Showing posts with label အသိပညာဆောင်းပါးများ. Show all posts
Showing posts with label အသိပညာဆောင်းပါးများ. Show all posts

သင့်ရဲ့ ဖုန်းကြောင့် ချစ်သူတွေ ကွဲသွားစေနိုင်တဲ့ အရာများ



လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar

မြေပေါ်က ကျောက်အိပ်မက်နှင့် မြေအောက်မှ ခြောက်အိပ်မက်

မနက်အရုဏ်တက်သည်နှင့် နှစ်ယောက်တစ်တွဲတန်းစီကာ တောင်ကုန်းမြေစာပုံဘက်သို့ ဦးတည်သွားနေသူများကို မနက်တိုင်း လုံ ခင်းကျေးရွာမှနေ၍ မြင်တွေ့ ကြရမည်။ သူတို့တွေက မြန်မာပြည်အရပ်ရပ်မှ လာရောက်ကာ ရေမဆေး ကျောက်ရှာကြသူများ သို့မ ဟုတ် လောပန်းလောင်းများလည်း ဖြစ်နိုင်ပါသည်။ အချို့မှာ လောပန်းများနှင့်အတူနေပြီး ကျောက်ရှာကြ၊ ကျောက်များ ရရှိချိန်တွင်သူ တိုလောပန်းများနှင့် ဝေစုခွဲယူကြသည်။ အချို့မှာ သူငယ်ချင်းများစုကာ ကျောက်ရှာကြသည်။ သူတို့ဘဝများက ကြမ်းတမ်းလှသည့် ရာသီ ဥတုကြားနှင့် မတ်စောက်လှသည့် တောင်နံရံများတွင် အသက်ကိုပဓာနမထားဘဲ အလုပ်လုပ်ကြရသည်။ ကံကောင်းခြင်းများကြုံလာပါက မျက်စိတစ်မှိတ်အတွင်း သိန်း ထောင်ပေါင်းများစွာရရှိ နိုင်သလို တစ်ခဏအတွင်း ရှင်သန်မှုကိုစွန့်ကာ ကမ္ဘာမြေကြီးအတွင်းသို့ စွန့်ခွာ သွားကြသူ များလည်း ရှိပါသည်။ တစ်ခါတလေ ရေမဆေးကျောက်များ ရရှိသော်လည်း ကျောက်အရည်အသွေးညံ့သည့်အတွက် ဟင်းဖိုး မျှသာ ရရှိကြသည်။ သူတို့အတွက် ကျောက်လုပ်ကွက်များမရှိသည့်အတွက် ကုမ္ပဏီများမှ စွန့်ပစ်မြေစာများ တွင် အလုအ ယက် ကျော က်ရှာကြသည်။

ကျောက်ရှာရသည်ကား မလွယ်သည့်အပြင် အာဏာပိုင်များ၏ ဖမ်းဆီးမှု များလည်း မကြာခဏခံကြရသည်၊။ ညအချိန်များတွင် လည်း ကျောက်များရှာဖွေ တူးကြရ။ အချို့သော ရေမဆေးဘဝ သမားများကတော့ ပင်ပန်းမှုဒဏ်ကို ခံနိုင်ရန်အတွက် မူးယစ်ဆေးဝါးကို အသုံးပြုကြပါသည်။ အချိန်ကြာလာသည်နှင့် အမျှ မူးယစ်ဆေးကြောင့် ဘဝများစွာသည်လည်း ပျက်စီးဆုံးရှုံးကုန်လေ သည်။ လော ပန်းလောင်းများဟု ကောင်း သောအနက်ဖြင့် အာလုတ်ပြုခေါ် ကြသည့် သူတို့ဘဝများသည် အိပ်မက်အတွက် မြေကြီးအတွင်းမှ သဘာ ဝကျောက်ကို ရှာဖွေနေကြသလို အချို့ဘဝများကတော့ ထိုမြေကြီးအတွင်း၌ပင် … အိပ်မက်ကိုထားခဲ့ရသည်ကတော့ …။
Popular

(ဓာတ်ပုံ-ခွန်လတ်)







လူ နှင့် နိုင်ငံရေး


"လူသည်နိုင်ငံရေး သတ္တဝါမဟုတ်" လို့ အချို့က သတ်မှတ်ကြ၊ ယူဆကြ၊ ခံယူကြပါတယ်။ နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်။ နိုင်ငံတော်အစိုးရ (ဒါမှမဟုတ်) ပါတီအမည်ခေါင်းစီး တစ်ခုအောက်မှာ ရပ်တည်နေတဲ့ နိုင်ငံရေး လုပ်နေသူတွေ နဲ့သာဆိုင်တယ်။ ဘယ်အစိုးရတက်လာလာ ကိုယ်လုပ်မှကိုယ်စားရမှာလို့ ခံယူချက် ထားသူတွေဟာ နိုင်ငံတလွှားမှာ ဒုနဲ့ဒေး ရှိနေပါတယ်။

နိုင်ငံရေးအပေါ် ကိုယ်နဲ့ မဆိုင်ဘူးလို့ ကိုယ်ကသာ လစ်လျူရှုထားပေမဲ့ နိုင်ငံရေးရဲ့ လွှမ်းမိုးချယ်လှယ်မှုကို မိမိဟာ မလွဲမရှောင်သာ ရင်ဆိုင်နေရတယ်။ မိမိဘဝ မိမိအသိုင်းအဝန်းတစ်ခုလုံးဟာ နိုင်ငံရေး မူဝါဒအုပ်ချုပ်မှု ယန္တရား အပြောင်းအလဲတွေ အောက်မှာ ရပ်တည်နေရတယ်ဆိုတာတော့ မေ့ထားလို့ မရနိုင်ပါဘူး။

ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်ဦးကာလမှာ အင်အားကြီးသူ၊ ရဲဝံ့သူ၊ မိုက်ရဲသူရဲ့ချုပ်ကိုင်မှု
အောက်မှာ ကမ္ဘာဦးလူသားတွေ အစပြုခဲ့ကြရတာပါ။ အစားအစာ ရှာဖွေရာက နယ်မြေလု စစ်ပွဲတွေကိုလည်း ခေါင်းဆောင်ပြုသူရဲ့ ဆုံးဖြတ်ချက်အောက်မှာ မတိုက်ချင်ဘဲ တိုက်ခဲ့ရ မသေသင့်ဘဲ သေခဲ့ကြရပါတယ်။

ဒီက တစ်ဆင့်တက်လို့ ကျေးပိုင်၊ ကျွန်ပိုင်ခေတ်ရောက်လာတော့ ကိုယ်ဘက်က စစ်ပွဲရှုံးရင် သုံ့ပန်းဘဝက ကျွန်အဖြစ် ခိုင်းစေခံရ ကျွန်အဖြစ် ရောင်းစားခံရနဲ့ ခေတ်စနစ် အပြောင်းအလဲအောက်မှာ ပြုသမျှနုခဲ့ရတာလည်း အုပ်ချုပ်ခံ လူတန်းစားတွေရဲ့ဖြစ်ရပ်တွေပါ။

မိမိကိုအုပ်ချုပ်နေတဲ့ အင်အားကြီးသူတွေရဲ့ လူမဆန်မှု ငဲ့ညှာမှုတရားကင်းမဲ့မှုတွေကြောင့် ငွေဝယ်ကျွန် အဖြစ်နဲ့ တစ်ပါးသူတွေရဲ့ မြေယာတွေမှာ မိမိဘဝကို အဆုံးခံရတာကလည်း ပစ္စည်းမဲ့၊ အာဏာမဲ့၊ အင်အားမဲ့ သူတွေရဲ့ ရင်နာစရာ ဒုက္ခတွေပါဘဲ။

ယဉ်ကျေးမှု ထွန်းကားလာပြီဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်မှာ အသိုင်းအဝန်းအင်အားကြီးသူ လူအင်အား
လက်နက်အင်အားကြီးသူက ဘုရင်ဖြစ်လာပြန်တယ်။ ဒီကတစ်ဆင့် ဖခင်သေတော့ သားက ဘုရင်ဖြစ်။ ဒီလိုနဲ့ မြေးမြစ်အထိ အမွေဆက်ခံရာက တော်ဝင်နန်းဆက် တော်ဝင်အသိုင်းအဝန်း အနေနဲ့ အုပ်ချုပ်ရေးအာဏာကို ကိုင်ဆောင်ပြီး အခွင့်ထူးခံ လူတန်းစားတစ်ရပ် ပေါ်လာပြန်တယ်။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေ မင်းကျင့်တရား ဆယ်ပါးနဲ့ ပြည့်စုံနေရင် ပြည်သူပြည်သားတွေ အေးငြိမ်းချမ်းသာမှုရှိနိုင်ပေမဲ့ မင်းကျင့်တရားပျက်ယွင်း သူနဲ့တွေ့ကြုံရရင်တော့ပြည်သူတွေ ကံဆိုး မိုးမှောင်ကျရတာပါဘဲ။

အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ စီမံခန့်ခွဲမှုအာဏာတွေကို ဘုရင်တစ်ပါးတည်းက တစ်ချက် လွှတ် အမိန့်နဲ့ ဆုံးဖြတ်နိုင်တော့ ဖြစ်လာမဲ့ ကောင်းမွေဆိုးမွေတွေကို တိုင်းပြည်နဲ့ တကွ ပြည်သူပြည်သားတွေ မလွှဲမရှောင်သာ ရင်ဆိုင်ကြရတာပါဘဲ။

ဒီသက်ဦးဆံပိုင် ဘုရင်စနစ်မှာ ဘုရင့်ရှေ့မှာ ဒူးထောက်ခစား၊ လက်အုပ်ချီလို့ ဘုရင်ကမော်ဖူးစေလို့ အမိန့်ချမှ ဘုရင့်မျက်နှာကိုမဝံ့မရဲ ကြည့်ခွင့်ရတဲ့အဖြစ်တွေ၊ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ အရည်အချင်းမရှိလို့ သူများကြိုးဆွဲရာကခဲ့လို့ (၁၈၈၆)ခုနှစ်မှာ ကိုလိုနီလက်အောက်ကျရောက်ပြီး တိုင်းပြည်တစ်ခုလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ရတာမေ့ထားလို့ မရနိုင်ပါဘူး။ ဒီတုန်းက တိုင်းပြည်ကိစ္စ နိုင်ငံရေးကိစ္စ ငါတို့နဲ့ မဆိုင်ပါဘူးလို့ ခေါင်းရှောင်နိုင်ခဲ့ ကြပါသလား၊ အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန်အဖြစ် နွံနစ်ခဲ့ရတာ တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေမဟုတ်လား။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်ကို မမီလို့ ခံစားသိရှိမှု မရှိခဲ့ပါဘူးဆိုရင် ဒါဟာ အပြစ်မဟုတ်ပေမဲ့ (၁၉၆၂)ခုနှစ်နောက်ပိုင်း ကဒီနေ့အထိ အခြေအနေကို မသိပါဘူး။ စိတ်မဝင်စားပါဘူး။
ကိုယ့်ကိစ္စ မဟုတ်ပါဘူးလို့ ခံယူကြပြောဆိုနေကြရင်တော့ မိမိဟာ မိမိတန်ဖိုး မိမိရပိုင်ခွင့် မိမိလုပ်ပိုင်ခွင့်ကို
ပစ်ပယ်လိုက်သလို နိုင်ငံသား မပီသသူအဖြစ် ဝန်ခံလိုက်သလိုပါဘဲ။

ကမ္ဘာသူ ကမ္ဘာသား နိုင်ငံသူ နိုင်ငံသားတွေဟာ ကမ္ဘာတစ်ခုလုံး(ဒါမှမဟုတ်) နိုင်ငံတစ်နိုင်ငံမှာ လက်ခံကျင့်
သုံးလိုက်တဲ့ ဝါဒတွေ အုပ်ချုပ်ရေးစနစ်တွေရဲ့ သားကောင်တွေပါ။ ကျင့်သုံးတဲ့ ဝါဒ နဲ့ စနစ်မှန်ကန်ရင် တိုင်း
ပြည်နဲ့ ပြည်သူတိုးတက်ကြီးပွားနိုင်သလို ဝါဒရော စနစ်မှာ လွဲမှားသွားရင်တော့ တိုင်းပြည်နဲ့ ပြည်သူအများစု ဆင်းရဲနွံအတွင်း တွန်းချခံရဖို့ သာရှိပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဗျူရိုကရေစီစနစ်လို့ခေါ်တဲ့ ဗဟိုချုပ်ကိုင်မှုပြုခဲ့တဲ့ အာဏာရှင်စနစ်ရဲ့
ကောင်းကျိုး ဆိုးကျိုးကို ပြည်သူပြည်သားတွေခံစားခဲ့ ကြပြီးသားပါ။ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအာဏာ
ဥပဒေပြုအာဏာစီမံခန့်ခွဲမှု အာဏာအစရှိတာတွေကို လူတစ်စု(တစ်နည်း လူနည်းစုကသာ ရေးဆွဲပြဌာန်း ချုပ်ကိုင်မှုပြုခဲ့ကြတော့ ဒီအကျိုးဆက်ကို နိုင်ငံနဲ့ ပြည်သူတွေခံစားခဲ့ရတာပါ။

နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြဌာန်းပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ခဲ့စဉ်က ဒီဥပဒေရဲ့
အကျိုးဆက်ကိုခံစားရမဲ့ ကျွန်တော်တို့ ပြည်သူပြည်သားအများစုဟာ ဒီဥပဒေပြဌာန်းချက်တွေကို သိရှိနား
လည်အောင်လေ့လာခဲ့ ဝေဖန်အကြံပြုခဲ့ ကြပါသလား။ ဝေလေလေ ပုံစံနဲ့ဘဲ တာဝန်ကျေ ဆန္ဒပြုခဲ့ကြတာ မဟုတ်လား။ ဒါတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အားနည်းချက်ပါ။

ဗဟိုချုပ်ကိုင်မှု အာဏာရှင်စနစ်ကိုပြောင်းလဲဖို့ ဒီမိုကရေစီစနစ်နဲ့အစားထိုးဖို့ပြုပြင်ပြောင်းလဲရေးလုပ်နေ
ချိန်မှာတောင် လူနဲ့မူကို မခွဲနိုင်ဘဲ ထင်ရာမြင်ရာပြောကြဆိုကြတဲ့ သူတွေလည်း ရှိနေပါသေးတယ်။ ဒါဟာအပြစ်ဆိုစရာတော့ မဟုတ်ပါဘူး။ နှစ်ဆယ်စုပေါင်းများစွာ မျက်စိပိတ် နားပိတ် ပါးစပ်ပါပိတ်ပြီးနေလာခဲ့ ကြရတာကိုး။

ဒါပေမဲ့ ခုအချိန်အခါမှာ ဒီမိုကရေစီရဲ့ကျင့်စဉ်တွေ ရပိုင်ခွင့်တွေ နိုင်ငံသားတစ်ဦးရဲ့မွေးရာပါအခွင့်အရေး တွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှလည်း ဒီမိုကရေစီကို ဘာကြောင့် တောင်းဆိုခဲ့ကြတာလဲ။ ဘယ်လောက် အနှစ်သာရရှိသလဲ ဆိုတာ ကိုယ်တိုင်ခံစားနိုင်မှာပါ။

ဗဟိုချုပ်ကိုင်မှုအာဏာမှာ လွတ်လပ်စွာပြောဆိုနိုင်ခွင့် (Freedom of Speech) မရှိပါဘူး။ ပြောဆိုခဲ့မယ် ဆိုရင်လည်း အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ အရေးယူခံရပါလိမ့်မယ်။

ဒီမိုကရေ စီစနစ်မှာ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိပါတယ်။ အစိုးရရဲ့ မူဝါဒနဲ့ ဆုံးဖြတ်ချက်များကို ကန့်ကွက် ဆန့်ကျင်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရဖြုတ်ချရေး ညစ်ညမ်းတဲ့ အပြောအဆိုတို့ကိုတော့ လုပ်ပိုင်ခွင့်မရှိပါဘူး။

ဗဟိုချုပ်ကိုင်မှုအာဏာမှာ အာဏာပိုင်အဖွဲ့အစည်းနှစ်သက်ရာဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်
မှတ်ကောင်းသတ်မှတ်နိုင်ပေမဲ့ ဒီမိုကရေစီစနစ်မှာ ဘာသာရေးလွတ်လပ်ခွင့် (Freedom of Religion)ရှိပါတယ်။ ဘယ်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ ရာထူးအတွက် ဘာသာရေးနဲ့ ခွဲခြားသတ်မှတ်ခြင်း မရှိရပါဘူး။ ဆိုလိုတာက သတ်မှတ် အရည်အချင်းရှိသူဟာ နိုင်ငံသားဖြစ်ဖို့သာ လိုပါတယ်။ အစိုးရအနေနဲ့ မိမိတို့ နှစ်သက်ရာဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ်ခွင့်မရှိပါဘူး။ ဘာသာတိုင်းကို အပြန်အလှန်လေးစား ရပါ့မယ်။

