Showing posts with label ယူနတီသတင်း. Show all posts
Showing posts with label ယူနတီသတင်း. Show all posts

အီတလီက ယူနတီသတင်းထောက်များကို ဂုဏ်ပြု


နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရင်ဆိုင်နေရတဲ့ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် တရားဝင်လာရောက် ချီးမြှင့်ခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အီတလီ-မြန်မာ မိတ်ဆွေများအသင်း ဥက္ကဋ္ဌက သြဂုတ်လ ၂၇ ရက်နေ့မှာ လာရောက်ပေးအပ် တာဖြစ်ပြီး ဒီဂုဏ် ထူးဆောင်မြို့သား ချီးမြှင့်မှုကို ကာယကံရှင်တွေထံ မိတ္တူပေးပို့ထားပြီးပြီလို့ သူက ပြောပါတယ်။

“တာဝန်ရှိတဲ့ Guiseppe Malpeli ဆိုတဲ့ သံတမန်တဦးက လာပေးတာပါ။ ကာယကံရှင်တွေ တရားဝင်သိသွားပါပြီ။ ကျနော်ရုံးချိန်းနေ့မှာ ကော်ပီကူးပြီး အားလုံးကို ဖြန့်ဝေပေးလိုက်ပါတယ်” လို့ သတင်းထောက် ၄ ဦးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သတင်းရေးသားမှုနဲ့ ဆက်စပ်ပြီး ထောင်ဒဏ်စီရင်ခံရတဲ့ စာနယ်ဇင်းသမားတွေကို ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့်ခံရမှုဟာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့ဟာ အီတလီနိုင်ငံမြောက်ပိုင်းက လူဦးရေ ၅ သောင်း ၅ ထောင်လောက် နေထိုင်ကြတဲ့ မြို့ငယ်လေး ဖြစ်ပါတယ်။

ဆာလာဘာဂန်ဇာမြို့တော်ဝန် ခရစ္စတီနာမယ်ရူစီက “လွတ်လပ်တဲ့နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီရဲ့အခြေခံက သတင်းအချက်အလက် လွတ်လပ်မှု ဖြစ်တာကြောင့် သတင်းစာနယ်ဇင်းကနေတဆင့် ကျင့်သုံး လုပ်ဆောင်သွားတဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်၊ ဦးစည်သူစိုးနဲ့ မြို့ခံသတင်းထောက် ဦးလူမော်နိုင်တို့ကို ဂုဏ်ထူးဆောင်မြို့တော်သားတွေအဖြစ် ဂုဏ်ပြုဖို့ ဆုံးဖြတ်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတော့ သူတို့အတွက် ရှေ့နေတွေက မကွေးတိုင်း တရားလွှတ်တော်မှာ လျှောက်လဲခဲ့ကြပါတယ်။

By အေးနိုင် (ဒီဗွီဘီ)

ယူနတီအမှု တိုင်းတရားလွှတ်တော်တွင် လျှောက်လဲ

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)

အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ဆီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိနဲ့ သတင်းထောက်တွေအတွက် သူတို့ရဲ့ ရှေ့နေတွေက မကွေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ အပြီးသတ်လျှောက်လဲကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ – Robert San Aung’s)တိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းရှေ့မှောက်မှာ သတင်းသမား ၄ ဦးအတွက် ရှေ့နေ ဦးရောဘတ်စန်းအောင်က လျှောက်လဲပြီး သူ့အမှုသည် တရားခံတွေကို လုံးဝလွှတ်ပေးဖို့ လျှောက်လဲခဲ့သလို ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းရဲ့ ရှေ့နေ ဦးကျော်လင်းက သူ့အမှုသည်ကို ပြစ်ဒဏ်တ၀က်လျှော့ပေါ့ပေးဖို့ လျှောက်လဲခဲ့တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

ဦးရောဘတ်စန်းအောင်က “ကျနော်တင်ပြတာကတော့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉) ရယ်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလအထွေထွေညီလာခံက ၉ ရက် ၁၂ လ ၉၈ နေ့က ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက် အပိုဒ် (၃) အရ လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ကျနော်တို့က တင်ပါတယ်။ သတင်းသမားဆိုတာ အစိုးရအကြိုက်ရေးရမယ်ဆိုတာက ဟစ်တလာရဲ့ ဆောင်ပုဒ်ပါ။ ကျနော်တို့ တိုးတက်လာတဲ့ အဖွဲ့အစည်းမှာ ဒါမျိုးမဟုတ်ပါဘူး” လို့ ပြောပါတယ်။

“နောက်တချက်က ဒီနေရာ ဒီမြေဟာ နိုင်ငံတော်သမ္မတကြီးက တားမြစ်ကန့်သတ်ထားတဲ့ နေရာလို့ တရားဝင်အမိန့်ပြန်တမ်း မထုတ်ထားပါဘူး။ သာမန်သဘောနဲ့ အိမ်ရှေ့ကားမရပ်ရ သဘောနဲ့ စက်ရုံကလုပ်ထားတာပါ။ နောက် ဒီနေရာက လယ်သမားတွေဆီကနေ လျော်ကြေးမပေးဘဲ လယ်ဧက သုံးသောင်း ခုနှစ်ထောင်ပေါ်မှာ ပြဿ နာဖြစ်တာပါ။ အဲဒီတော့ အပြစ်မရှိဘူး ကျနော်တို့လူတွေဟာ။ မူလရုံးက ချမှတ်တဲ့ပြစ်ဒဏ်က မှားနေတဲ့အတွက် အပြစ်ကနေ လွှတ်ပေးပါလို့ တင်ပြခဲ့တယ်။”

ဒီနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။

ဒီဆောင်းပါးကြောင့် သတင်းသမားတွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက ဇူလိုင်လဆန်း ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးက စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံခဲ့စဉ်က သတင်းသမားတွေကို အတတ်နိုင်ဆုံး အကူအညီပေးမယ်ဆိုတဲ့ စကားပြောခဲ့တာကြောင့် သူ့အမှုသည် သတင်းထောက်တွေဖြစ်ကြတဲ့ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်နှင့် ဦးစည်သူစိုးနဲ့ ဦးလူမော်နိုင်တို့ ပြန်လည်လွတ်မြောက်ရေးကို မျှော်လင့်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင် ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်တွေရဲ့ အစဉ်အလာအရ ဆုံးဖြတ်ချက်ကို တလအတွင်း ထုတ်ပြန်လေ့ရှိပါတယ်။
ယူနတီဂျာနယ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကတည်းက ထုတ်ဝေမှု ရပ်ဆိုင်းထားပါတယ်။
ဒီဗွီဘီ