Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

ငွေကျပ် ၄၂၆ သိန်းကျော်နှင့် ရွှေထည်ပစ္စည်းမျိုးစုံ ဖောက်ထွင်းမှု တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီး

မြောင်းမြ ဇန်နဝါရီ ၁၉

တစ်ကိုယ်တော်ဖောက်ထွင်းသမား တစ်ဦးက နေ့လယ်ခင်းအချိန် ငွေစက္ကူ ရောရာ ၄၂၆ သိန်းခန့်နှင့် ရွှေထည်ပစ္စည်း လက်ဝတ်လက်စား ၁၈ မျိုး တို့ကို ဖောက်ထွင်းခိုးယူခဲ့သည့်အမှုကို မြောင်းမြရဲစခန်းမှ ဇန်နဝါရီ ၁၆ ရက်တွင် တစ်ပတ်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြောင်းမြမြို့ အောင်ဆန်းလမ်း အမှတ်(၁)ရပ်ကွက် အမှတ်(၄၃)ရှိ ဦးမြင့်မောင်၊ ဒေါ်စန်းလေးတို့က နေ့အချိန် အိမ်တံခါး လုံခြုံစွာပိတ်၍ မြို့ထဲ(၅)လမ်းရှိ ဈေးဆိုင်တွင် ဈေးရောင်းကာ ညနေ ၆ နာရီ အိမ်ပြန်ရောက်ချိန်တွင် အိမ်တံခါးများပျက်စီးယိုယွင်းမှုမရှိဘဲ အိမ်ခန်းတွင်းရှိ သေတ္တာများနှင့် အံဆွဲများပွင့်လျက် ပျက်စီးနေရာမှ စစ်ဆေးကြည့်ချက်အရ အိမ်ရှေ့အမိုး သွပ်ပြားကိုခွာပြီး ဝင်ရောက်၍ ရွှေငွေပစ္စည်းများနှင့်ငွေများ ဖောက်ထွင်း ခိုးယူခံရကြောင်း သိရသဖြင့် မြောင်းမြ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။

အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တိုင်းဒေသကြီးမှုခင်းနှိမ်နင်း ရေးအဖွဲ့၊ ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်ချက်အရ အမှုနှင့်ကွင်းဆက်များဖော်ထုတ်ကာ အခင်းဖြစ်နေအိမ် အနီးနေထိုင်သူ မောင်သန်းအေးအား ဇန်နဝါရီ ၁၄ ရက်တွင် ခေါ်ယူစစ်ဆေးရာမှ အမှုဖော်ထုတ်ရရှိသည်။ ၎င်းနှင့် ဆက်စပ်ပြီး ရွှေထည်ပစ္စည်း လက်ခံသိမ်းဆည်းပေးသူ မြောင်းမြမြို့နယ် ဝါးကြိတ်လိန်ကျေးရွာမှ ကိုမြင့်အေး နှင့်ဇနီး မစန်းမြင့်တို့၏ ခြံနောက်ဘက်တွင် မြေမြှုပ်ဝှက်သိမ်းထားသည့် ရွှေထည်ပစ္စည်းများကိုလည်းကောင်း၊ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းနေ မောင်သန်းအေး၏ အစ်ကို ကိုမျိုးညွန့်ထံမှ ငွေကျပ် ၄၂၆ သိန်း ကျော်ကိုလည်းကောင်း မြောင်းမြရဲစခန်းမှ ရဲအုပ် အောင်မျိုးသန့်၊ ရဲအုပ် အောင်ဆွေမြင့်၊ ဒုရဲအုပ် အောင်ကိုကို တို့က ရန်ကုန်တိုင်းဒေသကြီး မှုခင်းနှိမ်နင်းရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများ သက်သေဖြင့် ဇန်နဝါရီ ၁၆ ရက် ညတွင် သွားရောက်သိမ်းဆည်းကာ အမှုနှင့်ဆက်နွှယ်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်သိမ်းဆည်းရယူနိုင်ခဲ့သည်။

ဖောက်ထွင်း ခိုးယူခံရသော ရွှေထည်ပစ္စည်းမျိုးစုံ ၁၈ မျိုး၊ ငွေစက္ကူကျပ် ၄၂၆ သိန်း စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၆၇၆ သိန်း ကျော်တို့ကို သိမ်းဆည်းရရှိပြီး ရွှေထည်ပစ္စည်းများမှ ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား လက်စွပ်တစ်ကွင်းနှင့် ကျန်ရှိငွေများကို ဆက်လက်သိမ်းဆည်းရမိရေး ဆောင်ရွက်လျက်ရှိကာ မြောင်းမြရဲစခန်းမှ တရားစွဲဆိုထားကြောင်း သိရသည်။

ညီညီ (မြောင်းမြ)
The Mirror Daily

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ခြင်း [Trust Building] လုပ်နိုင်ဖို့ပါပဲ’’ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း


၂၀၁၁ က စတင်ခဲ့သော လက်ရှိ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့်အတူပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။ သမ္မတဦး သိန်းစိန်လက်ထက်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အဓိကဦး ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးဦး အောင်မင်းနှင့် 7Day မှ ဇန်န၀ါရီ ၁၉ရက်က နေပြည်တော်တွင် သီး သန့်တွေ့ဆုံခဲ့သည်။ ဦးအောင် မင်းနှင့် တွေ့ဆုံစဉ် လေးနှစ် ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အစိုးရသစ်လက်ထက်အလား အလာ၊ မြန်မာနိုင်ငံငြိမ်းချမ်းေ၇း နှင့် ပြန်လည်ထူထောင်ရေးဗဟို ဌာန(MPC)အလားအလာစသည့် ကိစ္စရပ်များအပါအ၀င် 7Day က မေးမြန်းခဲ့မှုများကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။


သမိုင်းမှာ ပထမဆုံးအကြိမ် ပြု လုပ်နိုင်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံအပေါ် ဘာများ မှတ်ချက်ပြုချင်ပါသလဲ။


ဇန်န၀ါရီ ၁၂ရက်က ၁၆ ရက်အထိ ပြုလုပ်ခဲ့တဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ ဟာ မြန်မာနိုင်ငံမှာ တစ်ကြိမ်တစ် ခါမှ ပြုလုပ်နိုင်ခြင်းမရှိတဲ့ ညီလာ ခံဖြစ်ပါတယ်။ ဒါကြောင့် ထူးခြား ပါတယ်။ ဘာတွေထူးခြားသလဲ ဆိုရင် နံပါတ်(၁)က လက်နက် ကိုင်ပြဿနာဟာ နိုင်ငံရေးကိစ္စ တွေကို နိုင်ငံရေးအရမဖြေရှင်းခဲ့ လို့ တိုက်ပွဲတွေဖြစ်နေရတယ်လို့ ပြောကြတယ်။ အခုလက်နက် ကိုင်ပြဿနာကို နိုင်ငံရေးအရဖြေ ရှင်းတာဖြစ်တယ်။ (၂)က သမ္မတ ကြီးကလည်းခွဲထွက်ခြင်းနဲ့ အချုပ် အခြာအာဏာကို ထိပါးစေတဲ့ကိစ္စမှအပ ဆွေးနွေးခွင့်ပေးထား တယ်။ နံပါတ်(၃) ပြောခွင့်မရတဲ့ ဖက်ဒရယ်ကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့တယ်။ အရင်ကဆို ဖက်ဒရယ်ကိစ္စဆွေးနွေးရင် အရေးယူခံရမှာပေါ့။ အခုဆို ကျယ်ကျယ်လောင်လောင်ဆွေး နွေးနိုင်ခဲ့ကြတယ်။ (၄)က ညီလာ ခံကြီးကနေ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုတည်ဆောက်နိုင် မှာဖြစ်တဲ့အတွက် ပြည်သူလူထု အတွက် အကျိုးရှိတယ်။ နောက် ဆုံးအချက်က ယခင်ကထိပ်တိုက် ရင်ဆိုင်တဲ့စနစ်ကတွေ့ဆုံဆွေး နွေးအဖြေရှာမယ်ဆိုတဲ့ Dialouge ပုံစံကိုဖော်ဆောင်နိုင်တယ်။ ဒီမို ကရေစီယဉ်ကျေးမှုပုံစံသစ်ဖြစ် လာတယ်။


အမျိုးသားအဆင့်နိုင်ငံရေးဆွေး နွေးပွဲတွေနဲ့ ပြည်ထောင်စုညီလာ ခံကိုသုံးနှစ်ကနေငါးနှစ်အတွင်း ပြီး စီးအောင်ဆောင်ရွက်သင့်တယ် ဆိုတဲ့အချက်ဟာ နောက်အစိုးရ အကျပ်တွေ့အောင်လုပ်တယ်လို့ ဝေဖန်မှုတွေရှိတယ်။ ၀န်ကြီးအ နေနဲ့ ဘယ်လိုသဘောထားရှိပါ သလဲ။


ကောင်းတဲ့လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် မြန်မြန်သွားနိုင် ရင် အကျိုးမြန်မြန်ရမယ်လို့ ကျွန် တော်ယူဆတယ်။ ညီလာခံဟာ NCA စာချုပ်ကို အခြေခံတယ်။ NCA အရ မူဘောင် Framework ရေးဆွဲတယ်။ မူဘောင်အတိုင်း ညီလာခံကိုကျင်းပတယ်။ မူ ဘောင်ထဲမှာ နောက်အစိုးရက ပြု ပြင်ပြောင်းလဲမှုတွေလုပ်နိုင် တယ်။ ဒါကြောင့်နောက်အစိုးရ မှာ အကျပ်အတည်းမဖြစ်စေနိုင် ပါဘူး။ ကျွန်တော်တို့က ပုံစံခွက် တစ်ခုလုပ်ပေးခဲ့တာပါ။ ကောင်း ရင်သုံးပါ။ မကောင်းရင်ပြင်ပါ။ ပြင်လို့မရရင်တော့ပစ်လိုက်ပါ။ သုံးပြင်ပစ်ပေါ့။ ပုံစံခွက်ကို ဖ ယောင်း၊ အင်္ဂတေ၊ ရွှေစတာနဲ့ သွန်းနိုင်တယ်။ သွန်းလုပ်မယ့် သူ တို့ရဲ့ ဆန္ဒပါလို့ပြောချင်တယ်။


ဒေါ်အောင်ဆန်းစုကြည်က အခု ညီလာခံက NCA ပြီးဆုံးတာကိုအသိအမှတ်ပြုခြင်းသာ ဖြစ်တယ်။ တကယ့် ငြိမ်းချမ်းရေးညီလာခံကို နောက်အစိုးရလက်ထက်မှာမှ ပြုလုပ်သွားမယ်လို့ RFA သတင်းဌာနမှာ ပြောသွားပါတယ်။ ၀န်ကြီးမှတ်ချက်လေးသိပါရစေ။


ဒေါ်အောင်ဆန်းစုကြည် ပြောတာမှန်ပါတယ်။ ကျွန်တော် တို့ အစိုးရလက်ထက်မှာ ညီလာ ခံဆုံးဖြတ်ချက်တစ်ခုမှ မချပါဘူး။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ငြိမ်းချမ်းရေးညီလာခံတွေ ပြုလုပ်ကြတယ်။ ငါးနှစ်၊ ၁၀ နှစ်၊ နှစ် ၂၀ ကြာတတ်ပါတယ်။ တစ် ခါတလေပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်တာရှိကြပါတယ်။ ငြိမ်း ချမ်းရေး အောင်မြင်တာ၊မအောင် မြင်တာ အဓိကက အစိုးရအပေါ် တွင်သာ တာဝန်ရှိပါတယ်။နောက်တက်လာမယ့် အစိုးရဟာ NLD အစိုးရပဲဖြစ်ပါတယ်။ NLDအစိုးရ က ဆက်လုပ်ရမှာဖြစ်ပါတယ်။ NLD အစိုးရအနေနဲ့လည်းအောင်မြင်မှုတွေရမယ်လို့ ယုံကြည်ပါ တယ်။


ဝန်ကြီးက ငြိမ်းချမ်းရေးမှာ တောက်လျှောက်ပါဝင်ဦးဆောင် ခဲ့တာဆိုတော့ နောက်အစိုးရ လက်ထက်မှာရော ဘယ်လိုပုံစံ မျိုးနဲ့ ပါဝင်ဆောင်ရွက်ဖို့ရှိလဲ။


ကျွန်တော်က ငြိမ်းချမ်းရေး ကို မြတ်နိုးပါတယ်။ တန်ဖိုးထား ပါတယ်။ ငြိမ်းချမ်းရေးပျက်သွား မှာကို အစိုးရိမ်ဆုံးပါပဲ။ ငြိမ်းချမ်း ရေးကို နောက်ဆုံးအချိန်အထိ လုပ်သွားမှာဖြစ်ပါတယ်။


ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက် ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်က ရာထူးတစ်နေရာ မျိုးဖိတ်ခေါ်ကမ်းလှမ်းတာရှိပါသ လား။ ၀န်ကြီးဘက်ကကော တင် ပြထားတာမျိုးရှိပါသလား။


အစိုးရသစ်က ဖိတ်ခေါ်ခြင်း လုံးဝမရှိပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ် သက်ပြီး နှစ်ကြိမ်တွေ့ဆုံခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ၀ိုင်းကူပေးပါလို့ တစ်ခွန်းပဲပြောခဲ့တာရှိပါတယ်။ ကျွန်တော်ကလည်း ထဲထဲဝင်ဝင် လုပ်ဖို့ အခက်အခဲတွေရှိပါတယ်။ အပြင်ကပဲ ကူညီပါရစေလို့ ပြော ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ ထက်ပိုပြီးပြောခဲ့တာမရှိပါဘူး။


အကယ်၍ ကမ်းလှမ်းလာခဲ့မယ် ဆိုရင် ၀န်ကြီးအနေနဲ့ဘယ်လိုစဉ်း စားပါမလဲ။


ဒီငြိမ်းချမ်းရေး တကယ် အောင်မြင်တာက သမ္မတကြီး ဦးသိန်းစိန်ရဲ့ တာဝန်ယူမှု၊ တာ ၀န်သိမှုအပေါ်မှာပါ။ ၀န်ကြီး ဦးအောင်မင်းလုပ်တဲ့ ကိစ္စတွေ အားလုံးကို သမ္မတကြီးဦးသိန်းစိန် က အားလုံးရာနှုန်းပြည့်တာဝန်ယူ တယ်။ တာဝန်ယူပေးလို့လည်း အောင်မြင်တာဖြစ်တယ်။ အဲဒီ တော့ အတွဲညီတယ်။ အဲဒီတော့ နောက်အစိုးရက ကျွန်တော်တို့ လုပ်သမျှကိစ္စကို တာဝန်ယူပေး နိုင်မလား။ သူတာဝန်မယူလို့ရှိ ရင် ကျွန်တော်တို့အနေနဲ့ လုပ်ရ တာ အောင်မြင်မှုမရနိုင်ဘူး။ ဒါ ကြောင့်မို့ ကျွန်တော်စဉ်းစားတာ ကတော့ ၀ိုင်းကူပေးမယ်။ ထဲထဲ ၀င်ဝင်ကတော့ ၀င်ကူဖို့ရာခက်တဲ့ အတွက် အပြင်ကပဲဝိုင်းကူပေး မယ်။


