပ်တစ်ခု မန္တလေးမြို့တွင် ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီကဖြစ်ပွားခဲ့သည်။
ကျုံးရှေ့ရှိအောင်မြေသာစံမြို့နယ် ၁၉လမ်း၆၆လမ်းတွင် ယာဉ်စည်းကမ်းစစ်ဆေးနေသည့် ယာဉ်ထိန်းကှို မကျေနပ်သောအမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုသတ်ခဲ့ခြင်းဖြစ်သည်။
“ပထမက လိုင်စင်မပြည့်စုံလို့ ဆိုင်ကယ်သမားကိုချလံဖြတ်ခိုင်းတာ ပြန်ထွက်သွားပြီးသူ့အကိုဆရာဝန်ကိုသွားခေါ်တယ်တဲ့ ဓားလည်းပါလာတယ် ယာဉ်ထိန်းကမောက်ပြီးလဲတဲ့အချိန်မှာ ဓားနဲ့တစ်ချက်ထိုးလိုက်တာ”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးစိတ်ထွန်းကပြောသည်။
သေဆုံးမှုနဲ့ပတ်သက်ပြီး အမှတိ၁နယ်မြေရဲတပ်ဖွဲ့စခန်းတွင် ပြစ်မှုပုဒ်မ ၃၀၂ , ၁၁၄ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိသည်။


7Day

ချစ်သူဖြစ်သူ ကလေးတစ်ဦး မိခင်က လိင်အင်္ဂါကို ကတ်ကြေးဖြင့်ဖြတ်သွား၍ ဆေးရုံပြေးရတဲ့ အမျိုးသား

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ဇူးမြို့မှာ အမျိုးသားတစ်ဦးဟာ ဟိုတယ်တစ်ခုကနေ အပြင်ကိုထွက်လာရာမှာ အောက်ခံ ဘောင်းဘီသာ ပါဝင်ပြီး သွေးတွေနဲ့ မြင်မကောင်းအောင် ဖြစ်နေတာကြောင့် ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ အမျိုးသား အနေနဲ့ လိင်အင်္ဂါကို ကတ်ကြေးဖြင့် ဖြတ်တောက်ခံရတာကြောင့် အပြင်ကို ကြောက်လန့်တကြား ပြေးထွက်ခဲ့ခြင်း ဖြစ်ကြောင်း ချိုင်းနားဒေးလီး သတင်းတစ်ရပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အမျိုးသားဖြစ်သူဟာ ချစ်သူဖြစ်သူ အမျိုးသမီးနဲ့ ဟိုတယ်မှာ တည်းခိုနေစဉ် ဒီလိုအဖြစ်မျိုး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အမျိုးသား ဖြစ်သူဟာ ဆေးကုသမူ ခံယူနေပြီး သက်သာ ပျောက်ကင်းနေပေမယ့် တရားခံလို့ ယူဆထားတဲ့ အမျိုးသမီးကိုတော့ ဖမ်းနိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ စက်တင်ဘာလ (၁၃)ရက် နေ့လယ်ပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ Liu အမည်ရ အမျိုးသားဟာ ချစ်သူဖြစ်သူ Zhang နဲ့ ဟိုတယ်မှာ အိပ်နေရင်း အဖြစ်ဆိုး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ Liu ဟာ အသက် (၅၀)နှစ် အရွယ်လောက်ရှိနေပြီး Zhang နှင့် ကာလရှည် ချစ်သူတွေအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Zhang မှာ ခင်ပွန်းရှိနေပြီး ကလေးတစ်ဦးလည်း ရှိပါတယ်။ သူတို့နှစ်ဦးဟာ ဟိုတယ်မှာ ဖောက်ပြန်ရင်း Zhang က မနာလိုစိတ်တွေဝင်ပြီး Liu ရဲ့ လိင်အင်္ဂါကို ကတ်ကြေးနဲ့ ဖြတ်လိုက်တာ ဖြစ်ပါတယ်။

Liu ဟာ ဟိုတယ်မှာ အိပ်နေရင်း ပင်ပန်းနေတာကြောင့် ဆေးတောင်း သောက်ခဲ့ပါတယ်။ Zhang ပေးလိုက်တဲ့ ဆေးဟာ အိပ်ဆေး ဖြစ်နေပါတယ်။ အိပ်ပျော်နေစဉ် အတွင်း Zhang ဟာ လိင်အင်္ဂါကို ကတ်ကြေးနဲ့ ဖြတ်တောက်ပြီး အပြင်ကို အေးဆေး ပြန်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Liu ဟာ အိပ်ရာက နိုးလာတဲ့အခါ လိင်အင်္ဂါမှာ သွေးတွေ ထွက်ခဲ့တာကြောင့် ဟိုတယ်အပြင်ကို ပြေးသွားခဲ့ပြီး ပြန်ဝင်လာခဲ့ပါတယ်။ ဒီနောက် ဖြတ်တောက်ခံရတဲ့ လိင်အင်္ဂါကို ပြန်ယူပြီး ဆေးရုံကို အမြန်သွားခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာရဲ့ အဆိုအရ Liu ကို ကတ်ကြေးနဲ့ ဖြတ်တောက်သွားတဲ့ အမျိုးသမီးဟာ ဆံပင်တိုတိုနဲ့ ဖြစ်ကြောင်း လုံခြုံရေး ကင်မရာကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။ Liu က မိမိသည် ဆေးသောက်ပြီးနောက် လူသေတစ်ကောင်လို အိပ်ပျော်သွားခဲ့ကြောင်း ဟြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပေမယ့် ထူးခြားတဲ့ အချက်အလက်တွေ မရသေးကြောင်း သိရပါတယ်။

The Messenger

မင်းမဲ့စရိုက်ဆန်ဆန် ဓားပြတိုက်မှုကြောင့် မျက်စိ နှစ်ဖက်ဆုံးရှုံးသွားသူ ယာဉ်မောင်းကိုနှုတ်ခမ်းမွေး၏ ပြောပြချက်


စက်တင်ဘာ ၁၄ ရက်က မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နှင့် ရေးမြို့အကြား လမိုင်းမြို့နယ်နှင့် စုံကျေးရွာအနီး မိုင်တိုင် ၈၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအကြား ခရီးသည်တင်ယာဉ်ကားတစီး ပစ်ခတ်ခံရ မှုဖြစ်စဉ်ကြောင့် မျက်စိနှစ်ဖက်ဆုံးရှုံးသွား ခဲ့သည့်ယာဉ်မောင်းတဦး ဦးတင်လှိုင်ဦး (ခ) ကိုနှုတ်ခမ်းမွေးက ၎င်းတွေ့ကြုံခဲ့ရ သည်များကို ပြောပြသည်။
''ကျွန်တော် ဆေးရုံပေါ်ရောက်ပြီး သတိရလာတဲ့အချိန်ထိ ကျွန်တော့်ခရီး သည်တွေ ဘာဖြစ်သွားသေးလဲ အရင်မေး မိတယ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာရကြ တာမရှိဘူးလို့ သိလိုက်ရတော့ ကျွန်တော် စိတ်သက်သာရာရခဲ့တယ်''ဟု ယာဉ် မောင်းဦးတင်လှိုင်ဦးက ပြောသည်။


ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိရန်အတွက် အန္တရာယ်များကြားထဲက ယာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပဲ ဦးတင်လှိုင်ဦးတယောက် သတိလစ်သွား ခဲ့ခြင်းဖြစ်သည်။ ၎င်းသတိရလာချိန်၌ ဦးစွာပထမ ခရီးသည်များအတွက် အန္တရာယ်ကင်းရှင်းမှုရှိကြလားဟု စိုးရိမ် ပူပန်ခဲ့သော်လည်း ဦးတင်လှိုင်ဦးအတွက်မူ အမြင်အာရုံများ ဆုံးရှုံးခဲ့ရလေပြီဖြစ်သည်။
''ခရီးစထွက်လာကတည်းကရှောရှောချုချုပါပဲ။ သံဖြူဇရပ်နယ်မြေ အကျော် ရေးထဲအ၀င် ညာဘက်ခြမ်းမှာ ဆို ဈေးဆိုင်လေးရှိတယ်။ အန်တီဝင်းဆိုင် တို့၊ ဘာတို့ပေါ့။ အရင်က ကုန်ကားတွေ ကလည်း အဲဒီမှာ နားလေ့ရှိကြတယ်။
အဲဒီ အကျော် ရှေ့ဆက်မောင်းတော့ နောက်က အောင်ရတာ ကားက ကျော်တက်လို့ လမ်းဖယ်ပေးလိုက်တယ်။ ကုန်ကားနှစ်စီး က ရှေ့ကခံနေသေးတယ်။ သေနတ်သံ တွေ၊ ဘာတွေလဲ မကြားမိလိုက်ဘူး။ တပည့်က ရှေ့မှာ အရက်သမားလားမသိ ဘူးလို့ ပြောလို့ ရှိန်လျော့လိုက်တယ်။ ချက်ချင်းပဲ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ 'ဖောင်း'ဆိုတဲ့အသံ အကျယ်ကြီးမြည်ပြီး ကျွန်တော် ထိသွားတာ သိလိုက်တယ်။ ဒဏ်ရာကို လက်နဲ့အုပ်ပြီး မနည်းသတိ ထားပြီး ငါ့ခရီးသည်တွေ ဒုက္ခဖြစ်တော့ မယ် ကားကိုမရပ်ဖို့ ကြိုးစားနေရင်းမှာပဲ။
ကျွန်တော် ဘာမှ မသိတော့ဘူး''ဟု ဒဏ်ရာအရှိန်ကြောင့် အားအင်ကုန်ခန်းနေ သည့်ကြားမှ ဦးတင်လှိုင်ဦးက ပြောသည်။
ဦးတင်လှိုင်ဦးတွင်ဇနီးဒေါ်အေးမြင့်နှင့်သားသမီး လေးဦးအနက် မောင်ကျော် ဆန်းနှင့် မောင်ဌေးအောင်ဆိုသည့် သား နှစ်ဦးမှာ မိဘနှင့်အတူနေထိုင်၍ မောင်ဌေး အောင်သည် တက္ကသိုလ်ဝင်တန်း ဖြေဆို ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
''ကျွန်တော့်မျက်လုံး အခြေအနေ ကတော့ နှစ်ဖက်လုံးမရတော့ဘူးလို့ ပြော ကြတယ်။ ကျွန်တော် ခါတိုင်းဒီလိုမျိုး အကြမ်းဖက်တာ တခါမှမကြုံဖူးပါဘူး။ ကျွန်တော့်အဖေနဲ့ ခေါက်လှဲပြီး ကားစက် နှိုးရတဲ့ GMC ခေတ်ကတည်းက ကား လောကထဲ ရောက်နေတာပါ''ဟု အသက် (၄၇)နှစ်အရွယ်ခန့်ရှိ ဦးတင်လှိုင်ဦးက ပြောသည်။
မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ကားပါကင်ထိုးရာမှ အုတ်တံတိုင်းကိုတိုက်ပြီး တစ်ဖက်ခြမ်းသို့ ထိုးထွတ်လာ

စက်တင်ဘာ၂၂ရက်နေ့ မနက်၈နာရီခွဲခန့်က ဂရမ်းမီးရထားဝန်းရှိ ကားပါကင်တွင် ကားပါကင်ထိုးရာမှ အုတ်တံတိုင်းကိုတိုက်မီပြီး တဖက်ခြမ်းသို့ ထိုးဖောက်ထွတ်ရှိလာသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“ ကားကို အမဖြစ်သူက ညီမကို ကားပါကင်ထိုးကျင့်သင်ပေးရာမှ လီဘာနှင့် ကလပ်မှားပြီးနှင်းပြီး အရှိန်မထိန်းနိုင်ပဲအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဖက်ကို ရောက်သွားတာဟု"ဂရမ်းမီးရထားဝန် လုံခြုံရေး ၀န်ထမ်းတစ်ဦးကပြောကြားသည်။


ဝုန်းဆိုပြီးအသံကြားလိုက်တော့မှကားက အုတ်တံတိုင်းကိုဖောက်ပြီး ထွတ်လာတာဗျ၊ ကားကမတ်တူးရွှေငါးလေးပါ။ မောင်တာကလည်း အမျိုးသမီးFMIက ၀န်ထမ်းလို့သိရတယ်ဟု မျက်မြင်တွေ့လိုက်ရသူတစ်ဦးမှပြောကြားသည်။

ယာဉ်တိုက်မှု ကြောင့် ယာဉ်မောင်းကို အဆိုပါနေရာ၌တွင် သက်ဆိုင်ရာမှ ဖမ်းဆီး မိခဲ့ပြီး သေဆုံး သွား သည့် အမျိုးသမီးရုပ်အလောင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းယာဉ်တိုက်မှုတွင် လူသေဆုံးမှုမရှိပဲ သက်ဆိုင်ရာမှ လာရောက် စစ်ဆေးနေကြောင်း သိရသည်။

မင်းဇာနည်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စပိန် နိုင်ငံသားတဦး ပဲခူးတွင် ပစ္စည်းလု ဓားခုတ်ခံရ


ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် ဘဏ္ဍာကုန်းကျွေးရွာတွင် အလည်အပတ် လာရောက်သော စပိန် နိုင်ငံသားတဦး ပစ္စည်းလု ဓား ခုတ် ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၃၁ နှစ်ရှိ စပိန်နိုင်ငံသား Mr. Callos သည် ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းက စက်ဘီးစီး၍လာစဉ် ပစ္စည်းလုယူရာမှ ဓားခုတ်ခံရခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းထားကြောင်း၊ ပြစ်မှုကျူးလွန်သူသည် ထွက်ပြေးနေ၍ ဖမ်း မမိ သေးကြောင်း ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းက ပြောသည်။


“အခုတော့ ပြစ်မှု ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားပါတယ်။ ပစ္စည်းတွေကတော့ မပါသွားပါဘူး။ မနေ့က ရန်ကုန်ဆေးရုံကို ပို့လိုက်တယ်။ ဒါပေမယ့် ဒီနေ့ ထိုင်းကို ပြန်ပို့လိုက်တယ်လို့ ပြောပါတယ်”ဟု ပဲခူးမြို့နယ် အမှတ်(၃) ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပြသည်။

ပုဒ် ၃၉၄ သည် ပြင်းထန်စွာ နာကျင်စေမှု ပါဝင်သည့် လုယက်မှု ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်း အထိ ကျခံရနိုင်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်၌ စပိန်နိုင်ငံသား ထံမှ နိုင်ငံခြား ငွေကြေး တချို့ ပါသွားကြောင်း သတင်းတချို့က ဖော်ပြသည်။

ယင်း စပိန်နိုင်ငံသား ၏ ရဲ ဆေးစစ်ချက်တွင် ငယ်ထိပ်၊ နှားခေါင်း၊ နားရွက်၊ မေးစေ့၊ လက်ဖျံ၊ တံတောင်၊ ဒူးခေါင်း၊ ဝဲလက်ခုံ၊ ဝဲ ၀မ်း ဗိုက်ဘေး များ၌ ပြတ်ရှဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

ပဲခူးမြို့ ဒေသခံ ကိုမျိုးမင်းအောင် က“ဒီမြို့မှာက မကြာခဏဖြစ်နေပါပြီ။ အရင် လတုန်းကလည်း ကလေးတယောက် စက်ဘီး စီးလာတာ ကို စက်ဘီးလုပြီး ပြေးတာတွေ၊ ညဘက်ဆိုရင် ဆိုင်ကယ်နဲ့ တယောက်တည်း မထွက်ရဲဘူး။ အခုက နိုင်ငံခြားသားမို့လို့သတင်း ပျံ့သွားတာပါ။ သူတို့တွေက အဖွဲ့လိုက်နဲ့ လုတာ။ ကျနော်တို့ ဘဝ မလုံခြုံဘူးလို့ ခံစားရပါတယ်”ဟု ပြောပြသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများကို လုယက်တိုက်ခိုက်မှုများသည် နိုင်ငံအတွက် မကောင်းကြောင်း၊ ခရီးသွား ဈေးကွက်ကိုလည်း ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနှောင်းနှောင်းဟန် က ပြောသည်။