ဗဟိုချုပ်ကိုင်မှု အာဏာမှာ သတင်းလွတ်လပ်ခွင့် မရှိပါဘူး။ အစိုးရဘာလုပ်နေတယ်။ အစိုးရအတွင်းဖြစ်ပျက်တာကအစ ပြည်သူတွေ သိနိုင်ခွင့် မရှိပါဘူး။ ဒီမိုကရေစီစနစ်မှာတော့ သတင်းစာလွတ်လပ်ခွင့် (Freedom of the Media)ရှိတဲ့အတွက် အစိုးရအတွင်း ဖြစ်ပျက်နေတာမှန်သမျှ ပြည်သူတွေ သိခွင့်ရပါတယ်။

သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အင်တာနက်များမှာ အစိုးရပိုင်းက ဝင်ရောက်စွက်ဖက်မှု မရှိဘဲ လွတ်လပ်စွာဝေဖန် သုံးသပ်ခွင့်ရှိပါတယ်။

ပညာရေးပိုင်းမှာလည်း လွတ်လပ်မှု(Academic Freedom)ရှိပါတယ်။ သတင်းအချက်အလက်များ လွတ်လပ်စွာ ရှာဖွေ စုဆောင်းနိုင်ခွင့်(Access to Information)နဲ့ သုတေသနပြုနိုင်ခွင့်တွေရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်(Freedom of Association)ရှိတဲ့အပြင် အစိုးရမူဝါဒ ဆန့်ကျင်တဲ့ အဖွဲ့အစည်းမှာပင် ဝင်ရောက်ပါဝင်နိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေး ရာထူးအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်(Freedom to Compete for Public Office) ရှိပါတယ်။

ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးမှု(The Rule of Law)ရှိပါတယ်။ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ မရွေး တရားစီရင်ရေးမှာတန်းတူ ဘဲဖြစ်ပါတယ်။ တရားဥပဒေနဲ့အညီသာ တရားစွဲဆိုနိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လူတိုင်း မဲပေးပိုင်ခွင့် နဲ့ အရွေးခံနိုင်ခွင့်(Right to Elect and be Elected)ရှိပါတယ်။

တစ်နည်းပြောရရင် မိမိဟာ အရွယ်ရောက်ပြီးဖြစ်မယ်ဆိုရင် မိမိကိုယ်တိုင် ဆန္ဒရှိရာကို လွတ်လပ်စွာမဲပေးခွင့်ရှိပြီး နိုင်ငံရေးရာထူးအတွက် လွတ်တော်ကိုယ်စားလှယ်အဖြစ် မိမိကိုယ်တိုင် အရွေးခံနိုင်ပါတယ်။

ဒါတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တွေပါဘဲ။လူ တိုင်းအတွက်လူ့ အခွင့်အရေး ရပိုင်ခွင့်တွေကို
အကာအကွယ်ပြု ရပ်တည်ပေးတဲ့ အကောင်းမွန်ဆုံး စနစ်တစ်ခုပါ။ ဒီမိုကရေစီစနစ်ဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အပေါ် အခြေတည်နေတာ မဟုတ်ပါဘူး။

ဒီမိုကရေစီစနစ်လို့ အသံကြားတာနဲ့ ဦးသိန်းစိန် အစိုးရကို မကြိုက်လို့ ဒေါ်အောင်ဆန်းစုကြည် ပါတီကို အားပေးလို့ ဆိုတာတွေ လုံးဝ မပါဝင်ပါဘူး။ စနစ်အပြောင်းအလဲမှာ မူနဲ့လူ ခွဲမြင်တတ်ဖို့ လိုပါတယ်။ နိုင်ငံတော်အုပ်ချုပ်ရေးစနစ် (တစ်နည်းအားဖြင့်) မူမပြောင်းသမျှ လူတွေဘယ်လောက်ပြောင်းပြောင်း ထူးခြားပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူဟောင်းကိုပြောင်းပစ်ချင်ရင် ဒီမူအပေါ် အရိုးစွဲနေပြီဖြစ်တဲ့ လူဟောင်းတွေလည်း ပြောင်းပစ် ရမှာပါ။

လူဆိုတာ တစ်ဦးတစ်ယောက်တည်းနေလို့ရတာ မဟုတ်ပါဘူး။ မိမိ မိသားစု အသိုက်အမြှုံလေးနဲ့လည်း
လောကကို ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးအပေါ် သေချာဆန်းစစ်မှု၊ လေ့လာသုံးသပ်မှု မရှိရင်လည်း သူများပြောသမျှ ရမ်းတုတ် မှန်းတုတ်နဲ့ဘဲ အမှန်တရားနဲ့ကင်းကွာနေတတ်ပါတယ်။

"တစ်ခါက မွေးရာပါ မျက်စိစုံလုံးကန်းနေတဲ့ သူငယ်လေးတစ်ယောက်ကို သူ့သူငယ်ချင်းက နွားနို့တစ်ခွက်
တိုက်ခဲ့တယ်။ နွားနို့က ဆိမ့်လည်းဆိမ့်။ ချိုလည်းချိုတော့ မျက်မမြင်ကလေးက သူ့သူငယ်ချင်းကိုနွားနို့နဲ့
ပတ်သက်ပြီး မေးတော့တာပေါ့။

"သူငယ်ချင်းရယ်.. မင်းတိုက်တဲ့ နွားနို့ဆိုတာ သိပ်အရသာရှိတာဘဲကွာ။ မင်းပြောပြောနေတဲ့ အရောင်ဆို
တာတွေ ထဲမှာနွားနို့က ဘာရောင်လဲကွ"

"သူငယ်ချင်းရယ်နွားနို့ဆိုတာ အဖြူရောင်ပေါ့ကွာ။"

"ဟာ..မင်းကလာနောက်နေပြန်ပြီ ငါကမှ အဖြူရောင်ဆိုတာမှ မသိတာ။ ဘာနဲ့တူလဲပြောပြကွာ"

ဒီတော့သူ့သူငယ်ချင်းက "အင်း ဗျိုင်းနဲ့တော့ အရောင်တူတယ်ကွ"လို့ အနီးစပ်ဆုံးအရောင်ကိုပြန်ဖြေလိုက်

တယ်။

"မင်းကလည်းကွာ.. ငါကဗျိုင်းကိုမှ မမြင်ဖူးတာ"

ဒီအခါ မျက်မမြင်ကလေးရဲ့သူငယ်ချင်းက သူ့သူငယ်ချင်းမှန်းဆနိုင်အောင် လက်မောင်းကိုကွေးပြီး

ဗျိုင်းရဲ့ပုံစံလုပ်ပြပြီး မျက်မမြင်သူငယ်လေးကို ကိုင်ကြည့်ခိုင်းလိုက်တယ်။

ဒီတော့ မျက်မမြင်သူငယ်လေးဟာ သူငယ်ချင်းလက်မောင်းကိုကိုင်ကြည့်ပြီး..

"သြော်..အဖြူရောင်ဆိုတာ ကွေးကွေးလေးပါလား"တဲ့။

ဒီလိုပါဘဲ.. ဘယ်နိုင်ငံမှာမဆို နိုင်ငံရေးအမှောင်ချထားခြင်း ခံထားရတာကြာလာတော့ ပြည်သူတွေဟာ
နိုင်ငံရေးနဲ့ ပတ်သက်လာရင် အတွေးတိမ်လာတတ်ပါတယ် နိုင်ငံရေးဆိုတာ မိမိနဲ့ သက်ဆိုင်တဲ့ အရေးကြီးဆုံးအရာဖြစ်တယ် ဆိုတာမေ့ ပျောက်ထားကြတယ်။ နိုင်ငံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောနေတာဟာ မိသားစု အရေးကိစ္စကို စိတ်ဝင်စားမှုမရှိသူ အိမ်ထောင်စု တာဝန်ကို ခေါင်းရှောင်သူနဲ့ တူပါတယ်။

မိမိကိုယ်တိုင် နိုင်ငံရေးအမြင်ကျဉ်းမြောင်းနေရင် မိမိပတ်ဝန်းကျင် မိမိနိုင်ငံတော်မှာ အဆိပ်အတောက်ဖြစ်
ရတာပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုကို အခြေခံရတဲ့ ဒီမိုကရေစီလူ့ဘောင်မှာ မိမိတစ်ဦး တစ်ယောက်ကြောင့်လည်း နိုင်ငံတော်ကမောက်ကမဖြစ်စေနိုင်လို့ပါ။

ဒီမိုကရေစီစနစ်က ကောင်းပါတယ်ပြောလည်း အလွယ်တကူခေါင်းမညိတ်မိပါစေနဲ့။ မကောင်းပါဘူးပြောလည်း မထောက်ခံလိုက်ပါနဲ့ဦး။ ဘာကြောင့်ကောင်းတယ် ဘာကြောင့် မကောင်းဘူးဆိုတာ လေ့လာသုံးသပ်ပြီးမှ ကောက်ချက်ချစေချင်ပါတယ်။

ဘယ်ကိစ္စမှာမဆို သာမညနဲ့ အဓိကဆိုတာ ရှိပါတယ်။ အချို့ကိစ္စတွေမှာ အသေးအဖွဲကိစ္စကို အကျယ်ချဲ့မိတော့ အမှန်တကယ်အရေးပါတဲ့ ကိစ္စ အဖိုးတန်ဖြစ်ရပ်တစ်ခုကို ဆုံးရှုံးတတ်ပါတယ်။ သူများပြောတိုင်း ဟုတ်လိမ့်နိုးနိုးနဲ့ ယုံကြည်နေမယ်ဆိုရင် မိမိဟာမွေးရာပါ စုံလုံးကန်းနေတဲ့ သူငယ်လေးလို "အဖြူရောင် ဆိုတာ ကောက် ကောက်လေးပါလား" နဲ့ဘာထူးတော့မလဲ။

ဒီတော့ဗျာ.. ဘယ်အစိုးရတက်လာလာ အလိမ်မခံရအောင် မိမိရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့်တွေကို လူပီပီသသ
ရချင်ရင် နိုင်ငံရေးတော့ စိတ်ဝင်စားသင့်ပါတယ်။ ဒီမိုကရေစီဆိုတဲ့ အသံကြားရုံနဲ့ ဆားတို့ ခံလိုက်ရတဲ့ တီလိုတွန့်မနေပါနဲ့တော့ ဒီမိုကရေစီဆိုတဲ့ စကားဟာ ပြည်သူတွေအတွက် ငှက်ဆိုးသံ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ကိုဒုက္ခနွံအတွင်းက ကယ်တင်နေတဲ့ ကယ်တင်ရှင်ရဲ့ အသံဖြစ်တယ်ဆိုတာ နားလည်ပေးပါ။

ဒါကြောင့် (၈-၁၁-၂၀၁၅)မှာကျင်းပတော့မဲ့ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံသားတစ်ဦးရဲ့
ရပိုင်ခွင့် မဲတစ်ပြားနဲ့ မိမိ မိသားစု အသိုင်းအဝန်းနဲ့ နိုင်ငံတော်အတွက် အကောင်းဆုံး ဆုံးဖြတ်ရွေးချယ်ပေး နိုင်ဖို့ ယုံကြည်ပါတယ်။ မိမိရဲ့မဲတစ်ပြားဟာ မိမိဒေသအတွက် ကိုယ်စားပြုပေးနိုင်မဲ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကို လွှတ်တော်ထဲ အရောက်ပို့ပြီး မိမိတို့ အရေးကိစ္စကို ဝန်ဆောင်မှုပြုပေးစေနိုင်သလို မိမိရဲ့လွှတ်တော်ကိုယ်စားလှယ်ဟာလည်း နိုင်ငံတော်အစိုးရဖွဲ့စည်းဖို့ သူ့ ရဲ့မဲတစ်ပြားနဲ့ ဖန်တီးနိုင်ခွင့်ရှိ သွားမှာပါ။

ဒါကြောင့်ခင်ဗျားဟာ နိုင်ငံတော်ရဲ့ကယ်တင်ရှင်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့ဗျာ။ ခင်ဗျားလောက်
အဖိုးတန်သူ ဘယ်မှာရှိပါတော့မလဲ။ ကဲ့... ခင်ဗျားရဲ့ အသည်းကြားက ဖြစ်လာတဲ့ မဲတစ်ပြားကို
ဦးနှောက်နဲ့ ဆင်ခြင်ရွေးချယ်ပေးမှာကို နိုင်ငံတော်နဲ့ ပြည်သူအားလုံး မျှော်နေကြပါပြီ..

အကောင်းဆုံး အမှန်ဆုံးရွေးချယ်နိုင်ပါစေ။

ဆောင်းပါးရှင်။ ။ သုတ (ရွှေမဟာ)
( ၂၃-၉-၂၀၁၅)

သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၄)


လျှပ်စစ်အန္တရာယ် သတိပြုနိုင်ရန်အတွက် ဖြစ်ပွားခဲ့ သော ဖြစ်စဉ်များမှ ကောက်နုတ်ဖော်ပြပေးခြင်းဖြင့် အများပြည်သူများ လျှပ်စစ်အသိ သတိရှိရန်ဖြစ်ပါသည်။ သတိပြုဖွယ် လျှပ်စစ်အန္တရာယ်(၃)၌ ဓာတ်လိုက်မှုဖြစ်စဉ် များတွင် အများဆုံးဖြစ်ပွားလျက်ရှိသော ''လျှပ်စစ်စီးဝင် နိုင်သော ပစ္စည်းများ၊ ဓာတ်အားလိုင်းအောက်အနီးတွင် သတိမထားဘဲ လုပ်ငန်းဆောင်ရွက်မှု'' ဖြစ်စဉ်အချို့ကို ဖော်ပြခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များတွင် ဒုတိယ အများဆုံးဖြစ်သော ''စက်ရုံ၊အလုပ်ရုံ၊ နေအိမ်များတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ စနစ်တကျ တပ်ဆင် သုံးစွဲမှုမရှိခြင်းကြောင့် ဓာတ်လိုက်ခြင်း'' ဖြစ်စဉ်အချို့ကို ဖော်ပြလိုပါသည်။


၂ဝ၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်က မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ဦး--- နေအိမ်ရှိ ရေဝင်နေသော မီးဖိုဆောင်အတွင်း မိန်းခလုတ်မပိတ်ဘဲ မိမိ သဘောဖြင့် လျှပ်စစ်မီးဖိုကွိုင်ပျက်နေသည်ကို ပြုပြင်ရာမှ ဓာတ်လိုက်မှုဖြစ်ပွား၍ ဦး--- ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသ ကြီး ထီးချိုင့်မြို့ရှိ ဦး---၏ စက်ရုံတွင် သံဂဟေ အလုပ်သမား---- သည် မိန်းခုံပလပ်ပေါက်မှ Two Pin Socket ဖြင့် ရေပန့်မော်တာသို့ ဓာတ်အားရယူ၍ ကားရေ ဆေးခဲ့ပြီး လုပ်ငန်းပြီးချိန်၌ မိန်းခုံပလပ်ပေါက်မှ Two Pin Socket ကို ရေစိုလက်ဖြင့်ဆွဲဖြုတ်စဉ် ဓာတ်လိုက်မှု ဖြစ်ပေါ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် လယ်တီရပ်ကွက် တွင် နေထိုင်သော ဦး----- ၏ သမီး မ----သည် ရေစိုနေသည့် လက်ဖြင့် အားသွင်းထားသော ရေဒီယို အင်တာနာတိုင်အား ကိုင်မိရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁၃ ရက်က မွန်ပြည်နယ် သိမ်ဆိပ်မြို့တွင် ဦး---- က မိမိနေအိမ်ခြံဝန်းအတွင်း ရေမော်တာဖြင့် ရေတွင်းမှ ရေတင်ရာ ရေတင်၍ မရသဖြင့် လျှပ်စစ်မီးခလုတ်မပိတ်ဘဲ ရေမော်တာကို ကိုင်တွယ်ပြုပြင်ရာမှ ရေမော်တာကိုယ်ထည်မှတစ်ဆင့် လျှပ်စစ်စီးဝင်၍ ဦး---- ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ သည်။

အဆိုပါ ဓာတ်လိုက်မှုဖြစ်စဉ် အမျိုးအစားများအနေဖြင့် ၂ဝ၁၂ ခုနှစ်တွင် သေဆုံးသူ ၂၈ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် သေဆုံးသူ ၃၄ ဦး၊ ၂ဝ၁၄ ခုနှစ် သြဂုတ်လအထိ သေဆုံးသူ ၂၁ ဦးရှိခဲ့ပါသည်။ ဓာတ်လိုက်မှုဖြစ်စဉ်များကို သုံးသပ်ကြည့်ပါက ခန္ဓာကိုယ်ရေစိုအနေထားဖြင့် လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ မီးခလုတ်မပိတ်ဘဲ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ခြင်း၊ မြေပြင်သမံတလင်း များတွင် ခြောက်သွေ့သော ဖိနပ်မစီးဘဲ လျှပ်စစ်ပစ္စည်းများ ကို ကိုင်တွယ်ခြင်းကြောင့် ဓာတ်လိုက်သေဆုံးရခြင်း ဖြစ်ပါသည်။

