Showing posts with label KNU သတင်း. Show all posts
Showing posts with label KNU သတင်း. Show all posts

သေနတ်ပစ်မှုကြောင့် သေဆုံးခဲ့သည့် ကေအင်န်ယူ တပ်သားအတွက် အထူးကော်မရှင်ဖွဲ့စုံစမ်းမည်

စံခလပူရီ (မဇ္ဈိမ)။ ။ ကရင် နယ်ခြားစောင့်တပ်ရင်း (BGF) ၏ လက်ချက်ကြောင့် သေဆုံးသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က စွပ်စွဲ ပြောဆိုထားသော KNU ရဲဘော်၏ သေဆုံးမှုကို စုံစမ်းရန် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို စက်တင်ဘာ ၂၃ ရက်၌ ဖွဲ့စည်းလိုက်သည်ဟု BGF မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။



ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြိုင်တွင်ပြုလုပ်သည့် နယ်ခြားစောင့်တပ် လေးနှစ်မြောက် အခမ်းအနားတွင် လုံခြုံရေးယူထားသော တပ်ဖွဲ့များကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - နန်းလွင်နှင်းပွင့်၊ မဇ္ဈိမ)

သေဆုံးခဲ့သည့် KNU ရဲဘော်သည် KNU တပ်မဟာ (၆) KNU/KNLA ဌာနချုပ် အထူးစစ်ကြောင်းမှူး ဗိုလ်ကြီး လမင်း၏ ရဲဘော်စောတာနိုဖြစ်ကာ အသက် ၂၃ နှစ်ရှိပြီး နယ်ခြားစောင့် တပ်ရင်း အမှတ် (၁၀၂၂) က ဖမ်းဆီးခေါ်ယူခဲ့ပြီးနောက် ယခုကဲ့သို့ အသတ်ခံခဲ့ ရကြောင်း KNU ဘက်ကယူဆထားသည်။

ရဲဘော် စောတာနို၏ အလောင်းကို စက်တင်ဘာ ၂၂ ရက်တွင် သောင်ရင်းမြစ်နံဘေးရှိ သံတံတားအနီး၌ တွေ့ရှိခဲ့ပြီး သေနတ်ဒဏ်ရာများ အပါအဝင် အခြားဒဏ်ရာများနှင့် သေဆုံးခဲ့သည်။

အထူးအရေးပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကရင်နယ်ခြားစောင့် တပ်ရင်းများ၏ ဗဟိုကွပ်ကဲရေးအကြံပေး နှစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးထွန်းလှိုင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဗိုလ်မှူး ကြီး စောဖားနွီးက ဒု-ဥက္ကဋ္ဌ နှင့် ကရင် နယ်ခြားစောင့်တပ် အမှတ်(၃) တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူ အထွေထွေအတွင်းရေးမှူးတို့ အဖြစ်ပါဝင်၍ စက်တင်ဘာ ၂၃ ရက်တွင် ဖွဲ့စည်းခဲ့သည်ဟု ဗိုလ်မှူးနိုင်မောင်ဇော်က ဆိုသည်။

ယင်းအပြင် မြေပြင်အချက်အလက်များ ကောက်ယူစိစစ်ရေးအတွက် လုပ်ငန်းအကောင် အထည်ဖော်အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါမြေပြင် အဖွဲ့၌ပါဝင်သည့်သူများကိုမူ လျှို့ဝှက်ချက်အရ ထုတ်ဖော်ပြော ဆိုနိုင်ခြင်းမရှိဟု ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုသည်။

အမှုမှန်ပေါ်ရေးအတွက် မိမိတို့ BGF ဘက်က အဆောတလျင်ကိုင်တွယ် ဖော်ထုတ်နေသည်ဟုလည်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၏ လုံခြုံရေးအရာရှိ ဗိုလ်မှူးရန်နိုင်မှတစ်ဆင့် အသိပေးထားသည်ဟု ဗိုလ်မှူး နိုင်မော်ဇော်က ပြောသည်။