လေးနှစ်ကျော် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အပေါ် ခြုံငုံသုံးသပ်ပြီး တော့ အားရတဲ့လုပ်ဆောင်ချက် တွေနဲ့ ကျေနပ်မှုသိပ်မရခဲ့တာရှိ ရင်လည်း ဥပမာပေးပြီးပြောပြ ပေးပါ။


ဆောင်ရွက်ချက်အားလုံးအ ပေါ်မှာ အားရကျေနပ်မိပါတယ်။ အဆင့်တိုင်း၊အဆင့်တိုင်းမှာ စိန် ခေါ်မှုတွေရှိပါတယ်။ ဒီစိန်ခေါ်မှု တွေကို ကျော်လွှားနိုင်လို့ပဲ ငြိမ်း ချမ်းရေးညီလာခံကြီးဖြစ်လာတာ ပဲ။ အရေးကြီးဆုံးကတော့ ယုံ ကြည်မှုတည်ဆောက်ခြင်းဖြစ်ပါ တယ်။ တိုင်းရင်းသားတွေဟာ yes ၊ no နှစ်လုံးပဲပြောတတ်ကြပါ တယ်။ no လို့ပြောထားတဲ့ ပုဂ္ဂိုလ် ဟာ yes လို့ ပြောဖို့တော်တော် ခက်ပါတယ်။ yes လို့ပြောအောင် ယုံကြည်မှုတည်ဆောက်ရတာ ဖြစ်ပါတယ်။ အပင်ပန်းဆုံးနဲ့ စိတ် အလှုပ်ရှားရဆုံးနေ့က ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်း ရင်းသားလက်နက်ကိုင် ငါးဖွဲ့နဲ့ တစ်ဖွဲ့ချင်းလျှို့ဝှက်တွေ့ပါတယ်။ KIA, RCSS, CNF, KNU, KNPP အဖွဲ့တွေဖြစ်ပါတယ်။ မနက်က နေ သန်းခေါင်အထိပဲ။ KNU က မကျေနပ်လို့ နိုဝင်ဘာ၂၀မှာ ထပ် တွေ့ကြတယ်။ အကျိုးဆက်အ နေနဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၁ တောင် ကြီးမှာ RCSS ၊ ၂၀၁၂ ဇန်န၀ါရီ၆ ရက် ဟားခါး မှာ CNF ၊ ဇန်န၀ါရီ ၁၂ ရက် ဘားအံမှာKNU၊ မတ်လ ၇ ရက် လွိုင်ကော်မှာ KNPP တို့နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်ခဲ့တယ်။ KIO ကတော့ တိုက်ပွဲတွေဖြစ်နေလို့ အကြိမ် ကြိမ်ထပ် ကြိုးစားခဲ့ရတယ်။


တရုတ်အထူးကိုယ်စားလှယ်က NCA မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့တိုက် တွန်းနေတယ်လို့ ပြောပါတယ်။ အိမ်နီးချင်းတရုတ်ရဲ့အခန်းကဏ္ဍ အပေါ် ၀န်ကြီးရဲ့သဘောထား သိချင်ပါတယ်။


၂၀၁၅ အောက်တိုဘာက သမ္မတကြီးရဲ့ တရုတ်ပြည်ခရီးစဉ် မှာ နိုင်ငံတော်သမ္မတကြီးနဲ့ တရုတ်သမ္မတတို့တွေ့ဆုံခဲ့တယ်။ တရုတ်သမ္မတက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံတယ်။ တရုတ်နိုင်ငံက ကူညီပေးမယ်လို့ ပြောခဲ့တယ်။ ဒါဟာ တရုတ်နိုင်ငံ ရဲ့ ပေါ်လစီဖြစ်တယ်။၂၀၁၅ နိုဝင်ဘာလောက်မှာ တရုတ် အစိုးရက နယ်စပ်ဒေသရှိ ကေအိုင်အို၊ ‘၀’၊ မိုင်း လားအဖွဲ့တွေကို ခေါ်တွေ့ပြီး NCA လက်မှတ်ထိုးဖို့ တိုက်တွန်း ခဲ့တယ်လို့ သိရတယ်။ နယ်စပ်ဒေသ နှစ်နိုင်ငံကုန်သွယ် ရေးမှာ တရုတ်နိုင်ငံက အကျိုးအ မြတ်တွေ အများကြီးရတယ်။ငြိမ်း ချမ်းရေးမရရင် နယ်စပ်ဒေသ စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်မယ်။ ဒါ ကြောင့် တရုတ်အစိုးရက ငြိမ်း ချမ်းရေးကို ထောက်ခံတာဖြစ် တယ်။ နယ်စပ်ဒေသစီးပွားရေး ဟာ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေ တယ်။


ဝန်ကြီးအနေနဲ့ အစိုးရသစ်မှာ မပါဘူးဆိုရင် ငြိမ်းချမ်းရေးအ တွက် ဘာအကြံပေးချင်ပါသလဲ။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှု တည် ဆောက်ခြင်း (Trust Building) လုပ်နိုင်ဖို့ပါပဲ။ Trust တည် ဆောက်နိုင်ဖို့ စိတ်ရှည်ရမယ်၊ ဇွဲ သန်ရမယ်၊ သည်းခံရပါမယ်။


ဝန်ကြီးအနေနဲ့ ပါတီနိုင်ငံရေး ဆက်လုပ်ဖို့ အနေအထားရော ရှိ ပါသလား။


ကျွန်တော်ပါတီ နိုင်ငံရေး မလုပ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ငြိမ်းချမ်းရေးသမား ဆိုတော့ ကြားကနေ ဆောင်ရွက် ရမယ့်သူ၊ ကြားက ဆောင်ရွက်ရ မယ့်သူတစ်ယောက်အနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကဏ္ဍစွဲကင်းရှင်းဖို့လိုပါတယ်။ ဒါကြောင့်မို့ ပါတီနိုင်ငံရေးကျွန်တော်မလုပ်ပါဘူး။ အမျိုး သားနိုင်ငံရေးလို့ သူများတွေပြော တာပေါ့။ အမျိုးသားနိုင်ငံရေးလို့ ပြောရင်လည်း သိပ်မကြိုက်ကြ ဘူးဗျ။ ဒီစကားက ဒီတော့ ကျွန် တော်က ပါတီစွဲကင်းကင်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဆက်လုပ်သွား မယ်။


MPC ရဲ့ ပုံသဏ္ဌာန်အနေအထား ကကော အစိုးရသစ်လက်ထက် မှာ ဘယ်လိုဖြစ်နိုင်မလဲ။


UAM-MPC ဆိုတာက တော့ မရှိလို့ မဖြစ်ဘူးဗျ။ ဘာလို့ လဲဆိုတော့ ငြိမ်းချမ်းရေးကဏ္ဍမှာ MPC က အဓိကဆောင်ရွက်ခဲ့ တာဖြစ်တယ်။ နောက်ဆုံးငြိမ်း ချမ်းရေးညီလာခံအထိပေါ့။ အဲဒီ တော့ MPC ကတော့ နောက် အစိုးရလက်ထက်မှာ ဘယ်လို ဆက်ပြီးသွားမယ်ဆိုတာ ဘာညာ ကတော့ ကျွန်တော်တို့ စဉ်းစား ပြီး တိုင်ပင်နေတုန်းပဲရှိသေးတာ ပေါ့။ အခုတော့ အဖြေတော့ မ ထွက်သေးဘူး။


တိုင်ပင်တယ်ဆိုတာတာက အစိုး ရအဖွဲ့အသစ်နဲ့လား။


အစိုးရအဖွဲ့အသစ်နဲ့မဟုတ် ဘူး။ ကိုယ့်အချင်းချင်းထဲမှာပါ။ ငြိမ်းချမ်းရေးညီလာခံကြီးက အခု မှပဲ ပြီးတာ။ အခုမှပဲအသက်ရှုဝ တာ။ ကျွန်တော်တို့က ညီလာခံ ကြီးအပေါ် ငွေကြေး ရှင်းတာတို့၊ အစီရင်ခံစာရေးတာတို့ပြီးရင် ဆွေးနွေးချက်တွေကို စာအုပ်ကြီး ထုတ်တာတို့၊ စာအုပ်ကလည်း စာမျက်နှာ ခြောက်ရာလောက်ရှိ တယ်။ ဒါတွေ လုပ်မယ်။ အဲဒါ ပြီးမှပဲ ဒါကို ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာ တိုင်ပင်မယ်။ ရှိတော့ ရှိသင့်တယ်ဗျ။ MPCဆို တာ။


ဘာများ ဖြည့်စွက်ပြောကြားချင် ပါသလဲ။


ဒီနေရာမှာ Shuttle Diplo-macy ကို ပြောပြချင်တယ်။ Shuttle လို့ ပြောတော့ အသွား အပြန်လွန်းထိုးဆောင်ရွက်တယ် လို့ အဓိပ္ပာယ်ရတယ်။ မရှိသေး တာ၊ မဖြစ်သေးတာကို ရှိအောင်၊ ဖြစ်အောင် လုပ်တာလို့ ဖြည့်စွက် ပြောချင်တယ်။ ကျွန်တော်က Shuttle Diplomacy ကို အကြိမ် ကြိမ်ကြိုးစားခဲ့ရတယ်။ ဒါကြောင့်စိတ်ရှည်သည်းခံဇွဲသန်ရမယ်လို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။


ကျေးဇူးတင်ပါတယ်။ ။


ဦးအောင်မင်း (ဓာတ်ပုံ− စိုင်းဇော်)
7Day

မြန်မာဘက်မှ ကလေးခိုးလာသူ ထိုင်းတွင်ဖမ်းမိ

ဓာတ်ပုံ - ထိုင်းရတ်

20 January 2016

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် တဘက်ကမ်းကို မြ၀တီဘက်ကနေပြီး ကလေးခိုးယူလာတဲ့ မြန်မာအမျိုးသမီးတဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၃ နှစ်အရွယ် ယောက်ျားလေးတဦးကို အမျိုးသမီးတဦးက ခိုးယူသွားကြောင်း တိုင်ကြားထားချက်ရထားလို့ မဲဆောက်မြို့နယ် ထိုင်းအာဏာပိုင်တွေက မြ၀တီတံတားနဲ့ သောင်ရင်းမြစ်ကမ်း အနီးတ၀ိုက်ကို သတိထား စောင့်ကြည့်နေစဉ် ခါးပိုက်နှိုက် အမျိုးသမီးတဦးဆီကနေ ပျောက်ဆုံးနေတဲ့ ကလေးငယ်ကို ပြန်ရခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေးခိုးသူ အမျိုးသမီးဟာ အသက် ၃၃ နှစ်အရွယ်ရှိ မကေသွယ်မူ ဆိုသူဖြစ်ပြီး သူဟာ ကလေးကို မြ၀တီဘက်ခြမ်း ဈေးထဲက လူအုပ်တွေနဲ့ အတူရောပြီး ထိုင်းဘက်ကို ၀င်ရောက်လာကြောင်း၊ ထိုင်းဘက်ခြမ်းမှာ လူတယောက်ရဲ့ ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ခဲ့ပြီး ခါးပိုက်နှိုက်ခံရသူက ရဲကို ချက်ချင်းတိုင်ကြားတဲ့အတွက် မရှေးမနှောင်းမှာပဲ သူ့ကို သက်သေခံပစ္စည်း ပိုက်ဆံအိတ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က မကေသွယ်မူကို ခါးပိုက်နှိုက်မှုနဲ့ စစ်ဆေးနေစဉ် သူ့ကလေးလို့ ပြောထားတဲ့ ကလေးငယ်က လိမ္မာပါးနပ်စွာနဲ့ အကူအညီ တောင်းခံတဲ့ အမူအယာတွေ ပြတာကြောင့် ရဲတပ်ဖွဲ့က ဘာသာပြန်ကတဆင့် ကလေးကို မေးမြန်းရာမှာ ကလေးငယ်က အမျိုးသမီးဟာ သူ့မိခင်မဟုတ်ဘဲ လူဆိုးဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

ကလေးငယ်မိခင်ဖြစ်သူ မစိုးဝင်းခိုင်ကလည်း သူမရဲ့ သားဖြစ်သူ မောင်ဆန်းဝင်းအောင်ဟာ လွန်ခဲ့တဲ့ ၃ ရက်က ပျောက်ဆုံးနေတာဖြစ်ကြောင်း၊ အဲဒီနေ့က သူဟာ ဆိုင်ထဲမှာ စက်ချုပ်နေပြီး ကလေးက ဆိုင်ရှေ့မှာ ကစားရင်းနဲ့ ပျောက်ဆုံးသွားလို့ ရဲကို တိုင်ကြားထားကြောင်း၊ အခုလို သားဖြစ်သူကို ပြန်ရှာပေးတဲ့အတွက် ထိုင်းအာဏာပိုင်တွေကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
By ဒီဗွီဘီ

စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်သစ်အတွက် ပြင်ဆင်


နေပြည်တော်မှာ မကြာခင် ပြန်စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ၂ ရပ် အစည်းအဝေးတွေအတွက် အသစ်ခန့်အပ်လိုက်တဲ့ တမတ်သား ကိုယ်စားလှယ်တွေ ထဲမှာ ဗိုလ်ချုပ်တွေ ပိုမို ထည့်သွင်းလာတာဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေမှာ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရ မှာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြန်လည်စတင်မယ့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေကို အသစ်ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီအထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဗိုလ်ချုပ် တောက်ထွန်းနဲ့ ဗိုလ်ချုပ်သန်းထွတ်သိန်း အပါအ၀င် ကိုယ်စားလှယ် ၁၁၀ ယောက်ကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်အတွက် ဗိုလ်ချုပ် သန်းစိုး အပါအ၀င် ၅၆ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးရဲ့ စစ်တပ်ကိုယ်စားလှယ်တွေစာရင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ဇန်န၀ါရီလ ၁၈ ရက်နေ့က အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခု ခန့်အပ်ခဲ့တဲ့ စစ်တပ်ကိုယ်စားလှယ်တွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ဦးအောင်လင်းထွဋ် က အခုလို ပြောပြပါတယ်။