- အိမ်သုံးပစ္စည်းများအား ရေစိုလက်၊ ရေစိုနေသော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်းမပြုရပါ။

- သမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်းမရှိဘဲ ကိုင်တွယ်အသုံးမပြုရပါ။

- လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေး ငယ်များ လက်လှမ်းမမီသောနေရာတွင် တပ်ဆင် ရပါမည်။

- ပျက်စီးနေသော မီးပလပ်၊ ဆော့ကတ်များ မသုံးရပါ။

- မိန်းခလုတ်မပိတ်ဘဲ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ပြုပြင်ခြင်းမပြုလုပ်ရပါ။

- ဓာတ်လိုက်မှုဖြစ်ပွားပါက မိန်းခလုတ်ကို ဦးစွာ ပိတ်ပြီးမှ ဓာတ်မလိုက်နိုင်သော ပစ္စည်းတစ်ခုခုဖြင့် တွန်းထုတ်ခြင်း၊ ဖယ်ရှားခြင်းပြုလုပ်ရပါမည်။ (ဥပမာ-ခြောက်သွေ့သော ဝါးလုံး၊ သစ်သားချောင်း)

ဘွဲ့ဝတ်စုံ သမိုင်း



ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။ ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။

၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။ ၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။

အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။

၁၈၀၀ ပြည့်နှစ်လောက်တွင်မှ မိမိသင်ယူခဲ့သည့် ဘာသာရပ်အလိုက် အရောင်များကို ခွဲခြားရန် သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့ အရောင်ခွဲခြားမှုကို အမေရိကန် ပြည်ထောင်စုလောက်သာ ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဥရောပ အဖွဲ့အစည်းများတွင် ဘွဲ့ဝတ်စုံနှင့် ပတ်သက်ပြီး အမျိုးမျိုး သတ်မှတ်သုံးစွဲကြကြောင်း တွေ့ရသည်။

ရှေးခေတ်က ဘွဲ့ဝတ်စုံကဲ့သို့သော ဝတ်ရုံများကို ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကျောင်းတော်များတွင် ဝတ်ဆင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ပညာရှင်များအနေနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူသူရော သင်ကြားသူပါ ဝတ်ဆင်ကြသည်။ ယခင်က နေ့စဉ် ဝတ်ဆင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပညာသင်နှစ် တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ် အခမ်းအနားများတွင်သာ ဝတ်ဆင်ကြတော့သည်။ နောက်ပိုင်းကျမှ ပညာသင်နှစ် အားလုံးပြီးဆုံးချိန် ဘွဲ့လက်မှတ်ယူချိန်၌ ဝတ်ဆင်ရန် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံ ပထမဆုံးဘွဲ့

မြန်မာနိုင်ငံ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီဟော (ယခု တပ်မတော်ပြခန်းနေရာ) တွင် ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမကို ဆောက်လုပ်ခြင်း မပြုရသေးသောကြောင့် ထိုစဉ်က မင်းပွဲစိုးပွဲ အခမ်းအနားကြီးများ ကျင်းပရာ ဂျူဗလီဟောတွင် လာရောက်ကျင်းပခဲ့ရခြင်း ဖြစ်သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ထိုစဉ်က တက္ကသိုလ် အဓိပတိဖြစ်သူ၊ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရက် ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဓိပတိ ဆာရက်ဂျီနယ် ကရက်ဒေါက်နှင့်အတူ တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင် အားလုံးသည် သတ်မှတ်ထားသည့် အရောင်အသွေးမျိုးစုံဖြင့် ချုပ်လုပ်ထားသော ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဘွဲ့ယူမည့် ပုဂ္ဂိုလ်များကလည်း နိုင်ငံတကာစံအတိုင်း သတ်မှတ်ထားသည့် ဘွဲ့ဝတ်စုံများ၊ အရောင်လည်ပင်း စွပ် (Hood) များကို ဝတ်ဆင်ပြီး ခမ်းနားစွာ နေရာယူခဲ့ကြသည်။ ဝိဇ္ဇာဘွဲ့ယူမည့် သူများသည် ပန်းနုရောင် ပန်းဖွားများ ပါသည့် Hood များနှင့် သိပ္ပံဘွဲ့ယူမည့် သူများသည် အစိမ်းနုရောင် Hood များကို ဘွဲ့ဝတ်စုံ အနက်ရောင်ပေါ်တွင် လွှမ်းခြုံကာ ဝတ်ဆင်ထားကြသည်။

အမျိုးသားများသည် ပန်းရောင် ခေါင်းပေါင်းများကို ဘွဲ့ဒေါက်ချာ ခေါင်းဆောင်းများအစား ဝတ်ဆင်သူ ရှိသကဲ့သို့ အနက်ရောင်ဒေါက်ချာ ခေါင်းဆောင်းနှင့် နိုင်ငံခြားဝတ်စုံ ဝတ်ကာ တက်ရောက်သူများလည်း ရှိကြသည်။
အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် အားလုံးကို အဓိပတိကြီးက “ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရား နှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟု မေးခွန်းကို အားလုံးက ရိုသေကျိုးနွံစွာဖြင့် နေထိုင်မည် ဖြစ်ကြောင်း ဖြေကြားပြီးမှ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့က ပေးအပ်သည့် ဘွဲ့များကို လက်ခံယူကြရသည်။

ဘွဲ့ဝတ်စုံ

သမိုင်းအထောက်အထားများအရ ဘွဲ့ဝတ်စုံများကို အလယ်ခေတ် တက္ကသိုလ်များတွင် ဝတ်ဆင်ခဲ့ကြောင်း တွေ့ရသည်။ ခရစ်ယာန်ဂိုဏ်း ထိပ်တန်း တာဝန်ယူထားသော ပုဂ္ဂိုလ်များသည် မိမိတို့ အဆင့်အတန်းအလိုက် ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားများ သို့မဟုတ် အစည်းအဝေးများသို့ တက်ရောက်ကြရသည်။ တရားသူကြီးများသည် ခြေကျင်းဝတ်အထိ ရှည်သော ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ တက်ရောက်လေ့ ရှိသည်။ ယခင် အလယ်ခေတ် အခမ်းအနား၊ အစည်းအဝေးများ၊ တရားစီရင်ရေးများ ကျင်းပသည့် ခန်းမနေရာသည် များသောအားဖြင့် အေးစက်ပြီး လေတိုက်သည့် နေရာများ ဖြစ်သောကြောင့် ဝတ်ရုံကြီးများ ဝတ်ဆင်ခဲ့ရာမှ အစဉ်အလာအဖြစ် ဝတ်ရုံများကို ဝတ်ဆင်ခဲ့ကြဟန် တူပါသည်။

ဘွဲ့ဦးထုပ်

ဘွဲ့ဦးထုပ်ကို ၁၅ ရာစုနှစ် လောက်ကတည်းက ပညာတတ် အထိမ်းအမှတ်အနေနှင့် ဆောင်းခဲ့ကြခြင်း ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ဘွဲ့ဦးထုပ်ကို ပါမောက္ခများသာ ဆောင်းရန် သတ်မှတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ နောက်ပိုင်းတွင်မှ ပန်းဖွားများ၊ အရောင်များပြောင်းကာ ခမ်းနားစေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ဘွဲ့ဦးထုပ်၏ မူလအဓိပ္ပာယ်မှာ

“ဒေါက်တာ” ဘွဲ့အတွက် ရည်စူးကာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်သမိုင်းပညာရှင် ဂျက်ကက်လီဂေါ့ဖ်က ဒေါက်တာဘွဲ့ စာမေးပွဲအတွက် အသေးစိတ် ပြင်ဆင်ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

“စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတစ်ဦးသည် လက်မှတ်ရ ပညာတတ်တစ်ဦး ဖြစ်သွားသည်။ သူသည် ဒေါက်တာ သို့မဟုတ် ပါရဂူဘွဲ့ကို သူသင်ကြားခဲ့သည့် ဘာသာရပ်အတွက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း မာစတာဆိုသည့် အမှန်တကယ် ကျွမ်းကျင်မှု ရှိမရှိကို ပြည်သူ့ထံဆင်းကာ အစစ်ဆေးခံရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူ့ကို ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီး တစ်ကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရမည်။

ထိုကျောင်းတွင် သူသည် မိန့်ခွန်းများ ပြောကြားရမည်။ သူပြောကြားမည့် အကြောင်းအရာများသည် သူတတ်ကျွမ်း လေ့လာထားသည့် ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။ ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်ထဲက ကျောင်းသားများသည် သူ့ကို သိလိုသမျှ ထမေးမည်။ ဆွေးနွေးမှုများ ပြုလုပ်မည်။ သူက ထိုသူတို့၏ အမေးများကို ချက်ကျလက်ကျ ပြန်လည်ဖြေဆို ရှင်းလင်းပြရန် လိုသည်။ ထိုသို့ အောင်မြင်စွာ ဖြေဆိုရှင်းလင်းနိုင်ပြီ ဆိုလျှင် တက္ကသိုလ်က သူ့ကို မာစတာဘွဲ့ နှင်းအပ်မည် ဖြစ်သည်။ ဘွဲ့အပ်နှင်းရာတွင် သူ့ကို ပါမောက္ခ ထိုင်သည့် ကုလားထိုင်တွင် ထိုင်စေပြီး ရွှေလက်စွပ်တစ်ကွင်း၊ စာအုပ်တစ်အုပ်နှင့် ခေါင်းဆောင်းရန် ဒေါက်ချာ ဦးထုပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်” ဆိုသည်မှာ ရှေးခေတ် မာစတာဘွဲ့ယူသည့် သူတစ်ဦး၏ အခမ်းအနား ဖြစ်သည်။

၁၉၅၉ ခုနှစ်က အမေရိကန်ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုနှင့် အခမ်းအနားကျင်းပရေး ကော်မတီက ဘွဲ့ယူစဉ် ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

ဘွဲ့အခမ်းအနား ကျင်းပစဉ်နှင့် ဘွဲ့လက်မှတ် ပေးအပ်စဉ်တွင် ဘွဲ့ဦးထုပ်ကို တောက်လျှောက် ဝတ်ဆင်ထားရမည်။ ဘွဲ့ယူသူများသည် ဆုတောင်းသည့်အခါ သို့မဟုတ် နိုင်ငံတော်သီချင်း တီးမှုတ်နေစဉ် အခါတွင်သာ ဦးထုပ်ကို ချွတ်ခွင့်ရှိသည်။ နိုင်ငံတော်သီချင်း သို့မဟုတ် ဆုတောင်းမှု ပြီးဆုံးလျှင် ဦးထုပ်ကို ပြန်ဆောင်းရမည်။ ပန်းဖွားကို မည်သည့်ဘက်သို့ ချမည်ဟု သတ်မှတ်ထားခြင်း မရှိ။ ကိုယ့်ကျောင်းနှင့် ကိုယ့်ပုံစံအတိုင်းသာ ဖြစ်သည်။ ဘယ်ထားသည် ဖြစ်စေ၊ ညာထားသည် ဖြစ်စေ သတ်မှတ်ထားသည့် အတိုင်းသာ ဖြစ်သည်။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဘွဲ့ဝတ်စုံများကို အမြတ်တနိုး သတ်မှတ်ဝတ်ဆင်ကြောင်း ထင်ရှားလှသည်။

ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။ ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။

ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။ အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။

TheVoice

တယ်လီနော၊ အူရီဒူးနဲ့ MPT ဈေးကွက် ဘယ်လိုယှဉ်ပြိုင်ကြမလဲ


အူရီဒူးဆင်းမ်ကတ်များကို ဇူလိုင် ၃ဝ ရက်က ကနဦး စတင်ရောင်းချခဲ့ပြီး ဩဂုတ် ၁၅ ရက်တွင် ဝန်ဆောင်မှုများကို တရားဝင်စတင်လိုက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ကျပ် ၁၅ဝဝ ဆင်းမ်ကတ်များကို ပြင်ပအရောင်းဆိုင်များတွင် စတင်ရောင်းချပေးခဲ့သည်။ တယ်လီနောကလည်း စက်တင်ဘာ ၂၇ ရက်တွင် မန္တလေး၌ ဆင်းမ်ကတ်များကို စတင်ရောင်းချပေးကာ ဝန်ဆောင်မှုများကို စတင်လိုက်ကြောင်း သိရသည်။

အော်ပရေတာလေးခုအနက် အော်ပရေတာသုံးခုက ဝန်ဆောင်မှုများကို စတင်လိုက်ပြီးနောက် ယင်းကုမ္ပဏီသုံးခု အနေဖြင့် သုံးစွဲသူများကို မည်သို့စွဲဆောင်မည်၊ ဈေးကွက် မည်သို့ယှဉ်ပြိုင်ကြမည်ဆိုခြင်းမှာ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာဖြစ်လာကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် အခြားအော်ပရေတာများထက် ခြေတစ်လှမ်း၊ နှာတစ်ဖျားမက သာခဲ့ပြီး ဆယ်စုနှစ်နှစ်ခုနီးပါး ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့ကြောင်း သိရသည်။ တစ်ခုတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသော အခြေအနေမျိုးတွင် ဝန်ဆောင်မှု အရည်အသွေး လျော့ကျခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းကို သုံးစွဲသူများ ကြုံတွေ့ခဲ့ရပြီး အော်ပရေတာ ကုမ္ပဏီအသစ်များကို ကြိုဆိုခဲ့ကြသည်။

MPT မှာ ကွန်ရက်လွှမ်းခြုံထားနိုင်မှုအရ အော်ပရေတာအသစ်များထက် သာလွန်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် အသုံးပြုနိုင်သောကြောင့် အော်ပရေတာအသစ်များ၏ ဆင်းမ်ကတ်များကို ဝယ်ယူသုံးစွဲသည့်တိုင်အောင် MPT ကတ်များကိုလည်း တွဲဖက်သုံးစွဲနေရသေးကြောင်း သိရသည်။

MPT မှာလည်း ပြိုင်ဘက်များရှိလာသောကြောင့် ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီတို့နှင့် ပူးပေါင်းခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

MPT နှင့် KDDI, Sumitomo ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းသည့် စာချုပ်ကို ၂ဝ၁၄၊ ဇူလိုင်လတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး အကျိုးတူပူးပေါင်းမှုကို စက်တင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လုပ်ငန်းအဆင့်တိုင်း၌ နှစ်ဖက်ကုမ္ပဏီတို့မှ တာဝန်ရှိ ဝန်ထမ်းတစ်ဦးစီ ပါဝင်သော ပူးတွဲဦးဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်နေကြောင်း သိရသည်။

“ပြုပြင်ပြောင်းလဲမှုတွေ၊ ဖြေလျှော့မှုတွေ လုပ်သွားမှာဖြစ်ပေမယ့် အသုံးပြုသူပမာဏ ကြီးမားတာကြောင့် ကျွန်တော်တို့အနေနဲ့ အရမ်းလုပ်ဆောင်လို့ မရပါဘူး။ Evolution ပုံစံနဲ့ သွားရမှာဖြစ်ပြီး တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲသွားရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးစောထူးသာက ပြောကြားသည်။

ကျပ် ၁၅ဝဝ ဖုန်းများ ပေါ်ပေါက်သည်မှာ တစ်နှစ်ကျော်ကြာ ရှိလာပြီးဖြစ်သော်လည်း ယခင်ချပေးခဲ့သည့် ဆက်သွယ်ရေးဖုန်းကတ်များမှာ ဈေးကွက်အတွင်း ကျပ်သောင်းဂဏန်းမှ ကျပ်သိန်းဂဏန်းအထိ ရှိနေသေးကြောင်း သိရသည်။

“ဒီမှာက ဆင်းမ်ကတ်တွေကို မစို့မပို့ ရောင်းပေးလို့မရဘူး။ တစ်သက်လုံး ထမင်းငတ်လာတဲ့သူကို မဝတဝ သွားကျွေးသလို ဖြစ်မှာပေါ့။ ဒီမှာက တစ်သက်လုံး ဆင်းမ်ကတ်ငတ်လာခဲ့တာ” ဟု အိုင်တီပညာရှင် ကိုဝေဟင်မျိုးက ဆိုသည်။

လက်ရှိရောင်းချပေးနေသည့် ကျပ် ၁၅ဝဝ WCDMA ဖုန်းများမှာ ယခင်ကကဲ့သို့ စာချုပ်ပေးခြင်း မရှိတော့ဘဲ ပျောက်ဆုံးခဲ့ပါက အသစ်ပြန်လည်ထုတ်ပေးမည့် ဝန်ဆောင်မှုမျိုး မရရှိခြင်းကြောင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြကြောင်း သိရသည်။ တရားဝင်ဈေးနှုန်းအရ ကျပ် ၁၅ဝဝ ဟု ဆိုသော်လည်း ကျပ်သောင်းချီအထိပေးကာ ဝယ်ယူရမှုများ ရှိနေသည်။