“အထူးသဖြင့် ဒီလာမယ့် ဇူလိုင်၊ သြဂုတ် က စပိန်တွေ အများကြီးလာကြမှာ ဖြစ်တယ်။ စပိန်ဈေးကွက်ကို အများကြီး ထိခိုက်နိုင် တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ခရီးသွား ဧည့်သည်များအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် မည်သည့်နေရာသို့ မသွားသင့်ကြောင်း၊ တဦးတည်းမသွားသင့် သော နေရာများ ရှိကြောင်း၊ မည်သည့်အချိန်တွင် အန္တရာယ်ဖြစ်နိုင်သည်များကို အသိပေးသင့်ကြောင်း၊ ပြည်တွင်း ဒေသခံများကို လည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကလည်း တာဝန်ကို သေချာစွာ ထမ်းဆောင် သင့်ကြောင်း စသည်တို့ကိုလည်း ဦးနှောင်းနှောင်းဟန် က ဆိုသည်။

၂၀၁၃ ခုနစ်အတွင်းက ပုဂံတွင် ဂျာမနီ နိုင်ငံသူ ၂ဦး လုယက်ခံရကြောင်း၊ ဂျပန်အမျိုးသမီး တဦးလည်း လုယက်ခံရပြီး အဓမ္မပြုကျင့် ခံရကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်း အနီးတွင် ပီရူးနိုင်ငံသူ တဦး လုယက် ခံ ရပြီး အဓမ္မပြုကျင့် ခံရသည့် အမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။

This post appeared first on Ayeyarwaddy

အသတ်ခံရသည့် ကချင် ကျောင်းဆရာမ နှစ်ဦးအမှု တလကျော်အထိ အမှုမှန်မပေါ်သေး


Wednesday, February 25, 2015

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် စေတနာ့ဝန်ထမ်း ကချင် ကျောင်း ဆရာမ နှစ်ဦး အမှုသည် တလကျော် ကြာသည်အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း သိရသည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကချင် ကျောင်းဆရာမ နှစ်ဦးသည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ စီမံခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း၊ ကြူကုတ်မြို့ ကောင်းခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာသင်ကြား ပေးနေကြသူများ ဖြစ်ပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုကျောင်း ဆရာမ ၂ ဦးသည် အဓမ္မပြုကျင့်ပြီး အသတ်ခံရခြင်း ဖြစ်ကြောင်း ဆရာဝန် ဆေးစစ်ချက်တွင် ဖော်ပြခဲ့သည်။

ယင်း အမှုနှင့် ပတ်သက်ပြီး ရွာသားအားလုံးကို စစ်ဆေးပြီးသွားသော်လည်း သံသယရှိသည့် ရွာသား၂ဦးကို ရဲတပ်ဖွဲ့က ထပ်မံ စစ် ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင် ကောင်းခါးကျေးရွာမှ ဒေသခံများ ကြောက်ရွံ့နေကြသဖြင့် ရွာအနီးရှိ အစိုးရတပ်များကို ပြောင်းရွှေ့ထားရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် သီးခြား စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုပါ ဖွဲ့စည်းထားကြောင်း KBC မှ သင်းအုပ် ဆရာ ခလမ်ဆွမ်ဆန်က ဧရာဝတီသို့ ပြောသည်။

“ရွာသား ၂ဦးကို ခြိမ်းခြောက်ပြီး ထိုးကျွေးတာ၊ အတင်း ဝန်ခံခိုင်းတာမျိုး ကျနော်တို့ မလိုလားဘူး။ ဒီကောင်လေး ၂ ယောက်ကို စစ်ဆေးတဲ့ ရဲဘက်က ပြန်စစ်ချင်တယ်ဆိုတော့၊ ကျနော်တို့က အားလုံးရှေ့မှာ ပြန်စစ်မယ်ဆိုငြင်းစရာ မရှိပါဘူး။ အတင်း ဝန်ခံ တာမျိုးတွေ မလိုလားဘူး”ဟု ဆရာ ခလမ်းဆွမ်ဆန် က ဆိုသည်။

ရွာသားများနှင့် အစိုးရ တပ်မတော်သား ၂၅ ဦး၏ မျိုးဗီဇ(DNA) ကို စစ်ဆေးရာတွင် နိုင်ငံတကာအဆင့်ဖြင့် စစ်ဆေးသင့်ကြောင်း၊ အမှုကို ပိတ်စေချင်၍ တပ်ကို ရွှေ့ခိုင်းခြင်းမဟုတ်ကြောင်း၊ ဒေသခံများ လုံခြုံရေး အတွက် ရွှေ့ခိုင်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“KBC ဘက်က စစ်ဆေးရေး အဖွဲ့တွေက တပ်တွေရှိရင် စစ်ဆေးရတာ ခက်ခဲတဲ့အတွက် ရွှေ့ပေးပါလို့ တောင်းဆိုလို့ ရွှေ့လိုက် တာပါ။ ကျနော်တို့ ရဲတပ်ဖွဲ့နဲ့ KBC အဖွဲ့နဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ DNA စစ်ဆေးချက်က တရားဝင် အခုထိ မထွက်သေးပါဘူး”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံး ဦးစီးအရာရှိ ရဲမှူးကြီး ဆန်းလွင်က ဧရာဝတီသို့ ပြောသည်။

စေတနာ့ ဝန်ထမ်း ဆရာမ ၂ဦး အမှုမှန်ပေါ်ပေါက်ရေးအတွက် KBC ၊ ရှေ့နေ အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်းများ ပါဝင်သော သီးခြား စုံစမ်းရေး ကော်မတီကို ဖေဖော်ဝါရီ ၂ ရက်က စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့် သတ်ဖြတ်ခြင်းခံရသည့် စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ဦး အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွား နေ သော စစ်ပွဲ နှင့် ပဋိပက္ခ များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မတရားဖမ်းဆီး ချုပ်နှောင်ခံရခြင်း၊ ညဉ်းပန်းနှိပ်စက် သတ်ဖြတ် ခံရခြင်းများ ကြုံတွေ့နေရသည့် အပြစ်မဲ့ပြည်သူ များအတွက် တရားမျှတမှုကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ပေးရန် ကချင်ငြိမ်းချမ်း ရေး ကွန်ရက်က ဆရာမ ၂ဦး အသတ်ခံရသည့် တလပြည့်နေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် သက်ဆိုင်ရာသို့ တောင်းဆိုထားသည်ဟု ဆို သည်။

ဧရာဝတီ

တောင်ကြီး တန်ဆောင်တိုင်ကွင်းရှိ သရဲအိမ်မီးလောင်ကာ အမျိုးသမီးတစ်ဦးသေဆုံး


တောင်ကြီး (မဇ္ဈိမ) ။ ။ တောင်ကြီး တန်ဆောင်တိုင်ပွဲ ကျင်းပသည့် အဝေရာမီးပုံပျံကွင်းရှိ သရဲအိမ် ကလေး ကစားကွင်းတွင်
အောက်တိုဘာ ၃၀ ရက် နံနက် ၂ နာရီ ၄၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ရဲမှတ်တမ်းတွင်
ဖော်ပြထားသည်။


မီးလောင်မှုကြောင့် အဆောက်ဦအတွင်းရှိ လူ (၆) ဦးအနက် ရန်ကုန်မှလာသည့် အသက် ၄၄ နှစ်အရွယ် မသန်းသန်းမြင့်မှာ အခန်းတွင်း ပိတ်မိပြီး မီးလောင်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်အား မီးသတ်ဌာနက စစ်ဆေးရာ အလျား ၆၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ထရံမိုး ထရံကာ၊ ဝါးခင်း၊
သစ်တိုင် အဆောက်အဦအတွင်းရှိ မီးအလှဆင်ရန် ယာယီ သွယ်တန်းထားသော အော်တိုမီးထိန်းစက်မှ အပူလွန်ကဲပြီး
မီးပွားလွင့်စင်ရာမှ အနီးရှိ မီးလောင်ရန် လွယ်ကူသည့် ဖော့၊ ပိတ်စများကို မီးကူးကာ အဆောက်အဦး မီးလောင်ခဲ့သည်ဟု
တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။

