Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းနှင့် တွေ့ဆုံခြင်း



အစိုးရ၏ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုံစီးတီး စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း၊ သိမ်ဖြူကွင်းနှင့် ပြည်သူ့ဥယျာဉ် အစရှိသည့် စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ထောက်ပြ မေးမြန်းခဲ့သူမှာ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ အတိုက်အခံ အမျိုးသမီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်း ဖြစ်သည်။ သူမအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုများ အပေါ် အစဉ်အမြဲ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့သော အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်ပြီး လွှတ်တော်တွင်း မေးခွန်းပေါင်း ၄၀၀ ကျော်နှင့် အဆိုပေါင်း ၄၀ ကျော်ကိုလည်း မေးမြန်းတင်သွင်းခဲ့သူ ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့် ဒေါက်တာာ ညိုညိုသင်းအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး - ပထမဆုံး အနေနဲ့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုလေးတွေကို အကျဉ်းချုပ် ပြောပြပေးပါလား။

ဖြေ - အန်တီ ၁၉၈၈ ခုနှစ် ဥပဒေကျောင်းသူ တတိယနှစ်လောက်မှာ စပြီးတော့မြို့နယ် NLD ဗဟို လူငယ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဒါကတော့ အန်တီ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု ခြေလှမ်းအစလို့လည်း
ပြောလို့ရတယ်ပေါ့။ နောက် ၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေကနေ NLD အောင်နိုင်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းကတော့ ဒီပညာရေးဘက် လုပ်ငန်းခွင်ကို ၀င်တယ်။ နောက် အဝေးသင် တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်တွေမှာ ကထိကအဖြစ် ဆောင်ရွက်ခဲ့တယ်။၂၀၀၇ နောက်ပိုင်းမှာ ကမ္ဘာကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး
အနေအထားကို စောင့်ကြည့်နေတဲ့ အချိန်ပေါ့။ မြန်မာ့နိုင်ငံရေး အခြေအနေကလည်း မငြိမ်မသက်နဲ့ပေါ့။ အဲဒီအချိန်မှာ အန်တီအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ တက္ကသိုလ်မှာ ရှိနေတဲ့ အချိန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူတွေနဲ့ လက်တွဲပြီးတော့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ သုတေသန လုပ်ရတယ်။၂၀၀၇ မှာ နိုင်ငံရေး လောကထဲ ပြန်ဝင်ဖြစ်ခဲ့ပြီး ဒီလိုနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ၀င်လောက်တဲ့အထိ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ စိတ်ပါဝင်စား လာတယ်ပေါ့။

မေး - လာမယ့် လွှတ်တော် သက်တမ်းအတွက်ကို ကိုယ်နဲ့ရင်းနှီးပြီးသား ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ မဟုတ်ဘဲ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ရတာပါလဲ။

ဖြေ - ၂၀၁၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ ရွေးကောက် တင်မြှောက်ခြင်း ခံရတယ်။ အဲဒီမှာ ရခဲလှတဲ့ ရတောင့်ရခဲ အခွင့်အရေးလေးတွေနဲ့ အန်တီ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ဒါ ပေမဲ့ ကျွန်မတို့ တိုင်းဒေသကြီး လွှတ်တော်ဟာ နေပြည်တော်မှာ ရှိနေတဲ့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသား လွှတ်တော်တို့နဲ့ ယှဉ်ရင် ကျင်းပခွင့်တွေကအစ အဆလေးငါးဆယ် ကွာပါတယ်။ အဲဒီတော့ နေပြည်တော်မှာ လွှတ်တော်ကျင်းပခွင့် ရက်တစ်ရာရှိတိုင်း ရန်ကုန်မှာ လွှတ်တော်ကျင်းပခွင့် တစ်ရက်မရှိပါဘူး။ အဲဒီတော့ ရန်ကုန်လွှတ်တော် ကျင်းပခွင့် တစ်ရက် ဆိုရင်တောင်မှ ကျွန်မအနေနဲ့ တစ်ရက် မေးမြန်းခွင့် ရဖို့ဆိုတာ မလွယ်ပါဘူး။ ရန်ကုန်တိုင်း လွှတ်တော်ကို တစ်ခါ ကျင်းပရင် ခုနစ်ရက်၊ ရှစ်ရက် ကျင်းပတယ်။ ဒါပေမဲ့ အဲဒီမှာ ကျွန်မရဲ့ စကားပြောခွင့်ဟာ နှစ်ကြိမ်ထက် မပိုပါဘူး။ ဒါပေမဲ့ အန်တီ အဲဒီရတဲ့ အချိန်လေးတွေကိုပဲ အသုံးချပြီးတော့ အဆိုပေါင်းများစွာ တင်သွင်းခဲ့တယ်။ မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့တယ်။ အန်တီ လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ အဆိုပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ မေးမြန်းခဲ့တဲ့ မေးခွန်းပေါင်း ၄၀၀ ကျော်ပါပြီ။ ဒီတော့ အန်တီတို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အတိုက်အခံ အင်အားစု၊ ဒီမိုကရေစီ အင်အားစုလို့ ဆိုနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ဟာ နှစ်ဦး ပတ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် ဒီလိုခက်ခဲတဲ့ အခြေအနေမှာ ပြည်သူ့အတွက် အန်တီ တင်သွင်းခဲ့၊ မေးမြန်းခဲ့တဲ့ အဆိုအများစုဟာ လွှတ်တော်ထဲမှာ အမြဲရှုံးခဲ့ပါတယ်။ ထိရောက်မှု မရှိခဲ့ဘူး။ နောက်ပြီး အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတွင်းမှာ ပြည်နယ်၊ တိုင်းလွှတ်တော် ရှင်သန် သင့်သလောက် မရှင်သန်ဘူး။ အဓိကျတဲ့ ဆုံးဖြတ်ချက်တွေ ဆိုတာကလည်း နေပြည်တော်မှာရှိတဲ့ လွှတ်တော်တွေမှာပဲ လုပ်ဆောင်နိုင်တယ်၊ ထိရောက် နေတယ်ဆိုတာကို သုံးသပ်မိလို့ပါ။