“ဆင်းမ်ကတ်ပျောက်၊ ပျက်ကိစ္စတွေက အရင်အတိုင်းပဲ ဆောင်ရွက်ပေးနေတုန်းပါ။ ဆင်းမ်ကတ်ပျက်ရင် ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာရှိနေတဲ့ ဆက်သွယ်ရေးရုံးတွေကနေ အခမဲ့ ပြန်လဲပေးပါတယ်။ ပျောက်ရင်တော့ စာချုပ်လိုပြီး ကျပ်နှစ်သောင်း သွင်းရပါမယ်။ အဲဒါက အခု ၁၅ဝဝ ဖုန်းတွေမှာတော့ မရပါဘူး။ နောက်ထပ် ဆင်းမ်ကတ်အသစ် ဝယ်သုံးရပါမယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားသည်။

MPT အနေဖြင့် ဈေးကွက်အသာစီး ရထားသော်လည်း ပြုပြင်ပြောင်းလဲမှုများ နှေးကွေးပြီး ယခင်အမူအကျင့်ဟောင်းများကို အချိန်မီ ပြုပြင်နိုင်ခြင်း မရှိပါက အော်ပရေတာအသစ်များ၏ ကျော်တက်ခြင်းကို ကြုံတွေ့ရနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ လက်ရှိ အချိန်အထိလည်း MPT ၏ ထူးခြားကောင်းမွန်သော ဝန်ဆောင်မှုအသစ်များကို မြင်တွေ့ရခြင်း မရှိသေးပေ။

“မြန်မာ့ဆက်သွယ်ရေးက နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပေါင်းလာပြီဆိုတော့ နောက်ပိုင်းမှာ ဆက်သွယ်ရေးတွေ ပိုကောင်းလာမယ် ထင်တယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှမထူးခြားသေးဘူး” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကိုသူရိန်ထက်က ပြောကြားသည်။

တယ်လီနောနှင့် အူရီဒူးတို့က ဖုန်းပြောခများကို တစ်မိနစ်လျှင် ၂၅ ကျပ်၊ ၃၅ ကျပ် သတ်မှတ်ကောက်ခံချိန်တွင် MPT က ဖုန်းပြောခကို တစ်မိနစ်လျှင် ၅ဝ ကျပ်သာ ဆက်လက်ကောက်ခံနေခြင်းမှာလည်း သုံးစွဲသူများအကြား ဝေဖန်စရာဖြစ်ခဲ့ကြောင်း သိရသည်။

တယ်လီနော၏ ဝန်ဆောင်ခနှုန်းထားများမှာ သင့်တင့်ကြောင်း သုံးစွဲသူအများစုက သုံးသပ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ အမြတ်ငွေ ရရှိနေခဲ့သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်ခနှုန်းထားများ လျော့ကျခြင်းမရှိသေးသည်မှာ စိတ်ပျက်စရာကောင်းကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အူရီဒူးက ဈေးကွက်လက်ဦးမှုရယူကာ အစောဆုံးရောင်းချခဲ့ပြီး ကနဦးတွင် ဆင်းမ်ကတ်ရောင်းချရမှု များပြားခဲ့သော်လည်း ဝန်ဆောင်မှုအရည်အသွေးနှင့် နှုန်းထားများကြောင့် နောက်ပိုင်းတွင် သုံးစွဲမှုလျော့ကျခဲ့ကြောင်း သိရသည်။

“နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ရဲ့ ကွန်ရက်ကို ပိုမိုကောင်းမွန်အောင်၊ ကျယ်ပြန့်လာအောင် ဆောင်ရွက်နေကြပါတယ်။ သီတင်းတစ်ပတ်မှာ လူဦးရေ ငါးသိန်းအထိ တိုးချဲ့အသုံးပြုလာနိုင်အောင် ကွန်ရက်ဖြန့်ကြက်နေပါတယ်။ ကျွန်တော်တို့ နားစွင့်ထားပြီး သုံးစွဲသူတွေရဲ့ အကြံပြုချက်တွေကို တုံ့ပြန်နေပါတယ်။ ဆက်လက်တိုးတက်အောင်လည်း ဆောင်ရွက်နေပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ဆိုသည်။

လတ်တလောတွင် အူရီဒူးရော တယ်လီနောပါ အခြေခံအဆောက်အအုံပိုင်းနှင့် ကွန်ရက်ဖြန့်ကြက် လွှမ်းခြုံနိုင်မှု အပိုင်းများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ယှဉ်ပြိုင်နိုင်ရန် အခက်အခဲ ရှိနေသေးပြီး ရာခိုင်နှုန်း ၉ဝ ကျော်ခန့် လွှမ်းခြုံနိုင်ရန် ငါးနှစ်ခန့် အချိန်ယူလုပ်ဆောင်ရမည်ဖြစ်ကြောင်း တယ်လီနောနှင့် အူရီဒူးက ဆိုထားသည်။

တယ်လီနောက မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့တွင် ဝန်ဆောင်မှုစတင်ပြီးနောက် ဒီဇင်ဘာလအတွင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

တယ်လီနော၏ ဝန်ဆောင်မှုများ စတင်မိတ်ဆက်ချိန်တွင် အူရီဒူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့၏ နှုန်းထားများထက် ပိုမိုသက်သာခဲ့ပြီး ဝန်ဆောင်မှုအရည်အသွေးကိုသာ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

“မန္တလေးမှာ စရောင်းတဲ့အခါ 2G ကတော့ အရမ်းကောင်းပါတယ်။ 3G ကတော့ Downtown တွေမှာရမယ်။ ပြောရရင် 2G က သုံးစွဲမှု ဘယ်လောက်များများ ကျုံ့မသွားဘူး။ 3G ကတော့ သုံးစွဲမှုအရမ်းများရင် ကွန်ရက်က သေးသွားတယ်။ ကွန်ရက်တွေ တိုးချဲ့တိုင်းမှာ ဝန်ဆောင်မှုရနိုင်မယ့် မြို့တွေကို ကြိုတင်ကြေညာပေးသွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

တယ်လီနောဆင်းမ်ကတ်များကို စက်တင်ဘာ ၂၇ ရက်က မန္တလေးတွင် စတင်ရောင်းချရာ ဝယ်ယူသူ များပြားခဲ့ကြောင်း သိရသည်။ မကြာမီကာလတွင် နေပြည်တော်နှင့် ရန်ကုန်တို့၌လည်း ဆက်လက်ရောင်းချမည်ဖြစ်ရာ လူဦးရေများပြားသော ရန်ကုန်တွင် လုံလောက်သောကွန်ရက် ရရှိရေးအတွက် တည်ဆောက်ဆဲတာဝါတိုင်များ အလျင်အမြန်ပြီးစီးရန် အပြင်းအထန် ကြိုးပမ်းနေရကြောင်း သိရသည်။

အူရီဒူးမှာလည်း ကွန်ရက်ပိုမို ဖြန့်ကျက်နိုင်ရန်အတွက် တာဝါတိုင်များ ထပ်မံတည်ဆောက်လျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှာလည်း ဆင်းမ်ကတ်များကို တိုးမြှင့်ရောင်းချနိုင်ရန် တာဝါတိုင်အသစ်များ စိုက်ထူခြင်း၊ ရှိပြီးသားတာဝါတိုင်များကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးကျန်ရှိသည့် ရတနာပုံတယ်လီပို့မှာ ပူးပေါင်းမည့် ကုမ္ပဏီကို ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိသေးဘဲ လိုင်စင်တင်ခြင်းများကိုလည်း မဆောင်ရွက်နိုင်သေးသောကြောင့် လာမည့် ၂ဝ၁၅ ခုနှစ် အတွင်း၌သာ ဆင်းမ်ကတ်များကို စတင်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် ဈေးကွက်ယှဉ်ပြိုင်မှု ရှိလာသောကြောင့် သက်သာသောဈေးနှုန်းနှင့် ကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးတို့ကို သုံးစွဲသူများ မျှော်လင့်လာနိုင်ပြီဖြစ်ကာ လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍမှာ သိသာထင်ရှားသော အပြောင်းအလဲများကို ပိုမိုမြင်တွေ့လာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

တယ်လီနော ဆင်းမ်ကတ်များကို ၀ယ်ယူရန် စောင့်ဆိုင်းနေသော မန္တလေးမြို့ ဒေသခံများအား တွေ့ရစဉ်
Eleven Media Group

ပြည့်တန်ဆာရဲ့ မှန်သော သစ္စာ


လူသားတို့တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံတရားများကြောင့် ဘဝရပ်တည်မှုအခြေအနေတွေ ကွာခြားကြပါတယ်။

အဲဒီလိုကွာခြားမှုတွေရှိပေမယ့် လူတစ်ဦးချင်းစီတွင် မှန်ကန်သောသစ္စာတရား၊ သီလများရှိနေပါက လူ သားများကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ယုတ်နိမ့်သည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆောင်ရွက် နေရသူများပင် သူတို့၏ သစ္စာအဓိဋ္ဌာန်ဖြင့် လူတွေကို ကူညီဆောင်ရွက်ပေးခဲ့သည့် ''ပြည့်တန်ဆာရဲ့ မှန်သောသစ္စာ'' ဆိုသည့် သုတ္တန်ပုံပြင်လေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အဲဒီပုံပြင်လေးကိုဖော်ပြနိုင်ရန် ဆရာကြီးဦးသုခ၏ ရာမာခရစ်ရှနာ၏ သုတ္တန်ပုံပြင်များစာအုပ်မှ အမှန် တရားဆိုသည့်ပုံပြင်ကို မှီငြမ်းထား ပါတယ်။

ရှေးအခါက ပါဋလိပုတ်မြို့တော်ကြီး၌ ဓမ္မာသောကမင်းကြီး စိုးစံနေပါတယ်။ မြို့တော်ကြီးဘေးတွင် အညာဒေသ မှ မြစ်ဖျားခံစီးဆင်းလာသော ဂင်္ဂါမြစ်ကြီးရှိပြီး မြစ်ရေသည် ထူးထူးခြားခြား တဖြည်းဖြည်းတိုးလာတယ်။ မြစ်အောက် ကျတဲ့ မြို့ရွာတွေမှာ မြစ်ရေတိုးပြီး တာတမံကျိုးကာ လယ်ယာ၊ အိုးအိမ်၊ ကျွဲ၊ နွား၊ လူသတ္တဝါတွေလည်း ဒုက္ခရောက် နိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

ဘုရင်ကြီးလည်း မြစ်ရေတိုးတာကိုကာကွယ်နိုင်ဖို့ အစီအရင်အမျိုးမျိုးကို ဆောင်ရွက်နေတယ်။ မြေဖို့တာ၊ နတ် မေး၊ အင်းမြှုပ်၊ ဂါထာမန်း အစုံလုပ်ပေမယ့် ယူဇနာငါးရာအလျားရှိတဲ့ ဂင်္ဂါမြစ်ရေဟာ တိုးမြဲတိုးနေပါတယ်။ မြစ်ရေတွေ နေ့စဉ်ရက်ဆက်တိုးလာတော့ တာတမံတွေကျိုးမှာစိုးတဲ့ မင်းကြီးက မှူးမတ်တွေကို မေးမြန်း တယ်။

''အချင်းအမတ်တို့၊ ဒီဂင်္ဂါမြစ်ရေကို အညာကို တစ်ဖန်ပြန်စီးအောင် စွမ်းနိုင်သောသူ တစ်စုံ တစ်ယောက်သောသူ ရှိသလော''ဟု မေးပါတယ်။
အမတ်ကြီးများက ''မင်းကြီး ဒီကိစ္စက ပြုနိုင်ခဲပါတယ်''လို့ ခေါင်းငုံ့ပြီး လျှောက်တင်ကြတယ်။

အဲဒီအချိန်တွင် ဂင်္ဂါမြစ်ကမ်းနဖူးပေါ်တွင် ငွေလွှာခါးဝတ်တန်ဆာကိုဝတ်ဆင်ပြီး ပိတုန်းရောင် ဆံကေသာနဲ့ အလွန်လှပကြော့ရှင်းသောမိန်းမပျိုလေးတစ်ဦး ဂင်္ဂါမြစ်ကမ်းကို စိုက်ကြည့်နေတာ ကို အားလုံးလှမ်းမြင်လိုက်ရတယ်။ မိန်းမပျိုလေးကလည်း ရှင်ဘုရင်နဲ့ အမတ်ကြီး တွေကို တွေ့မြင်သွားပြီး သူတို့ပြောနေတဲ့ မြစ်ရေကြီးတဲ့ အကြောင်း ကြားသွားပါတယ်။

ငယ်ရွယ်ချောမောတဲ့မိန်းမပျိုလေးက ဘုရင်နဲ့ အမတ်ကြီးထံ လာရောက်ခစားပြီး ''ကျွန်ုပ်ပြုနိုင်ပါတယ်။ အညာ ကို တစ်ဖန်ရေပြန်စီးအောင် ဂင်္ဂါမြစ်ကြီးကို ကျွန်ုပ်ပြုနိုင်တယ်။ ရှုလော့...ရှုလော့'' လို့ ကြွေးကြော်တယ်။ မင်းပရိ သတ်အားလုံး ကြည့်ရှုနေဆဲမှာပင် မြစ်ထဲကိုဆင်းသွားပြီး ရေစပ်နားမှာ တစ်စုံတစ်ရာသောစကားကို ကြည်လင်သော အသံနဲ့ ပြောနေပါတယ်။

ထိုအချိန်မှာ မင်းကြီးက ထိုမိန်းမပျိုမှာ နှစ်လိုဖွယ်အဆင်းရှိပြီး သူဌေး၊ သူကြွယ်တစ်ဦး၏ သမီးလော၊ မင်းမျိုး မင်းနွယ် အခြားဘုရင်တို့၏သမီးလောဟု အမတ်ကြီးများကို မေးမြန်းတယ်။

အမတ်ကြီးတွေက ''အရှင်မင်းကြီး ဒီမိန်းမပျိုလေးသည် သူဌေးသူကြွယ်သမီးလဲ မဟုတ်၊ မင်းသမီးလဲ မဟုတ်၊ မြို့တော်အတွင်းမှာ ကာမအရာကို အသပြာနှင့်ဖောက်ကားနေသော ဗိန္ဒုမတီ ပြည့်တန်ဆာမလေးဖြစ်ပါတယ်''လို့ လျှောက်တင်ကြတယ်။

ကာမဂုဏ်လိုက်စားသောမြို့သားများကို ကခြင်း၊ သီဆိုခြင်း၊ ချိုသာသောစကားဖြင့် ဖျော်ဖြေရခြင်း၊ ကာမရောဂါ ကိုယ်တွင်းနာကို သက်သာအောင်ကုစားပေးနေရသော အမျိုးသမီးလေးဖြစ်မှန်း ဘုရင်ကြီး သိသွားတယ်။

ရှေးဘုရင်များလက်ထက်တွင် ပြည့်တန်ဆာတို့အား ပျော်ပါးလိုကြပေမယ့် ပျော်ပွဲရွှင်ပွဲမင်းပွဲများတွင် အဖက် မတန် ဆက်ဆံမည့်သူမရှိ ပေါင်းသင်းခြင်းမှ ရှောင်ကွင်းခဲ့ကြပါတယ်။

ထိုအခါ မင်းကြီးသည် မိန်းမပျိုလေးကိုချီးကျူးမိသည့် သူ၏စိတ်မှာ တောင်ထိပ်မှာကျသွားသလို တစ်ခဏချင်း နိမ့်လျှောကျဆင်းကာ မစင်ပုပ်ကဲ့သို့ ရွံ့ရှာအော့နှလုံးနာသွားပါတယ်။

ဗိန္ဒုမတီပြည့်တန်ဆာမလေးမှာ ရေစပ်နားတွင် စကားဆိုပြီး ရေကို သူမရဲ့လက်နဲ့ ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂင်္ဂါမြစ်ရေဟာ လှိုင်းအလိပ်လိပ်ဖြစ်ကာ အညာသို့ တစ်ဖန်စီးဝင်တယ်။ ဝဲတံပိုးတွေနဲ့ ကြီးစွာသောအသံမြည်ဟိန်း သွားတယ်။ မင်းပရိသတ်တွေအားလုံး ထူးဆန်းသည့်ဖြစ်အင်ကို ရင်သပ်ရှုမောဖြစ်ကာ ဗိန္ဒုမတီ ပြည့်တန်ဆာမသည် စုန်းကဝေအတတ်ပညာတတ်သည်ဟု စွပ်စွဲပြောဆိုကြတယ်။

''ယုတ်မာတဲ့ ကိလေသာအမျိုးသမီးမှာ တန်ခိုးသတ္တိနဲ့ပြည့်စုံတဲ့ နတ်ကောင်းနတ်မြတ်တွေ ယှဉ်ကပ်နိုင်မှာမဟုတ်'' ဟု လူတွေက ရုတ်ရုတ်သဲသဲပြောဆိုကြတယ်။