လောင်ကျွမ်းမှုကြောင့် အဆောက်အဦး ဆုံးရှုံးမှုတန်ဖိုး ၂ သိန်းခွဲကျပ်၊ အတွင်းဖော့ပစ္စည်းမျိုးစုံ တန်ဖိုး ၉ သိန်းခွဲ စုစုပေါင်း ၁၂ သိန်းခန့်
မီးလောင် ဆုံးရှုံးခဲ့သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ပြီး ဒေါ်ခင်မေအောင် မြောက်ဥက္ကလာပတွင် နေထိုင်သူအား
တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၂၂၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
Mizzima

လက်ပံတန်းမြို့တွင် တစ်ဦးတည်းနေသူ အဘွားအိုတစ်ဦး အသတ်ခံရ


ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ဘီလင်းတန်းရပ်ကွက်၊ ဘီလင်းတန်း လမ်း အိမ်အမှတ် (၄၅) ၌ တစ်ဦး တည်းနေထိုင်သည့် အဘွားအိုတစ် ဦးထံမှ ပစ္စည်းတစ်စုံတစ်ရာ ရလိုမှု ဖြင့် လည်ပင်းညှစ်သတ်၍ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေနှောက် ရှာဖွေသွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်၊ နံနက် ၁ဝ နာရီခန့်အထိ သေ ဆုံးသူ ဒေါ်တင်အိ အသက် (၇၂) နှစ်အား ပတ်ဝန်းကျင်မှ နေထိုင်သူ များက မတွေ့ရှိရခြင်း၊ တံခါးများပိတ် ထားခြင်းတို့ကြောင့် အိမ်အတွင်းသို့ အော်ခေါ်သော်လည်း မည်သည့်အသံ မျှ မကြားရသဖြင့် အိမ်၏ပြတင်းပေါက် တံခါးအား ဖွင့်ကြည့်သည့်အခါ အိမ် အတွင်းရှိ ပစ္စည်းများအား မွှေ နှောက်ထားသည်ကို တွေ့ရှိရသဖြင့် အိမ်နီးနားချင်းများက လက်ပံတန်း မြို့နယ်၊ မြို့မရဲစခန်းသို့ အကြောင်း ကြားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ညီ မဝမ်းကွဲတော်စပ်သူ ဒေါ်ဋ္ဌေးဋ္ဌေးရီ ထံ သက်ဆိုင်ရာမှ ဒေါ်တင်အိနေ အိမ်အတွင်း သေဆုံးနေကြောင်း လာရောက်အကြောင်းကြားသဖြင့် ဒေါ်ဋ္ဌေးဋ္ဌေးရီသည် အစ်မဖြစ်သူနေ အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ အစ်မဖြစ်သူ အဒေါ်တင်အိသည် နေအိမ်အိပ်ခန်းအတွင်း၌ ပက်လက် လန်လဲကျသေဆုံးနေပြီး ၄င်း၏မျက်နှာ တွင် အဝတ်အုပ်ထား၍ အဝတ်နှင့် မျက်နှာပေါ်တွင် နနွင်းမှုန့်များ ပြန့် ကျဲကာ သေဆုံးနေကြောင်းနှင့်ဗီရို များအတွင်းမှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးနှင့်အခြားပစ္စည်းများအပြင် သို့ ရောက်ရှိပြန့်ကျဲနေသည်ကို တွေ့ရှိရသဖြင့် နံနက် ၁ဝ နာရီခွဲ တွင် ဒေါ်ဋ္ဌေးဋ္ဌေးရီက မြို့မရဲစခန်း ၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား မြို့မရဲစခန်း မှ (ပ)၃၉၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲ မှူးစန်းမြင့်မှ အမှုစစ်အဖြစ် ဆောင် ရွက်လျက်ရှိကာ တရာခံအား အမြန် ဆုံးဖမ်းဆီးရမိရေးအတွက် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

WT(Lpd)
Democracytoday

မော်လမြိုင်ကျွန်းမှာ ကလေး ၂ ဦး ဓာတ်လိုက်၊ ဝင်ဆွဲသူ လူကြီး ၄ ဦး သေဆုံး


ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ ဓာတ်ကြိုး ပျက်ကျလို့ လူ ၄ ဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။


မော်လမြိုင်ကျွန်းမြို့အဝင်တနေရာ (ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ)
အခင်းဖြစ်ပွားတဲ့ စနေနေ့ ည ၆ နာရီခန့်က ကျွဲခြံကျုံလမုကျေးရွာမှာ သီရိရတနာဆန်စက်ကနေ ဒိုင်နမိုမော်တာနဲ့ မီးမောင်းပြီး ကျေးရွာအတွင်း မီးပေးနေတဲ့အချိန်ဖြစ်ပါတယ် တဲ့။ 

ကနဦးဓာတ်လိုက်တာက ကလေးတွေ ဖြစ်ပြီး နောက်ပိုင်း ဓာတ်လိုက်သေဆုံးကြတာကတော့ လူကြီးတွေဖြစ်ကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်က ဧရာဝတီကို ပြောပါတယ်။

“ကလေး ၂ ယောက်ကို ဓာတ်လိုက်နေတာ။ အဲဒါကို လူကြီးတွေက ၀င်ဆွဲရင်းနဲ့ ဆွဲတဲ့ ၄ ယောက်စလုံး ဓာတ်လိုက်သွားတာ” လို့ သူက ဆိုပါတယ်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့ မှတ်တမ်းအရလည်း ကျေးရွာထဲမှာ သူတို့တွေ ဗီဒီယိုကြည့်ဖို့ အိမ်ကထွက်အလာမှာ ဓာတ်ကြိုးက ကလေးတွေဖြစ်တဲ့ 
မာင်မင်းထက်ကျော်၊ မပန်းအိဖြူတို့ အပေါ် ပျက်ကျကြောင်း၊ 
ဝင်ဆွဲကြတဲ့ ဒေါ်လှမြင့်၊ ဒေါ်အေးမူ၊ ဦးမျိုးသူရအောင်၊ ဒေါ်ဝင်းသူဇာ တို့ဟာ နေရာမှာတင် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

မတော်တဆဖြစ်ရပ်မှာ ရုတ်တရက် သေဆုံးသွားကြတဲ့အတွက် သူတို့ကို ရပ်ရွာထုံးစံအရ မနေ့ကပဲ မြေချသဂြိုလ်ခဲ့ကြောင်း သိရပါတယ်။

ကလေး ၂ ယောက်ကတော့ မော်လမြိုင်ကျွန်း ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ 

၃ နှစ်အရွယ် မပန်းအိဖြူ၊ ၁၁ နှစ်အရွယ် မောင်မင်းထက်ကျော်တို့ကတော့ လက်ခုံနဲ့ လက်ချောင်းတွေမှာ လောင်ကျွမ်းဒဏ်ရာ ရရှိခဲ့တာပါ။

ဧရာဝတီတိုင်းအတွင်းက အစိုးရက လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတဲ့ ကျေးရွာတွေမှာ အခပေးစနစ်နဲ့ ကိုယ့်အားကိုယ်ကိုး မီးသွယ်တန်းမှုတွေ လုပ်ဆောင်ကြပါတယ်။

တကယ်တန်းကျတော့ ဒီလိုမျိုး ကိုယ့်အစီအစဉ်နဲ့ကို မီးပေးခွင့် မရှိဘူးလို့ ပုသိမ်မြို့က လျှပ်စစ်ကျွမ်းကျင်သူတဦးက ရှင်းပြပါတယ်။

“စက်မှုဝန်ကြီးဌာနလက်အောက်မှာ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနဆိုတာ ရှိတယ်။
အဲဒီဌာနရဲ့ အတည်ပြု ခွင့်ပြုချက်ရမှာသာ တရားဝင်မီးပေးလို့ရတယ်။ 
အခုက တရားမ၀င် မီးပေးမှု ဖြစ်နေတာပေါ့။ 
အခုလို လူသေမှုဖြစ်လာတော့ ဘယ်သူတာဝန်ယူမှာလဲဆိုတဲ့ကိစ္စက ရှိလာပြီလေ” လို့ သူက ပြောပါတယ်။

ဒီလို မတော်တဆမှုမျိုး ဖြစ်မလာအောင်လို့ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