ယင်းကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ အမှုမှန်ပေါ်ရန် BGF ၏ ကြိုးပမ်းမှုကို ကြိုဆိုကာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှာဖွေတွေ့ရှိချက်အပေါ်တွင် အခြေခံ၍ ပြဿနာကို ဖြေရှင်းသွားမည်ဟုလည်း KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုသောသီက မဇ္ဈိမကို ပြောသည်။
Mizzima

ကေအန်ယူကို ယူအန်အက်ဖ်စီနှင့် ပြန်လည်လက်တွဲရန် ကရင်ပြည်သူများ လိုလား

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ညီညွတ်သာ တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အတွင်းပြန်လည် လက်တွဲဆောင်ရွက်ဖို့ ကရင်နိုင်ငံရေး ပါတီ၊ လူမှုအဖွဲ့အစည်းတွေက လိုလားနေကြပါတယ်။

ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီအဖွဲ့ကနေ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ကရင် ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက ယူအန်အက်စီနဲ့ ပြန်လည် ပူးပေါင်းစေလိုကြတာဖြစ်ပါတယ်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် ကရင် အမျိုးသား စည်းလုံးရေး နှင့်ငြိမ်းချမ်းရေးကော်မီတီဝင်တဦးလည်းဖြစ်တဲ့ မန်းအောင်ပြည်စိုးကတော့ ဖယ်ဒရယ် ပြည်ထောင်စု တခုတည်ထောင်ဖို့ တိုင်းရင်းသားတခုတည်းကနေ တည်ထောင်လို့မရတဲ့ အတွက် တခြားတိုင်းရင်းသားအဖွဲ့နဲ့ ပူးဆောင်ရွက်စေချင်တယ်လို့ ပြောပါတယ်။
“ပေါင်းစေချင်တာ၊ မပေါင်းစေချင်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ ပေါင်းဖို့ အကြံပြုချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် ရရှိဖို့က ကရင်တမျိုးတည်းနဲ့ လုပ်လို့ မရဘူးလေ။ ဒီနိုင်ငံ အတွက်က တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီး လုပ်မှရမယ်ဆိုတော့ ပူးပေါင်းမှု လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မပူးပေါင်းနိုင်ရင် နည်းနည်းခက်ခဲတာပေါ့။ ဒါကြောင့် အတွက်ပါ။”

ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံး (ကေဒလျူယူ)ကလည်း ကေအန်ယူအနေနဲ့ ယူအန်အက်စီနဲ့ ပြန်လည် လက်တွဲဆောင်ရွက်စေလိုတယ်လို့လည်း စက်တင်ဘာ ၄ ရက်နေ့တုန်း ကြေညာချက် ထုတ်ပြန် အကြံပြုထားပါ။

ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံးရဲ့ ပြောခွင့်ရသူ နော်အုန်းလှ က “လက်ရှိ အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို စည်းစည်းရုံးရုံးနဲ့ ဖြစ်စေချင်တယ်။ ကေအန်ယူက အင်အား နည်းနည်းများတယ်။ အဲဒီအချိန်မှာ ကေအန်ယူက ခွဲထွက်သွားမယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေကတော့ ဘာမှတော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေ ကွဲတယ်ဆိုတာ မဖြစ်စေချင်ဘူး။ အားလုံးနဲ့ အတူတူပဲ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်အခြေစိုက် ကရင်ခေါင်းဆောင်တယောက်လည်း ကေအန်ယူအနေနဲ့ ယူအန် အက်စီ တပ်ပေါင်းစုကနေ နုတ်ထွက်တဲ့ပေါ် ရန်ကုန်ရှိ ကရင်လူထုတော်များများ စိတ်မ ကောင်းဖြစ်ကြပြီး ပြန်လည် ပေါင်းစည်းလုပ်ကိုင်စေချင်တယ်လို့ ပြောပါတယ်။

“စိတ်မကောင်းကြဘူးပေါ့။ မဖြစ်သင့်ဘူးလို့ ယူဆကြတာပေါ့။ အများစုကတော့ တပ်ပေါင်းစုအနေနဲ့ သွားတဲ့ကိစ္စက ဖြစ်သင့်တဲ့ကိစ္စပေါ့။ တပ်ပေါင်းစုအနေနဲ့ သွားတာကို ကရင် ပြည်သူလူထုတော်တော်များကတော့ လိုလားကြပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု အဖွဲ့ဖြစ် တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ စက်တင်ဘာလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
By နော်နိုရင်း