မင်းကြီးလည်း ''အမတ်တို့ ဒီမိန်းမယုတ်က ဘာကြောင့် ဂင်္ဂါရေကို အညာသို့ပြန်စီးအောင်လုပ်နိုင်တာလဲ။ အကြောင်း တစ်စုံတစ်ရာ ရှိလိမ့်မယ်''လို့ဆိုကာ စုံစမ်းစေတယ်။

မှူးမတ်ကြီးတို့လည်း ဘုရင့်အလိုအတိုင်း စုံစမ်းပြီးနောက် ''အရှင်မင်းကြီး ဗိန္ဒုမတီပြည့်တန်ဆာမမှာ အမှန်တရား စကား(သစ္စာအဓိဋ္ဌာန်)ဆိုခြင်းကြောင့် ဂင်္ဂါရေကို ပြန်၍စီးဆင်းစေခြင်းဖြစ်ပါတယ်''လို့ ဆိုကြတယ်။

မင်းကြီးကိုယ်တော်တိုင် ပြည့်တန်ဆာမအားခေါ်ယူ၍ မေးမြန်းသောအခါ ပြည့်တန်ဆာမက ''အရှင်မင်းကြီး လောကမှာ ဖောက်လွှဲသော်လဲ အမှန်တရားက မဖောက်လွှဲ၊ အမှန်တရားကို နှစ်သက်သူအပေါင်းမှာ အမှန်တရားကို နာခံ၏။ ထို့ကြောင့် မြစ်ရေသည် အမှန်တရားကိုဆိုရုံဖြင့် ဆန်တက်တယ်'' လို့ လျှောက်တင်ပါတယ်။

ပြည့်တန်ဆာမက ဆက်၍ ပျားရည်ဥပမာဖြင့် မင်းကြီးအား ရှင်းပြပါတယ်။

ကြံပင်မှာစွဲသောပျားလပို့သည် ချိုမြိန်သောအရသာရှိသလို တမာပင်မှာစွဲတဲ့ပျားရည်ကလည်း ချိုမြိန်သောအရသာ ပြောင်းလဲမသွားကြောင်း၊ ယုတ်ညံ့သောအသက်မွေးဝမ်းကျောင်း ပြုလုပ်နေစေကာ မူသီလ၊ မှန်ကန်မှုသစ္စာတရားများ ထားနိုင်ကြောင်း ပြောပါတယ်။

မင်းကြီးလည်း ပြည့်တန်ဆာမအား သင့်ရဲ့ သစ္စာစကားကြောင့် ဂင်္ဂါမြစ်ရေ ပြန်စီးစေတယ်လို့ ဆိုတယ်။ သင်၏ မှန်သောသစ္စာစကားက အဘယ်နည်းလို့ မေးမြန်းပါတယ်။

''မြတ်သောမင်းကြီး အကျွန်ုပ်ကား ပြည့်တန်ဆာမဖြစ်ပြီး မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တွေကို ကိလေသာနဲ့ လုပ်ကျွေးပါတယ်။ မင်းသားဆိုပြီး အထူးမရှိ၊ ဆင်းရဲသားဆိုပြီး မထီလေးစားလုပ်ခြင်းမရှိခဲ့ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း ကင်းကာ ဥစ္စာကိုယူပြီး ကာမနဲ့ ရောင့်ရဲစေခဲ့တယ်။ ဒီစကားသည် မှန်သော သစ္စာတရားစစ်စစ်ဖြစ်ပြီး ထိုစကားကြောင့် ဂင်္ဂါမြစ်ရေသည် အညာသို့ ဆန်တက်ခဲ့တာ မင်းကြီး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ မင်းကြီး ဒီစကားသည် ကျွန်ုပ်ရဲ့ မှန်သောသစ္စာစကားဖြစ်ပါတယ်'' လို့ ဖြေကြားပါတယ်။

ဓမ္မာသောကမင်းကြီးသည် ကိုယ်ကျင့်တရားအားဖြင့် ယုတ်နိမ့်သော ပြည့်တန်ဆာထံမှ မှန်ကန်သောသစ္စာစကား ကို နားနဲ့ဆက်ဆက်ကြားသိရပြီး ဂင်္ဂါမြစ်ရေတိုးခြင်းမှလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။

- သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၇)။

Credit to: yangonmediagroup

သူခိုးရေးတဲ့ သူခိုးဝတ္ထု

(၁) 
သူခိုးလို့ စကားစလိုက်တော့ ကိုရင့်မျက်နှာကြည့်ရတာ သိပ်စိတ် မ၀င်စားတဲ့ပုံပဲ။ မပျင်းစေရဘူးဆိုတာ ကျုပ်တာဝန်ယူပါတယ်ကိုရင်။ ကဲ၊ ကြာပါတယ်လေ။ သူခိုးအကြောင်း ဟာသပုံပြင်လေးတပုဒ်နဲ့ စလိုက်ကြစို့ ရဲ့။ 

တခါတုန်းက ရွာတရွာမှာ အပျိုကြီးတယောက်ရှိသတဲ့ဗျ။ သူ့ခမျာ မိန်းမသားပီပီ အချိန်တန်အရွယ်ရောက် လူလားမြောက်ချိန်မှာ သီးချိန် တန်သီး၊ ပွင့်ချိန်တန်ပွင့်ချင်ရှာပေမယ့် ရုပ်ဆင်းအင်္ဂါ မလှရှာတော့ အိမ် ထောင်ဘက်မတွေ့နိုင်ဘဲ တကိုယ်တည်း အပျိုကြီးဖြစ်ရရှာတာတဲ့ဗျာ။ မိဘ ဆွေမျိုးဉာတကာတွေလည်း မရှိရှာတော့တဲ့အချိန်၊ အသက်ကလည်း လေးဆယ်ကျော်ဖြစ်လာတော့ တအိမ်လုံးမှာ တယောက်တည်းအထီးကျန် ဘ၀နဲ့နေရင်း အိမ်ထောင်ကျနိုင်မယ့် အခွင့်အလမ်းကို ဇွတ်ကြံဆနေရသတဲ့ ကိုရင်။ ဒီလိုနဲ့ တနေ့တော့ အဲဒီအပျိုကြီးအိမ်ကို ညကြီးအချိန်မတော် သူခိုးတယောက်ဝင်ခိုးတော့ ကံဆိုးတဲ့ သူခိုးခင်မျာ အပျိုကြီးရဲ့ လက်ရဖမ်း ဆီးခြင်းကိုခံရပါလေရော။ သူခိုးလူမိပြီဆိုမှတော့ မျက်နှာငယ်လေးနဲ့ ပြန် လွှတ်ပေးဖို့ တောင်းပန်ရတာပေါ့။ ဒီမှာတင် အပျိုကြီးဟာ ““နင်လူပျို လား””လို့ သူခိုးကို မေးသတဲ့ဗျ။ ““လူပျိုပါ””လို့လည်း သူခိုးကဖြေလိုက် ရော၊ အပျိုကြီးဟာ ““ဒီတခါတော့ ဟန်ကျပြီဟဲ့””ဆိုတဲ့အတွေးနဲ့ ““ဒါဆို နင်ငါ့ကို လက်ထပ်ယူမလား၊ ယူမယ်ဆိုရင် ငါလွှတ်ပေးမယ်။ မယူဘူးဆိုလို့ ကတော့ သူကြီးအိမ်အပို့ပဲ””တဲ့။ 

အကဲခတ်ရသလောက် ဒီသူခိုးဟာ၊ ရွာထဲက သူခိုးမဟုတ်ဘဲ ရွာကျော်ပြီး လာခိုးတဲ့ သူခိုးထင်ပါရဲ့။ အဲဒီအပျိုကြီးကို မမြင်ဖူးရှာဘူးတဲ့အပြင် သူ့လူပျိုဘ၀ကို စတေးရတော့မယ့်အချိန်မို့ ““အမကြီးရယ်၊ မီးခြစ် ကလေး တချက်လောက်ခြစ်ပါလားဗျာ””လို့ တောင်းဆိုလိုက်တော့ အပျို ကြီးလည်း သူခိုးရဲ့လက်ကို ဂျိုင်းကြားမှာခပ်တင်းတင်းညှပ်ထားရင်း ကျန် တဲ့သူ့လက်တဖက်နဲ့ ခါးကြားက မီးခြစ်ကို ချပ်ခနဲခြစ်လိုက်ရောပေါ့ ကိုရင် ရယ်။ အရေးထဲ မီးခြစ်ကမသုံးတာကြာလို့ ထင်ပါရဲ့။ ဖျက်ခနဲသာ တချက် သာလင်းပြီး ဟုတ်ဆိုပြန်ငြိမ်းသွားပါလေရော။ အပျိုကြီးကတော့ မီးခြစ် ကို ချပ်၊ ချပ်၊ ချပ်နဲ့ ကြိုးစားပမ်းစား ထပ်ခြစ်ရှာပါတယ်။ ဒါပေမဲ့ သူခိုး အတွက်ကတော့ ဖျပ်ခနဲ တချက်လင်းလိုက်တဲ့ အလင်းရောင်နဲ့တင် ဆုံးဖြတ်ချက်ချနိုင်သွားတယ် ထင်ပါရဲ့။ ““အမကြီးရယ်၊ သူကြီးအိမ်သာ ပို့ပါတော့””ဆိုပဲ။ 

(၂)
သူခိုးအကြောင်းတွေ ပြောမယ်ဆိုရင် ရယ်စရာချည်းတော့ မဟုတ်ပေဘူး ကိုရင်။ တရားသံဝေဂရထိုက်တဲ့ သူခိုးသုတ္တန်တောင်ရှိသေးသဗျာ။ ဘာတဲ့။ ရာမာခရှစ်ရှနာဆိုလား၊ အိန်္ဒိယသူတော်စင်တပါး ဟောခဲ့ဖူးတာ ပေါ့။ တခါတုန်းက သူခိုးတယောက်ဟာ နန်းတော်ထဲက အဖိုးတန် ပစ္စည်း တွေ အလစ်သုတ်မဟဲ့ဆိုပြီး နန်းတော်ထဲကို သက်စွန့်ဆံဖျားခိုးဝင်သွား လိုက်တာ မထင်မှတ်ဘဲ ဘုရင့်အိပ်ဆောင်တော်ကိုရောက်သွားသတဲ့။ ဒီသူခိုးကြည့်ရတာ နာရီဝယ်မပတ်နိုင်လို့များလား မဆိုနိုင်ဘူး။ သူရောက် သွားတဲ့အချိန်မှာ ဘုရင်ကြီးက မအိပ်သေးဘဲ မိဖုရားကြီးနဲ့ နှစ်ကိုယ် ကြား ကိစ္စတခုကို တိုင်ပင်နေတော့ သူခိုးလည်း တိတ်တိတ်လေး ခိုးနား ထောင်နေလိုက်ရောပေါ့။ 

လက်စသတ်တေ့ ဘုရင်ကြီးဟာ နောက်တနေ့မနက် မိုးသောက်ရင် သူ့ရဲ့ ရှုမငြီးတဲ့ သမီးတော်အတွက် ဂင်္ဂါမြစ်ကမ်းမှာရှိတဲ့ သူတော်စင်တွေ ထဲက တပါးပါးကို လက်ဆက်ပေးပြီး ထီးနန်းစည်းစိမ်ကိုပါ လွှဲပေးဖို့ စီစဉ်နေသကိုး။ ဒီမှာတင် သူခိုးလည်း အကွက်ကောင်းတော့ဆိုက်ပြီဟ ဆိုပြီး နန်းတော်ထဲက ဘာပစ်္စည်းမှ ခိုးမနေတော့ဘဲ ဂင်္ဂါမြစ်ကမ်းမှာ နဖူးပြာသုတ်ပြီး သူတော်စင်ယောင်ဆောင်လိုက်ရောပေါ့ ကိုရင်ရယ်။ နံနက် မိုးသောက်တော့ ဘုရင်ကြီးဟာ သူ့အစီအစဉ်အတိုင်း ဂင်္ဂါမြစ်ကမ်း ကိုရောက်လာ၊ သူတော်စင်တွေကို တပါးချင်း သူ့သမီးကိုယူဖို့ တောင်းပန်၊ သူတော်စင်အစစ်တွေကငြင်း၊ နောက်ဆုံး အယောင်ဆောင် သူတော်စင် သူခိုးအလှည့်ကျတော့ အကြံသမား ငတိက တုံဏိဘာဝေ ဆိတ်ဆိတ် နေလိုက်တော့ ဘုရင်ကြီးလည်း ၀မ်းသာလုံးဆို့ပြီး နောက်တနေ့မှာ ကြီးကျယ်တဲ့ အခမ်းအနားနဲ့ မင်းကရာဇ်စည်းစိမ်ကို ခံစားဖို့ လာရောက် ပင့်ဆောင်မယ့်အကြောင်း လျှောက်တင်ပြီး နန်းတော်ပြန်သွားကြတော့ သူခိုးခမျာ တညလုံးစဉ်းစားခန်းဝင်အတွေးနယ်ချဲ့လိုက်မိတာ တမှေးမှ အိပ်မပျော်ဘူးတဲ့။ အော်၊ တညတာ သူတော်ကောင်းယောင်ဆောင်တာ တောင် ထီးနန်းစည်းစိမ်ကိုရတဲ့အဖြစ်ပါကလား။ တသက်လုံးများ သူတော် ကောင်းဖြစ်ခဲ့ရင် သံသရာမှာ ဘယ်လောက်များ အကျိုးထူးလိုက်ပါမလဲ စသည်ဖြင့်ပေါ့ ကိုရင်။ 

နောက်တနေ့လည်းရောက်ရော၊ ဘုရင်ကြီးဟာ သူ့သမီးတော်ရဲ့ သူ့ကြင်ယာတော်လောင်းလျာသူခိုးကို နန်းတော်ကြီးဆီပင့်ခေါ်ပို့၊ ဆင်တွေ မြင်းတွေခြံရံပြီး ဝေါယာဉ်နဲ့ရောက်လာတော့တာပေါ့။ ဒီတော့ သူခိုးဟာ မင်းကြီး၊ ငါသည် မနေ့ကအထိ အတုဖြစ်ခဲ့ချေသည်။ ယခုမူ အစစ်ဖြစ်ခဲ့ပြီမို့ ထီးနန်းစည်းစိမ်ကို မမက်တော့ပြီဆိုပြီး သံဝေဂတရားဟော၊ ပြန် လွှတ်လိုက်ရောဆိုပါတော့ ကိုရင်။

(၃)
သံဝေဂရစရာ သူခိုးဇာတ်လမ်းပြီးတော့ သူခိုးတယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်လေးလည်း ပြောပြချင်သေးတယ်မောင်။ အဲဒီသူခိုးကတော့ ကျုပ်ကိုယ်တိုင်ပါပဲ။ သိပ်လည်း အံ့သြမသွားပါလေနဲ့ ကိုရင်။ ဟုတ် တယ် ကိုရင်ရဲ့။ ကျုပ်ကိုယ်တိုင်လည်း သူခိုးဖြစ်ဖူးခဲ့တာ အမှန်ပဲ။ ပြောရ မှာ ရှက်စရာဆိုပေမယ့် ဒီကိစ်္စကို ဖွင့်ပြောလိုက်ရင်၊ စိတ်သက်သာရာ တခုခုရမယ်ထင်ပါရဲ့။ ဒီလို ကိုရင်ရဲ့။ ကျုပ်ဆယ်နှစ်သားလောက်တုန်းက ပေါ့။ လေးတန်းကျောင်းသားဘ၀၊ စာကိုဂျောင်းဂျောင်းပြေးဖတ်တတ်နေ ပြီမို့ ကျောင်းစာပြင်ပက ၀တ္ထု၊ ကာတွန်း၊ မဂ္ဂဇင်းတွေတောင် ဖတ်တတ် နေပြီဆိုပါတော့။ ကလေးဘ၀ရတဲ့ မုန့်ဖိုးနဲ့ စာအုပ်ဝယ်ဖတ်ဖို့ ဘယ်မှာ လာလုံလောက်ပါ့မတုန်း။ စာအုပ်အငှားဆိုင်က ငှားဖတ်ရတာပေါ့။ စာအုပ် တွေကို ၀ါးစားသလိုဖတ်တော့ ငှားခနဲ့လည်း မလုံလောက်ပြန်ဘူးဆိုပါ တော့။ ဒီကြားထဲ ကာတွန်းဗကလေးရဲ့ ရွှင်ပြုံးစာစောင်ထဲက ကာတွန်းတွေ စုထုတ်တဲ့ စာအုပ်တအုပ်ကို ကျုပ်လွှတ်သဘောကျနေတဲ့အချိန်ပေါ့။ အဲဒီ စာအုပ်က နှစ်ကျပ်ခွဲတန်တယ် ကိုရင်။ 