“ဖြစ်သင့်တာကတော့ အဲဒီဦးစီးဌာန အနေနဲ့ ကိုယ့်ဘာသာ မီးပေးနေကြတဲ့ ကျေးရွာတွေမှာ မီးပေးနေတာတွေက အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ရှိ/မရှိ၊ လိုက်လံစစ်ဆေး သင့်တယ်။ 
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဟောပြောတာတွေလည်း လုပ်ဆောင် သင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းမှာတော့ ၂၀၁၃ ခုနှစ်အတွင်းမှာ ဓာတ်လိုက်သေဆုံးသူ ၆ ဦးရှိခဲ့တယ်၊ 
ဒီနှစ်ထဲမှာတော့ ဇန်န၀ါရီလကနေ စက်တင်ဘာလအထိ ဓာတ်လိုက်သေသူ ၅ ဦးရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရပါတယ်။

ဆလိုင်းသန့်စင်
ဧရာဝတီ

ဥက္ကံမြို့နယ်မှ အိမ်အကူ အမျိုးသမီး ပျောက်ဆုံးမှု အတွက် တာမွေ ရဲစခန်းတွင် အမှုဖွင့်ထား


အိမ်အကူ မိန်းကလေး တစ်ဦး ပျောက်ဆုံးနေ မှုအား တာမွေ ရဲစခန်းမှ ဆက်လက် စုံစမ်းနေကြောင်း သတင်း ရရှိသည်။ ဖြစ်စဉ်မှာ တာမွေ မြို့နယ်တွင် ဥက္ကံမှ လာရောက်ကာ အိမ်အကူ လုပ်နေသော မိန်းကလေးတစ်ဦး ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဥက္ကံမြို့နယ် ရဲစခန်းမှ သိရသည်။

တာမွေမှာ အိမ်ဖော်သွား လုပ်ရင်းနဲ့ လုပ်တဲ့ အိမ်ကနေ ပျောက်သွားတယ်။ အလုပ်လုပ်နေတာ လေးငါးလ ရှိနေပြီလို့ ပြောတယ်။ တာမွေ အပိုင်းကနေ ပျောက်တော့ တာမွေ ရဲစခန်းမှာပဲ လူပျောက်မှုနဲ့ ဖွင့်ထားတယ် ဟု ဥက္ကံရဲစခန်းမှ တာဝန်မှူးက The Messenger Media သို့ပြောသည်။

၎င်းမိန်းကလေးသည် စက်တင်ဘာလ (၄) ရက်နေ့တွင် အလုပ်လုပ်နေသည့် တာမွေကြီး ရပ်ကွက် အိမ်မှ ဈေးဝယ်ထွက် သွားပြီး နောက် ပြန်လည် ရောက်ရှိ လာခြင်း မရှိ သောကြောင့် ၎င်း၏ အစ်မဖြစ်သူနှင့် အိမ်ရှင် အမျိုးသမီးတို့မှ အောက်တိုဘာလ (၃) ရက်နေ့တွင် လာရောက်၍ လူပျောက်တိုင် တန်းခဲ့ကြောင်း တာမွေမြို့နယ် နယ်ထိန်းက ပြောသည်။ လူပျောက် တိုင်တယ် ဆိုတော့ အမှုဖွင့်လို့ မရဘူးလေ။ အမှတ်စဉ် (၄၅)/၂၀၁၄ နဲ့ တိုင်ထားတာပါ။ ဥက္ကံမြို့က ပျောက်တဲ့ မိန်းကလေးရဲ့ မိသားစုတွေ လည်း သွားတယ် ဟု ၎င်းက The Messenger Media သို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးနေမှုမှာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ ရဲစခန်းမှ ဆက်လက် စုံစမ်းလျက် ရှိသည်။ အောက်တိုဘာလ (၁၀) ရက်နေ့က တိုက်ကြီး မြို့နယ်တွင် ဆယ်တန်းကျောင်းသူ သုံးဦးပျောက်ဆုံးခဲ့မှုမှာ (၁၀) ရက်အကြာတွင် ရွှေပြည်သာ စက်မှုဇုန်မှ ပြန်လည်တွေ့ရှိ ခဲ့သည်။
Messenger

မိုင်းယန်းမြို့တွင် စည်ပင်သာယာ ဦးသိန်းဇော် ဗုံးခွဲ ၃ ဦးသေ

01- အိမ်ရှင်ဗုံးခွဲမှုကြောင့် ထိခိုက်ဒဏ်ရာရ သေကြေကြသူဧည့်သည်များ ( ဓါတ်ပုံ- From Saisang Woon FB)


02- မိမိနေအိမ်အတွင်း လက်ပစ်ဗုံးခွဲသူ စည်ပင်ဝန်ထမ်းဦးသိန်းဇော် ( ဓါတ်ပုံ- From Saisang Woon FB)


သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျိုင်းဟင်ရပ်ကွက်တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိနေအိမ်အတွင်း ဗုံးခွဲရာ ၃ ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ပါသည်။

အောက်တိုဘာလ ၂၃ ရက် နေ့ခင်းပိုင်းက မြို့နယ်တရားရုံးကအပြန် မိမိနေအိမ်အတွင်း ဗုံး ၂ လုံးပစ်ခွဲရာ တာချီလိတ်မှလာသော ဧည့်သည် တဦးအပါအဝင် စည်ပင်ဝန်ထမ်းတဦး၊ မိုင်းယန်းတပ် ခလရ ၂၈၁ တပ်ကြီး ဇနီးတဦး စုစုပေါင်း ၃ ဦးသေဆုံးကြောင်း မိုင်းယန်းမြို့ခံ စိုင်းခမ်းနုက ပြောသည်။ 

စည်ပင်ဝန်ဝမ်း ဦးသိန်းဇော်နဲ့ သူ့မိန်းမ ဒေါ်နန်းနုက အိမ်ထောင်ရေး အဆင်မပြေလို့ တရားရုံးအထိသွားရှင်းလာတာ။ အသိအသက်သေ အဖြစ် တာချီလိတ်ကအသိတွေနဲ့ မိုင်းယန်းက မိတ်ဆွေတွေကိုခေါ်သွားတာ။ အိမ်ပြန်ရောက်တော့ သူတို့ထမင်းစားဖို့ ပြင်နေချိန် ဦးသိန်းဇော်က ဗုံး ၂ လုံးပစ်လိုက်တယ်။ အိမ်ပေါ်မှာ ၂ ယောက်သေတယ်။ အိမ်ပေါ်တက် မယ့်တယောက် လည်ပင်းထိသွားပြီးထွက်ပြေးတာ လမ်းမ ပေါ်မှာ သေသွားတယ်။ ဦးသိန်းဇော်ကိုယ်တိုင်က အိမ်ပေါ်ကခုန်ဆင်းလို့ ခြေနှစ်ချောင်းလုံး ကျိုးသွားတယ်။ သူ့မိန်းမ ဒေါ်နန်းနုလည်း ဒဏ်ရာရပြီးဆေးရုံမှာအခု။ - ဟု ၄င်းကပြောသည်။

ယခုအခါ စည်ပင်ဝန်ထမ်း ဗုံးခွဲသူဦးသိန်းဇော်အား ကျိုင်းတုံအချုပ်ခန်းသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဇနီးသည် ဒေါ်နန်းနုလည်း မိုင်းယန်းဆေးရုံသို့ ပို့ဆောင် ကုသ ထားကြောင်း၊ ၄င်းအပြင် ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံသို့ပို့ ဆောင်ထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပြသည်။

အသက် ၅၀ အရွယ် ဒေသခံ လုံးစိုင်းက- သူ့လက်ပစ်ဗုံးက စစ်ပွဲမှာသုံးတဲ့ လက်ပစ်ဗုံးမဟုတ်ဘူး။ ထူးခြားတယ်။ လုံးလုံး သေးသေးလေးတဲ့။ ဒါမယ့်ပြင်း တယ်။ စည်ပင်ဝန်ထမ်းတယောက်က လက်ပစ်ဗုံးဘယ်ကရလာသလဲ။ စဉ်းစားစရာပေါ့။ မြန်မာပြည်မှာ ဘယ်နေရာကြည့်ကြည့် ဗုံးပေါက်ရင် အမှိုက်ပုံးမှာချည်းဘဲ။ သေတာလဲ စည်ပင်ဝန်ထမ်းတွေချည်းဘဲ။ ဒါ တခုခုတော့ တခုခုဘဲ- ဟု သုံးသပ်ပြောဆိုပါသည်။

မိုင်းယန်းမြို့သည် သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာအကွာတွင်တည်ရှိသည်။