ယူအန်အက်စီအဖွဲ့ကို ပြန်လည် ၀င်ရေးမ၀င်ရေးကိုတော့ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ဗဟိုအလုပ်အမှုဆောင် ကော်မီတီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်တယ်လို့ ကေအန်ယူ အတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲက ဒီဗွီဘီကို ပြောပါတယ်။

UNFC တွင် ပါဝင်မှုရပ်ဆိုင်း ၊ KNU နှစ်ခြမ်းမကွဲပါဘူးဟု နော်စီဖိုးရာစိန်ဆို



“ကျမတို့ နှစ်ခြမ်း မကွဲပါဘူး၊ ကျမတို့ ဆုံးဖြတ်ခဲ့တာတော့ KNU မှာ ဆုံးဖြတ်ထားတဲ့ တပ်ပေါင်းစုအပါအ၀င် ပူးပေါင်းမှုဟာ KNU ရဲ့ မူသဘောထားရှိတယ်၊ ဒါကိုလည်း ဆက်လက်ပြီးတော့ သွားမှာကတော့ ဗဟိုကော်မတီက အားလုံးသဘောထားရှိပြီးသား ဖြစ်တယ်။ ဒီမူကတော့ ကျမတို့ကတော့ မပယ် ပျက်ရသေးဘူး၊ ချထားတဲ့မူအတိုင်းပဲ ရှေ့သွားသေးတယ်လို့ အဲ့ဒါ ဒီကွန်ဖရင့်က ဆုံးဖြတ်တဲ့မူပဲ ရှိသေးတယ် အဲ့ဒါကြောင့် ကျမတို့ ဒါကိုဆိုလိုတာလေ၊ ကျမတို့ KNU ဗဟိုကော်မတီတွေကတော့ ဒီမူအတိုင်းပဲ သွားတာ ။အဲ့ဒါကြောင့် KNU က ဒီ မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေးမူကို ဆက်လက်ကိုင်သွားရမှာ”


ကရင်အမျိုးသားအစည်းအရုံး KNU အနေနှင့် UNFC အဖွဲ့တွင် ပါဝင်တော့မှာ မဟုတ်ကြောင်း ကိုယ်စားလှယ် အားလုံးကို ရုတ်သိမ်းကြောင်း UNFCညီလာခံနောက်ဆုံးနေ့၌ KNU က အကြောင်းကြားစာပေးပို့ခဲ့သလို အဖွဲ့အစည်းအတွင်း၌လည်း စိတ်ဝမ်းကွဲမှုမရှိဟု ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။