စာအုပ်လိုချင်စိတ် ငယ်ထိပ်ရောက်နေတဲ့ကျုပ်လည်း နှစ်ကျပ်ခွဲ တန်စာအုပ်တအုပ်ခိုးတာလောက်တော့ မထူးပါဘူးလေဆိုပြီး ငှားနေကျ စာအုပ်ဆိုင်မှာ စာအုပ်ရွေးနေရင်း အဲဒီစာအုပ်ကို ကျုပ်ခိုးခဲ့ပါလေရော။ ဆိုင်ရှင်ကတော့ ကျုပ်ဟာ သူခိုး မဟုတ်လောက်ပါဘူးဆိုပြီး စိတ်ချနေ ဟန်တူပါရဲ့။ ကျုပ်ခိုးလာတာ သူမ သိလိုက်ရှာဘူး။ ဒါပေမဲ့ဗျာ။ တကိုယ် လုံး နတ်ပူးသလိုလိုတုန်နေတဲ့ ကျုပ်ဟာ၊ အဲဒီစာအုပ်ကို ခါးကြားမှာ ညှပ်ပြီး အိမ်ကိုပြန်ခဲ့တဲ့နေ့ကနေစပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ ““ငါဟာ သူခိုး၊ ငါဟာ သူခိုး””ဆိုတဲ့ ဥပဒါန်ကြီးက စွဲနေပါလေရောဗျာ။ အိမ်က ပိုက်ဆံတို့၊ အချိန်မတော်သူများခြံထဲက အုန်းသီးတက်ခိုးတာတို့လည်း ကျုပ်လုပ်ခဲ့ဖူးပါတယ်။ ခံစားချက်ချင်းက မတူရေးချမတူဘူး ကိုရင်။ အပျော်သဘော၊ ဘာလောဘမှ မပါဘဲ ခိုးခဲ့တဲ့ကိစ်္စက ဘာမှ ထူးထူးခြား ခြား မသိသာပေမယ့် ရည်ရွယ်ချက်ရှိရှိ၊ မက်မောစိတ်နဲ့ခိုးခဲ့တဲ့ကိစ်္စကျ တော့ စိတ်ထဲမှာ သံမှိုနဲ့စွဲသလို စွဲနေလေရဲ့။ ဘုရားရှိခိုးတဲ့အခါ ပါဏာ တိပါတာ ဝေရာမဏိ နေရာမှာ နှစ်ကျပ်ခွဲတန် ကာတွန်းစာအုပ်က ခေါင်းထဲ ရောက်ရောက်လာတတ်သကိုး။ စာအုပ်တအုပ်ရတာနဲ့ နှစ်ပေါင်းရှည်ကြာ ခံစားပေးဆပ်ရတာ မတန်လွန်းလို့ ကျုပ်ဖြင့် လက်ရှိအချိန်မှာ တယောက် ယောက်နဲ့၊ အပြန်အလှန်ငွေခန်းပစ်္စည်းခန်း ဆက်ဆံရတဲ့အခါ ကျုပ် လက်ထဲ အပိုပါလာရင် ချက်ချင်းပြန်ပေးပစ်လိုက်တာပါပဲ။ တခါသေဖူး၊ ပျဉ်ဖိုးနားလည်သွားခဲ့တယ်ဆိုပါစို့မောင်။ 

(၄)
သူခိုးဇာတ်လမ်းတွေကတော့ပြောလို့ မကုန်နိုင်ပါဘူး။ ဘုရားလောင်းတောင် တခုသောဘ၀မှာ ခိုးမှုကြီးဖြစ်ခဲ့ဖူးဆိုလား။ တထောင့်တည ပုံပြင်ထဲမှာလည်း သူခိုးကို ဇာတ်လိုက်ထားတဲ့ ပုံပြင်တွေလည်း အများ သားကလား။ ကိုရင်မှာလည်း အိမ်ထောင်ရှိမယ် ထင်ပါတယ်။ တချို့ ကျမ်းဂန်တွေမှာ မိမိ ဇနီးမယားဟာ ခိုးသူနဲ့တူသောမယားဖြစ်နေတတ် သတဲ့။ ဒါလည်း သတိထားဦး ကိုရင်။ အမယ် သူခိုးဆိုတာ ပုဂ်္ဂိလိကပိုင်ဆိုင် မှုကို တကိုယ်တော်ဆန့်ကျင်တိုက်ဖျက်နေတဲ့သူ ဘာညာဆိုပြီး သူခိုးဖြစ် အောင် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ တလွဲဆံပင်ကောင်းနေသူတွေလည်း ရှိသေးဗျာ။ အမယ်။ သူခိုးတွေမှာလည်း သူခိုးစည်းကမ်းရှိသေး သတဲ့။ အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် မခိုးရတာတို့၊ ပစ်္စည်းခိုးတဲ့ အခါ လူကိုရန်မမူရတာတို့၊ ဘာတို့ပေါ့ ကိုရင်။ သူခိုးကြီးတော့ ဓားပြတဲ့ ကိုရင်ရဲ့။ ဓားပြကတော့ ပစ္စည်းလည်းယူသေး၊ တခါတလေ လူကိုလည်း ရန်မူတတ်သေးဆိုတော့ ဓားပြက သူခိုးထက်ပိုဆိုးတယ် ဆိုရမယ်။ ကျုပ်ကြားဖူးတာက တချို့လူတွေဟာ မွေးကတည်းက စောရနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာကြတယ်ဆိုပဲ။ ကျုပ် သူငယ်ချင်းတယောက်ကတော့ ဘာရယ်မဟုတ်ဘဲ၊ သူငယ်ချင်းတွေရဲ့ ဖိနပ်တွေကို အလစ်မှာ ယူယူပြီး ဖွက်ထားတတ်လေရဲ့။ ကျုပ်ဖြင့် ဒီလူဟာ စောရနက်္ခတ်နဲ့ မွေးလာတာများ လားတွေးမိတဲ့အထိ။ ရန်သူမျိုးငါးပါးစာရင်းမှာတောင် သူခိုးက ပါနေသေး ဗျာ။ ကြည့်လေ။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူတဲ့။ ကျုပ်ကပဲ အတွေးခေါင်လေရော့သလား မဆိုနိုင်ဘူး။ ရန်သူမျိုးငါးပါး စာရင်းမှာ မင်းနဲ့ခိုးသူကို ကပ်လျက်တွဲထည့်တာ အံ့သြစရာတော့ အကောင်းသားကလား။ ကိုရင် စဉ်းစားကြည့်လေ။ ကလေကချေ သူခိုး ကလည်း အကြံအဖန်ကောင်းရင် “မင်း”ဖြစ်သွားနိုင်တယ်။ ရာဇာဆိုတဲ့ “မင်း”ကလည်း မင်းကျင့်တရားနဲ့ မညီရင် အချိန်မရွေး သူခိုးဖြစ်သွားနိုင် တာကို ဆိုလိုချင်တယ် ထင်ပါရဲ့။ အံမယ်လေး၊ ကျုပ်တို့ ဗမာပြည်မှာတော့ သူခိုးကနေ အစိုးရမင်းတွေဖြစ်ကုန်တာ မဆန်းလှဘူး ကိုရင်ရေ။ နားဝေးချက် ကိုရင်ရယ်။ မဲခိုးပြီး အမတ်တွေ၊ ၀န်ကြီးတွေဖြစ်သွားတဲ့ သူတွေဟာ အဲဒီစာရင်းဝင်တွေပဲပေါ့။ သူခိုးကနေ ၀န်မင်းတွေအမတ်တွေ ဖြစ်လာမှတော့ ဒီလူတွေ သူခိုးစာရင်း ဆက်ဝင်ကုန်ကြတာ သေချာတွေး ကြည့်ရင်၊ သဘာဝတော့ အကျသားမောင်။ ဒီတော့ ရှေးပညာရှိများဟာ ရန်သူမျိုးငါးပါးစာရင်းမှာ မင်းနဲ့သူခိုးကို တဆက်တည်း ထည့်ထားတာ ဟာ ဒီခေတ်ဗမာပြည်အစိုးရမင်းတွေရဲ့ရှေ့ဖြစ်ကို ကြိုဟောထားတာများ ဖြစ်နေလေရော့သလားလို့။ 

(၅)
ခက်ပါဘိ ကိုရင်ရယ်။ သက်သေသက္ကာယခိုင်ခိုင်မာမာမရှိဘဲ ကျုပ်ဘယ်ပြောရဲပါ့မတုန်းမောင်။ ဗမာပြည်ရဲ့မင်းစိုးရာဇာစာရင်းဝင် သမ္မတ ၀န်ကြီး၊ ၀န်လေး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေး၊ ညွှန်ချုပ်ကြီး၊ ညွှန် ချုပ်ကလေးတွေရဲ့ လက်ရှိပိုင်ဆိုင်မှု ဓနဥစ္စာတွေကို ကာလပေါက်ဈေး နဲ့ တွက်ကြည့်လေ။ ဒါတွေဟာ ၀န်ထမ်းလုပ်သက်တလျှောက်ရခဲ့တဲ့ လစာငွေကြေးနဲ့ဖြစ်နိုင်ပါ့မလား။ ဒါကြောင့် ဒီမောင်တွေဟာ သူခိုးအဆင့် တော့ မကလောက်ဘူး။ ခက်နေတာက ဘယ်သူခိုးမှခိုးတယ်လို့ ၀န်မခံ တတ်ကြဘူးမောင်ရဲ့။ 

အင်း . . . ““တိုင်းပြည်ခေါင်းဆောင်””အကုန်လုံးတော့ သူခိုးမဟုတ်ပါဘူး ကိုရင်ရယ်။ ဥပမာ၊ ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်၊ သူ့ခမျာ လူမသမာတွေ လက်ချက်နဲ့ ကျဆုံးသွားရှာတော့ သူ့နာမည် အမည်ပေါက် အိမ်တလုံး၊ မြေတကွက်တောင် မကျန်ခဲ့ရှာပါဘူး။ ရန်ကုန်၊ နတ်မောက် (တာဝါလိန်း)လမ်းက ဗိုလ်ချုပ်ပြတိုက်လုပ်ထားတဲ့ အိမ်ကြီးဟာ သူပိုင် မဟုတ်ရှာဘူး ကိုရင်။ စစ်အတွင်းက လူမျိုးခြားသူဌေးတယောက်၊ စစ် ဘေးကြောင့်ပစ်ထားခဲ့တဲ့ အိမ်ပေါ်တက်နေတာ ကိုရင်။ ဒီအိမ်ကြီးကို ဗိုလ်ချုပ်ဟာ သူ့နာမည်၊ သူ့ဇနီးနာမည်နဲ့ အမည်ပေါက်အောင် မြေစာရင်း ဦးစီးဌာနမှာ နာမည်ပြောင်း လျှောက်သွားခဲ့တယ်လို့လဲ မကြားမိဘူး။ ဟော၊ သူခိုးအကြောင်းပြောနေရင်းကနေ ချော်တောငေါ့သွားပြန်ပြီ။ စကား လက်စသတ်ကြပါစို့ရဲ့။ သူခိုးဆိုမှတော့ ဘယ်သူမှ မကောင်းပါဘူး မောင် ရယ်။ ဒါပေသိ ကျုပ်စောစောကပြောခဲ့တဲ့ သူခိုးဇာတ်လမ်းတွေထဲကလို သူကြီးအိမ်အပို့ခံဝံ့တဲ့သူခိုး၊ တရားသံဝေဂရတဲ့သူခိုး၊ နောင်တရနေတဲ့ သူခိုးတွေဆိုရင်တော့ သူခိုးသိက္ခာနည်းနည်းရှိသေးတယ်ဆိုရမယ်။ ဒီလို မဟုတ်ဘဲ လူစိတ်ကင်းတဲ့ သူခိုး၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ သူခိုး၊ တိုင်း ပြည်ဘဏ္ဍာကို ကိုယ်ပိုင်ဥစ္စာ၊ ကိုယ့်ဘိုးဘွားအမွေမှတ်နေတဲ့ အမျိုးကောင်းသား သူခိုးတွေကတော့ သိက္ခာတပြားသားမှမရှိတဲ့ သူခိုးစာရင်းသွင်းသင့် တယ်မောင်ရဲ့။ စိတ်မရှိနဲ့နော်။ ကိုရင်က ဗမာပြည်မှာ နေတယ်ဆိုတော့ စားဝတ်နေရေးအတွက် ဘာအလုပ်များ လုပ်သတုန်း။ ကိုယ့်ကိုယ်ကိုယ် သေချာပြန်ဆန်းစစ်ရင် ကိုရင်တောင် သူခိုးစာရင်းဝင်ချင်ဝင်နေမှာ။ ကျိန်း သေတဲ့အချက်ကတော့ ကိုရင့်အမျိုးထဲမှာ သူခိုးတယောက်တော့ ရှိနေ နိုင်တယ် ကိုရင်။ အင်းလေ။ အပြစ်လို့လဲ မဆိုသာပြန်ပါဘူး။ စစ်ဝါဒ စနစ်ဆိုးကြီးက ဗမာတပြည်လုံးကို သူခိုးစာရင်းဝင်အောင် လုပ်ပစ်ခဲ့ပေ သကိုး။ ရင်လေးဖို့ ကောင်းတာက သူခိုးမင်းဆက်ဟာ တော်တော်နဲ့ ပြတ်မှာ မဟုတ်သေးဘူးထင်ပါရဲ့။ အဆိုးဆုံးကတော့ အဲဒီ သူခိုးကြီးငယ်စာရင်းဝင်တွေဟာ ဒီမိုကရေစီခေတ်သစ်ကြီးဆီ ကို ချီတက်နေပါပြီလို့ အသံကုန်အော်နေကြတာ၊ ဘယ်ဆွေမျိုး ပေါက် ဖော်အားကိုးနဲ့များပါလိမ့်။ အဟုတ်မှတ်ပြီး ယုံတဲ့သူတွေကလည်း ယုံကြ တာပဲ မောင်။ ကျုပ်ဖြင့် ဘယ်လိုမှ နားမလည်နိုင်ပါဘူး ကိုရင်ရယ်။ ပြောရတာ အာတောင်ချောက်လာပြီ။ နားကြဦးစို့ရဲ့ ကိုရင်။ 

မင်းဒင်
စောင့်ကြည်သတင်းဂျာနယ်

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ


မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News

သမီးရည်းစားကြား အကြမ်းဖက်မှုများနှင့် ပြည်သူ့အသံ


သမီးရည်စား ချစ်သူစုံတွဲအချို့ကြား ခိုက်ရန်ဖြစ်ပွားရာမှ ဓားဖြင့်ထိုးကာ လူသတ်မှုကျူးလွန်သောဖြစ်ရပ်များ ယခုနှစ်ပိုင်းအတွင်း ကြုံတွေ့လာရသည်။ အထူးသဖြင့် ရန်ကုန်မြို့တွင်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်စဉ်များကြောင့် သားသမီးရှိသောမိဘများနှင့်အမျိုးသမီးများကြား စိုးရိမ်မှုမြင့်တက်လာစေခဲ့သည်။ မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲမှုမြင့်တက်နေပြီး ပွင့်လင်းလာသော နိုင်ငံရေး အခြေအနေတွင် ချစ်သူ၊ သမီးရည်းစားများကြား ရမ်းရမ်းကားကားဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးမျိုးအောင်

ထောက်ကြန့်မြို့နယ်

အဓိကဖြစ်တာကတော့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးကြောင့် လို့ထင်တယ်။ အခုလို ဖြစ်တာများလာရင်တော့ နောက်ပိုင်းမှာ တခြား လူငယ်တွေကလည်း အတုယူမှားလာနိုင်တယ်။ သမီးရည်းစား ပြဿနာ လေးကနေ လူသေလောက်တဲ့အထိကတော့ လုံးဝမဖြစ်သင့်ဘူးလေ။ မိန်းမတစ်ယောက်အတွက်နဲ့ အဲဒီလောက်ထိ ဖြစ်တာကတော့ အဓိပ္ပာယ် လည်း မရှိဘူးလေ။ လူငယ်တွေအနေနဲ့ အရမ်းလွတ်လပ်လွန်းရင်လည်း မကောင်းဘူး အခုလိုပိုပြီး ဖြစ်နိုင်ခြေရှိတယ်။

မသင်းစံပယ်လှိုင်

မြောက်ဥက္ကလာပမြို့နယ်

အစ်မ မူဆယ်ရောက်တုန်းကလည်း အဲဒီလိုမျိုးပဲ။ သမီးရည်းစားအ ချင်းချင်း ပြဿနာဖြစ်တာကနေ လူသေတဲ့အထိ ဖြစ်သွားတာမျိုး တွေ့ ခဲ့ဖူးတယ်။ အမှန်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေး တွေ ထားမယ်ဆိုရင်တော့ ဒီလိုမျိုးမဖြစ်ဘူး။ မိန်းကလေးတွေဘက်က လွန်တာရှိသလို ယောက်ျားလေးတွေ လွန်တာတွေလည်း ရှိတယ်လေ။ နားလည်မှုလွဲလို့ အခုလိုဖြစ်တယ်လို့ ထင်တာပဲ။ မကျေနပ်တာကို ပွင့် ပွင့်လင်းလင်း မဖြေရှင်းဘဲနဲ့ နာကြည်းချက်ရှိလို့ အခုလိုမျိုးလုပ်လိုက် တယ်လို့ ထင်တာပဲ။ အခုခေတ်ကလည်း မူးယစ်ဆေးဝါးနဲ့ အရက်သေ စာကို လူငယ်တွေ ပိုပြီး သုံးလာကြတာကြောင့်လည်း ဖြစ်နိုင်တယ်။ ပုံမှန်အတိုင်းဆိုရင် အခုလို လူတစ်ယောက်အထိ သတ်ဖို့လည်း မဖြစ် နိုင်ဘူးလေ။