မေး - အန်တီ့အနေနဲ့ NLD ပါတီကနေ ၀င်ရောက် အရွေးခံဖို့ အဆိုပြုခဲ့ပြီးနောက်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့သာ ၀င်ပြိုင်ဖြစ်ပုံလေးကို ပြည်သူသိအောင် ရှင်းပြပေးပါလား။

ဖြေ - ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီး နောက်ပိုင်းမှာ မြို့နယ် NLD က မြို့မိမြို့ဖတွေ၊ နောက်လူကြီးတွေက NLD က၀င်ပါလားဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါကြောင့် အန်တီ့အနေနဲ့ ကမ်းလှမ်းမှုကို
လက်ခံခဲ့တယ်။ ကိုယ်ကလည်း အရင်က NLD ရဲ့ လူငယ် တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့ဖူးတဲ့ သူဆိုတော့ ကမ်းလှမ်းမှုတွေ ရှိတဲ့အခါမှာ NLD ကိုယ်စားလှယ် အဖြစ်ပဲ ၀င်ရောက် ရွေးချယ်ခဲ့ဖို့ လုပ်ခဲ့တယ်ပေါ့။ အဓိက,ကတော့ ဒီမိုကရေစီ အင်အားစုတွေ မဲကွဲသွားမှာ စိုးတဲ့အတွက်ပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဒီကြားထဲမှာ တစ်ဖက်က NLD ရဲ့အထက်က လူကြီးပိုင်းတွေရဲ့ ဆုံးဖြတ်ခဲ့မှုတွေအရ မပါခဲ့ဘူး။ ဒါတွေက အားလုံးလည်း သိပြီးသားပါ။ ဆိုတော့ အန်တီ့အနေနဲ့လည်း လွှတ်တော်ထဲမှာ လုပ်ဆောင်ချင်တာတွေ အများကြီး ရှိသေးတယ်။ နောက်ကိုယ့်ကို ထောက်ခံတဲ့၊ လိုလားတဲ့ မဲဆန္ဒရှင်တွေလည်း တစ်ဖက်မှာ ရှိနေသေးတဲ့အတွက် တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပေါ့ ။