“ဗိုလ်ချုပ်သန်းစိုးတို့ ဗိုလ်ချုပ် သန်းထွတ်သိန်းတို့က ၂ ယောက်ကတော့ ကျနော်နဲ့ ထောက်လှမ်းရေး သင်တန်းကျောင်းမှာ သင်တန်းမှူးဘ၀နဲ့ လုပ်စဉ်မှာတော့ ကျနော် သူတို့ကို ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ တန်ပြန်ထောက်လှမ်းရေးသင်တန်းတို့ ဘာတို့ ကျနော် ပို့ချခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတော့ သူတို့ ၂ ယောက်စလုံးရဲ့ စိတ်ဓာတ်က ကောင်းပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောရရင်တော့ လူကောင်းတွေပါခင်ဗျ။ တိုင်းပြည်အတွက်ကို ကောင်းရာကောင်းကျိုးကို လုပ်မယ့် ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါတယ်။ ဟိုဘက်က ဗိုလ်ချုပ်တောက်ထွန်းတော့ ကျနော်နဲ့ မဆက်ဆံခဲ့ဖူးပါဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာကိုက တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ပါရမယ်ဆိုတဲ့ ပေါ်လစီအရပေါ့လေ အခုအချိန်ခါမှာတော့ ဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေကို အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်မှာပါ ထည့်တဲ့သဘောပါပဲ။”

ဒါ့အပြင် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် - အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ အသစ်တက်လာမယ့် NLD အစိုးရနဲ့ တပ်မတော် လက်တွဲ လုပ်ဆောင်သွားရမယ့် အစီအစဉ်တွေကို ချပြ ပြောဆိုခဲ့ကြပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် ကတော့ - အစိုးရသစ်အနေနဲ့ တိုင်းပြည်လုံခြုံရေးအတွက် တပ်မတော်နဲ့ ဆက်လက် လက်တွဲရမှာပဲဖြစ်တယ်လို့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာတော့ တပ်မတော်အနေနဲ့ NLD နဲ့ ညှိနှိုင်းပြီး လုပ်ရပါလိမ့်မယ်ခင်ဗျ။ NLD ကလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာကို တပ်မတော် မပါဘဲနဲ့ ပစ်ပယ်ပြီးတော့မှ လုပ်လို့မရပါဘူး။ ဒါကြောင့်မို့လို့ ညှိညှိနှိုင်းနှိုင်းလုပ်ရတဲ့အခါမှာ အဆင့်မြင့်တဲ့ ဗိုလ်ချုပ်တွေ ပါဝင်ခြင်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားပေါ့လေ သူတို့နဲ့ တိုက်ရိုက် ညှိနှိုင်းပြီးတော့မှ ဆွေးနွေးသွားနိုင်မယ့် အခြေအနေဖြစ်အောင်အတွက်ကို ဗိုလ်ချုပ်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်များကို ခန့်အပ်ထားတယ်လို့ ကျနော် သိရပါတယ်ခင်ဗျ။”

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်မှာ NLD ကိုယ်စားလှယ် ၂၃၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၃၅ ဦးနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၈၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာဖြစ်တာကြောင့် - မကြာခင် ပြန်စတင်တော့မယ့် လွှတ်တော်အစည်းအဝေးတွေမှာ NLD ကိုယ်စားလှယ်တွေ အများစု တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကတော့ ထင်သလောက် မလွယ်လှဘူးလို့ ဦးအောင်လင်းထွဋ် က ယူဆပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ သူတို့မှာတော့ လုပ်ပိုင်ခွင့် အခွင့်အာဏာ မရှိပါဘူးခင်ဗျ။ သူတို့ဟာ ဆုံးဖြတ်နိုင်ခွင့် ပုဂ္ဂိုလ်တွေလည်း မဟုတ်ပါဘူး။ အားလုံးဟာ အပေါ်ကပဲ ကကန ဆိုတဲ့ ကာကွယ်ရေးကောင်စီ ဆိုတာ ကျနော်တို့ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလေ။ အဲဒီရဲ့ အဆုံးအဖြတ်အတိုင်းပဲ လွှတ်တော်မှာရောက်နေတဲ့ ဗိုလ်ချုပ်တွေက အမိန့်နာခံရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ဒီ သဘောထားတွေ၊ ဘာညာ ဆိုတာထက် သူတို့က အပေါ်က လူကြီးတွေ သူတို့ဆက်ဆံရေး မကောင်းဘူး၊ မကြိုက်ဘူး ဆိုလို့ရှိရင်တော့ ချက်ခြင်းလဲပစ်မယ့် အနေအထားမျိုး ရှိပါတယ်ခင်ဗျ။”

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ်စာရင်းမှာတော့ - အရင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင် လည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်က အခုလို သုံးသပ်ခဲ့ပါတယ်။

“လက်ရှိပေါ့လေ မင်္ဂလာဒုံ လေတပ်စခန်းမှူး ဗိုလ်မှူးချုပ်သိန်းနိုင်ပေါ့လေ အသက်အားဖြင့်တော့ ကျနော်ထင်တယ် ၅၈၊ ၅၉ လောက်ရှိပြီ။ သူ့ကို ရှေ့ဆက်ပြီးတော့မှပေါ့လေ ဗိုလ်ချုပ်ပေးစရာ အကြောင်းမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အရွယ်အားဖြင့် ပင်စင်နားနီးတဲ့အခါကျတော့ လေတပ်ကနေပြီးတော့မှ တနေရာကို ရွှေ့တဲ့အနေအထားမျိုးလို့ ကျနော်မြင်ပါတယ်။”

မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အစိုးရသစ် တက်လာတော့မယ်ဆိုပေမဲ့ - တိုင်းပြည်ရဲ့ အဓိကကျတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၃ ခု ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်အောက်မှာ ဆက်လက် ရှိနေမှာဖြစ်ပါတယ်။ NLD ဦးဆောင်မယ့် အစိုးရသစ် ကတော့ မတ်လမှာ တာဝန်စယူမှာ ဖြစ်ပါတယ်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)

ခရီးသွားရာသီဦးတွင် ကမ္ဘာလှည့် ခရီးသည် ၈ဝဝ ကျော်နှင့် သင်္ဘောသား ၄ဝဝ ကျော် လိုက်ပါလာသည့် အမေရိကန်အခြေစိုက် အပျော်စီး သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်လာ

Oceania Cruises မှ Oceania Insignia အပျော်စီး သင်္ဘောကြီး
ရန်ကုန်မြို့ သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ဆိုက်ရောက်


ရန်ကုန် ၊ ၅-၁၀-၂၀၁၅


ယခုနှစ် ခရီးသွားရာသီ တွင် ကမ္ဘာလှည့် ခရီးသည် ၈ဝဝ ကျော်နှင့် သင်္ဘောသား ၄ဝဝ ကျော် လိုက်ပါလာသည့် အမေရိကန် အခြေစိုက် အပျော်စီး သင်္ဘောကြီး တစ်စင်း ဆိုက်ကပ် လာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီး ဌာန၏ သတင်းများ အရ သိရသည်။ 


ယခုအခါ ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ရာသီအချိန် ကာလသို့ ရောက်ရှိ လာခဲ့ရာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည် များမှာလည်း တစ်ဖွဲဖွဲ လာရောက် လည်ပတ် နေကြပြီ ဖြစ်သည်။ 


ပွင့်လင်းရာသီသို့ ရောက်ရှိ လာသည်နှင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ မှာ လေဆိပ် ဝင်ပေါက်များ၊ အပျော်စီး သင်္ဘော ခရီးစဉ်များနှင့် လာရောက် လည်ပတ်လေ့ ရှိရာ ယမန်နေ့တွင် အမေရိကန် အခြေစိုက် အပျော်စီး သင်္ဘော ကုမ္ပဏီတစ်ခု ဖြစ်သည့် Oceania Cruises မှ Oceania Insignia အပျော်စီး သင်္ဘောကြီးမှာ ရန်ကုန်မြို့ သီလဝါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့သည်။ အဆိုပါ အပျော်စီး သင်္ဘောကြီးမှာ သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြို့မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ပြီး သင်္ဘောပေါ်တွင် နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည် ၈၀၀ ပါရှိလာကာ မြန်မာနိုင်ငံ၏ ထင်ရှားသည့် နေရာဒေသ များသို့ လည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။


ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘော ၂၆ စီး ဆိုက်ရောက် မည်ဟု ခန့်မှန်းထားပြီး လက်ရှိတွင် ဇန်နဝါရီလမှ မေလထိ အပျော်စီး သင်္ဘော အစီး ၂ဝ ဆိုက် ရောက်ခဲ့ပြီး ဖြစ်ကာ ယမန်နေ့ ဆိုက်ရောက် လာသည့် အပျော်စီး သင်္ဘော အပါအဝင် ၂၁ စီး ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောငါးစီး ထပ်မံဆိုက်ရောက် လာဖွယ် ရှိနေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ၏ သတင်းများ အရ သိရသည်။


နိုင်ငံတကာ ခရီးသွား ဧည့်သည်များမှာ ရာသီဥတု သာယာသည့် ပွင့်လင်း ရာသီများ တွင်သာ ခရီးသွားလာ လေ့ရှိကြပြီး ခရီးသွားရာသီ ကိုလည်း ပွင့်လင်းရာသီ များတွင်သာ လုပ်ကိုင် ဆောင်ရွက် ကြလေ့ရှိသည်။ ခရီးသွား ရာသီမှာ မိုးရာသီအစ ဇွန်လမှ စတင်ကာ ခေတ္တရပ်နား ထားပြီး အောက်တိုဘာလတွင် ပြန်လည် လုပ်ကိုင် ဆောင်ရွက် ကြသည်။ ထို့ကြောင့် ယခု လမှစတင်၍ အပျော်စီး သင်္ဘောများ ရောက်ရှိလာ သဖြင့် ယခုနှစ် အပျော်စီး သင်္ဘော လာရောက် လည်ပတ်မှုမှာ ခန့်မှန်း ထားသည် ထက်ပင် ပိုမိုဝင် ရောက်လာ နိုင်ကြောင်း ခရီးသွားလုပ် ငန်းများက ခန့်မှန်း နေကြသည်။ ယခုနှစ်တွင် လက်ရှိ အပျော်စီး သင်္ဘောအစီး ၂ဝ ရောက်ရှိနေပြီး နိုင်ငံခြားသား ခရီးသည် တစ်သောင်း လေးထောင် ကျော် ဝင်ရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘော ခရီးစဉ်းများနှင့် လာရောက် လည်ပတ် နေမှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား နေခဲ့ရာ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ လမှ ယခု ၂ဝ၁၅ ခုနှစ် မေလထိ နိုင်ငံတကာ အပျော်စီး သင်္ဘော ၅၈ စီး ဝင်ရောက် ဆိုက်ကပ်ကာ နိုင်ငံတကာ ခရီးသွား ဧည့်သည် သုံးသောင်း ကျော် လာရောက် လည်ပတ် ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ သင်္ဘော ကိုယ်စားလှယ် လုပ်ငန်းဌာန၏ စာရင်းများ အရ သိရသည်။


ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် အပျော်စီး သင်္ဘော အစီး ၂ဝ ထိ ဆိုက်ကပ်လာ ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ လက်ရှိ အချိန်ထိ ၂၁ စီးဆိုက်ကပ် ခဲ့ပြီးဖြစ် သဖြင့် ခရီးသည် အရေအတွက်မှာ ၂ဝ၁၄ ခုနှစ် တစ်နှစ်လုံး လာရောက် လည်ပတ်ခဲ့သည့် အရေအတွက် ထက်ပင် ပိုမိုများပြား နေခဲ့သဖြင့် ယခုနှစ်တွင် အပျော်စီး သင်္ဘော ဆိုက်ကပ်မှုနှင့် လာရောက် လည်ပတ်မည့် ခရီးသည် အရေအတွက်မှာ ယခင် ၂ဝ၁၄ ခုနှစ်ထက် သိသိသာသာ တိုးတက်များပြား လာမည် ဖြစ်ကြောင်း သိရသည်။ 

Yadanarpondaily

ကမ္ဘာ့အကြီးကျယ်ဆုံးအလှမယ်ပြိုင်ပွဲနှစ်ခုကို မြန်မာကိုယ်စားပြုပထမဆုံးယှဉ်ပြိုင်ခွင့် ရသူဖြစ်လာတဲ့ မေဘရဏီသော်

ဓာတ်ပုံ−စိုင်းဇော်



မယ်စကြ၀ဠာ မြန်မာ ၂၀၁၅ ဆုရရှိခဲ့သည့် မေဘရဏီ သော်သည် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော Miss International 2014 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအ လှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖူး သောကြောင့် မေဘရဏီသော် သည် ကမ္ဘာ့အကြီးကျယ်ဆုံးအလှ မယ်ပြိုင်ပွဲနှစ်ခု၌ ၀င်ရောက်ယှဉ် ပြိုင်ခွင့်ရရှိသည့် ပထမဆုံးမြန်မာ အလှမယ်တစ်ဦး ဖြစ်လာသည်။

မေဘရဏီသော်သည် Miss Myanmar International 2014 ပြိုင်ပွဲတွင် 1st Runner Up ဆု သာရရှိခဲ့ခြင်းဖြစ်သော်လည်း သရဖူရရှိသည့်အလှမယ်သည် ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ် ပြိုင်ရမည့်အချိန်တွင် အသက် (၁၈)နှစ် မပြည့်သေးသောကြောင့် မေဘရဏီသော်က မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ်သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကျင်းပသည့် မယ် စကြ၀ဠာ မြန်မာ ၂၀၁၅ နှင့် ၂၀၁၆ ပြိုင်ပွဲတွင်လည်း မေဘရ ဏီသော်သည် ၂၀၁၅အတွက် ကိုယ်စားပြု၍ (၆၄)ကြိမ်မြောက် မယ်စကြ၀ဠာပြိုင်ပွဲကို ယှဉ်ပြိုင် ခွင့်ရခဲ့သည်။ ယခုနှစ်တွင် တိုင်း နှင့်ပြည်နယ်အသီးသီးမှ အလှ မယ်များပါဝင်ခဲ့သော်လည်း ရန် ကုန်မြို့ကိုယ်စားပြုအလှမယ်နှစ် ဦးဖြစ်သည့် ခါးနံပါတ် (၇) အလှ မယ် မေဘရဏီသော်က မယ် စကြ၀ဠာ မြန်မာ ၂၀၁၅ အဖြစ် လည်းကောင်း၊ ခါးနံပါတ်(၁၆) အလှမယ် ထက်ထက်ထွန်းက မယ်စကြ၀ဠာ မြန်မာ ၂၀၁၆ အ ဖြစ်လည်းကောင်း ရွေးချယ်ခံခဲ့ရ သည်။

အခြားတိုင်းနှင့်ပြည်နယ် အ လှမယ်များမှာ ဆန်ခါတင်ငါးဦး အဆင့်၌သာ ပါဝင်ခဲ့ကြပြီး မန္တ လေးမြို့ကိုယ်စားပြု အလှမယ် ဟန်လေးက 1st Runner Up ဆု၊ စစ်တွေမြို့ကိုယ်စားပြုအလှမယ် ချိုချိုထွန်းက 2nd Runner Up ဆုနှင့် အထူးဆုကို မော်လမြိုင်မြို့ ကိုယ်စားပြုအလှမယ် အိဖြိုး သွယ်က ရရှိခဲ့သည်။