ကိုနေလင်းအောင်

လက်ဖက်ရည်ဖျော်ဆရာ၊ ရန်ကင်း

ဒီလိုတွေဖြစ်လာတော့ ပတ်ဝန်းကျင်အနေအထားမှာ မိဘတွေက ပူပန်မှုတွေ ရှိလာတာပေါ့။ ကျွန်တော့်ကိုဆိုလည်း မိဘတွေက ပိုမှာကြ တယ်။ ဒီလိုတွေကြားတော့ ကိုယ့်ကောင်မလေးကိုပိုပြီး ဆင်ခြင်ခိုင်းရ တယ်။ ပြီးရင် နားလည်မှုရှိအောင် ပိုပြောပြဖြစ်တယ်။ အခု ဖုန်းတွေ ၀င်လာရင် ကောင်မလေးကို မကိုင်ခိုင်းတော့ဘူး။ တော်ကြာ မသိတဲ့သူ တွေနဲ့သိပြီး ပြဿနာတက်မှာစိုးလို့။ ဆေးချတာတွေ၊ အရက်သောက် တာတွေက စိတ်ကို မထိန်းနိုင်စေတော့ ပြဿနာပိုဖြစ်ပွားလွယ်တယ်။ ဒါကြောင့် အဲဒါတွေ မလုပ်ဖို့ အိမ်က မှာတယ်။

ဦးစိုး

ရန်ကင်းမြို့နယ်နေ မိဘတစ်ဦး

အခုခေတ်ကလေးတွေက နှစ်ဦးသဘောတူနေကြတယ်။ ပြီးတော့ ပြဿနာတွေတက်ပြီ။ ဒီလိုနဲ့ သတ်တဲ့အထိ ဖြစ်လာတာပါတယ်။ အ ရက်တွေသောက်ပြီး လူတွေက ပိုမှားကြတာ။ လူတွေက အမှုမဲ့အမှတ်မဲ့ နေပြီး ပြဿနာဖြစ်မှ ဖြစ်တယ် မှတ်လို့မရဘူး။ အိမ်က သားသမီးတွေ ကိုလည်း ပိုမှာလာကြတယ်။ မှာပေမယ့် အခုခေတ် မိန်းကလေးတွေက လည်း ရဲကြတယ်။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းနိုင်တယ်ဆိုပြီးတော့ အကုန်လုပ်နေကြတော့မှာပေမယ့် စိတ်မချဘူး။ ဒီပြဿနာတွေက ပတ် ၀န်းကျင်က ကလေးတွေကို အတုယူမှားစေနိုင်တယ်။ နောက်ဆိုရင် ဒါ က မထူးဆန်းတဲ့ပုံစံ ဖြစ်သွားနိုင်တယ်။

ကိုနေဘုန်းလတ်

ဘလော့ဂါ

ဒါမျိုးက ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ ဆိုင်မယ်ထင်တယ်။ ကျွန် တော်တို့ ပတ်ဝန်းကျင်မှာတော့ မရှိဘူး။ အမှန်အတိုင်းပြောမယ်ဆိုရင် ပြဿနာကို ပြေပြေလည်လည် ဖြေရှင်းလေ့ ဖြေရှင်းထရှိတဲ့လူတွေက အဲဒီလိုအလုပ်တွေ လုပ်လေ့လုပ်ထ မရှိဘူး။ အခုဖြစ်ပျက်နေတာက တ ချို့ကျတော့ လူငယ်တွေ ဆေးစွဲတာမျိုးတွေ ဖြစ်နိုင်တယ်။ အရမ်းဒေါသ ကြီးတာတို့ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ပညာရေးနဲ့လည်း ဆိုင်မယ်။ ဥပဒေလည်း နားမလည်တာပေါ့။ သမီးရည်းစား၊ လင်မယားတွေအနေ နဲ့က ပြဿနာမဖြစ်အောင်နေ၊ အဲဒီလိုနေလို့မှ ပြဿနာဖြစ်လာပြီ ဆို ရင်လည်း ငြိမ်းငြိမ်းချမ်းချမ်း ပြေပြေလည်လည် ဖြေရှင်းစေချင်တယ်။ ဒါက တရားဥပဒေစိုးမိုးရေးနဲ့လည်း တိုက်ရိုက်ဆက်စပ်တယ်။ လူတော် တော်များများက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းချင်ကြတာ။ မူးယစ် ဆေး၊ အရက် သောက်သုံးရင်လည်း အသိစိတ်မပျောက်အောင် သုံးစွဲ သင့်တယ်။ လူတစ်ယောက်ကို ဒီလိုရက်ရက်စက်စက် သတ်တယ်ဆို တာကလည်း အသိပျောက်သွားလို့ ဖြစ်တာ။ ဒီလိုဖြစ်စဉ်တွေ မဖြစ် အောင်ဆိုရင် အားလုံးက ဆက်စပ်ပတ်သက်နေတယ်။ အစိုးရကလည်း ဒါတွေကို အရက်၊ ဘီယာ၊ မူးယစ်ဆေး ပတ်သက်တာတွေကို မူဝါဒ ချပြီး လုပ်ရမှာဖြစ်သလို လူငယ်တွေ ပညာတတ်ဖို့၊ အလုပ်အကိုင်တွေ ရရှိဖို့ လိုတယ်။

မနီလာဝင်း

အင်္ဂလိပ်ဆရာမ၊ မန္တလေးမြို့

အရင်တုန်းကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန်တွေ သိပ်မကြား ဖူးဘူး။ အခုနောက်ပိုင်းမှာ ဒီလိုဖြစ်ရပ်တွေ ပိုအဖြစ်များလာတာကြောင့် ညနည်းနည်းမိုးချုပ်ရင်ကို အပြင်မထွက်ရဲတော့ဘူး။ မန္တလေးမှာက ကျုံး ဘေးတို့ ဘာတို့မှာဆိုရင် လူပြတ်တော့ ဒုစရိုက်မှုတွေကလည်း အဖြစ် များတော့ သတိထားနေရတယ်။ သမီးရည်းစားအချင်းချင်းကြားမှာ အ ရက်မသောက်ဖို့ကစပြီး နားလည်မှုယူထားတော့ အခုလို ဓားထိုးမှုလို ပြဿနာတွေအထိ ဖြစ်လာမှာကို မစိုးရိမ်ဘူး။ အသိ ညီမတွေကိုတော့ အတွဲချိန်းရင် လူပြတ်တဲ့နေရာ၊ ဆိတ်ကွယ်ရာအရပ်တွေ သိပ်မသွားဖို့ သတိပေးထားတယ်။ မကောင်းမှုဆိုတာတွေက ဆိတ်ကွယ်ရာအရပ်မှာ ပဲ ဖြစ်တာများတာဆိုတော့။ နှစ်ဦးနှစ်ဖက် ယုံကြည်မှုရှိမယ်၊ နားလည်မှု ရှိမယ်ဆိုရင် ဒီလိုမျိုးတွေအထိ ဖြစ်လာနိုင်ဖို့မရှိဘူး။ ပြဿနာတစ်ခုချင်း စီ၊ သံသယတစ်ခုချင်းစီကို သေချာမဖြေရှင်းခဲ့ကြလို့သာ ဒီလိုမျိုးတွေ ဖြစ်ကြရတာကြောင့် စိတ်ထဲမှာ ဖြစ်နေတဲ့ မပြေလည်မှုတွေကို မျိုသိပ် မထားဘဲ ချက်ချင်းဖြေရှင်းသင့်တယ်လို့ ထင်တယ်။ တစ်ယောက်ချင်းစီ အနေနဲ့လည်း ကိုယ့်စိတ်အခြေအနေကို ပြန်သုံးသပ်ပြီး ကိုယ့်စိတ်ကိုယ် ရှင်းအောင် အမြဲထားသင့်တယ်။

အေးမြမြင့်မိုရ်

ကျောင်းသူ၊ Laurel Art အနုပညာသင်တန်းကျောင်း

သမီးရည်းစားတွေ ခုနောက်ပိုင်း ဓားနဲ့ထိုးတဲ့ ပြဿနာတွေက ပတ် ၀န်းကျင်ကို ရိုက်ခတ်မှု အရမ်းရှိတယ်။ သတင်းတွေပေါ်လာတော့ အခု နောက်ပိုင်း မိဘတွေက သားသမီးတွေကို စိတ်မချတော့ဘူး။ အပြင်ကို အရင်လို မလွှတ်တော့ဘူး။ မိန်းကလေးတွေလည်း လုံခြုံမှုအတွက် ည ရေးညတာအပြင်ထွက်ရတာမျိုးတွေတော့ ဆင်ခြင်နေရပြီပေါ့။ တကယ် လို့ အပြင်သွားမယ်ဆိုရင် ရည်စားနဲ့သွားသွား၊ သူငယ်ချင်းနဲ့ပဲ သွား သွား မိဘအုပ်ထိန်းသူကို အမှန်အတိုင်းပြောစေချင်တယ်။ ကိုယ်သွား မယ့်နေရာ၊ ပြန်ရောက်မယ့်အချိန်ကို အမှန်အတိုင်း ပြောစေချင်တယ်။ မိန်းကလေးအများစုက အယုံလွယ်တယ်။ ခေတ်ရေစီးကြောင်းအတိုင်း လေး မျှောပြီးနေကြတယ်။ ဒါကြောင့် စာများများဖတ်စေချင်တယ်။ အထူးသဖြင့် မှုခင်းစာစောင်တွေ ဖတ်စေချင်တယ်။ တကယ်လို့ ရည်း စားနဲ့ အပြင်ကိုသွားမယ်၊ လာမယ်ဆိုလည်း ကိုယ့်ရဲ့ အရင်းနှီးဆုံးသူ ငယ်ချင်းနဲ့ တိုင်ပင်သင့်တယ်။ မိဘဆိုရင်တော့ အကောင်းဆုံးပေါ့။ အဓိကကတော့ အယုံမလွယ်ဖို့ဘဲ။ အခုနောက်ပိုင်း မိန်းကလေးတွေ အသုံးတည့်မယ့် ပစ္စည်းလေးတစ်ခုပေါ်နေတယ်။ ငရုတ်ရည်ပုလင်းလေးတွေ လေ။ ကိုယ့်အပေါ် အန္တရာယ်ပြု နှောင့်ယှက်တဲ့သူပေါ်လာရင် အဲဒီ ငရုတ်ရည်နဲ့ မျက်လုံးကို ပက်ပစ်လိုက်လို့ရတယ်။ အနည်းဆုံး တစ်နာရီ လောက် ငရုတ်ရည်နဲ့ အပက်ခံရတဲ့သူက ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်ဘူး။ ဒါကြောင့် တစ်နာရီအတွင်း ကိုယ့်အတွက် လွတ်မြောက်ရာလမ်းကို ရှာ လို့ရနိုင်တယ်။ ကိုယ့်ရဲ့ချစ်သူရည်းစား သူငယ်ချင်းတွေအနေနဲ့ မူးယစ် ဆေးဝါးသုံးနေတာတို့၊ အရက်သောက်တာတို့ကိုတွေ့လို့ တားဆီးလို့ မရရင် သူတို့မိဘတွေဆီကို သွားတိုင်တာဟာ အကောင်းဆုံး ဖြေရှင်း နည်းပဲ။

မ၀တ်ရည်လင်း

စားသောက်ကုန်လုပ်ငန်း၊ မန္တလေးမြို့

တစ်ယောက်နဲ့တစ်ယောက် ဘယ်လို relationship မျိုးပဲဖြစ်ပါစေ ထိန်းချုပ်နိုင်စွမ်းတော့ ရှိရမယ်။ ကိုယ့်စိတ်၊ ကိုယ့်ဒေါသကို မထိန်းချုပ် နိုင်ကြလို့ အခုလိုတွေ ဖြစ်ကြရတာလို့ မြင်တယ်။ တချို့ ကောင်လေး တွေ ဆေး (မူးယစ်ဆေး)သုံးတယ်။ အဲဒီလို သုံးနေကြလို့လည်း ကိုယ့် ရည်းစားကို မမှတ်မိဘဲ အခုလို သတ်တာတွေဘာတွေထိ ဖြစ်လာရတာ ပဲ။ ကိုယ့်ရည်းစားကို အရက်၊ မူးယစ်ဆေး မသုံးနဲ့လို့ ထိန်းချုပ်မယ့်အစား သူတို့ကိုယ်တိုင် မကောင်းမှန်းသိလို့ မသုံးတာမျိုးပဲ ဖြစ်စေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရိုးသားမှုရှိရင် ဒါမျိုးတွေ ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်ညီမတွေ၊ အသိတွေကိုတော့ ရည်းစားဆိုတဲ့အဆင့်က အချိန်မရွေးပြတ်သွားနိုင်တဲ့ အခြေအနေဖြစ်လို့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသင့်တယ်လို့ ပြောထားတယ်။ ဒီလိုမျိုးတွေမဖြစ်ဖို့ ပညာပေးတတ်တဲ့၊ ဆုံးမတတ်တဲ့ပတ်ဝန်းကျင် ရှိဖို့လည်းလိုမယ်။ စာအုပ်စာပေတွေ ဖတ်ပြီး အမှန်တကယ် စဉ်းစားချင့်ချိန်နိုင်တဲ့သူတွေမှာတော့ ဒါမျိုးတွေ ဖြစ်မလာနိုင်ဘူးပေါ့။

ဦးမောင်အေး

စမ်းချောင်း

ဒီလိုမျိုးတွေ တော်တော်များများ နေရာတွေမှာ မြင်၊ ကြား၊ တွေ့ နေရလို့ နောင်ဖြစ်လာမှာကိုလည်း စိုးရိမ်ကြောင့်ကြတာပေါ့။ ပတ်ဝန်း ကျင်အနေအထားမှာလည်း သုံးသပ်စရာဖြစ်လာတယ်။ သူ့အတွက်ရော၊ ကိုယ့်အတွက်ရော ဘာမှအကျိုးမရှိတဲ့အခြေအနေမျိုးပေါ့။ ကိုယ့်ရဲ့ သားသမီးတွေကအစ အနီးက လူငယ်တွေကို သွန်သင်ဆုံးမရတယ်။ လူငယ်သဘာဝဆိုတာက တစ်ဦးနဲ့တစ်ဦး စိတ်ထားချင်း၊ စရိုက်ချင်း၊ အပြောအဆိုချင်း၊ ကိုယ်ကျင့်တရားချင်း တူရင်တော့ အဆင်ပြေတယ်။ စိတ်ချမ်းသာတာပေါ့။ လူတစ်ယောက်ရဲ့ ကာရိုက်တာကို တစ်ခဏတာ အတွင်းကြည့်ပြီး မယုံကြည်ဖို့၊ ဒီလူကို တကယ်ချစ်တယ်ဆို သူ့ရဲ့နောက် က သမိုင်းကြောင်းကို လေ့လာ။ ပတ်ဝန်းကျင်အနေအထားကို စုံစမ်းရ မယ်။ ဒါမှ မိသားစုရော၊ ပတ်ဝန်းကျင်ရော၊ လူ့အဖွဲ့အစည်းရော စိတ် ချမ်းသာမှု ရှိမှာပေါ့။ ခုခေတ်လူငယ်တွေက မကောင်းတဲ့ အကျင့်ကို အ တုယူချင်တာ မြန်တယ်။ လက်တည့်စမ်းချင်တယ်။ သွေးတိုးစမ်းချင်တာ မကောင်းတဲ့ လက္ခဏာပေါ့။

ကိုထွေးအောင်လွင်

Paper Artist

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတော့ သိပ်မကြားဖြစ်ဘူး။ အဓိက ကတော့ လူငယ်တွေ မူးယစ်ဆေးနဲ့ အရက်ကြောင်ပြီးတော့ ဖြစ်တာလို့ မြင်တယ်။ တိုင်းပြည်စီးပွားရေးမကောင်းတာ၊ ပညာရေးစနစ် နိမ့်ကျ တာကြောင့်လည်း ဖြစ်နိုင်တယ်။ ပညာမတတ်တော့ အတွေးအခေါ် ခေါင်းပါးတယ်။ တချို့ကျတော့ ပညာတတ်တယ် စဉ်းစားဉာဏ် မရှိ ဘူး။ မိန်းကလေးအနေနဲ့ ဆင်ခြင်သင့်တယ်။ အဓိကကတော့ ကျောင်း သူတွေပေါ့။ အ၀တ်အစား၊ အနေအထိုင် ဆင်ခြင်ရမယ်။ နောက်ပြီး တော့ အမျိုးသမီးတွေကလည်း ရည်းစားနှစ်ယောက်၊ သုံးယောက်ကို တစ်ပြိုင်တည်းထားတာတို့ မလုပ်သင့်ဘူး။ တစ်ယောက်တည်းကိုပဲ မိသားစုအသိုင်းအ၀ိုင်းကို အသိပေးပြီးတော့ တွဲသင့်တယ်လို့ မြင်တယ်။ ယောက်ျားလေးတွေအနေနဲ့ အပျော်ထားတာမျိုး မလုပ်သင့်ဘူး။ အ ပျော်ကနေ အပျက်မဖြစ်အောင် ဆင်ခြင်သင့်တယ်။