မေး -NLD ကို ၀န်းရံဖို့ အန်တီ တိုက်တွန်းခဲ့တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အန်တီ့ မဲဆန္ဒနယ်မှာလည်း NLD လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ယှဉ်ပြိုင်ရမယ့်အပေါ်မှာ မဲပေး ရွေးချယ်ရမယ့် ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ - အန်တီ့အနေနဲ့ ပြည်သူလူထုကို အသိပေးနိုင်တာ ဘာလဲဆိုတော့ ကျွန်မက ပါတီ အဖွဲ့အစည်းတစ်ခုက မဟုတ်ဘူး။ ဒါကြောင့် ကျွန်မတစ်ယောက်တည်းနဲ့ အစိုးရဖွဲ့နိုင်မှာ မဟုတ်ဘူး။ သို့သော် ကျွန်မရဲ့ မဲဆန္ဒနယ်မှာတော့ လွှတ်တော် သုံးရပ်အတွက် သုံးမဲအတွက်ကို ပြည်သူလူထုက သုံးမဲပေးရမယ်ပေါ့။ အဲဒီတော့ အန်တီ့ကိုတော့ မဲဆန္ဒရှင် ပြည်သူတွေက မဖြစ်မနေ မဲရုံထဲကိုဝင်တာနဲ့ တစ်ပြိုင်နက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပေးရမယ်။ နံပါတ်တစ် ကျွန်မကို ပေးရမှာဖြစ်တယ်။ မဲကတ်ပြားမှာလည်း အန်တီ့ရဲ့ နာမည်က နံပါတ်တစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၀င်ဝင်ချင်း နံပါတ်တစ်ကို
ရွေးချယ်ခြင်းအားဖြင့် ပြည်သူတွေရဲ့ ဘ၀တွေသည်လည်း နံပါတ်တစ် ဖြစ်လာမယ်လို့ အန်တီ ပြောချင်ပါတယ်။ အန်တီက တစ်သီး ပုဂ္ဂလပါ။ အန်တီ့ကို မဲပေးလို့လည်း မဲမကွဲနိုင်ဘူးလို့ ထင်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အများစုနိုင်မှသာ ကျွန်မတို့အားလုံး ပြောနေကြတဲ့ ပြည်သူ့အာဏာဟာ ပြည်သူ့လက်ထဲ ရောက်မှာပါ။ ဒါပေမဲ့ ကျွန်မ NLD ကိုယ်စားလှယ်လောင်းကို ယှဉ်ပြိုင်သွားမယ် ဆိုတာကလည်း ကျွန်မကို လွှတ်တော်ထဲမှာ မြင်စေချင်တဲ့ ပြည်သူ့ဆန္ဒကြောင့် ပါပဲ။

မေး - တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ စိန်ခေါ်မှုတွေက ဘာများဖြစ်မလဲ။

ဖြေ - စိန်ခေါ်မှုတွေကတော့ အများကြီးပါပဲ။ သို့သော်လည်းပဲ အားသာချက်တွေလည်း အများကြီးပါ။ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ပါတီတစ်ခုရဲ့ မူဝါဒ စည်းမျဉ်းတွေကို လိုက်နာနေဖို့ မလိုဘူး။ ပါတီတွေက သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ညွှန်ကြားချက် အသီးသီး ထုတ်ထားတာ ရှိတယ်။ ဘယ်ကိစ္စ မပြောရဘူး။ ဟိုလို မလုပ်ရဘူး ဆိုတာမျိုးရှိတယ်။ အန်တီတို့ကတော့ ဒီလို
လိုက်နာစရာ မလိုဘူး။ ပြည်သူလူထု အကျိုးစီးပွားအတွက်ဆိုရင် ကျွန်မတို့က ရဲရဲကြီး ပြောလိုက်ရုံပဲပေါ့။ ဘယ်သူရဲ့ အမိန့်သြဇာအာဏာကိုမှလည်း အန်တီတို့က နာခံနေစရာ မလိုဘူး။ ပြည်သူ့မျက်နှာကိုပဲ ကြည့်ဖို့ လိုတယ်။ အကယ်၍ အန်တီသာ ပါတီတစ်ခုခုရဲ့ကိုယ်စားလှယ် ဖြစ်နေမယ်ဆိုရင် အန်တီသည် ပါတီခေါင်းဆောင် ပြောသမျှကို အရာရာ နာခံနေရမယ်။ အခုတော့ ကျွန်မ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ကျွန်မရဲ့ သခင်သည် ပြည်သူလူထုပဲဆိုတာ ထင်ရှားတယ်။ အဲဒါသည် အန်တီ့ရဲ့ အကြီးမားဆုံး အားသာချက် တစ်ခုပါပဲ။

မေး - တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘယ်လောက်အထိ အောင်မြင်မှုတွေ ရခဲ့တယ်လို့ ထင်ပါသလဲ ။

ဖြေ - အဓိက,ကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ နားလည်လာတယ်။ ရန်ကုန်တိုင်း အစိုးရက ပြည်သူတွေဘက်က ဘယ်လောက် အတိုင်းအတာအထိ ရပ်တည်တယ် ဆိုတာကို ပြည်သူတွေ ကွင်းကွင်းကွက်ကွက် မြင်လာတယ်။ဆိုတော့ အန်တီ့ရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ငါးနှစ်သက်တမ်း အတွင်းမှာတော့ ရန်ကုန်တိုင်း အစိုးရက ပြောင်းလဲမှု တစ်စုံတစ်ရာဖြစ်ဖို့ မျှော်မှန်းခဲ့တယ်။ လက်ရှိလည်း တစ်စုံတရာ ပြောင်းလဲမှု ရှိလာတယ်လို့ ပြောလို့ရတယ်။ လုံးဝ အားရကျေနပ်မှုမျိုးတော့ မဟုတ်ဘူးပေါ့။ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲမှုနဲ့ နှိုင်းယှဉ်ရင်တော့ အားနည်းသေးတယ်။ ဒါကြောင့် လာမယ့် လွှတ်တော်သက်တမ်းအတွက် အန်တီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရမယ့် အကြောင်းရင်းက ဒါကြောင့်လည်း ပါတယ်။