အမြင့်ဆုံး သရဖူရရှိသူနှစ်ဦး သည် အလှမယ်ပြိုင်ပွဲအတွေ့အ ကြုံရှိသူများဖြစ်သည့်အပြင် ရန် ကုန်မြို့ကိုယ်စားပြု အလှမယ် များဖြစ်သောကြောင့် ဆုချီးမြှင့် ခြင်းနှင့် ပတ်သက်၍ နယ်မြို့များ မှ အလှမယ်များအတွက် မျှတမှုမ ရှိဟု ဝေဖန်မှုအချို့ရှိခဲ့သည်။

‘‘အများစုကတော့ ဒီပြိုင်ပွဲ အပေါ်မှာတင် စဉ်းစားတာမဟုတ် ဘဲ ဟိုဘက်အထိသွားပြိုင်ရမယ့် အပေါ်မှာ စဉ်းစားပြီးရွေးတာပါ။ နယ်ကလူတွေကလည်း အတွေ့ အကြုံမရှိပေမယ့် ဆန်ခါတင် ငါးဦးအဆင့်အထိပါတယ်။ အခု နှစ်မှစပြိုင်ပေမယ့် အဲဒီလောက် ထိရတာဆိုတော့ သူတို့အတွက် အောင်မြင်မှုတစ်ခုပဲ။ နောက်နှစ် တွေဆို Winner တွေတောင်ဖြစ် လာနိုင်တယ်’’ဟု ယင်းပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေ က ပြောသည်။

ထို့ပြင် ပရိသတ်အားပေးမှု အများဆုံးရရှိသည့် အလှမယ်များ ဖြစ်သည့် ဟန်လေးနှင့် ချိုချိုထွန်း တို့မှာလည်း ဒုတိယနှင့် တတိယ ဆုများသာရရှိခဲ့သောကြောင့် ၎င်း တို့ဆုမရခြင်းအပေါ် ဝေဖန်မှုအ ချို့ရှိခဲ့သည်။ သို့သော်လည်း အချို့ပရိသတ်များက ရွေးချယ်ထားသည့် အလှမယ်များသည်အတွေ့အကြုံရှိသောကြောင့် နိုင်ငံတကာ စင်မြင့်တွင် သွားရောက်ယှဉ်ပြိုင် ရန် သင့်တော်သည်ဟု မှတ်ချက် ပြုခဲ့ကြသည်။

‘‘ပြိုင်ပွဲဝင်အယောက်နှစ် ဆယ်စလုံးမှာတော့ သူတို့ရဲ့ နောက်ခံပရိသတ်မနည်းဘူး။ တစ်ယောက်နဲ့တစ်ယောက် မ တိမ်းမယိမ်းပဲ။ အဲဒီအတွက် နှစ် ယောက်ကရသွားပြီးတဲ့အချိန်မှာ ကျန်တဲ့သူတွေရဲ့ ပရိသတ်တွေက မချင့်မရဲဖြစ်ကြတာလည်းရှိမှာ ပေါ့။ အဲဒါကတော့ နှစ်တိုင်းဖြစ်နေကျပါ’’ဟု ဒေါ်စိုးယုဝေက ပြော သည်။
Credit to 7 Day

ရှမ်းပြည်နယ် ဒေသတချို့၌ မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေ


၂၀၁၅ ရွေးကောက်ပွဲ၌ ကွန်ဟိန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် SNLD ပါတီ ရုံးဖွင့်ပွဲ အခမ်းအနား တခု (ဓာတ်ပုံ – SNLD / Facebook)

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေကြောင်း ယင်းမြို့နယ် များတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများထံမှ သိရသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မြို့နယ်တချို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခေတ္တရပ် ဆိုင်းထားရန် ကြေညာချက် ထုတ်ပြန်ထားခြင်း၊ လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ကျေးရွာပေါင်း ၈ ရွာခန့် Black Area (အနက်ရောင် နယ်မြေ) အဖြစ် သတ်မှတ်ထားခြင်း များကြောင့် ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီကို ပြောသည်။

“ရှမ်းပြည်တောင်ပိုင်းက RCSS ကြီးစိုးတဲ့ နယ်မြေတော်တော်များများမှာ စည်းရုံးရတာ အဆင်မပြေဘူး။ စာထုတ်ထားတော့ ကိုယ့် လူတွေကလည်း မဆင်းရဲဘူး။ စည်းရုံးရေးဆင်းရတာ အဆင်မပြေဘူး။ ကျနော်တို့ နိုင်ငံရေးပါတီတွေကို မတိုင်ပင်ဘဲနဲ့ ကွန်ဟိန်းမြို့နယ်ဆိုရင် ကျေးရွာပေါင်း ၈ ရွာလောက်ကို သူတို့ Black Area သတ်မှတ်လိုက်တာလည်း ရှိပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်မှ ကျေးရွာအုပ်စုတချို့အား နယ်မြေအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပဘဲ ချန်လှပ်ရန် Black Area အဖြစ် သတ်မှတ်ထားသည်ဟု သတင်းထွက်ပေါ်မှုနှင့်စပ်လျဉ်း၍ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့အချိန်အထိ Black Area သတ်မှတ်ထားခြင်းမရှိသေးကြောင်း ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲမှ ဒုဦးစီးမှူး ဦးမျိုးသန့်က ပြောသည်။

ဦးမျိုးသန့်က“Black Area သတ်မှတ်ထားတာ မရှိပါဘူး။ ဒါက လွှတ်တော်အမတ်တွေအားလုံးနဲ့ တိုင်ပင်ပြီး အလုပ်လုပ်ရတာပါ။ သူတို့နဲ့ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ သွားဆုံးဖြတ်လိုက်လို့ မရဘူး”ဟုလည်း ပြောဆိုသည်။

ထို့အပြင် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် Black Area အဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်းကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့လည်း စိစစ်တင်ပြပြီးသားဖြစ်ကြောင်း လွိုင်လင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဦးစီးအရာရှိ ဦးတိုးမြင့်ကလည်း ပြောသည်။

လွိုင်လင်ခရိုင်တွင် လွိုင်လင်မြို့၊ ကွန်ဟိန်းမြို့၊ နမ့်စမ်မြို့၊ မိုင်းရှူးမြို့၊ လဲချားမြို့၊ ကျေးသီးမြို့၊ မိုင်းကိုင်မြို့တို့ပါဝင်ကြောင်း သိရ သည်။

RCSS က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တချို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းထားရန် ကြေညာချက် ထုတ်ပြန်ထားရာတွင် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုးပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေးမြို့နယ်များ အပါအ၀င် စုစုပေါင်း ၁၆ မြို့နယ်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ကျော်သူရက“တောင်ဘက်ပိုင်း RCSS နယ်မြေကတော့ စည်းရုံးလို့ မရဘူးဆိုတော့ မဲရမယ့် အခွင့်အရေး နစ်နာတာပေါ့။ ဒီဘက်မှာတော့ ရန်ကုန်လိုတော့ မဟုတ်ဘူး။ စွန့်စားပြီး သွားရတာပေါ့။ သတိတော့ ထားရတယ်လေ။ လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းဘူး။ မြို့ပြနဲ့တခြားစီပေါ့”ဟု ပြောပြသည်။

ကွန်ဟိန်းမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား စက်တင်ဘာ ၁၆ ရက်က ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပြီး Black Area သတ်မှတ်မည့် ကျေးရွာအုပ်စုများနှင့် ပတ်သက်၍ ပါတီများ၏ သဘောထားများကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်လောင်းများက ပြောသည်။

ကွန်ဟိန်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)မှ ဒေါ်နန်းဝါနုက“အမှန်ကတော့ မဖြစ်သင့်ဘူး။ သူတို့ဘာတွေ ဘယ်လိုမျိုးကိစ္စနဲ့ သွင်းလိုက်တယ်ဆိုတဲ့ အနေအထားတော့ မသိဘူး။ ဘာကြောင့် သွင်းလိုက်လဲလို့မေးလိုက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ ကော်မရှင်တွေရော မဖြေနိုင်ဘူး။ ခါတိုင်း ရွေးကောက်ပွဲလုပ်တုန်းက အဲဒီလိုမျိုး နယ် မြေ အဖြူ၊ အညို၊ အနက် ဆိုတာမျိုး မကြားဖူးဘူး။ ထူးထူးဆန်းဆန်း လေးဖြစ်နေတယ်”ဟု ပြောသည်။

ကွန်ဟိန်းမဲဆန္ဒနယ်တွင် SNLD ၊ SNDP ၊ NLD နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)တို့ ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၃၆၅၄၂ ဦး ရှိကြောင်း သိရသည်။

UEC အနေဖြင့်မူ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ နယ်မြေလုံခြုံရေးကြောင့်ဖြစ်စေ ရွေးကောက်ပွဲမကျင်းပနိုင်မည့်နေရာများရှိပါက စိစစ်ပြီး UEC သို့ တင်ပြရန် တိုင်းနှင့်ပြည်နယ်များသို့ အကြောင်းကြားထားသော်လည်း လက်ရှိ အချိန်အထိ မည်သည့်စာရင်းမှ ရောက်လာခြင်း မရှိသေးကြောင်း UEC သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) သည် သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံ ရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ပိုင်ခွင့်ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည်။
ဧရာဝတီ

NLD စည်းရုံးရေးမလုပ်ရန် ကချင်ပြည်သူ့စစ်ခေါင်းဆောင် တားမြစ်


ဦးစခုန်တိန့်ယိန်း (ဓာတ်ပုံ – http://kachinnews.com)

ကချင်ပြည်နယ်မြောက်ပိုင်း (ကချင်အထူးဒေသ ၁ ပန်ဝါဒေသ) တွင် ကချင်ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းနှင့် လက်ရှိ အမျိုးသားလွှတ်တော်အမတ်လောင်း ဦးစခုန်တိန့်ယိန်းက ကချင်ပြည်နယ်တွင်းရှိ ၎င်း၏ မဲဆန္ဒနယ်မြေ အမှတ် ၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် သတိပေး အကြောင်းကြားခဲ့ကြောင်း သိရသည်။

လက်ရှိ ကချင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ်မြေ ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပြီး လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ၎င်းမဲဆန္ဒနယ်မြေမှပင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးစခုန်တိန့်ယိန်းက NLD ကိုယ်စားလှယ်လောင်းများအား ၀ိုင်းမော်၊ ချီဖွေနှင့် ဆော့လော်မြို့နယ်များရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထိုမြို့နယ် သုံးမြို့နယ်မှာ တရုပ်မြန်မာနယ်စပ် မြို့နယ်များဖြစ်ပြီး ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။

ဦးစခုန်တိန့်ယိန်းသည် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ၏ ခေါင်းဆောင်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အစိုးရစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အနိုင်ရကာ အမျိုးသားလွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

NDA-K ခေါင်းဆောင်မှ စက်တင်ဘာလ ၂၂ ရက် ရက်စွဲဖြင့် ပေးပို့သော စာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအား “နယ်မြေဒေသနှင့် နယ်မြေဒေသအတွင်း မှီတင်းနေထိုင်ကြသည့် လူမျိုးမရွေး ဘာသာမရွေး မခွဲခြားဘဲ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အပြည်အ၀ရရှိရန် ဖော်ဆောင်ဆဲကာလဖြစ်သဖြင့် ဖွံဖြိုးတိုးတက်ရေး လုံခြုံရေး အာမခံ ကတိက၀တ်များရရှိရန် ဖော်ဆောင်ဆဲကာလဖြစ်ပါသည်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးအား နိုင်ငံတော်အုပ်ချူပ်မည့် အာဏာအပ်နှင်းပေးရန် မျော်လင့်ယုံကြည်နေကြသည့် ပါတီများ လူပုဂ္ဂိုလ်များ များပြားစွာ လှုပ်ရှားလာကြပါသည်။ မိမိတို့လက်ခံရန် အဆင်သင့်မရှိသေးသဖြင့် စည်းရုံးလှုပ်ရှားမှုများအား တားမြစ်ပါသည်” ဟု ရေးသားထားပြီး “၎င်းနယ်မြေဒေသသည် အစိုးရ အပြောင်းအလဲ ပြုလုပ်ရေး ရည်ရွယ်ဆောင်ရွက်နေခြင်း မရှိသေးသည့် ဒေသဖြစ်သဖြင့် နောက်ဆုတ်သွားကြရန် အကြောင်းကြားပါသည်” ဟု ပါရှိသည်။

NLD ပါတီမှ ဆော့လော်မြို့နယ်ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်လောင်း ဦးဇော်လိုင်က ချီဖွေ အရှေ့မြောက်ဘက် ပန်ဝါဒေသသို့ မဲဆွယ်စည်းရုံးရေးဆင်းနေသော ၎င်းတို့၏ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်ကို ပန်ဝါဒေသမှ ထွက်ခွာသွားရန် မောင်းထုတ်လိုက်သည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

“ကျနော်တို့ရဲ့ ချီဖွေမြို့နယ် NLD ဥက္ကဌဖြစ်တဲ့ ကိုယ်စားလှယ်လောင်း ဦးမင်းနိုင်ကို မဲဆွယ်စည်းရုံးတာတွေ လာမလုပ်ဖို့ ပန်ဝါကနေ မောင်းထုတ်လိုက်တယ်လို့ ကြားရပါတယ်။ အသေးစိတ်တော့ ကျနော်လည်း သေချာ မသိရသေးပါဘူး” ဟု သူက (စက်တင်ဘာ ၂၃ ရက်) ဗုဒ္ဒဟူးနေ့က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအနေဖြင့် မည်သည့် မြန်မာ့အချုပ်အခြာ အာဏာပိုင်ဒေသတွင်းမဆို လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့် ရှိရမည်ဖြစ်ကြောင်း သူက ဆိုသည်။

“အခုလို တဦးချင်းစီကနေ ပန်ဝါမှာ မဲဆွယ်တာတွေ မလုပ်ဖို့ ကျနော်တို့ကို ပြောပိုင်ခွင့် မရှိဘူးလို့ ထင်တယ်” ဟု ဆိုသည်။ ဦးဇော်လိုင် ကိုယ်တိုင်လည်း ဆော့လော်မြို့သို့ မဲဆွယ်စည်းရုံးရေးဆင်းရန် သွားနေရင်း လမ်းခုလတ်တွင် ဖြစ်သည်။

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင် ဦးစခုန်တိန့်ယိန်းနှင့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများမှာ NLD၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လော်ဝေါ် အမျိုးသားညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သည် ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မြို့နယ်များကို ကိုယ်စားပြုပြီး ထိုမြို့နယ်များတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ နှစ်သောင်းအောက်သာ ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို ဒေသတွင်းမဲဆွယ်ခွင့် တားမြစ်ကန့်သတ်သည့်အကြောင်းကို ကြားသိရကြောင်း တိုင်းလိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ စိုင်းဌေးအောင်ကလည်း ပြောဆိုသည်။