Panglong(Burmese)

အမျိုးသားတစ်ဦး အောင်ဇေယျတံတားပေါ်မှ ခုန်ချသေဆုံး


ရောဂါဝေဒနာခံစားနေရသော အမျိုးသားတစ်ဦး လှိုင်သာယာ မြို့နယ် အောင်ဇေယျ တံတားပေါ်မှ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက ခုန်ချခဲ့ သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အောင်ဇေယျ ကြိုးတံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးခဲ့ကြောင်း သတင်း အရ အောက်တိုဘာ ၁၈ရက် ညနေ ၅ နာရီခွဲက သွားရောက်စစ်ဆေးရာ လှိုင်သာ ယာမြို့နယ်နေ ဦးမောင်မောင်လွင် (၆ဝနှစ်)မှာ တံတားအောက်ရှိ ဆိပ်ကမ်းသာ လမ်းဘေးမြက်ခင်းပြင်တွင် မှောက်လျက်အနေအထားဖြင့် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် အစာအိမ်ရောဂါနှင့် လိပ်ခေါင်း ရောဂါများ ခံစားနေရသူဖြစ်ကြောင်း၊ တူမတော်စပ်သူမိသားစုက အင်းစိန် မြို့နယ် ပေါက်တောဝရှိ ဆေးခန်းသို့ပြသပေးရန်အတွက် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်လာစဉ် တံတား၏ ကမ္ပည်းကျောက်စာတိုင်အနီးအရောက် အပေါ့ သွားမည်ဟုပြောသဖြင့် ယာဉ်ကိုရပ်ပေးခဲ့ကြောင်း၊ ၄င်းမှာ ယာဉ်ပေါ်မှဆင်း သွားပြီး အမြင့်သုံးပေခန့်ရှိ တံတားလက်ရန်းတန်းနှင့် လူသွားစင်္ကြံ လက်ရန်း တို့ကို ကျော်တက်၍ တံတားအောက်သို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

ဖြူးမြို့နယ်၌ စိတ်မနှံ့သူက ဓားဖြင့်ခုတ်၍ လူသေမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ဖြူးအရှေ့ အုတ်ဖြတ် ကျေးရွာအုပ်စု အိုးဘိုကုန်း ကျေးရွာတွင် စိတ်ဖောက်ပြန် နေသူက မိခင်၊ ညီမနှင့် သံဃာတော် တစ်ပါးအား ကိုင်းခုတ်ဓားမဖြင့် ခုတ်၍ လူသေမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းရွာနေ ဒေါ်သန်းနွဲ့ (၆၇)နှစ်နှင့် သမီးဖြစ်သူ မနီနီဝင်း(၂၃)နှစ် တို့သည် နေအိမ်တွင်ရှိနေကြစဉ် အတူနေသားဖြစ်သူ ငမျိုး(ခ)မျိုးသိန်း (၃၃)နှစ်သည် စိတ်ဖောက်ပြန်လာပြီး မိခင်ဒေါ်သန်းနွဲ့နှင့် ညီမ မနီနီဝင်းတို့အား ဓားမ၊ ပေါက်တူးတို့ဖြင့်ခုတ်၍ ဒေါ်သန်းနွဲ့၏ ဝဲနဖူး ပြတ်ရှဒဏ်ရာတစ်ချက်၊ မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိသေဆုံးခဲ့ပြီး ငမျိုး(ခ)မျိုးသိန်းမှာ ရွာလမ်းအတိုင်း ထွက်ပြေးရာ ရွာဦးဘုန်းတော်ကြီး မြရောင်ခြည် ကျောင်းမုခ်ဦး တန်းလျားတွင် ထိုင်နေသော ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅)နှစ် သုံးဝါကို ဆက်လက်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသေဆုံးသွားသည်။

ပြစ်မှုကျူးလွန်သူ ငမျိုး(ခ)မျိုးသိန်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဦးခေါင်းခွဲစိတ်ခံထားရပြီး စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး အမှုကို ဖြူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးစံလှ၊အုတ်ဖြတ်ရဲကင်းစခန်းမှူး ရဲအုပ်သန်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တို့က တရားခံဖမ်းဆီးရမိရေးကို အချိန်နှင့်တစ်ပြေးညီ လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူအား ထိုနေ့ည ၁ဝ နာရီခန့်တွင် ရွာအရှေ့ ဘက်တစ်မိုင်ခန့် လယ်ကွင်းထဲ၌ ဒဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

(ဖြူးမြင့်ဦး)
The Mirror Daily

ငါးလအရွယ် ကလေးငယ် ရောင်းစားခဲ့သည့် ဖခင်ကို လူကုန်ကူးမှုဖြင့် အရေးယူ


"ပြီးခဲ့တဲ့ ၈ ရက်က အဲ့ဒီလူကို နောင်မွန်ဈေးကျွန်မရဲ့ဆိုင်ရှေ့မှ ငိုနေတဲ့ ကလေးကိုချီပြီးထိုင်နေတာကို တွေ့ တယ်။ ဒါနဲ့ကလေးအမေ ဘယ်သွားလဲလို့မေးလိုက်တယ်။ ကလေးအမေက ခလေးကိုပစ်သွားပြီလို့ ပြောတယ်။ သူလည်း ပြင်ဦးလွင်ကို ပြန်တော့မယ် ကလေးယူမလားလို့ မေးတယ်။ကျွန်မကလည်း ပေးရင်ယူမယ်။ မပေး ရင်မယူဘူးလို့ ပြောလိုက်ပါတယ်။ ကလေးပေးမယ်၊ ငွေသုံးသိန်းပေးလို့ ပြောလာတယ်။ ကျွန်မကအရှုပ် အရှင်း ဖြစ်မှာဆိုလို့မယူဘူး။ ကားထွက်ခါနီးကျတော့ ငါးသောင်းဘဲပေးလို့ဆိုပြီး ကလေးကို ထားခဲ့တာပါ။''

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင် ငါးလသားအရွယ် ကလေးငယ်အား ရောင်းစားခဲ့သည့် ဖခင်ဖြစ်သူအား အမှတ်(၁၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(လားရှိုး)က အောက်တိုဘာလ(၁၅)ရက်နေ့က ဖမ်းဆီးအရေးယူလိုက်သည်။
Shwe Myitmakha Media Group 

မော်လမြိုင်မြို့မှ အမျိုးသမီးသုံးဦး မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရ


မွန်ပြည်နယ် မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက် အထက် လမ်းမကြီးနေ မ---- (၂၄နှစ်)သည် မိမိအား မလေးရှားနိုင်ငံမှ ထမင်းဆိုင်တွင် သွားရောက် အလုပ် လုပ်ကိုင်လိုပါက တစ်လလျှင် ငွေကျပ် လေးသိန်း ရမည်ဟု မော်လမြိုင်မြို့ မုပွန်ရပ်ကွက် (၃) လမ်းနေ ဒေါ်နီလာဝင်း (၃၄ နှစ်)နှင့် မုပွန်ရပ်ကွက် ပေါ်တော်မူကျောင်း လမ်းနေ ဒေါ်ညို (၄၅နှစ်)တို့က ပြောဆိုသဖြင့် သူငယ်ချင်းမ--- နှင့် မ----- တို့ သုံးဦးတို့သည် ဩဂုတ် ၁၈ ရက်တွင် ၎င်းတို့သုံးဦးကို ဒေါ်နီလာ ဝင်းနှင့်အတူ ကော့သောင်းမြို့မှ တစ်ဆင့် မလေးရှားနိုင်ငံ ကလန်းမြို့ ကံဘူဂျာဝါ ရပ်ကွက် တနင်္လာဈေး အနီးရှိ ဒေါ်နီလာဝင်း၏ ခင်ပွန်းဖြစ်သူ ဦးစန်းယု၏ နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့သုံးဦးကို မလေးရှားနိုင်ငံတွင် ပြည့်တန်ဆာ အဖြစ် ၁၂ ရက်ခန့် ခိုင်းစေခံရပြီးနောက် ၎င်းအလုပ်ကို မလုပ်ချင်၍ မိတ်ဆွေ တစ်ဦး၏ အကူအညီဖြင့် ပြန်လာခဲ့ကြောင်း၊ မ----မှာ ဒေါ်နီလာဝင်း၏ နေအိမ်တွင် ကျန်ခဲ့ပြီး မ----မှာ ပီနန်ရှိ ၎င်း၏ မိတ်ဆွေတစ်ဦး၏ နေအိမ်တွင် ကျန်ခဲ့ကြောင်း၊ ၎င်းတို့အား မလေးရှားနိုင်ငံရှိ ထမင်းဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ပြောဆို စည်းရုံးခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန် စေခိုင်းခဲ့သူ ဒေါ်နီလာဝင်းနှင့် ဒေါ်ညိုတို့နှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် မ----က အောက်တိုဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မုပွန် ရဲတပ်ဖွဲ့စခန်းမှ ဒေါ်ညိုနှင့် ဒေါ်နီလာဝင်းတို့ နှစ်ဦးအပေါ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
MOI