မေး - သန့်ရှင်းသော အစိုးရဖြစ်ဖို့ လိုတယ်။ ဒီလိုဖြစ်အောင်လည်း ဆောင်ရွက်မယ်လို့ အန်တီ ပြောကြားခဲ့ဖူးတာ ရှိတယ်ပေါ့။ ဆိုတော့ လာမယ့် လွှတ်တော်
သက်တမ်းမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရရင် ဒီအတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ - အန်တီ ကျွမ်းကျင်တာက နိုင်ငံတော် စီမံကိန်းတွေ၊ အန်တီ့ရဲ့ လွှတ်တော် သက်တမ်းတစ်လျှောက်မှာလည်း လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သိမ်းပိုက်တဲ့ ပြည်သူ့ အကျိုးစီးပွား ထိခိုက်စေလောက်တဲ့
စီမံကိန်းတွေကို အန်တီ ဆန့်ကျင်ခဲ့တယ်။ နောက်လွှတ်တော် သက်တမ်းအတွင်းမှာ အရွေးချယ် ခံရရင်တော့ အဲဒီအလုပ်ကို၊ အဲဒီလို စီမံကိန်းတွေကို ဆက်လက်ပြီး စိစစ်မယ်။ပယ်ဖျက်မယ်။ ရုပ်သိမ်းနိုင်သည်အထိ ကျွန်မ ဆက်လက် ဆောင်ရွက်မယ်။ ဒါ့အပြင် အန်တီ့အနေနဲ့ လက်ရှိ ဥပဒေတွေအထဲမှာ သဘောမတွေ့တဲ့ ဥပဒေ ၄၀၀ နဲ့ ၅၀၀ ကြားမှာ ရှိတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေကို အဖိနှိပ်ဆုံးသော၊ အဆိုးရွားဆုံးသော ဥပဒေတွေလို့ ပြောလို့ရမယ့် ပြည်သူလူထု အကျိုးစီးပွားကို အတားအဆီး ဖြစ်နေတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့ လုပ်သွားမယ်။ ဒါကတော့ ယေဘုယျ ပြောတာပေါ့။ တိတိကျကျ ပြောရမယ်ဆိုရင် အန်တီ့အနေနဲ့ အရင်လွှတ်တော် သက်တမ်းတွင်းမှာလည်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တယ်။ အန်တီကလည်း ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် ကျောင်းသား လူငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အမြဲခေါင်းထဲ ထည့်ထားတယ်။ ကျောင်းသား လူငယ်တွေ အပါအ၀င် လူငယ်လူရွယ်တွေဟာ သူတို့အတွက် အာမခံချက်၊ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အာမခံမယ့် ပညာရေး စနစ်ကောင်းကို ရရမယ်။အဲဒါကြောင့် လူငယ်တွေရဲ့ ဘ၀ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ဥပဒေတွေ၊ သူတို့ကို အချုပ်အနှောင် အဟန့်အတား ဖြစ်နေတဲ့ ဥပဒေတွေ ဒါတွေကိုလည်း ဖျက်ရမယ်။ ဒါပညာရေးနဲ့
ပတ်သက်လို့ပေါ့။ နောက် လယ်သမားတွေ အတွက်လည်း လုပ်ပေးချင်တယ်။ အန်တီ့ရဲ့ မဲဆန္ဒနယ်မှာတော့ လယ်သမား မရှိပါဘူး။ ဒါပေမဲ့ ဒီလယ်တွေ၊ မြေယာတွေ မတရား အသိမ်းခံရတဲ့သူတွေ၊ သူတို့တွေကို လွှတ်တော် အစီရင်ခံစာမှာ ပါတဲ့အတိုင်း အစိုးရဘက်က အကောင်အထည် ဖော်ပေးဖို့ အတွက်လည်း တစ်စိုက်မတ်မတ် လုပ်သွားမယ်။ နောက် အရေးကြီးဆုံး လုပ်ချင်တာ တစ်ခုက လာဘ်ပေးလာဘ်ယူ တိုက်ဖျက်မှုကို သေသေချာချာကို လုပ်ချင်တယ်။ ဘာကြောင့်ဆို ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကျွန်မတို့ အစိုးရအဖွဲ့ကနေ လာဘ်ပေး၊ လာဘ်ယူမှု လုပ်ငန်းတွေကို ထိရောက်စွာ လုပ်ကိုင် ပေးနိုင်ခဲ့တယ်လို့ မထင်ဘူး။ ဒါကြောင့်မို့လို့ လာဘ်ပေးလာဘ်ယူမှု ပ,ပျောက်ရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပြီးတော့ ဒီလာဘ်ပေး လာဘ်ယူမှု ပ,ပျောက်ရေးဆိုင်ရာ နည်းဥပဒေကိုလည်း ထိရောက်တဲ့ ဥပဒေတစ်ခုအဖြစ် ပြန်ပြင်မယ်။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းကို အစွမ်းကုန် ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ပေါ့။ နောက် ဗဟန်း ပြည်သူတွေ တရားမဲ့ ပြုကျင့်ခံရရင် အမှန်တရားဘက်က ရပ်တည် ကာကွယ်သွားမယ်။