“ဒီသတင်း ကျနော်တို့လည်း ကြားပါတယ်။ အဲဒါက အမှန်ဆိုရင်တော့ မဖြစ်သင့်ပါဘူး” ဟု သူက ဆိုသည်။ တိုင်းလိုင် ပါတီ TNDP အနေဖြင့်လည်း ၀ိုင်းမော်မြို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရှိသော်လည်း ထိုကဲ့သို့ သတိပေးမှုမျိုး ၎င်းတို့ပါတီအနေဖြင့် မရရှိကြောင်း တိုင်းလိုင်ပါတီ ဥက္ကဌက ဆိုသည်။

ဦးစခုန်တိန့်ယိန်း၏ သတိပေးတားမြစ်စာအရ ၀ိုင်းမော်ချီဖွေ၊ ဆော့လော်နှင့် အင်ဂျန်းယန်မဲဆန္ဒနယ်များမှ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၃ ဦးအပေါ် တိုက်ရိုက်ထိခိုက်နိုင်သည်။
ဧရာဝတီ

ထိုင်းဘုရင့် သမီးတော် မဟာချက်ကရီ သီရိဒုံ မြန်မာနိုင်ငံလာရောက်မည်

ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီသီရိဒုံ လာမည့် အောက်တိုဘာလ ၃ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သတင်းရသည်။

မင်းသမီး သီရိဒုံသည် အောက်တိုဘာ ၃ရက်နေ့မှ ၆ရက်နေ့အထိ လာရောက်မည်ဖြစ်ပြီး၊ ပထမဦးစွာ ဘန်ကောက်မြို့မှ ထားဝယ်ဒေသကို သွားရောက်မည်၊ ထိုမှတဆင့် နေပြည်တော် အမျိုးသားပြတိုက်သို့ လာရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု ၀န်ကြီး ဦးသန်းဆွေက ပြောသည်။

“ထိုင်းသံအမတ်ပြောတာက ထားဝယ်ကိုအရင်သွားမယ်၊ ထားဝယ်မှာ ထိုင်းတွေတည်ခဲ့ ဘုရား ၂ဆူကို သွားဖူး မယ်လို့ ပြောတယ်၊ ရှေ့ပြေးတွေတော့ သွားကြည့်ပြီးပြီ”ဟု ဦးသန်းဆွေက ဆိုသည်။

ထိုဘုရား ၂ဆူမှာ ဆင်ဆိပ်ရပ်ကွက်ရှိ သြရဂဠံဘုရားနှင့် ခုံဝန်းဒတ် အရပ်ရှိ ဘုရားရှစ်မြှောင့် စေတီများဖြစ်ပြီး တနင်္သာရီတိုင်းကို ယိုးဒယားဘုရင်များ သိမ်းပိုက်ထားစဉ်က တည်ထားခဲ့သည်ဟု သိရသည်။

တရုတ်၊ အိန္ဒိယ၊ ပါရှန်း စသည့်နိုင်ငံများ ကူးသန်းရောင်းဝယ်ရာ ရေလမ်းကြောင်းပေါ် တွင်ရှိသည့် တနင်္သာရီ ဒေသသည် အေဒီ ၃ရာစုနှစ်ခန့်ကစတင်ကာ ပုဂံမင်းများ၏ ပိုင်နက်အဖြစ် ရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ အုပ်ချုပ်သူမင်း၏ အရည်အသွေးပေါ်တွင် မူတည်ကာ အာဏာစက်အတိမ် အနက်ပြောင်းလဲမှုများဖြစ်ခဲ့ သည်။

၁၄၀၀ခုနှစ် မွန်- မြန်မာစစ်ပွဲကြီးများ ဖြစ်ပွားနေသည့် ဟံသာဝတီ ရာဇဓိရာဇ်မင်းလက်ထက်တွင်မူ ယိုးဒယားတို့ ကသိမ်းပိုက်ခဲ့သော်လည်း တပင်ရွှေထီး၊ ဘုရင့်နောင်လက်ထက်တွင် မြန်မာပိုင်နက် ပြန်ဖြစ်ခဲ့သည်။

၁၆ရာစုကုန်ခါနီးတွင် ယိုးဒယားတို့က ပြန်လည်သိမ်းယူပြီး မြို့ဝန်မြို့စားတို့ ခန့်အပ်ကာ အုပ်ချုပ်စေခဲ့ပြန်ရာ ရေကြောင်းကူးသန်းရောင်းဝယ်မှုတွင် အချက်အခြာကျသည့် မြိတ်မြို့ကို အင်္ဂလိပ်လူမျိုး ရစ်ချတ်ဘာနာဘီ (Richard Burneby) နှင့် ယိုးဒယား ၀ှိုက်ဟု လူသိများသည့် ဆင်မြူရယ် ၀ှိုက် (Samuel White)တို့ အပိုင်စားပေးကာ အုပ်ချုပ်စေခဲ့သည်မှာ ထင်ရှား၏။

၁၇၅၉ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက ယိုးဒယားတို့လက်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက် ရယူခဲ့ရာ ထိုကတည်းကစ၍ တနင်္သာရီဒေသသည် မြန်မာ- ယိုးဒယား အပြန်အလှန် အုပ်ချုပ်နေမှု အဆုံးသတ်ကာ ယနေ့တိုင် မြန်မာပိုင်နက်အတွင်းတည်ရှိနေသည်။

ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီသီရိဒုံ၏ ယခုခရီးစဉ်တွင် ထိုင်းတို့နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန်သို့ သွားရောက် မရောက်ဆိုသည်ကိုမူ မပြော နိုင်ကြောင်း ဒုဝန်ကြီး ဦးသန်းဆွေကပြောသည်။

မင်းသမီး သီရိဒုံ၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်မှာ ၁၉၈၆ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အုပ်ချုပ် နေစဉ်က ဥက္ကဌကြီး ဦးနေ၀င်း၏ ဖိတ်ကြားချက်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဒုတိယ အကြိမ်အဖြစ် ၁၉၉၄ခုနှစ်က ထိုင်း- မြန်မာနယ်စပ်ကို ဖြတ်ကျော်၍ ကျိုင်းတုံ တာချီလိတ်ဒေသရှိ ဒေသခံပြည်သူများ၏ လူမှုရေး ယဉ်ကျေးမှုများကို ၂ ရက်ကြာလေ့လာရေးခရီးအနေနှင့် လာရောက်ဖူးသည်။

မင်းသမီး သီရိဒုံသည် တတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို၂၀၀၃ ခုနှစ်က ၅ ရက်ကြာလာရောက်ခဲ့ပြီး ပဲခူး၊ မန္တလေး၊ မူဆယ်၊ ကချင်ပြည်နယ် ပူတာအိုမြို့နှင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့များသို့လည်း သွားရောက်ခဲ့ သည်။

စတုထ္တအကြိမ်မှာ ၂၀၁၀ခုနှစ်ကဖြစ်ပြီး ထိုင်းတော်ဝင်မိသားစုမှ လှူဒါန်းထားသည့် ဆိုင်ကလုန်း နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း ကဒုကနိ ကျေးရွာ စာသင်ကျောင်း၊ ဒေါ်ငြိမ်းကျေးရွာ ဆေးရုံ၊ ရန်ကုန်မြို့ရှိ သွေးလှူဘဏ်တို့ကို သွားရောက်ကာ ရွှေတိဂုံစေတီတော်ကြီးနှင့် ကျိုက်ထီးရိုး စေတီတို့ကိုလည်း သွားရောက်ဖူးမြှော်ခဲ့သည်။ထိုစဉ်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့နှင့် တွေ့ဆုံ ခဲ့သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြသည်။

၂၀၁၃ ခုနှစ်ကလည်း ထိုင်းဘုရင့်တပ်မတော် ဗိုလ်လောင်းများနှင့် အတူ ဒေသန္တရ ဗဟုသုတ ရရှိရေး ၁ ရက်တာ ခရီးစဉ်အဖြစ် ရန်ကုန်မြို့ရှိ အမျိုးသား ပြတိုက်၊ မူးယစ်ဆေးဝါး ပြတိုက်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ စာသင်ကျောင်း တချို့နှင့် ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။

မင်းသမီး မဟာ ချက်ကရီ သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီ ၂ ရက်တွင် မွေးဖွားခဲ့ပြီး မွေးချင်းများတွင် တတိယမြောက် သမီးဖြစ်သည်။

၎င်းသည် ၁၉၇၆ ခုနှစ်၌ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ သမိုင်းအထူးပြု ဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဆီလ်ပါကွန် တက္ကသိုလ်မှ အရှေ့တိုင်း ဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သရီနာခါရင် ၀ီရော့တ် တက္ကသိုလ်မှ ပညာရေးဖွံဖြိုးမှုဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီ

မဲဆွယ်ရာတွင် ဘာသာရေး ခုတုံးလုပ်ခြင်း လက်မခံဟု တစည ပါတီ ပြော


တစည ပါတီ၏ ၂၇ နှစ် မြောက် ပါတီနှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ-သော်ဟိန်းထက် / ဧရာဝတီ)

ရွေးကောက်ပွဲအတွက် နိုင်ငံရေးအရ မဲဆွယ်စည်းရုံးမှုများတွင် ဘာသာရေးအား အလွဲသုံးစား ခုတုံးလုပ်ခြင်းများအပေါ် သည်းခံသွားမည် မဟုတ်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးထွန်းရီက ဧရာဝတီသို့ ပြောသည်။

တစည ပါတီ ဗဟိုဌာနချုပ်၌ စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် ၂၇ နှစ်မြောက် ပါတီ နှစ်ပတ်လည် အခမ်းအနားအပြီးတွင် ဘာသာရေးအား ခုတုံးလုပ် မဲဆွယ်မှုများအပေါ် ၎င်း၏ သဘောထားအမြင်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးထွန်းရီက “ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးတာတွေ ရှိလာရင်လည်း ဘယ်သူမှ သည်းခံနေမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့အညီ ပြောစရာ လုပ်စရာရှိတာတွေ လုပ်သွားရမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ မဲဆွဲစည်းရုံးကာလသို့ ရောက်ရှိနေချိန်တွင် ပါတီများ၏ မဲဆွယ်မှုများအပေါ် ဘာသာရေး အဖွဲ့အစည်း တချို့၏ နှောက်ယှက်မှုများ၊ ဘာသာရေးအရ မည်သည့်ပါတီကိုသာ မဲပေးရန် စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံရေးပါတီတချို့က ထုတ်ဖော် ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက NLD ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် လိုက်လံ ဝေငှ နေခြင်းဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေး နှောင့်ယှက်လျက်ရှိကြောင်း စက်တင်ဘာ ၂၁ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။

ယင်းသို့ ဘာသာရေး အဖွဲ့အစည်း တခုအနေဖြင့် ကြေညာချက် ထုတ်ပြန်ကာ ပါတီတခုကိုသာ မဲပေးရန် လုပ်ဆောင်သည့် ပုံစံများမှာလည်း မဖြစ်သင့်တော့ကြောင်း ဦးထွန်းရီက ပြောသည်။

လက်ရှိ ကျင့်သုံးနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၆ တွင် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုလုပ်ရန် တရားဝင် ပြဌာန်းထားသည်။

တစည ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၇၅၆ ဦး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် တစည ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၂ ဦး အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၆၄ ဦး အနိုင်ရရှိခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်မူ အနိုင်ရရှိခဲ့ခြင်း မရှိကြောင်း ယင်းပါတီထံမှ သိရသည်။
ဧရာဝတီ

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သင်တန်းသားများ အလိုရှိသည်


၁။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ အမျိုးသား(လူပျို )ဖြစ်ရမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့မတိုင်မီ (၁)လအတွင်း ရရှိသည့် ထောက်ခံစာမူရင်းနှင့်ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံတို့ကို ပူးတွဲတင်ပြရမည်။
(ဂ) လျှောက်ထားသူသည် ၁-၁-၂၀၁၆ ရက်နေ့တွင် အသက်(၁၆)နှစ်အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။
(ဃ) အနည်းဆုံးအရပ် (၅)ပေ (၃)လက်မနှင့် ကိုယ်အလေးချိန်(၁၀၀)ပေါင်ထက်မနည်းရ၊ ပေါင်(၁၄၀)ထက် မကျော်ရ။
(င) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။
(စ) မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။
(ဆ) လျှောက်လွှာနှင့်အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ပြည်သူ့ဆေးရုံတွင် ပဏာမကျန်းမာရေးစစ်ဆေးအောင်မြင်သူဖြစ်ရမည်။
(ဇ) တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲများဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။ (အမှတ်စာရင်းတင်ပြရမည်။)
(ဈ ) တပ်မတော်၏အုပ်ချုပ်မှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၈-၉-၂၀၁၅ ရက်နေ့မှစ၍ အခမဲ့ ရယူနိုင်သည်။ လျှောက်လွှာကို ၃၀-၁၀-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။
၃။ သင်တန်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့်ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း မိမိလျှောက်လွှာတင်သွင်းရာ တိုင်းစစ်ဌာနချုပ်၌ ၁၄-၁၁-၂၀၁၅ ရက်နေ့တွင် ဖြေဆိုကြရမည် ဖြစ်ပါသည်။
၎။ အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းကို တိုင်းစစ်ဌာနချုပ်များတွင် ၃-၁၂-၂၀၁၅ ရက်နေ့မှ ၄-၁၂-၂၀၁၅ ရက်နေ့အတွင်း ထုတ်ပြန်ကြေညာမည်။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁-၁-၂၀၁၆ ရက်နေ့မှ ၈-၁-၂၀၁၆ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ၀င်ရောက်အစစ်ဆေးခံရမည်။
၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် (၁၄၀၀၀၀)ကျပ်၊ ဒုတိယနှစ် (၁၄၅၀၀၀)ကျပ်၊ တတိယနှစ် (၁၅၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၅၅၀၀၀)ကျပ် ရရှိမည်။
၆။ သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များအပ်နှင်းပေးမည်-
(က) သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)
( ခ ) ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)
(ဂ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ) B.Med.Tech (Medical Laboratory Technology)
(ဃ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှုနည်းပညာ) B.Med.Tech (Physiotherapy)
( င ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ) B.Med.Tech (Medical Imaging Technology)
၇။ သင်တန်းပြီးမြောက်အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု (Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science)နှင့် ပါရဂူဘွဲ့ (Ph.D) သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။
၈။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)/ဆေးဘက်ကျွမ်းကျင်သူ(တတိယတန်း) အမှုထမ်းသက် (၁)နှစ်၊ အထက်တန်းသူနာပြု/ဆေးဘက်ကျွမ်းကျင်သူ (ဒုတိယတန်း) အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း (၃)နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာတို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံ တင်ပြလျှင် ဒုတိယဗိုလ် ( သူနာပြု/ဆေးဘက်ကျွမ်းကျင်သူ) အဖြစ် စတင်ခန့်အပ်ပေးမည်။
မှတ်ချက်။ အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။
ပြည်ချစ်သား

အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးက သစ်သားတုတ်ဖြင့် ရိုက်၍ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခေါင်းတွင် ၂၂ ချက် ချုပ်ရ


ရန်ကုန်၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလင်းကျော်က နှစ်တစ်လက်မ သစ်သားတုတ်ဖြင့် ရိုက်မှုကြောင့် ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့် (၃၀) နှစ်တွင် ဦးခေါင်းတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး ဆေးရုံတင်လိုက်ရကာ ၂၂ ချက် ချုပ်လိုက်ရသည်ဟု ဒု မြို့နယ် အုပ်ချုပ်ရေးမှူးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူ့ကို ရုံးအကူ တစ်ယောက်ရဲ့ ဂျူတီကို ကျနော်က ဒီလ ၂၁ ရက်နေ့ နံနက် ၁၀ ခန့်မှာ တင်ပြလိုက်တယ်။ အဲဒါကို တင်ပြရမလားဆိုပြီး ရိုက်တာပါ။ နှစ်တစ်လက်မ သစ်သားတုံးနဲ့ ရိုက်ပါတာပါ။ ဦးခေါင်းကို ခုနှစ်ချက် ရိုက်ပါတယ်။ ၂၂ တန် (ချက်) ချုပ် ရပါတယ်” ဟု မြို့နယ် ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်က ပြောသည်။

အထက်ကို တိုင်ကြားထားမှုများမရှိသော်လည်း ရဲကို တိုင်ကြားထားကြောင်း၊ သို့သော် ယခုအချိန်ထိ အမှုမဖွင့်ရသေးဟု သိရှိရကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ရဲစခန်းကို တိုင်ကြားထားပါတယ်။ ရဲက နှစ်ကြိမ်လောက်တော့ လာသွားပါတယ်။ တိုင်ချက်ဖွင့်ထားပါတယ်။ အခုထိ အမှုမဖွင့်ရသေးဘူးလို့ သိရပါတယ်။ ခုလို ရုံးချိန်း အတွင်းမှာ ကျနော်ကို ရိုက်တာဟာ လူမဆံစွာ နိုင်လိုမင်းထက် လုပ်တယ်လို့ ယူဆပါတယ်” ဟု စည်သူမြင့် ဆက်လက် ပြောဆိုသည်။

ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူးက တစ်ကြိမ်လာရောက် ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလင်းကျော် အနေဖြင့် လာရောက်ကြည့်ရှု့ခြင်း မရှိသည်သာမက တောင်းပန်ခြင်းလည်း ပြုလုပ်မှု မရှိကြောင်း သိရသည်။

“ ခရိုင် အုပ်ချုပ်ရေးမှူးတော့ လာကြည့် ပါတယ်။ နေကောင်းအောင် နေပါ လို့ ပြောသွားပါတယ်။ ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာတော့ ပြောဆို သွားတာ မရှိဘူး။ လက်ရှိကတော့ ကျနော်က ခေါင်းတွေ ကိုက်တယ်။ ခေါင်းလည်းမူးပါတယ်” ဟု စည်သူမြင့် က ပြောဆိုသည်။

အဆိုပါ အမှု ကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဒုရဲအုပ် သောင်းလွှင် ယခုလို ပြောသည်။

“ အမှုဖွင့်ထားပါတယ်။ အရေးယူရမှာပေါ့။ ဥပဒေအရ အရေးယူရမှာပေါ့။ အမှုဖွင့်ထားပြီးပါပြီ။ အခု ဌာနဆိုင်ရာက အရေးယူထားပြီ။ ကျနော်တို့က ဥပဒေအရ အရေယူရမှာပေါ့။ ဌာနဆိုင်ရာက အခု ခုံရုံးတွေဖွဲ့ပြီး စစ်ဆေးပြီး အထက်ကို အစီရင်ခံစာပို့လိုက်ပြီးလို့လည်း သိရပါတယ်။ ကျွန်တော်တို့ဘက်က အရေးယူဖို့ဆိုတာကလည်း မြို့နယ် အုပ်ချုပ်ရေး ဆိုတာကဗျာ၊ ကျနော်တို့ ဌာနကြီး တစ်ခု ဆိုတော့ ၀န်ထမ်းတစ်ယောက်ကို အရေးယူဖို့ဆိုတာကတော့ အထက်လူကြီးတွေက ဖျောင်းဖျမလား။ ဒါလည်းတွေလည်း ရှိသေးတာပေါ့ဗျာ။ ဒီကောင်လေးကတော့ ထွက်မယ်ဘဲ ပြောနေတော့ အမှုဖွင့် ပေးလိုက်ပါတယ်” ဟု မြို့နယ် ရဲမှူး သောင်းလွှင်က နိရဉ္စရာက မေးမြန်းစဉ် စက်တင်ဘာလ ၂၇ ရက်နေ့က ပြန်လည် ဖြေကြား ပြောဆိုသည်။

အရိုက်ခံရသူ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး စည်သူမြင့်၏ မိခင်မှာ စစ်တွေတွင် မိသားစုနှင့် နေထိုင်သူ ဖြစ်ပြီး သားဖြစ်သူကို စောင့်ရှောက်ရန် အမ်းမြို့ ဆေးရုံသို့ ရောက်ရှိနေစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က နိရဉ္စရာက မေးမြန်းရာ “ ကျွန်မတို့ တရား ဥပဒေကြောင်း အရဘဲ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ အမှန်တရား ကို ဖော်ထုတ်ကြဖို့ ပြောလိုပါတယ်။ အခုက မြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်တယ် ဆိုတော့ ဘယ်သူမှ မပြောရဲကြဘူးလို့ သိရပါတယ်” ဟု ဆိုသည်။

၎င်းပြင် မိခင် ဖြစ်သူက သူသားခေါင်းတွင် ၂၂ ချက် ချုပ်ထားရကြောင်း၊ ဦးခေါင်းအတွင်းပိုင်းကို ထိခိုက်မှုများရှိနေမလားဟု သံသယ ဖြစ်နေသဖြင့် လာမည့် အင်္ဂါနေ့တွင် စစ်တွေ ဆေးရုံသို့ ယူဆောင်ရန် စီစဉ်နေကြောင်း ပြောပြသည်။

အရိုက်ခံရသူ ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်မှာ အမ်းမြို့မှာ တာဝန် ကျသည်မှာ (၂) လခန့် သာ ရှိသေးသည်ဟု သိရသည်။ သူ့ကို ယခုအခါ အမ်းမြို့နယ် ပြည်သူ့ ဆေးရုံ သံဃာဆောင်တွင် ထားရှိသည်ဟု သိရသည်။

( အမ်းမြို့ပြည်သူဆေးရုံတွင် တင်ထားရသော ဒုမြို့နယ် အုပ်ချုပ်ရေးမှူးကို ဦးခေါင်းဒဏ်ရာများကို ပတ်တီးစည်းပြီး တွေ့ရစဉ်။ စက်တင်ဘာလ ၂၆ ရက်နေ့က ဆေးရုံတင်ထားစဉ် နိရဉ္စရာက ရိုက်ယူခဲ့သော ဓာတ်ပုံ ဖြစ်ပါသည်။)

Arakan State

မသင်္ကာဖွယ်ရာယာဉ်မှ ကျောက်စိမ်းတုံးဖြတ်စ ၊ လည်ဆွဲ၊ ကျောက်ချောထည်မျိုးစုံ သိမ်းဆည်းရမိ

နာင်ချို စက်တင်ဘာ ၂၇

တစ်ဖက်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတုံးဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည်များ သယ် ဆောင်ဖမ်းဆီးရမိမှုအများဆုံးမှာ လှုပ်ရှားအဖွဲ့(၁)ဌာနစုံ ပူးပေါင်းအဖွဲ့ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့အဝင် အေးရှာဝေါလ် တိုးဂိတ်အနီး ယာယီအခြေပြုလျက် တရားမဝင်ကုန်သွယ်မှု အကောက်ခွန်မဲ့ကုန်ပစ္စည်းများထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေသော လှုပ်ရှားအဖွဲ့(၁) ပူးပေါင်း စစ်ဆေးရေးအဖွဲ့တို့သည် စက်တင်ဘာ ၂၇ ရက်နံနက် ၈ နာရီခွဲက မန္တလေးဘက်မှ မူဆယ်ဘက်သို့ ယာဉ်အမှတ်7H/--- ယာဉ်သည် စစ်ဆေးရေးဂိတ်သို့ အစစ်ဆေးခံရန် မောင်းနှင်လာပြီး ပြန်လည်ထွက်ခွာမောင်းနှင်သွားရာ ပူးပေါင်းအဖွဲ့တို့က မသင်္ကာသဖြင့် ဂုတ်တွင်းတံတားအနီးသို့ ပိတ်ဆို့ကာ ယာဉ်အားစစ်ဆေးဂိတ်သို့ ပြန်လည်ခေါ်ဆောင်စေပြီး စစ်ဆေးရာ ယာဉ်ရှေ့ ဒက်စ်ဘုတ် မှန်အောက်ကြားထဲတွင် နေရာအနှံ့ သိုဝှက်ယူဆောင်လာသော ကျောက်စိမ်းဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည် စုစုပေါင်းအလေးချိန် ၇၂ ဒသမ ၃ဝ တို့ကို ရှာဖွေသိမ်းဆည်းရမိသ

ည်။ ယာဉ်ကိုစစ်ဆေးနေစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ ဖမ်းဆီးရမိသော ကျောက်စိမ်းတုံးဖြတ်စ၊ လည်ဆွဲ၊ ကျောက်ချောထည်များကို အကောက်ခွန် အမှုတွဲဖွင့်လှစ်မည်ဖြစ်ပြီး ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝင်း(နောင်ချို)
Myanmaalinn

တပ်မတော် နှင့် ရဲဝန်ထမ်း မိသားစုများ၏ မဲစာရင်း ရွေးကောက်ပွဲနီးမှ ကြေညာမည်

မဲပေးခွင့်ရှိသူ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပကာနီးအချိန်မှ ကြေညာပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။
သူတို့တွေအနေနဲ့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေရတဲ့ သူတွေဖြစ်တာကြောင့် အခြေခံမဲစာရင်း ကောက်ခံခဲ့ခြင်းမရှိခဲ့လို့ မဲပေးခွင့်ရှိသူစာရင်းကို ကြိုတင်မကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး တပ်မတော်သား မဲပေးခွင့်ရှိသူတွေရဲ့ မဲစာရင်းကို ကြိုတင်မကြေညာခဲ့တဲ့အတွက် သူတို့တွေရဲ့ မဲတွေက ပါတီတခုအတွက် ဖြစ်သွားမှာကို ပါတီတချို့ရဲ့ ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။

ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုကိုးကျွန်းမှာ ဆိုရင် မြေပြင်ရှိနေတဲ့ တပ်မတော်သား မဲပေးခွင့်ရှိသူတွေ အရေအတွက်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲပေးခွင့်ရှိသူစာရင်းက ကွာဟနေတယ်လို့ အဲဒီဒေသမှာဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

တပ်မတော်သားမဲပေးခွင့်ရှိသူ မိသားစုဝင်တွေရဲ့ မဲတွေကို တပ်မတော်နဲ့ နည်းစပ်တဲ့ ပါတီကသာ ရရှိမယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ တရားသောနည်းနဲ့ပဲ ယှဉ်ပြိုင်သင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ရမ်းဗြဲအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်ပေါ်နားလည်မှုရှိတဲ့သူကိုသာ မဲပေးပါလို့ တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။

7Day

ကုလညီလာခံ ပထမဆုံး မြန်မာကိုယ်စားပြု အထူးသံ ချစ်သုဝေ တက်ရောက်


ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ Handwashing Ambassador ဒေါက်တာ ချစ်သုဝေ။
မြန်မာနိုင်ငံ အပါအ၀င် ဖွံဖြိုးဆဲနိုင်ငံတွေက ကလေးနဲ့ မိခင်တွေအတွက် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မယ့် လုပ်ငန်းတွေမှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီထောက်ပံ့မှုတွေဟာ အလွန်အရေးပါတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ နာမည်ကျော် မြန်မာအနုပညာရှင် ချစ်သုဝေက ပြောဆိုလိုက်ပါတယ်။ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ညီလာခံကို "ကလေးတယောက် ငါးနှစ်ရောက်ဖို့ ဒို့တွေကူညီစို့" အစီအစဉ်ရဲ့ လက်ဆေးမှု ကိုထောက်ခံအားပေးတဲ့ အထူးသံ Handwashing Ambassador အနေနဲ့ ချစ်သုဝေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံးအကြိမ် တက်ရောက်နေတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

အကြိမ် (၇၀) မြောက် ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဖွံဖြိုး တိုးတက်ဆဲနိုင်ငံတွေနဲ့ ပတ်သက်လို့ ထောက်ပံ့ကူညီဆောင်ရွက်မယ့် လုပ်ငန်း စဉ်တွေ ကို ချမှတ်မှာဖြစ်တာကြောင့် နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍပေါင်းစုံမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ကိုယ်စားလှယ် တွေလည်း တက်ရောက်နေကြတာပါ။

SDGs လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် (၁၇) ချက်ထဲ ပါဝင်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်မှာ တကိုယ်ရေ သန့်စင်မှုကိစ္စ ပါဝင်နိုင်ရေး နဲ့ အဲဒီ့အတွက် ပညာပေး လှုံဆော်မှုတွေမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ ဆုံးဖြတ်ချက်ချပြီး ကူညီပံပိုးပေးနိုင်ဖို့ သူ့အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပီး ဆောင်ရွက်နေကြောင်း နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်နေတဲ့ ချစ်သုဝေကပြောပါတယ်။

"Sustainable Development Goals (SDGs) မှာ ပါဝင်နိုင်ပြီ ဆိုလို့ရှိရင် အဓိက အဲ့ဒီ့အတွက် လာကြိုးစားကြတာပါ။ တကယ်လို့သာ Sustainable Development Goals နံပတ်အဆင့်မှာ hygiene indicator ပါသွားပြီဆိုလို့ရှိရင် သမီးတို့လို Developing Countries တွေက Goal အရ အလုပ်လုပ်နေကြရတဲ့ နိုင်ငံတွေ အတွက် အရမ်းအဆင်ပြေသွားပြီ။ အဲ့ဒီ့နိုင်ငံက ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအဆင်ပြေသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ တကယ်လို့သာ UN က Sustainable Development Goals (SDGs) ကို အတည်ဖြစ်ပြီးတော့ Hygiene Indicator ပါသွားပြီဆိုတာနဲ့ Water assessment တွေ Handwashing with Soap အရေးကြီးခြင်းတွေဟာ ကျန်းမာရေးဝန်ကြီးဌာနကလည်း လုပ်တော့မယ်။ NGO တွေကလည်း ဝင်လာပြီး Support လုပ်တော့မယ် အဲ့ဒီ့အခါမှာ သမီးတို့ အတူပူးပေါင်းပြီးတော့ ကလေးအသေအပျောက်နှုန်းကို လျော့ချနိုင်မယ်။ အဲ့ဒီ့အတွက် သမီး အဓိက လာတာပါ။"

ဒီကနေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Global Citizen Festival ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံသား ပွဲတော်မှာလည်း မြန်မာအနုပညာရှင်တဦးအနေနဲ့ ပါဝင်ဆောင်ရွက်မယ့် အစီအစဉ်တွေကို ချစ်သုဝေက အခုလိုပြောပါတယ်။

"International Celebrities ထဲက ဆိုလို့ရှိရင် အများကြီး လာကြမှာပါ။ ပြီးတော့ performance လုပ်မယ့်သူတွေက Beyonce၊ Ed Sheeran သူတို့တွေ လာကြမှာပါ။ အဲ့ဒီ့ပွဲက VIP ဧရိယာမှာ သမီးတို့တွေက ပါဝင်တဲ့ နိုင်ငံတကာ အနုပညာရှင်တွေ၊ ပေါ်လစီချမှတ်တဲ့သူတွေကို သမီးတို့ရဲ့ အလုပ်ဖြစ်တဲ့ Handwashing with Soap က သိပ်အရေးကြီးကြောင်း ကို ပြောကြရမယ်။ ပြောကြပြီးတော့ သူတို့ကနေ တဆင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ပရိတ်သတ်တွေရဲ့ အားကို ယူမှာပါ။"

ဒါအပြင် အထွေထွေညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ကို လည်း သူ့အနေနဲ့ ပြောဆိုဆွေးနွေးနိုင်ခဲ့တယ်လို့ ဆရာဝန် တဦးလည်းဖြစ်တဲ့ ချစ်သုဝေကပြောပါတယ်။

" ဒါ ပထမဦးဆုံး မြန်မာပြည်က World Stage မှာ Represent လုပ်ရတာပဲ။ အဲ့ဒီ့တော့ ကမ္ဘာ့အဆင့်မှာ Social Work လုပ်ပေးနေတဲ့ Celebrities တွေ လည်းရှိတယ်ဆိုတာ သူတို့သိသွားတယ်။ ဘယ်လောက်အထိ လုပ်ဆောင်နိုင်သလဲ ဆိုတဲ့ သမီးတို့ရဲ့ Mission တွေအကြောင်းလည်း သူတို့သိသွားတယ်။ ပြီးတော့ နောက်တခုက ဒီလိုပွဲတွေမှာ တွေ့ရသော အစုံစုံသော ပေါ်လစီ ချမှတ်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်တွေကနေ တဆင့် သမီးတို့ လိုအပ်နေတဲ့အရာလေးတွေကို သမီးပြောပြခွင့်ရလာတယ်။


သမ္မတဟောင်း ကလင်တန်နဲ့ ချစ်သုဝေ

ဥပမာအားဖြင့် ဆိုပါစို့ မနေ့ညကဆိုလို့ရှိရင် ကလင်တန်နဲ့ နုတ်ဆက်နိုင်တယ် ကလင်တန်ကို သမီးတို့ Mission သမီး Mission လေးအကြောင်း သမီးပြောပြလိုက်နိုင်တယ်။ ကလင်တန်ကလည်း အသိအမှတ်ပြုလိုက်တယ်။ အဲ့တော့ မြန်မာပြည်အတွက် တခုခု လုပ်ရမှာပါလားဆိုတာ အနည်းဆုံးတော့ ခေါင်းထဲ ရောက်သွားမှာပါပဲ။"

ချစ်သုဝေကိုယ်တိုင် ဦးဆောင်လှုပ်ရှားနေတဲ့ ကလေးနဲ့မိခင်တွေရဲ့ လက်ကိုစင်ကြယ်စွာဆေးကြောခြင်းအားဖြင့်ကူးစက်ရောဂါကာကွယ်နိုင်တယ်ဆိုတဲ့ အစီအစဉ်ကို Lifebuoy ဆပ်ပြာကုမ္ပဏီက အကူအညီပေးနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မနှစ်ကစတင်အကောင်အထည်ဖေါ်ခဲ့ပြီး ရန်ကုန်မြို့ကကျောင်းသူကျောင်းသား ငါးသိန်းအထိ ကျန်းမာရေးပညာပေးနိုင်ခဲ့တယ်လို့ ချစ်သုဝေက ဗွီအိုအေကို ပြောသွားပါတယ်ရှင်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)

အမတ်လောင်းမှားယွင်းဖော်ပြမိ၍ အမျိုးသားတိုးတက်ရေးပါတီ ဒီချုပ်အမတ်လောင်းကို ပြန်လည်တောင်းပန်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ကို မိမိပါတီ၏ ကိုယ်စားလှယ် လောင်း ထင်မှတ်ကာ လူမှုကွန် ရက်စာမျက်နှာပေါ်တွင် မှားယွင်း ဖော်ပြခဲ့မိသည့်အတွက် အမျိုး သားတိုးတက်ရေးပါတီက ပြန် လည်တောင်းပန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သာယာ ၀တီမဲဆန္ဒနယ်(၁)မှ ၀င်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားတိုးတက် ရေးပါတီ ကိုယ်စားလှယ်လောင်း သည်ဦးဖြိုးသော်ဇင်ဖြစ်ပြီး ဒီချုပ်အမျိုးသမီးအမတ်လောင်းနှင့် မှား ယွင်းဖော်ပြခံခဲ့ရခြင်းဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး သာယာ ၀တီ မဲဆန္ဒနယ်(၁)မှ ဒီချုပ်အ မတ်လောင်းဒေါ်မူမူခင်ကို အမျိုးသားတိုးတက်ရေးပါတီက ‘‘ဒေါ်မူမူခင် B.Ed ပညာရေးတက္ကသိုလ်’’ဟု စက်တင်ဘာ ၁၉ ရက်တွင် မှားယွင်းဖော်ပြမိခဲ့၍ ကာယကံရှင်ဒေါ်မူမူခင်အား အနူအညွတ်တောင်းပန်အပ်ပါကြောင်း အမျိုးသားတိုးတက်ရေးပါတီက စက်တင်ဘာ ၂၀ ရက်၌ ကြေညာချက်ထုတ် တောင်းပန်သည်။

‘‘ကျွန်တော်တို့ဆီက အိုင်တီ သမားက ကိုယ့်ပါတီက ထင်ပြီး မှားယွင်းဖော်ပြမိတာပါ’’ဟု ပါတီ ဥက္ကဋ္ဌဒေါက်တာနေဇင်လတ်က ပြောသည်။


လူမှုကွန်ရက်စာမျက်ပေါ် တွင် မှားယွင်းဖော်ပြခဲ့မိသည့် အဆိုပါ ဖော်ပြချက်ကိုလည်း အ မျိုးသားတိုးတက်ရေးပါတီက ပြန် လည်ပယ်ဖျက်ပေးခဲ့သည်။

‘‘သူတို့က တောင်းပန်တော့ လည်း ကျေပါတယ်မအေးစိန် ပေါ့။ မြန်မာလူမျိုးတွေပဲ’’ဟု ပါတီမှားယွင်းဖော်ပြခြင်းခံရသူ ဒီချုပ် အမတ်လောင်းဒေါ်မူမူခင်က ပြောကြားသည်။

ဒေါ်မူမူခင်သည် ၁၉၈၈ ခု နှစ်ကတည်းက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ခဲ့ပြီး ယခုကဲ့သို့ မှားယွင်းဖော်ပြခြင်း ခံရသဖြင့် စိတ်စနိုးစနောင့်ဖြစ်ခဲ့ ရကြောင်း ပြောသည်။ သို့သော် အမျိုးသားတိုးတက်ရေးပါတီ ဘက်က ပြန်လည်တောင်းပန်၍မဲဆွယ်စည်းရုံးရေးကာလအတွင်း နှစ်ဖက်ပါတီများ အလုပ်များနေသဖြင့် ကျေအေးကြောင်း ဒေါ်မူမူခင်က ဆက်လက်ပြောသည်။

ဒေါ်မူမူခင်နှင့် မှားယွင်းခဲ့ သော အမျိုးသားတိုးတက်ရေးပါ တီ ကိုယ်စားလှယ်လောင်းမှာ ဒေါ်မူမူခင်မိတ်ဆွေ၏ သားဖြစ် ကြောင်း သိရသည်။
7 Day

EIA နှင့် အစိုးရအဖွဲ့ နေပြည်တော်၌ ယနေ့တွေ့မည်


မြန်မာ-တရုတ် နယ်စပ်မှတစ်ဆင့် မြန်မာ့သစ်များ တရုတ်နိုင်ငံသို့ ခိုးထုတ်နေမှုကို ဖွင့်ထုတ်ဖော်ပြထားသော EIA အစီရင်ခံစာမျက်နှာဖုံး (EIA)

မန်မာနှင့် တရုတ်အ ကြား တရားမဝင်သစ်ဈေးကွက် ကို စုံစမ်းစစ်ဆေးခဲ့သော လန်ဒန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ (EIA)ကို နေပြည်တော်ရှိ အစိုးရအဖွဲ့က စက်တင်ဘာ ၂၄ ရက် (ယနေ့)၌ လက်ခံတွေ့ဆုံမည်ဟု သတင်းရရှိသည်။


မြန်မာ-တရုတ် သစ်ကုန် သွယ်မှုနှင့်ပတ်သက်၍ အမြင်နှင့် အတွေ့အကြုံရှင်းလင်းဆွေးနွေး ခြင်းကို နေပြည်တော်ရှိ ဂရင်းအမ ရာဟိုတယ်တွင် ပြုလုပ်မည်ဖြစ် သည်။ အဆိုပါရှင်းလင်းပွဲတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက EIA အဖွဲ့နှင့် တွေ့မည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အကြားမှာဖြစ်နေတဲ့ တရားမဝင် သစ်ခိုးကုန်သွယ်ခြင်း ကိစ္စကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရ နဲ့ ၂၄ ရက်မှာ ချိန်းထားပါတယ်။ တရားမဝင်ဈေးကွက် တားဆီးဖို့ အတွက် နှစ်နိုင်ငံစလုံးကို EIA က တိုက်တွန်းသွားမှာပါ’’ဟု EIA သစ်တောရေးရာစည်းရုံးလှုံ့ဆော် ရေးအဖွဲ့ခေါင်းဆောင် မစ္စစ်ဖိတ်သ်ဒိုဟာသီက ပြောသည်။

နေပြည်တော်ရှိ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာနက ယင်းကိစ္စ နှင့် ပတ်သက်၍ တရားဝင်တုံ့ပြန် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ-တရုတ် နယ်စပ်အ ကြား တရားမဝင် သစ်ကုန်သွယ် ခြင်းလမ်းကြောင်းသည် နှစ်ပေါင်း ၂၅ နှစ်ကျော်ရှိပြီဖြစ်သည်။ အဆိုပါ သစ်ကုန်သွယ်မှုသည် ၁၉၉၀ ကတည်းက စတင်ခဲ့ပြီး ၂၀၀၅ တွင် အမြင့်ဆုံးရောက်ခဲ့သည်။

၂၀၀၅ နောက်ပိုင်း နှစ်နိုင်ငံနယ်စပ်အကြား တရားမဝင် သစ်ကုန်သွယ်မှုကို အစဉ်တစိုက် လေ့လာခဲ့သော EIA အဖွဲ့က ၂၀၁၃ သည် ယခင် သစ်ကုန်သွယ်မှု အ မြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၀၅ ကုန်သွယ်မှုထက် ပိုများခဲ့သည်ဟုဆိုသည်။

‘‘နှစ်ဆလောက် ခုန်တက် သွားတာပါ။ ဒီနှုန်းအတိုင်းပဲဆက် ရှိနေသေးတယ်။ ဒီအတိုင်း ဆက် ဖြစ်နေဦးမယ်ဆိုရင် မြန်မာနိုင်ငံ မှာ တမလန်းသစ်တွေ မျိုးသုဉ်း ပျောက်ကွယ်သွားလိမ့်မယ်’’ ဟု EIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂျိုးက ပြောသည်။

၂၀၀၅ တွင် တရားမဝင်သစ် ကုန်သွယ်မှု ကုဗမီတာ ၁ ဒသမ ၆ သန်းရှိခဲ့ပြီး ၂၀၁၃ တွင် ကုဗမီ တာ ၁ ဒသမ ၇ သန်းရှိခဲ့သည်။ အမေရိကန်ဒေါ်လာ ၆၂၁ သန်း ကုန်သွယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံသို့ အများဆုံးပို့သည့် သစ်များသည် သစ်နီခေါ် တမလန်းနှင့်ပိတောက်တို့ ဖြစ်ကြ သည်။

‘‘ကျွန်မတို့ မြန်မာအစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံပြောပြသလို ကျွန်မတို့ရဲ့အစီရင်ခံ စာကိုလည်း ပေးမှာပါ။ ထို့အတူ တရုတ်အစိုးရကိုလည်း အသိပေး ပြောကြားသွားမှာပါ’’ဟု မစ္စစ်ဖိတ်သ်ဒိုဟာသီက ပြောသည်။

EIA က မြန်မာနှင့် တရုတ် နယ်စပ်အကြား ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုနှင့် ဆက်နွှယ် သည့် တရားမဝင် သစ်မှောင်ခို ဈေးကွက်အကြောင်းကို စက်တင် ဘာ ဒုတိယပတ်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည်။

EIA က ရှင်းလင်းထုတ်ပြန်ပြီးနောက် စက်တင်ဘာမှ စတင်၍ ယူနန်အစိုးရက တရားမဝင် သစ်မှောင်ခိုများကို နယ်စပ်ဖြတ် ကျော်ခွင့်မပြုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် တရားမဝင်သစ်များကို စက်တင်ဘာမှစ၍ ဒီဇင်ဘာကုန် အထိ ဖမ်းဆီးပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာအထိသာ ဖမ်းဆီးမည်ဟုဆိုသော အချက်ကို EIA အဖွဲ့က ကြိုဆိုလိုက်သော်လည်း ယာယီလေးလအတွင်းသာ ရပ် နားထားမည်ဖြစ်၍ ရာသက်ပန် ပိတ်ပင်တားမြစ်ရန် လိုသည်ဟု တိုက်တွန်းခဲ့သည်။
7 Day

ကျုံဒိုးတိုက်နယ်ရှိ ကျောင်းသားကျောင်းသူ ၁၃၀ကျော် သောက်သုံးရေအဆိပ်သင့်မှုဖြစ်ပွား

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၅ခုနှစ်။

ကော့ကရိတ်ခရိုင်၊ ကျုံဒိုးတိုက်နယ် ကမ်းနီကျေးရွာအုပ်စုရှိ သရက်တောကျေးရွာ၌ အ.လ.က(ခွဲ) ကျောင်းတွင် ယနေ့မနက် ကျောင်းတက်ချိန် ၉နာရီအချိန်ခန့်တွင် ကျောင်းသားကျောင်းသူ ၁၃၀ဦးကျော်မှာ သောက်သုံးရေ အဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကျုံဒိုးတိုက်နယ်ဆေးရုံနှင့် ကော့ကရိတ်ဆေးရုံများသို့ ပို့ဆောင်ခံထားရပြီး ဆေးကုသမှုခံယူလျက်ရှိသည်ဟု အဆိုပါကျောင်း၏ ပညာရေးဝန်ထမ်းများထံမှ သိရသည်။