ကျောင်းဆရာက ပထမတန်းကျောင်းသူ (၇)ဦးကို မဖွယ်မရာလုပ်


နွားထိုးကြီးမြို့နယ်၊ ဇီးကျေး ရွာမူလတန်းကျောင်းတွင် ပထမ တန်းကျောင်းသူ (၇) ယောက်ကိုကျာင်းဆရာနှင့် ပညာရေးလုပ် သားတို့ကလက်သုံး၍ မဖွယ်မရာ ကျင့်မှုဖြစ်ပွား၍ထိုးကြီးနယ် ၀က်လူးရဲစခန်းက ဖမ်းဆီးအရေး ယူမှုကို စက်တင်ဘာ (၂၉) ရက် က ဖြစ်ပွားသည် ယင်းတို့မှာ လူပျိုလူလွတ်များဖြစ်ကြသည်ဆို သည်။

ဖြစ်စဉ်မှာ မြ၀တီကျောင်း ဆရာဇင်မောင် (၃၁) နှစ်နှင့် ဇီး ပညာရေးလုပ်သား ညွန့်ဝင်း (၅၁) နှစ်ဆိုသူတို့သည် ဇီးကျောင်း တွင် စာသင်ချိန် (-) ညီအစ်မ (၂) ဦးအပါအ၀င်ကျောင်းသူ (၇) ဦးကို စကတ်ချွတ်၊ လက်ဖြင့်မဖွယ် မရာပြုလုပ်ကြောင်း အဘိုးဖြစ်သူ ဦးမြင့်ရှိန်ကသိရှိ၍ ၀က်လူးရဲစခန်း တိုင်ကြားမှုဖြစ်သည်။ ကျောင်းသူ များမှာ ပထမတန်းကျောင်းသူ၊ အရွယ်မရောက်သေးသူများဖြစ် ပြီး မကြာခဏယင်းသို့ပြုလုပ်ခံရ သည်ဆိုသည်။

ဝက်လူးရဲစခန်းက ပ ၅၃/ ၂၀၁၄ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် ရဲအုပ်မောင်ဝင်းကအမှုကို ဖမ်းဆီး စစ်ဆေးနေသည်။ မြို့နယ်ပညာ ရေးဌာနကလည်း ၀က်လူးအထက် တန်းကျောင်းအုပ်ဒေါ်ဆွေဆွေစန်း၊ အတွင်းရေးမှူး လ/ထ ပညာရေး မှူးဦးညိုအေး၊ အဖွဲ့ဝင် ဒေါ်အိ အိချောပဲ ချက်အထက ကျောင်း အုပ်တို့ပါဝင်သော စုံစမ်းစစ်ဆေး ရေးဖြင့်ဌာနဆိုင်ရာအရေးယူထား ကြောင်း၊ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူ ကပြောပြသည်။

Hot News 

ရွှေပြည်သာတွင် ရေမော်တာမောင်းရန် ကြိုးဆွဲရာမှ အမျိုးသမီးတဦး ဓါတ်လိုက်သေဆုံး


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အမှတ် ၉ ရပ်ကွက် ရတနာသိင်္ဂီပတ်လမ်း အမှတ် ၁၅၉ က တွင် ယနေ့(၁၄ရက် အောက်တိုဘာ) နံနက် ၁၀နာရီက သေမှုသေခင်း ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဘဦးအောင်ကြည်၏သမီး ဒေါ်တင်ရီ အသက် ၅၉ နှစ်သည် ရေချိုးရန်အတွက် ရေမော်တာမောင်းရန် ရေစက်တွင် တပ်ဆင်ထားသောကြိုးကို ဆွဲလိုက်စဉ် ဓါတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ရာသို့ ရွှေပြည်သာမြို့နယ် ပြည်သူ့ရဲစခန်းမှ တယ၀န်မှူးဒုရဲအုပ် ဇင်မင်းလတ်နှင့် အဖွဲ့၊ မြို့နယ်လျှပ်စစ်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ ကူညီဆောင်ရွက်ပေးပြီး အလောင်းအား အင်းစိန်ဆေးရုံသို့ အပ်နှံရာ ပီအာ ၁၀ဖြင့်လက်ခံခဲ့သည်။ ရွှေပြည်သာရဲစခန်းကလည်း သေမှုသေခင်းအမှတ် ပ-၃၃/၂၀၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဟုတ်ကဲ့ပါ၊ အမှုကို သေမှုသေခင်း အမှုအမှတ်စဉ် ၃၃/၂၀၁၄ အရ အမှုဖွင့်ပြီး စစ်ဆောဆောင်ရွက်နေပါတယ်”ဟု ရွှေပြည်သာရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက News Watch သို့ အတည်ပြုပြောကြားသည်။

နိုင်ကြီး(ရွှေပြည်သာ)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

လိပ်ကျွန်း လူသတ်မှု တရားရုံးမှာ စွဲချက်တင်တော့မယ်

လိပ်ကျွန်းလူသတ်မှုကို အကြီးအကျယ် ဝေဖန်နေချိန်မှာပဲ အောက်တိုဘာလ ၁၄ ရက်နေ့မှာတရားစွဲ ဆို
ရေး အဖွဲ့က မြန်မာ လူငယ် ၂ ဦးကို ဗြိတိန် ၂ ဦးသတ်မှုနဲ့ စွပ်စွဲကာ မျက်မြင် သက်သေ ၃ ဦးနဲ့ တကွ တရားရုံးမှာ စွဲချက်တင်တော့မှာဖြစ်တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြလာပါပြီ။ 


လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားသည့် မြန်မာနိုင်ငံသား နှစ်ဦး (ဓာတ်ပုံ – ဘန်ကောက်ပို့စ်)


အစိုးရ တရားလိုပြ သက်သေကလည်း များများ စားစား သိပ်မရှိပဲ အခုလို တရားစွဲမှာဖြစ်လို့ မြန်မာ နိုင်ငံ သား ၃ ဦးဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွေ တရားရုံး မှာ အင်္ဂါနေ့မှာ တရားခွင်အကြို မေးမြန်း 
လျှောက်လဲချက်တွေ ပေးဖို့ ရောက်လာနိုင်တယ်လို့ သတင်းက ဆိုပါတယ်။ 

ထိုင်းရဲက ဖမ်းဆီးထားတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ဟာ အသက် ၂၃ နှစ်အရွယ် ဗြိတိန်သူ မစ္စ ဟန်နာ ဝစ် သရစ်ခ်ျကို မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်မှု၊ အသက် ၂၄ နှစ်အရွယ် မစ္စတာ 
ဒေးဗစ်မီလာအား သတ်ဖြတ်မှုတို့ နဲ့ လူသတ်တရားခံ အဖြစ် ထိုင်းရဲက စွပ်စွဲထားပြီး မောင်မောင်ကိုတော့ အစိုးရတရားလို သက်သေအဖြစ် သတ်မှတ်ထား တာပါ။ 

မာင်မောင်ရဲ့ ပြောဆိုချက်နဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ချ ကာ ထိုင်းရဲက ဖမ်းဆီးလိုက်တဲ့အပေါ် အကြီးအကျယ်ဝေဖန်နေပေမယ့် ထိုင်းရဲကလည်း ဒါကို ခုခံ ကာကွယ်ပြောဆိုမြဲ ပြောဆိုနေတာပါ။ 

အောက်တိုဘာလ ၁၄ ရက်နေ့ တရားခွင်မှာတော့ မောင်မောင်ဟာ ဘာမှ ပြန်ပြောမယ့် ပုံစံမရှိဘူးလို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