မေး - ပါတီ ကျောထောက်နောက်ခံ မရှိတဲ့ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ထဲ ရောက်သွားရင် အန်တီ့ အဆိုတွေ၊ မေးခွန်းတွေက ထိရောက်နိုင်မယ်လို့ ထင်ပါသလား။
ဖြေ - အန်တီတို့ လွှတ်တော်ထဲမှာ ပါတီတစ်ခု အာဏာရမှ လူ့အဖွဲ့အစည်းတစ်ခု အင်အားကောင်းကောင်းနဲ့ နေရာရမှ ပြည်သူ့အတွက် လုပ်နိုင်တာ မဟုတ်ဘူး ဆိုတာကို အန်တီ့ရဲ့ ငါးနှစ်သက်တမ်းက
သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ရွေးချယ်ခံရမယ် ဆိုရင်တော့ အန်တီ့အနေနဲ့ ပြည်သူ့အတွက် တကယ်ထိရောက်မယ့် လုပ်ငန်းတွေ ပိုမို လုပ်လာနိုင်မယ်လို့ ယုံကြည်တယ်။ ရန်ကုန်တိုင်းမှာဆိုရင် အတိုက်အခံလို့ ပြောလို့ရတဲ့ အမတ်က အင်မတန် နည်းပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော် အ၀န်းအ၀ိုင်းကတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါကြောင့်
အန်တီ့အနေနဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရင်တော့ မဟာဗျူဟာအချို့ကို ပြောင်းလုပ်ဖို့ စဉ်းစားတယ်။ တိုင်းရင်းသား ပါတီတွေရဲ့ အကူအညီတွေလည်း အများကြီး ရမယ်လို့ မျှော်မှန်းထားတယ်။

မေး - အခု မဲဆွယ်စည်းရုံးရေး လုပ်ဆောင်တဲ့အချိန် ပြည်သူတွေနဲ့ ထိတွေ့တဲ့နေရာမှာ လူထုက ဘယ်လို မေးခွန်းတွေကို အဓိက မေးကြသလဲ။ နောက် အန်တီ့အပေါ်ရော ဘယ်လို သဘောထားရှိကြတယ်လို့
ထင်ပါသလဲ။

ဖြေ - အဓိက ပြည်သူတွေနဲ့ တွေ့တဲ့အခါမှာ မေးကြတာကတော့ သူတို့အနေနဲ့ အန်တီ့ကို လူကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ ပါတီကိုပေးရမယ့် အနေအထား ဖြစ်နေတယ် ပေါ့နော်။ အဲဒီအခါမျိုးတွေမှာ အန်တီ့ကို ဘာကြောင့် ပေးသင့်တယ် ဆိုတာလည်း သူတို့သိတယ်ပေါ့။ အဲဒီတော့ အန်တီ့ကို သူတို့က ရှေ့ဆက် နိုင်ငံရေး အလားအလာတွေကို မေးကြတယ်။ နောက် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အန်တီ့ရဲ့ သဘောထားက ဘာလဲ။ နောက်တစ်ခါ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်လို့ရှိရင် သူတို့အတွက် ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာလည်း သိချင်ကြတယ်။ များသောအားဖြင့် ကျွန်မသွားဖြစ်တဲ့ ရပ်ကွက်တွေကတော့ အပြုသဘောဆောင်တဲ့ မေးခွန်းတွေပဲ မေးကြပါတယ်။ ကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေ နိုင်ငံရေးရေချိန် မနိမ့်ကြပါဘူး။

မေး - လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက်မှုနှုန်းကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကတော့ တဖြည်းဖြည်းတော့ သွားနေတယ်ပေါ့။ သို့သော်လည်း အားရကျေနပ်တဲ့ အနေအထားတော့ မရှိပါဘူး။ အချိန်မရွေး နောက်ကြောင်း ပြန်သွားနိုင်တဲ့ အနေအထားလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ အန်တီတို့ကလည်း မြန်မြန်ရွေ့အောင် တွန်းတွန်းတိုက်တိုက်လည်း တွန်းနေတဲ့ အနေအထားပေါ့။

မေး - ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရရှိခဲ့တဲ့ မဲရလဒ်အပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိခဲ့တယ်ပေါ့။ ဒီတော့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရော အန်တီ့အနေနဲ့ စိုးရိမ်စရာများ ရှိပါသလား။