ကော့ကရိတ်ခရိုင် ပညာရေးလက်ထောက်ညွန်ကြားရေးမှူး ဦးအောင်သိန်းက “ကျောင်းနားက သောက်သုံးရေကန်အနီးမှာ ဗျိုင်း ငှက်တွေလာပြီး ကျက်စားတာကြောင့် ဗျိုင်းငှက်ထောင်ဖမ်းတဲ့သူတွေက ပေါ်တက် ဆေးတစ်မျိုးကိုသုံးပြီး ဖမ်းတော့ဖမ်းတယ်။ အဲ့ဒါတွေက သောက်ရေကန်ထဲကို စိမ့်ဝင်ရောနှောတော့ သောက်မိတဲ့ကျောင်းသားကျောင်းသူတွေမှာ ရေအဆိပ်သင့်တာပါ״ ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါသရက်တော အလယ်တန်းကျောင်းခွဲ၌ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၉ဦး ပညာသင်ယူနေပြီး ကျုံဒိုးတိုက်နယ် ဆေးရုံ၌ ကျောင်းသားကျောင်းသူ ၆၅ဦးနှင့် ကော့ကရိတ်ဆေးရုံ၌ ၆၉ဦးကို အရေးပေါ် တင်ပို့ထားရသည်ဟု ၎င်းဆေးရုံများ၏ ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

“အခုက ဆေးရုံအုပ်ကြီးကိုယ်တိုင် အခင်း ဖြစ်နေရာကို သွားနေပါတယ်။ အဆိပ်နဲ့ပတ်သက်တဲ့ ဆေးဝါးကျွမ်းကျင်ဋ္ဌာနကို ချိတ် ဆက်ပြီးတော့ လိုအပ်တဲ့ ကုသမှုတွေအတွက် ပူးပေါင်းလမ်းညွှန် ကုသပေးနေပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေရှိမရှိတော့ စောင့်ကြည့်ရအုံးမှာပေါ့။ ဖြစ်စဉ်ကိုစစ်ဆေးပြီးမှ လိုအပ်တဲ့ ကုထုံးများအတိုင်း ဂရုတစိုက်ဆောင်ရွက်သွားပါမယ်״ဟု ကုသမှုတွင် ပါဝင်သည့် အမည်မဖော်လိုသူ ဆရာဝန်မတစ်ဦးက ပြောသည်။

ရေအဆိပ်သင့်သည့် ကျောင်းသူ မနန္ဒာ၏အစ်မ မအေးပုံက “အဆိပ်သင့်ပြီး ဆေးရုံရောက်နေတယ်လို့ကြားတော့ ကြားကြား ချင်းပဲ လိုက်လာခဲ့တယ်။ စိတ်အရမ်းပူသွားတယ်။ ဒါပေမဲ့ အခုတော့ သက်သာသွားပြီး ခေါင်းမူးတာလောက်ပဲ ကျန်တော့တယ်။ ဒီလိုမျိုးက ကျမတို့ဆီမှာ တခါမှမဖြစ်ခဲ့ဖူးဘူး။ ဒါက ပထမဦးဆုံးအကြိမ် ဖြစ်တာပါ״ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် ရေအဆိပ်သင့် ကျောင်းသားကျောင်းသူများအနက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမရှိဘဲ ၎င်း တို့အခြေအနေကို ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်ကုသပေးနေဆဲဖြစ်ပြီး အဆိပ်သင့်သူများကို ဒေသတွင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် Save The Children အဖွဲ့မှ တာဝန်ရှိသူများနှင့် စစ်ဖက်၊ နယ်ဘက်ဋ္ဌာနဆိုင်ရာများမှ လာရောက်ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။

(ကဆောဝါး၊ စအိုင်စူး)
ကေအိုင်စီ - KIC News

မိကျောင်းအန္တရာယ်ကြောင့် ပင်လယ်ပိုင်းဒေသတွင် ဘဲမွေးမြူသူများအခက်ကြုံနေ



ဘိုကလေး စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်းမှ ပင်လယ်ပိုင်းဖြစ်သော ကဒုံကနိကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ဒေသတွင် မိကျောင်းအန္တရာယ်ကြောင့် ဒေသတွင်းမှ ဘဲမွေးမြူသူများ အခက်ကြုံလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က ကဒုံကနိကျေးရွာအုပ်စု လိပ်တော်ရေကျော်ကျေးရွာ ဝက်ချောင်းကမ်းနံဘေး၌ ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို အိမ်ရှေ့ချောင်းစပ်တွင် မိကျောင်းကိုက်ချီသွားခဲ့ပြီး ယင်းသတင်းကို နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

၁၄ တောင်၊ ဒေသသုံးလှေအရွယ်အစားရှိသည့် မိကျောင်းကြီး (ဒေသအခေါ်) အဝါကျားသည် ယင်း ဒေသတွင် သွားလာကျက်စားလျက်ရှိပြီး စက်တင်ဘာ ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ဝန်းကျင်ကုန်းပေါ် နေအိမ်တဲအနီး ကြိုးချည်ထားသော ဝက်တစ်ကောင်ကို တက်ဆွဲရန်ပြင်နေစဉ် ဝက်အော်သံကြောင့် အိမ်ရှင် များသိရှိသွားပြီး ခြောက်လှန့်မောင်းထုတ်ရကြောင်း၊ ရေလမ်းခရီးသွားများ၊ လက်လှော်လှေငယ်များမှာလည်း မိကျောင်းအန္တရာယ်ကို သတိထားသွားလာနေရကြောင်း ဘိုကလေးမြို့မှ ကိုယ်ပိုင်စက်လှေဖြင့် သုံးနာရီနီးပါး ခုတ်မောင်းရသည့် မြင်းကအုပ်ကျေးရွာတွင်နေထိုင်သူ ဒေါ်မြဝင်းကပြောသည်။

ရေပြင်တွင် မိကျောင်းကြီး သွားလာလှုပ်ရှားနေမှု ကြောင့် ဘဲမွေးမြူထားသူများအနေဖြင့် မွေးထားသော ဘဲများကို ရေပြင်တွင်လွှတ်ကျောင်းရန် အခက်ကြုံလာ ကြောင်း သိရသည်။ ကုန်းပေါ်ရှိ လယ်ကွင်းများတွင် လွှတ်ကျောင်းရာတွင်လည်း လယ်ကွင်းများ၌ချထားသော ဒေသအခေါ် ထိသေပိုးသတ်ဆေးများကြောင့် မလွှတ်ရဲ ကြောင်း ဒေါ်မြဝင်းက ပြောသည်။

ဘဲစာကျွေးသည့် ဆန်ကွဲဈေးနှုန်းမှာလည်း မြင့်တက် လျက်ရှိပြီး တစ်အိတ်လျှင် လက်လီဈေး ၁၈ဝဝဝ ကျပ် နှုန်းအထိ ဝယ်ယူနေရကြောင်း၊ ဥဘဲအကောင်တစ်ရာ လျှင် တစ်ရက် ဆန်ကွဲ လေးပြည်ကျွေးရကြောင်း သိရ သည်။မိကျောင်းအန္တရာယ်အပြင် အစာဈေးနှုန်းမြင့်တက် နေမှုကြောင့် မွေးမြူရေးလုပ်ငန်းများအနေဖြင့် အခက် ကြုံနေရကြောင်း၊ မွေးမြူရေးလုပ်ငန်း အဆင်မပြေခြင်း ကြောင့် ဘိုကလေးမြို့ပေါ်သို့ ယခုရက်ပိုင်းတွင် ဘဲများလာရောက်ရောင်းချမှု များပြားလျက်ရှိကြောင်း လည်း ဘိုကလေးမြို့ အောင်သပြေဈေးမှ ရေထွက်ကုန် ပစ္စည်းမျိုးစုံ ရောင်းဝယ်သူ ဦးဌေးက ပြောသည်။

ဘဲမွေးမြူသူများအနေဖြင့် မဒန်းဓာတ်ဘဲတစ်ကောင် လျှင် ကျပ် ၄ဝဝဝ နှုန်းဖြင့် ဝယ်ယူရပြီး ဥစမ်းကာလ၌ အကောင်တစ်ရာလျှင် ဥအလုံးရေ ၉ဝ ခန့် ရရှိသည်။ တစ်နှစ်သားကျော် နှစ်နှစ်သားအချိန်တွင် ပြန်ရောင်း လေ့ရှိပြီး တစ်ကောင်လျှင် အလေးချိန် ၆ဝ ကျပ်သား ခန့်ရှိကာ တစ်ပိဿာလျှင် ၁၇ဝဝ ကျပ်ခန့်ရှိကြောင်း သိရသည်။ လက်လီပြန်လည်ရောင်းချရာတွင် အရှင်တစ်ကောင် ၁၅ဝဝ ကျပ်၊ အသေဆိုလျှင် ၅ဝဝ မှ တစ်ထောင်ကျပ် ခန့်ဈေးနှုန်းများဖြင့် ရောင်းချသည်။ ထို့အပြင် ဘိုကလေးမြို့အတွင်း ဘဲကြော်အဖြစ် လိုက်လံရောင်းချနေမှုများလည်းရှိပြီး ကြော်၍ လက်လီ ရောင်းပါက တစ်ကောင်လျှင် ၂၅ဝဝ ကျပ်ဝန်းကျင် ရရှိ ကြောင်း ဘိုကလေးမြို့နေ ဘဲကြော်ရောင်းသူတစ်ဦးထံမှ သိရသည်။

ဘဲဥများမှာမူ အလုံး ၃ဝ ပါကတ်များဖြင့်ထည့်သွင်း၍ ရန်ကုန်သို့ တင်ပို့ရောင်းချရာ အလုံး ၃ဝဝ ပါ ဆယ်ကတ်တစ်တွဲလျှင် နယ်ဈေးတစ်လုံး ၁ဝ၈ ကျပ် ခန့်ဖြင့် တင်ပို့ရောင်းချပြီး ရန်ကုန်ဈေးကွက်တွင် တစ်လုံး ၁၄ဝ ကျပ်ခန့် ရှိနေသည်။

ခင်ဆိုင်
Myanmaalinn

မိန်းမအမှုနှင့် ရင်ဆိုင်နေရတဲ့ ကြည်လင်း အာမခံရ


အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းမှုဖြင့် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံရသော မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ ကစားသမား ကြည်လင်းမှာ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် တရားရုံးတွင် အာမခံရရှိရေးအတွက် လျှောက်ထားခဲ့ရာ မြို့နယ်တရားသူကြီးက ခွင့်ပြုခဲ့ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရှိရသည်။

“ကြည်လင်းရဲ့ ခြေထောက်ဒဏ်ရာကို ကုသခွင့်ပြုဖို့အတွက် အာမခံ လျှောက်ထားခဲ့တယ်၊ တရားသူကြီးက အာမခံပေးပေမယ့် အမှုပြန်ပိတ်ဖို့ကို ဥပဒေအရ ဆက်လုပ်ဆောင်ရမှာပါ၊ ကြည်လင်းကို တရားစွဲဆိုခဲ့သူ ကိုယ်တိုင်က ဒီအမှု ပြန်လည် ပိတ်သိမ်းပေးဖို့ ရုံးတော်မှာ ဒီနေ့ လျှောက်တင်ခဲ့ပါတယ်” ဟု ကြည်လင်း၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းမြင့်က ပြောကြားသည်။

ရန်ကုန် ယူနိုက်တက်အက်ဖ်စီ အင်တာနက် စာမျက်နှာတွင် အသက် ၂၆ နှစ်ကစားသမားဟု ဖော်ပြထားသည့် ကြည်လင်းမှာ ၎င်း၏ ချစ်သူဖြစ်သော ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးနှင့် ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက ၂ ရက်ကြာ ပေါင်းသင်း နေထိုင်ခဲ့သောကြောင့် အမျိုးသမီး၏ ဖခင်ဖြစ်သူက တရားလိုပြုကာ ဘောလုံး သမား ကြည်လင်းကို ကမာရွတ် မြို့မရဲစခန်းတွင် ဇွန်လ ၁၆ ရက်နေ့က ပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

အမှုဖွင့် တိုင်ကြားခံရပြီး နောက်တစ်ရက်တွင် ကြည်လင်းက မိန်းကလေးကို ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနှင့်အညီ နှစ်ဖက် အုပ်ထိန်းသူများရှေ့၌ လက်ထပ်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့ နှစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက် နေ့က ကြည်လင်းကို ရုံးထုတ်စစ်ဆေးသည့် ကမာရွတ်မြို့နယ် တရားရုံးတွင် ကြည်လင်းနှင့် ၎င်း၏ဇနီးတို့က နှစ်ဦး သဘောတူ ကွာရှင်းလက်မှတ် ရေးထိုးခဲ့ကြောင်း ကြည်လင်း၏ အစ်ကိုထံမှ သိရှိရသည်။

“ကွာရှင်းဖို့အတွက် ကောင်မလေးကို သိန်း ၁၀၀ ပေးခဲ့တယ်၊ ဒီငွေပေးတာက မိန်းကလေးရဲ့ နစ်နာမှုအပြင် ကြည်လင်းအမှုကို ကျေအေး ပိတ်သိမ်းပေးဖို့အတွက်ပါ၊ တရားလိုက အမှုပိတ်သိမ်းပေးမယ် ဆိုပေမယ့် ဒီအမှုကို ခရိုင်ဥပဒေရုံးအထိ ဆက်လက်တင်ပြပြီး အမှုပိတ်သိမ်း ခွင့်ပြုချက်ကျမှ မြို့နယ်တရားရုံးက အမှုပိတ်ကြောင်း အမိန့်ချမှာ” ဟု ကြည်လင်း အစ်ကိုက ရှင်းပြသည်။

ဘောလုံးကစားသမား ကြည်လင်း တရားစွဲဆိုခံရသည့် ပုဒ်မ ၃၆၆ အမှုကို ပြန်လည် ပိတ်သိမ်းပေးရန် တရားလိုအဖြစ် တိုင်ကြားခဲ့သော ယောက္ခမဟောင်း ဦးထွန်းရီ၊ ဦးထွန်းရီ၏ ဇနီးနှင့် ကြည်လင်း၏ ဇနီးဟောင်းဖြစ်ခဲ့သော မိန်းကလေးတို့ကို ကမာရွတ်မြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ပြီး လာမည့် အောက်တိုဘာလ ၁၂ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားကြောင်း ယင်းတရား ရုံးထံမှ သိရှိရသည်။

The Voice