Shwe Myitmakha Media Group

KNU ကရင် ကိုယ်စားလှယ်များ UNFC ညီလာခံမှ နှုတ်ထွက်


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ဒီကနေ့ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပရာမှာ UNFC ရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ရဲ့သဘောထားကိုက်ညီမှု မရှိတာကြောင့် မနက်ပိုင်း ဆွေးနွေးပွဲအပြီး KNU ကိုယ်စားလှယ်တချို့ အစည်းအဝေး တက်ရောက်ခြင်း မရှိတော့ပဲ နှုတ်ထွက်သွားခဲ့ ကြပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး UNFC ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ် KNU အဖွဲ့က မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ခံ လည်းဖြစ်တဲ့ ပဒိုဒေးဗစ်တာကပေါက KNU အဖွဲ့ရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာကြောင့် ဖြစ်တယ်လို့ RFA ကို အခုလို ပြောပါတယ်။
"ထွက်သွားတာကတော့ ဒီလိုပါ သူတို့အနေနဲ့ UNFC ရဲ့ အခြေခံ ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်တယ်၊ ပြင်ဆင်တယ်၊ အဲ့ဒီမှာ သူတို့အနေနဲ့ က ဖြည့်စွက်ချင်တာတွေ ၊ ပြင်ဆင်ချင်တာ လေးတွေကို အဲ့ဒါကို ပြန်ပြီးတော့ ဆွေးနွေးဖို့လိုတယ်လို့ ဆိုပြီးတော့ ထွက်သွားခြင်းဖြစ်ပါတယ်၊ ပြန်လာမှာပါ သို့မဟုတ်ရင်လည်း ပြန်အကြောင်းကြား မှာပေါ့လေ၊ ကျနော်တို့ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေကတော့ တစ်ဦးနဲ့တစ်ဦးအခြေအနေ မတူဘူးပေါ့၊ သူတို့က ဟိုမူအတိုင်း ကျင့်သုံးတာ ဖြစ်ပါတယ၊် KNU အနေနဲ့က တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့မူပေါ့လေ"
KNU အဖွဲ့အနေနဲ့လက်ရှိ UNFC ရဲ့ဖွဲ့စည်းအုပ်ချူပ်ပုံနဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့အနေနဲ့ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး အဖွဲ့အတွင်း ပြန်လည် ချပြဆွေးနွေးပြီးမှ UNFC ကို KNU အဖွဲ့ဝင် ကိုယ်စာလှယ် ပြန်ပေး၊မပေး ဆိုတာနဲ့ အဖွဲ့ဝင်အဖြစ်ဆက်လက်ခံယူသွားဖို့ ရှိ၊မရှိ ဆိုတာတွေကို အကြောင်းပြန် သွားမှာဖြစ် တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင် ၁၂ ဖွဲ့ထဲက UNFC ရဲ့ လက်ရှိစုဖွဲ့မှုနဲ့ မူဝါဒကို အဖွဲ့ ၁၁ ဖွဲ့ကသဘောတူကြပေမယ့် KNU အဖွဲ့က အခုလိုအစည်းအဝေးက ထွက်သွားတာဟာ KNU အဖွဲ့ရဲ့ နောက် ကွယ်မှာဖိအားပေးမှု တစ်စုံတစ်ရာရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်သူတွေ ရှိနေကြပါတယ်။
လက်ရှိ UNFC အဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာကတော့ ဒါဟာ UNFC အဖွဲ့ကနေ KNU နှုတ်ထွက်သွားတာ မဟုတ်သေးကြောင်းသာပြောဆိုပြီး တခြားမေးမြန်း မှုတွေအပေါ် ပြောဆိုခြင်း မရှိခဲ့ပါဘူး။
နေ့လည်ပိုင်း UNFC ရဲ့ညီလာခံကို ဆက်လက်ကျင်းပပြီး အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ နဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပဖို့အတွက် ညီလာခံကိုယ်စားလှယ်တွေက ဆွေးနွေးကြ ပါတယ်။ ညီလာခံကို မနက်ြဖန် စက်တင်ဘာလ ၁ ရက်နေ့မှာ အဆုံးသတ်မယ်လို့လည်း သိရပါတယ်။

RFA

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။



ပုံစာ- KNU အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကိုရန်ကုန်မြို့ MPCတွင် သြဂုတ်၁၆ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်၊မဇ္ဈိမ)

“UNFC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်တယ် ဆိုတဲ့ အဲဒီ့အဆင့်ထိတော့မရောက်သေးပါဘူး၊ အဲလိုတော့ မဆုံးဖြတ်ပါဘူး၊လက် ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ၊ စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်၊ပူးပေါင်း လုပ်ဆောင်တဲ့ နေရာမှာ Top-Down (ဗဟို ဦးစီးမှု စနစ်) ပုံစံမဟုတ်ဘဲနဲ့ Parallel (မျဉ်းပြိုင် အဆင့်တူ ပါဝင်မှု) ပုံစံနဲ့ အဲလိုလုပ်သွားဖို့တော့ အမြင်ရှိတယ်” ဟု ပဒိုကွယ်ထူး ဝင်းက မဇ္ဈိမကိုပြောသည်။

KNUအနေဖြင့် UNFCမှ နုတ်ထွက်မည်ဟု UNFC၏ ညီလာခံအတွင်း သတင်းများထွက်ပေါ်ခဲ့ခြင်းမှာမမှန်ကန်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ နိုင်ဟံသာ (ဗိုန်ခိုင်)က မဇ္ဈိမကို ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ UNFC အဖွဲ့၏ ဦးဆောင်မှု အခန်းကဏ္ဍနှင့်စုဖွဲ့မှု အဆုံးအဖြတ် ပေးမှုများ၌ KNUအဖွဲ့မှ ၎င်းတို့၏ ပေါ်လစီအမြင်များနှင့် မကိုက်ညီဟု ဆိုကာ အခြေအတင်ဆွေးနွေးထားပြီး တင်းမာမှု ရှိနေသည်ဟု သိရသည်။