ဖြေ - ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ ကျွန်မအနေနဲ့ စိုးရိမ်တာက ရေဘေးသင့် ဒေသတွေပေါ့။ အဲဒီ ဒေသတွေမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှဖြစ်ပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်။ ကျန်တဲ့ ဒေသတွေကတော့ ကျွန်မသိပ်ပြီး မစိုးရိမ်ပါဘူး။ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေလည်းပဲ အတွေ့အကြုံရှိတဲ့ ကော်မရှင်တွေ များပါတယ်။၂၀၁၀ တုန်းကလို အမှားမျိုးတွေ ထပ်ပြီး မလုပ်နိုင်လောက်ဘူးလို့တော့ မျှော်လင့်ရတာပေါ့။

မေး - အန်တီ့အနေနဲ့ ပြည်သူလူထုကို အခြားဘာများ ပြောချင်ပါသေးလဲ။

ဖြေ - အဓိက,က မဲပေးကြပါ။ ပြည်သူတွေ အနေနဲ့ မိမိကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို သေသေချာချာ စိစစ်ပြီးတော့ မဲပေးဖို့ ပြောချင်ပါတယ်။ အပြောင်းအလဲတိုင်းအတွက် ပြည်သူအားလုံးက နိုင်ငံရေးမှာ
စိတ်ပါဝင်စားခြင်းအားဖြင့် တိုင်းပြည် အနာဂတ်ကို ပုံဖော်နိုင်ပါ။ ဒီ့အတွက် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးချယ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။
Eleven

‘‘ကလေးတွေကို အခမဲ့အချိန်ပို သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာရီ၊ ကျွန်တော်က ၆ နာရီခွဲကစပြီး သင်ပေးတယ်’’ ဆရာဦးသန်းလှိုင်နှင့် တွေ့ဆုံခြင်း