လူသတ်မှုဖြစ်ပွားချိန်တုန်းက သူက အခန်းပြန်သွားတဲ့အတွက် လူသတ်မှုနဲ့ပတ်သက်ပြီး သူ ဘာမှ မမြင် သိဘူးလို့ မောင်မောင်က မြန်မာသံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ခဲ့စဉ်တုန်းက ပြောပြခဲ့ပါတယ်။ 

ပြီးတော့ မောင်မောင်ရဲ့ မြန်မာသံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့စဉ်ပြောတာက အခန်းဖော် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ အခန်းပြန်ရောက်လာတုန်းကလည်း ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူးလို့ ပြောထားပါ တယ်။ 

ထိုင်းအစိုးရက ပြမယ့် ဒုတိယ သက်သေတဦးကတော့ အခင်းဖြစ်တဲ့နားက Resort မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတဦးပါ။

ဗြိတိန် ၂ ဦး အသတ်ခံရတဲ့နေရာနားမှာ သူက ကမ်းနားက ဂီတာတီးသံကြားတယ်ဆိုတာ ပြောထားသူပါ။ အခု လူသတ်တရားခံအဖြစ်နဲ့ စွပ်စွဲခံထားရသူတွေဟာ လိပ်ကျွန်းပေါ်မှာ ဂီတာတီးနေကျဆိုတာ လူတိုင်း သိကြတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

တတိယ အစိုးရ တရားလို သက်သေတဦးကိုလည်း အင်္ဂါနေ့ တရားခွင်မှာ စစ်ဆေး ကြားနာဖို့ ရှိပြီး မြန်မာ အမျိုးသား တဦး ဖြစ်တယ်လို့သာ သိရပြီး သူ့အကြောင်း နာမည်အပါအဝင် အသေးစိပ်ကို ထုတ်ပြန်ထား တာ မရှိဘူးလို့ ဘန်ကောက်ပို့က ဆိုပါတယ်။ 

အမှတ် ၈ ခရိုင် တရားစွဲဆိုရေး ဌာန ညွှန်ကြားရေးမှူးချုပ် Tawatchai Siangjaew က ပြောတာ ကတော့ 
မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ရုံးချိန်းကို လာရောက် မှာဖြစ်သလို သူတို့အတွက် ရှေ့နေ လည်း စီစဉ်ပေးထားပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။ 

သူက ဆက်ပြောတာက တရားစွဲဆိုရေးအဖွဲ့အနေနဲ့ တရားခွင် အကြို အဖြစ် သက်သေတွေကို လုပ်ထုံး လုပ်နည်း အရ စစ် ဆေး မေးမြန်းကြားနာဖို့ ရှိပြီး တရားလိုပြ သက်သေတွေဟာ နိုင်ငံခြားသားဖြစ်လို့ စစ်ဆေးချက် ထွက်ဆိုပေးပြီးရင် မိခင်နိုင်ငံကို ပြန်ကောင်း ပြန်ရနိုင်တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြ ထားပါတယ်။ 

လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး အထောက်အထားတွေ ဒီထက်ပိုပြီး ပြည့်စုံအောင် လုပ်ဆောင်လာဖို့ ရဲတပ်ဖွဲ့ကို သူတို့ တောင်းဆိုထားတာ အခုထိ မပို့လာသေးကြောင်း၊ နောက်တပတ်လောက်မှာတော့ ပို့လာမယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း သူက ဆက်ပြောထားပါတယ်။ 

အခု တရားရုံး တင်မယ့် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ လိပ်ကျွန်း လူသတ်မှု ကိစ္စနဲ့ ဖမ်းဆီး ခံ မြန်မာတွေ ကိစ္စကို ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်၊ ဗြိတိန်သံအမတ်နဲ့ ထိုင်း ဘုရင့်ရဲတပ်ဖွဲ့တို့ ၃ ပွင့် ဆိုင် တွေ့ဆုံမယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ 

အခု လိပ်ကျွန်း လူသတ်မှု ကိစ္စမှာ အဓိက ကွင်းဆက်ဖြစ်သူ ရှောင်မက်အန်နာကို လိပ်ကျွန်း လူသတ်မှု ကိစ္စ စဉ်ဆက်မ ပြတ် သုံးသပ်တင်ပြနေတဲ့ ထိုင်း လူမှု ကွန်ရက် စာမျက်နှာ CSI LA က အမှုနဲ့ပတ်သက်ပြီး သိလိုတာတွေ မေးမြန်းထားတာကို ရှောင် က ပြန်လည်ဖြေကြားခဲ့တာမှာ အခု မြန်မာ လူငယ် ၂ ဦး က ပြစ်မှု ကျူးလွန်းတယ်ဆိုတာ ဘယ်သူ တဦး တယောက်ကမျှ မယုံကြည်ကြပါဘူးလို့ ပြန်ပြော ထားပါ တယ်။ 

ရှောင်မက်အန်နာနဲ့ CSI LA တို့ ပြောဆိုထားချက်ကို CSI LA က အခုလို ဖော်ပြထားပါတယ်။ 



အိမ့်သံစဉ် ~
ဧရာဝတီ 

ရွှေဝယ်ဟန်ဆောင်ပြီး လုပြေးသည့်လူငယ်ကို ချက်ချင်းဖမ်းမိ

လုယက်ထွက်ပြေးသည့် လူငယ်ကို ဖမ်းဆီးသွားစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

လသာမြို့နယ် ၂၂ လမ်းထိပ်ရှိ တိုင်အုံရွှေဆိုင်တွင် ရွှေလာဝယ်သည့် အသက် (၂၀) အရွယ်လူငယ်တစ်ဦးက ငါးမူးသားရှိရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးရာ ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလူငယ်သည် ရွှေ ဝယ်ရန်ဟန်ဆောင်ပြီး ငါးမူးသားရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးရာ ရွှေဆိုင်အနီးရှိလူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ယင်းလုယက်မှုမှာ အောက်တိုဘာ ၁၃ ရက်နံနက် ၁၀ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ကောင်လေးက ငယ်သေး ပါတယ်။ သူက ရွှေဝယ်ချင်ယောင်ဆောင်ပြီး လုယူထွက်ပြေးတာလို့ သိရပါတယ်။ ချက်ချင်းပဲဖမ်းမိ တာပါ’’ဟု လသာမြို့နယ်ရဲတပ်ဖွဲ့ မှတာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ရွှေဆွဲကြိုးလုယူထွက်ပြေးသူလူငယ်ကို ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း လသာမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန် ကျရဲအရာရှိတစ်ဦးကပြောသည်။

‘‘အန်တီတို့က ပြဿနာမရှိ ပါဘူး။ အမှုကို ကျေအေးပေးချင် ပါတယ်။ ကလေးကငယ်သေး တော့ အမှုတွေဘာတွေလည်း မလုပ်ချင်ပါဘူး’’ဟု တိုင်အုံရွှေ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
7 Day

တိုင်အုံရွှေဆိုင်တွင် လုယက်မှုဖြစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့၊ လသာမြို့နယ် မဟာဗန္ဓုလမ်းပေါ် ၂၁လမ်းနှင့် ၂၂ လမ်းကြားရှိ တိုင်အုံရွှေဆိုင်တွင် ရွှေဝယ်မည်ဆို၍ ပြပေးနေစဉ် လုယက်မှုတစ်ခု အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီခွဲက ဖြစ်ပွားခဲ့သည်။

လုယက်သူကို တိုင်အုံရွှေဆိုင်ဘေးရှိ အိတ်ရောင်းသူက ဝိုင်းဝန်းဖမ်းဆီးပေး၍ ၂၂ လမ်းထိပ်၌ပင် ဖမ်းမိခဲ့ပြီး လက်ရှိတွင် ရဲများက ဆိုင်တွင်း၌ပင် စစ်ဆေးလျက်ရှိသည်။


လသာမြို့နယ် မဟာဗန္ဓုလမ်းပေါ် ၂၁ လမ်းနှင့် ၂၂ လမ်းကြားရှိ လုယက်မှုဖြစ်ပွားခဲ့သည့် တိုင်အုံရွှေဆိုင်ကို အောက်တိုဘာ ၁၃ ရက် နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)
Mizzima News