UNFC တွင် ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့်သာဆုံးဖြတ်သည် ဖြစ်၍ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ပုဂ္ဂလိက အမြင်ဆုံးဖြတ်ချက်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အားထိခိုက်နိုင်သည်ဟု KNUက ရှုမြင်ထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ အကောင်အထည် ဖော်ရေး၌ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တစ်ဖွဲ့နှင့် တစ်ဖွဲ့ အမြင် မတူညီမှုများ ရှိနေကြောင်းလည်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သည့်အမည် မဖော် လိုသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“အမြင် မတူကြတာတွေတော့ အနည်းနဲ့ အများတော့ ရှိမှာပဲလေ၊ KNU တို့က ဘယ်လိုပြောမလဲ။ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်း ချမ်းရေးကို မြန်မြန်ပြီးစေချင်တယ်၊ UNFC ဘက်ကလည်း သေချာအောင်လုပ်ချင်တယ် ဆိုတာမျိုးဆိုတော့ အဲဒီမှာ အမြင်မတူ မှုတွေ နည်းနည်းများကြတယ်ထင်တယ်” ၎င်းက မဇ္ဈိမကို ပြောသည်။

KNU မှ အဆိုပြုလိုသည့် တပ်ပေါင်းစု စုဖွဲ့မှု ဆိုင်ရာ အခြေခံမူနှင့်အမြင်သဘောထားများကို လာမည့် သြဂုတ်လ ၃၁ ရက်နှင့် စက် တင်ဘာလ (၁) ရက်များ၌ဆက်လက် ကျင်းပသွားမည့် UNFC ညီလာခံအစည်းအဝေး၌ ဆက်လက် တင်ပြသွားမည်ဟု သိရသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် UNFC အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှု အားကိုလည်း စဉ်းစားရန်လိုကာ ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်နိုင်ရန်လည်း UNFC ထည့်သွင်း စဉ်းစား သင့်ကြောင်းပဒို ကွယ်ထူးဝင်းက သုံးသပ် ပြောကြားသည်။

ယခု ကျင်းပနေသည့် အစည်းအဝေးသည် UNFC အဖွဲ့၏ သုံးနှစ် တစ်ကြိမ် ကျင်းပသည့်ပထမဆုံး ညီလာခံ ဖြစ်ကာ ညီလာခံ ၌ နောက်ထပ် သက်တမ်းတစ်ခု အတွက်ခေါင်းဆောင်များအား ရွေးကောက်တင်မြှောက်ရန် အပါအဝင် အဖွဲ့ဝင်သစ်များ လက်ခံေ ရးကိုလည်း ဆွေးနွေးရန်ကျန်ရှိနေသေးသည်။

သို့သော်လည်း ပြည်တွင်းမှ ရောက်ရှိလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းအပါအဝင်နိုင်ငံရေး အင်အားစု ငါးဖွဲ့နှင့် တွေ့ဆုံရန် အတွက်ညီလာခံအား သြဂုတ်လ (၂၉) နှင့် (၃၀) ရက်များတွင် ခေတ္တရပ် ဆိုင်းထားပြီး၃၁ရက်တွင် ဆက်လက်ဆွေးနွေးမည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

လက်ရှိ ကျင်းပနေသည့် ပထမ အကြိမ် ညီလာခံအား UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြသည့် KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA တို့နှင့် ဆက်စပ်အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDFတို့မှ ကိုယ်စား လှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့ကမူ ယခုညီ လာခံသို့တက်ရောက်နိုင်ခြင်း မရှိပေ။

UNFC အဖွဲ့အား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသား ညီလာခံကြီးမှတဆင့် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ယခု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌သုံးနှစ်တာ ပြည့်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆွေးနွေးပွဲများ ဆက်နေခဲ့ သဖြင့် (၆)လခန့် နောက်ကျပြီးမှ ယခုကဲ့သို့ ညီလာခံ ခေါ်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
Mizzima