၂၀၁၄ ခုနှစ် အောက်တိုဘာ ၅ ရက်သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါသည်။ ထိုနေ့အခမ်းအနားတွင်လည်း နာငါးနာနှင့် ပြည့်စုံမှုတို့ကြောင့် နိုင်ငံတော်မှ လူမှုထူးချွန်ဆု ချီးမြှင့်အပ်နှင်းခြင်း ခံရသူ ဆရာသုံးဦးပေါ်ထွက်လာခဲ့ရာ ဆရာဦးသန်းလှိုင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။ ဆရာဦးသန်းလှိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာတွင် တာဝန်ထမ်းဆောင်ရင်း မြောင်မြို့နယ် အုန်းနှဲဘုတ်ကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပြောင်းရွှေ့ချိန်တွင်၎င်း၏ တပည့်များသာမက ကျောင်းသားမိဘများကပါ လာရောက်နှုတ်ဆက်ကြရင်း ဆရာတစ်ယောက်ဆုံးရှုံးမှုကို ခံစားရသော တပည့်များနှင့် မိဘများ၏ နှုတ်ဆက်ဝမ်းနည်းငိုကြွေးမှုဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံ့သွားခဲ့ရာမှ ထင်ရှားလာခဲ့သူဖြစ်ပါသည်။
ဆရာဦးသန်းလှိုင်နှင့် တွေ့ ဆုံခိုက်မေးမြန်းဖြစ်ခဲ့သည်များကို 7Day Daily ပရိသတ်များထံ ပြန်လည်မျှဝေလိုက်ရပါသည်။
ကမ္ဘာ့ဆရာများနေ့မှာ အခုလိုလူ မှုထူးချွန်ဆုချီးမြှင့်ခြင်းခံရတဲ့အ တွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ပြောပြပေးပါဆရာ။
ကျွန်တော့်ရဲ့ မေတ္တာ၊ စေတ နာနဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော့်အတွက် မှန်ပမာရောင် ပြန်ဟပ်တယ်လို့ ခံစားရပါတယ်။ ကမ္ဘာ့ဆရာများနေ့မှာ တွေ့ရတဲ့ ဆရာကြီးတွေကို စံနမူနာယူပြီး တိုးတက်အောင် လုပ်ဆောင် သွားပါ့မယ်။ ကျွန်တော်နဲ့ ဘ၀ တူဆရာများကိုလည်း ဒီလိုလုပ် ဆောင်ပြီး ဆုတွေ၊ အောင်မြင်မှု တွေရစေချင်ပါတယ်။
အခုတစ်လောဆရာ့အကြောင်း တွေ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် မှာ တော်တော်တွေ့ရတယ်။ ဆရာ့ကို ၀ိုင်းပြီး ဂုဏ်ပြုအမွှမ်း တင်ကြတယ်။ အဲဒီအပေါ်မှာ ဆရာဘာများပြောချင်ပါသလဲ။
ကျွန်တော်ကျောင်းဆရာ စ ဖြစ်တာကတော့ ၁၉၉၂ ခုနှစ်က ပါ။ ဆရာစဖြစ်တဲ့ အချိန်ကစပြီး အရင်းခံကတော့ မေတ္တာတရား ပေါ့နော်။ စာအုပ်စာပေတွေ စဖတ်ခဲ့ပါတယ်။ ကျောင်းသုံး ကျောင်းမှာ တာဝန်ထမ်းဆောင် တော့ အရင်ဆုံးတာဝန်ထမ်း ဆောင်ခဲ့တာက စစ်ကိုင်းတိုင်း ဒေသကြီး ပင်လယ်ဘူးမြို့နယ် အလကတောင်တောမှာ မူလ တန်းကျောင်းဆရာပေါ့နော်။ အဲဒီ မှာစပြီး စာသင်ခဲ့ရပါတယ်။ တောင်တောကျောင်းက ကျွန် တော့်ရဲ့ တပည့်တွေကလည်း ကျွန်တော့်ရဲ့ မေတ္တာဖြင့် သင် ကြားပို့ချပေးခဲ့မှုကြောင့် ကျောင်း ပြောင်း နှုတ်ဆက်တဲ့အချိန်မှာ လည်း ခုလိုပဲ ငိုကြွေးနှုတ်ဆက်မှု တွေ့ကြုံခဲ့ရပါတယ်။ နောက် တစ်ကျောင်းကတော့ ချောင်းဦး မြို့နယ် အမက ဗုံတိုဆိုတဲ့ ကျောင်းလေးကို ကျွန်တော် ရောက်ခဲ့ပါတယ်။ အဲဒီကျောင်း လေးကိုလည်း တကယ့်ကို ကျွန် တော့်ရဲ့ အိမ်လေးပမာသဘော ထားပြီး ပြုစုပျိုးထောင်ခဲ့ပါ တယ်။ တပည့်တွေကိုလည်း မေ တ္တာတရားရှေ့ထားကာ သင် ကြားပေးခဲ့ပါတယ်။ နောက် ရောက်ခဲ့တာကတော့ အမက ဆူး လေကုန်းပါ။ အလယ်တန်းပြ ဆရာအနေနဲ့ ရောက်ခဲ့ပါတယ်။
ကလေးတွေကို ပညာရေးအနေနဲ့ အခမဲ့အပိုချိန် သင်ကြားပေးခဲ့တာ တွေလည်းရှိတယ်လို့သိရတယ်။ အဲဒီအကြောင်းလေး ပြောပြာပေး ပါဦးဆရာ။
ရွာမှာရှိတဲ့ လူမှုရေးအသင်း လေးနဲ့ ကျွန်တော်တော်တော် လေးကို ပါဝင်လုပ်ဆောင်ခဲ့သလို အဲဒီရွာမှာ ကလေးတွေကို အခမဲ့ အပိုချိန်သင်ပေးခဲ့ပါတယ်။ ကျောင်းတက်ချိန်က မနက် ၉ နာ ရီ။ ကျွန်တော်က မနက်မိုးလင်း ၆ နာရီခွဲကစပြီး သင်ပေးတယ်။ ကလေးတွေက ဝေလီဝေလင်းဆို တာနဲ့ ရောက်လာပါတယ်။ ဘယ် အတန်းလာလာ လာတဲ့ ကလေး ကို သင်ပေးပါတယ်။ ညနေ ၃ နာရီခွဲ ကျောင်းဆင်းတဲ့အခါ တစ်နာရီအနားပေးတယ်။ ကလေး တွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ပါ။ အားကစားလုပ်ခိုင်းတယ်။ ညနေ ၄ နာရီခွဲမှာ မူလတန်း အထက်ဆင့် သုံးတန်းနဲ့ လေးတန်းကို စာသင်ပေးပါတယ်။ ညနေ ထမင်းစားချိန်ဆို ရွာက လာပို့ပေး တယ်။ ညမှာ ၆နာရီခွဲ၊ ၇နာရီက နေ ၉နာရီအထိ ရွာကမီးပေး တယ်။ မီးပေးတဲ့အချိန် မူလတန်း အထက်ဆင့်၊ အလယ်တန်းနဲ့ အထက်တန်းအားလုံးကို စာဖတ် ၀ိုင်းလေးလုပ်ပေးတယ်။ အဲဒီ စာဖတ်ဝိုင်းလေးလည်း အောင် မြင်ခဲ့ပါတယ်။
ဆရာ့အနေနဲ့ တခြားဘာများပြော ချင်ပါလဲ။
ဆရာဆိုတာ မေတ္တာရှင်၊ အကြင်နာ၊ မုဒိတာရှင်၊ စေတနာ ရှင်၊ ၀ါသနာရှင်ဆိုတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုရင် တိုးတက် လာမှာပါ။ ကျွန်တော်နဲ့ ဘ၀တူ ဆရာ၊ ဆရာမများအနေနဲ့ ကိုယ် တာဝန်ကျရာ ဒေသမှာ အားတက်သရောဆောင်ရွက်ကြမယ်။ ကျောင်းသားတွေ၊ မိဘတွေကို နွေးထွေးတဲ့ မေတ္တာတွေ ပေးမယ် ဆိုရင် မေတ္တာတရားရှေ့ထားပြီး သင်ကြားပေးမယ်ဆိုရင် အောင် မြင်မှာ လက်ခတ်မလွဲပါပဲ။