ကိုထက်မြက်

ကျောင်းသား

မိန်းကလေးတွေ တော်တော်များများ တုန်လှုပ်ကြတယ်။ စတာ၊ နောက်တာကအစ။ အဲဒီလိုလုပ်တော့ မကောင်းဘူးပေါ့နော်။ နောက်လူ တွေ ၀န်မလေးတော့ဘူးပေါ့။ ကျွန်တော်တို့ကအစ သတိပေးရတယ်။ ငါတို့ကို စိတ်လွတ်အောင် မလုပ်နဲ့။ စိတ်ဆိုးလာရင် ဘာမှမသိတော့ ဘူး။ မင်းတို့လည်းဆင်ခြင်ပါ။ ရှေ့မှာ သာဓကရှိတယ်နော်။ တစ် ယောက်နဲ့တစ်ယောက် နားလည်မှုပေါ့။ တစ်ယောက်အမှားကို တစ် ယောက်က ထောက်ပြနိုင်ရမယ်။ တစ်ဖက်လူ ရှင်းပြတာကို အချိန်ပေး ပြီး နားထောင်လိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။ အရမ်းချစ်လို့ သာ နားလည်ပေးရတာ ဘယ်ကောင်မလေးကမှ ကိုယ့်ချစ်သူကို အရက် သောက်တာ မကြိုက်ဘူး။ မကောင်းဘူးဆိုတာသိရင် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လမ်းခွဲသင့်တယ်။

7Day Daily

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ


ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဂီတ၊ မူပိုင်ကကွက်ဖြစ်သည့် အတွက် မြန်မာ့ယဉ်ကျေးမှု ပြယုဂ်တစ်ခု အဖြစ် ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ သို့ဖြစ်သောကြောင့် နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်ရသည့် ဧည့်ခံပွဲကြီးများ၊ နိုင်ငံရပ်ခြားသို့ ချစ်ကြည်ရေးအရ လှည့်လည်ကပြရ သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲများတွင် ထိုအကကို ထည့်သွင်းကပြလေ့ရှိသည်။

ထိုအက ဘယ်ကစ မြန်မာ့ယဉ်ကျေးမှုအနုပညာကို မြတ်နိုးတန်ဖိုးထားသူများ သိချင်ကြပေလိမ့်မည်။ ထိုအက ပေါ်ပေါက်ခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း (၉၀)ကျော်ခဲ့ပြီ။ ၁၉၂၀ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက် ခဲ့ရာ ၁၉၂၃ ခုနှစ်တွင် မြန်မာအဆွေဖလင် (နောင်သော် ဗ-၁ ဖလင်)မှ ဒါရိုက်တာ ဦးညီပု (မောင်ဘဌေး) ရိုက်ကူး ခဲ့သော တောမြိုင်စွန်က လွမ်းအောင်ဖန် အသံတိတ်ရုပ်ရှင် ဇာတ်ကားတွင် ဦးညီပု၏ ယောက်ဖတော်စပ်သူ ထိုစဉ်က ကာတွန်းအကျော်အမော် ဦးဘကလေးက ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ပြီး ဒေါ်မိုးဆိုသူနှင့် တွဲဖက်ကပြခဲ့သည်။ ထိုဇာတ်ကားတွင် မင်းသားဦးညီပု၊ မင်းသမီးမခင်သစ်၊ ဦးဘကလေးက ဇာတ်ပို့၊ ဇာတ်လမ်းမှာ သတ္တုရှာဖွေရေး သမား လူငယ်တစ်ဦးနှင့် ဥစ္စာစောင့်မလေးတို့၏ ဒဏ္ဍာရီ ဆန်ဆန်အချစ်ဇာတ်လမ်း၊ ရုပ်ပြောင်းရုပ်လွှဲမိတ်ကပ် ပညာများ၊ ကင်မရာလှည့်စား (Camera Trick)များ၊ အထူးပြုလုပ်ချက် (Special Effect) များ ပေါင်းစပ်ပြီး အချစ်၊ အလွမ်းနှင့် ဟာသဇာတ်ကွက်များ ပုံဖော်ရိုက်ကူး ခဲ့ရာ ထိုကာလက အထူးပင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။ မင်းသားဦးညီပုမှာ သတ္တုရှာဖွေရေး သမား မောင်ဘဌေးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပီပြင်သည့် အတွက် ဦးညီပုသည် မောင်ဘဌေးအဖြစ် လည်းကောင်း၊ ဦးဘလေးသည် ဦးရွှေရိုးအဖြစ် သရုပ်ဆောင်ခဲ့ရာ ပရိသတ် အကြိုက်တွေ့ခဲ့ သည့်အတွက် ဦးဘလေးသည် ဦးရွှေရိုးအဖြစ် လည်းကောင်း အမည်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မင်းသမီး၏ အထိန်းတော် ဒေါ်မိုးကို ဦးရွှေရိုးက နောက်ပိုးသောအခန်းမှာ ပရိသတ်များကား တဝါးဝါး၊ တဟားဟား၊ ဦးရွှေရိုးက ဒေါ်မိုးကို ရေပြွန်တိုနှင့် ရေလိုက်ပက်သည့်အခန်းတွင် နန်းတော်ရှေ့ဆရာတင်၏ တေး သီချင်းက ရုပ်ရှင်ပိတ်ကားရှေ့တီးဝိုင်းမှ အားဖြည့်ပံ့ပိုး ပြန်သည့်အတွက် ဦးရွှေရိုးနှင့် ဒေါ်မိုးဇာတ်ဝင်ခန်းမှာ မြူးကြွ သွက်လက်ပြီး ပရိသတ်များ စွဲမက်မဆုံး တပြုံးပြုံး၊ ရုပ်ရှင်ကား ပြီးသွားသော်လည်း ပရိသတ် ပါးစပ်ဖျား တွင် မပြီး၊ အပ်ကြောင်းထပ်မျှ ပြောကြဆိုကြ။ ခေါင်းပေါင်း တလူလူ၊ မျက်ခုံးမွှေးတထူထူ၊ နှုတ်ခမ်း မွှေးတကားကား၊ မာဖလာလည်စည်းပဝါ တဖားဖား၊ တောင်ရှည်ပုဆိုးကွက်ကြားနှင့် ပုသိမ်ထီးဆောင်း ထားပြီး ထီးကို နောက်ကျွမ်းပစ်သကဲ့သို့ ပတ်လည်လှည့်ကာ ဝေ့ကာ ဝိုက်ကာ နှုတ်ခမ်းမွှေးက တလှုပ်လှုပ်တရွရွ၊ ခန္ဓာကိုယ်ကိုယိမ်းလိုက် နွဲ့လိုက်၊ ရှေ့တိုးနောက်ဆုတ်၊ အဖိုးကြီးတစ်ဦး ကဲ့သို့ ကွတကွတ ထီးကလေး တမမဖြင့် ကပြသွားပုံများမှာ ကကွက်တစ်မျိုးနှင့်တစ်မျိုး မရိုး၊ အိုးစည်ဒိုးပတ်များနှင့် အညီ စည်းဝါးတကျ ကခုန်သွားကြသည်မှာ ပညာသားပါလှ၏။ တွဲဖက်ကပြသူ ဒေါ်မိုးကလည်း ဦးရွှေရိုးနှင့် အပြိုင် အပေးအယူ အချိတ်အဆက် အတိုင်အဖောက် ညီလှ၏။

အပြောင်/အပြက်ဟုဆိုသော်လည်း ကြုံသလို လှုပ်ခါရမ်းပြီးမရ၊ စည်းဝါးတကျ ဟန်ပန်အမူအယာ ကကြိုးကကွက် ပီပြင်စွာ ရုပ်လုံးကပြရသည်။ သာမန်ကတတ်သူတို့ ထိုအကကို ရုတ်တရက်မကရဲ။ ရဲတင်းဖို့လိုသည်။ လက်ချင်းချိတ်ပြီး ဆွဲမွှေ့ဆွဲပစ်လိုက်သောအခန်း တင်ချင်း ပေါက်ကပြရသော အခန်းတို့မှာ ရဲရဲဝံ့ဝံ့ပီပြင်စွာကပြပါက အလွန်ကြည့်ကောင်းပြီး အနုပညာရသ မြောက်သော ယဉ်ကျေးမှုကကွက်ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် ဦးရွှေရိုးနှင့် ဒေါ်မိုးအက "တောမြိုင်စွန်က လွမ်းအောင် ဖန်" ဇာတ်ကားမှ စသည်ဟု ဆိုပါရစေ။

တင့်လွင်ဦး (စီးပွားရေး တက္ကသိုလ်)

MOI Webportal Myanmar

အသည်းနုနုအမျိုးသမီးများနှင့် ယမကာယဉ်ကျေးမှု


မြန်မာနိုင်ငံအတွင်းသို့ ကိုရီးယားယဉ်ကျေးမှုများ လွှမ်းမိုးလာနေသည်နှင့်အမျှ ၎င်းတို့၏ ယဉ်ကျေးမှုသဖွယ်ဖြစ်နေသည့် ဆိုဂျူး။ တစ်နည်းအားဖြင့် အရက်သောက်သုံးသည့် ဓလေ့ထုံးစံများ ပြည်တွင်းရှိ အမျိုးသမီးများအပေါ် သက်ရောက်မှုရှိလာခဲ့သည်။

ယခင်က မြန်မာအမျိုးသမီးများသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ အရက်သေစာသောက်စားမှုကို ပြဒါးတစ်လမ်းသံတစ်လမ်းအဖြစ် သဘောထားခဲ့ကြသော်လည်း ယခုမူ နိုင်ငံတကာယဉ်ကျေးမှုအရ ခေတ်မီချင်သည့်သဘောဖြင့် အမျိုးသားများနှင့် တန်းတူသောက်သုံးလာကြသည်။

သို့သော် အမျိုးသားများထက် ခန္ဓာကိုယ်ဖွဲ့စည်းပုံအချိုးအစားကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးများကို ခံနိုင်ရည်ရှိမှု နည်းပါးပြီး အသည်းထိခိုက်မှုနှုန်းမှာ အမျိုးသားများထက် ပိုမိုမြန်ဆန်သည်ကို မသိရှိကြပေ။

‘‘ခုနောက်ပိုင်း အမျိုးသမီးတွေသောက်တာ ပိုများလာတယ်။ အမျိုးသားတွေထက် ခန္ဓာကိုယ်အချိုးအစားသေးလွန်းတာကြောင့် ရောဂါပိုဖြစ်တယ်။ အသည်းခြောက်တာ ပိုမြန်တယ်။ ဖြစ်နှုန်းပိုမြင့်တယ်။ နည်းနည်းလေးသောက်တာနဲ့ ခန္ဓာကိုယ်ကို ပိုထိခိုက်နိုင်ပါတယ်’’ဟု ရန်ကုန်ခုတင်ငါးရာဆံ့ အထူးကုဆေးရုံကြီး၊ အသည်းဌာနမှ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ကောက်ယူထားသော စစ်တမ်းအရ အမျိုးသား ၃၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၃၅ ရာခိုင်နှုန်းမှာ အရက်သောက်သုံးနေကြပြီး အမျိုးသားများ၌ ၂၅ နှစ်မှ ၃၀ နှစ်အတွင်း၊ အမျိုးသမီးများ၌ ၃၅ နှစ်မှ ၄၄ နှစ်အတွင်းများမှာ သောက်သုံးမှု ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အရက်သောက်သုံးသူ လူတစ်ရာကို လေ့လာကြည့်ပါက အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီးဦးရေ ၅ ဦးခန့် တွေ့ရှိရကြောင်း ယင်းစစ်တမ်း၌ ဖော်ပြထားသည်။

‘‘အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အဆီပိုများတယ်။ အမျိုးသားနဲ့ အမျိုးသမီး အတူအရက်သောက်ရင် အမျိုးသမီးက အသည်းကိုပိုထိခိုက်တယ်။ ပြီးတော့ တခြားလူမှုရေးထိခိုက်မှုတွေပါ အမျိုးသမီးတွေက ပိုဖြစ်နိုင်တယ်’’ဟု အငြိမ်းစားပါမောက္ခ စိတ်ကျန်းမာရေးဆရာဝန်ကြီးတစ်ဦးကဆိုသည်။

အရက်ဘီယာသောက်သုံးခြင်းကြောင့် အသည်းရောဂါ ဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရရှိမှု ၃၀ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း၊ ဦးနှောက်နှင့်အာရုံကြောထိခိုက်မှု ၆ ရာခိုင်နှုန်းဖြစ်ပွား၍ ဆေးရုံတင်ကုသမှုများလည်း အများအပြားရှိလာခဲ့ကြောင်း မြန်မာနိုင်ငံ၏ ဆေးရုံနှင့် လူနာမှတ်တမ်းများအရ သိရသည်။

လူတစ်ဦးချင်းအနေဖြင့် အရက်အနည်းငယ် နေ့စဉ်သောက်ပါက လူအများကို မထိခိုက်နိုင်ပါဟုဆိုနိုင်သော်လည်း တစ်နိုင်ငံလုံးရှိ အဆိုပါလူတစ်ဦးချင်းဆီကို ပေါင်းလိုက်သည့်အခါ လူအများဖြစ်လာသည်။ ထို့ပြင် လွတ်လပ်သော စီးပွားရေးမူဝါဒများ ချမှတ်လာကြသည့်အခါ ပုဂ္ဂလိကလက်သို့ လွတ်လပ်စွာ ထုတ်လုပ်ခွင့်လွှဲအပ်လိုက်သည့်အချိန်မှစပြီး အရက်များဈေးကွက်တွင် ပိုမိုတွင်ကျယ်လာပြီး အရက်သုံးစွဲမှု ပိုမိုများပြားလာခဲ့သည်။

ယခင်က မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ဗုဒ္ဓဘာသာဝင်များပီပီ ငါးပါးသီလစောင့်ထိန်းကြသည့်သဘောဖြင့် အရက်ဘီယာသောက်သုံးမှုများ မရှိခဲ့ပေ။ ယခုအခါတွင်တော့ အရက်၊ ဘီယာ သောက်သုံးခြင်း၌ အပြစ်ရှိသည်ဟု မထင်မှတ်ကြတော့ပေ။

‘‘အခုက အမျိုးသမီးတစ်ယောက် အရက်ဘီယာသောက်ရင် ငါးပါးသီလမလုံဘူးလို့ မထင်ကြတော့ဘူး။ သောက်ရင်ပဲ စတိုင်ကျသလိုလိုနဲ့ ပိုသောက်လာကြတယ်။ ဒါကြောင့် သောက်သူတွေ ပိုများလာတယ်။ မကောင်းတဲ့ဓလေ့တစ်ခုလို ဖြစ်လာတယ်’’ဟု အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်ကဆိုသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရက်မျိုးစုံသောက်သုံးမှုမှာ ၅၀ ရာခိုင်နှုန်း၊ ဝိုင်သောက်သုံးမှုမှာ ၈ ရာခိုင်နှုန်းရှိပြီး ဘီယာမျိုးစုံသောက်သုံးမှုမှာ ၃၅ ရာခိုင်နှုန်းရှိကာ တစ်သက်လုံး အရက်မသောက်သုံးမှုမှာ ၅၀ ရာခိုင်နှုန်းရှိသည်။ ကမ္ဘာ့ကျန်းမာရေး၏ စစ်တမ်းများအရ ယနေ့ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ကျော်သည် အရက်ကို စွဲမြဲစွာသောက်သုံးနေကြကာ သန်း ၈၀ နီးပါးသည် အရက်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများ ခံစားနေရသည်ဟု သိရသည်။

‘‘ယောက်ျားလေးတွေသောက်ရင် ပြဿနာမရှိဘူး။ မိန်းကလေးသောက်ရင် သူတို့က ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းနိုင်ကြတာမဟုတ်ဘူး။ မလိုလားအပ်တဲ့ ပြဿနာတွေလည်း အများကြီးဖြစ်သွားနိုင်တယ်။ သူများနိုင်ငံမှာသောက်လို့ ကိုယ့်နိုင်ငံမှာ လိုက်သောက်တယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ ပြီးတော့ ဒါကမြန်မာနိုင်ငံလေ။ ဒါမျိုးတွေက မသင့်တော်ဘူးလို့ ထင်ပါတယ်’’ဟု ကမာရွတ်မြို့နယ် လှည်းတန်းဈေးနား၌နေထိုင်သူ အသက်(၆၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးကဆိုသည်။ ။

credit to 7day