ဆရာဦးသန်းလှိုင် (ဓာတ်ပုံ − မင်းသားလေး)

7Day Daily

ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီလီမိတက်မှ Chairman & Managing Director ဖြစ်သူ ဦးလွင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

အော်ပရေတာတွေဘက်ကလည်း တကယ်ဖုန်းမကိုင်နိုင်သေးတဲ့သူတွေကို
Target ထားရောင်းတဲ့စနစ်နဲ့သွားသင့်တယ်

- ဖူးပွင့်သော် တွေ့ဆုံမေးမြန်းသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ်ငါးသိန်းနှုန်းဖြင့် ရောင်းချနေသည့် ၂ဝ၁၁ ခုနှစ်အတွင်း ဆင်းမ်ကတ်တစ်ကတ်ကို ကျပ်ငါးထောင် ဖြင့် ရောင်းပေးနိုင်ပြီး ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်ဖို့အတွက်လည်း နည်းပညာရှိသည်ဟု ပြောကြားခဲ့သည့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပြည်တံခွန်အများပိုင် ကုမ္ပဏီ လီမိတက်မှ Chairman & Managing Director ဖြစ်သူ ဦးလွင်နိုင်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

မေး- လတ်တလောဆက်သွယ်ရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အပိုင်းကိုပြောပြပေးပါ။

ဖြေ- ဆက်သွယ်ရေးလုပ်ငန်းကိုအထောက်အကူပြုနိုင် မယ့် ကွန်ရက်တည်ဆောက်တဲ့ လုပ်ငန်းကိုဆောင် ရွက်နေပါတယ်၊ အရင်ကတည်းကလုပ်နေတဲ့ မူရင်း Technical ပါတနာတွေနဲ့ပူးပေါင်းပြီး နက်ဝေါ့ခ်အပိုင်း ကိုလုပ်နေတယ်၊ လိုင်စင်ရဆက်သွယ်ရေးအော်ပရေ တာတွေက ဒီလုပ်ငန်းတွေလုပ်ဖို့အတွက် ကမ်းလှမ်းလာ ရင်ကွန်ရက်ဖြန့်ကြက်မှုလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိပါတယ်။

မေး-ဆက်သွယ်ရေးကွန်ရက်မှာ ဘယ်လိုနည်းပညာ ပိုင်းနဲ့ လုပ်ဆောင်သွားမှာလဲ။

ဖြေ- နည်းပညာအနေနဲ့ကတော့ လက်ရှိအသုံးပြုနေတဲ့ 2G,3G နည်းပညာတွေကို အထောက်အပံ့ပေးနိုင်ဖို့ အတွက်ဆောင်ရွက်ထားပါတယ်။

မေး- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆင်းမ်ကတ် တစ်ကတ်ကို ကျပ်နှစ်သိန်းနဲ့ရောင်းနေတဲ့အချိန်မှာ ရွှေ ပြည်တံခွန်ကုမ္ပဏီကနေ ဆင်းမ်ကတ်တစ်ကတ်ကို ကျပ် ငါးထောင်နဲ့ရောင်းနိုင်အောင်လုပ်မယ်ဆိုပြီး ၂ဝ၁၁ခုနှစ် လောက်က ကြေညာခဲ့တယ်၊ နောက်ပိုင်းပျောက်သွား တယ်။ ဘာကြောင့်လဲ။ 

ဖြေ- ဟုတ်ပါတယ်။ အခုဆိုငါးထောင်ဖိုး သုံးလုံးခေတ် ဖြစ်နေပါပြီ၊ အဓိကကတော့ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်း လဲမှုပေါ်မူတည်ပြီး အားလုံးအကျိုးခံစားလာရတာလို့ မြင်ပါတယ်၊ လင်းလက်တောက်ပတဲ့အနာဂတ်ပေါ့၊ အရင်ကဆိုရင် ဖုန်းတစ်လုံးကိုင်ရဖို့ အင်မတန်ခက်ခဲ တယ်၊ ပိုက်ဆံရှိ လူတန်းစားတစ်ရပ်ပဲကိုင်နိုင်တယ်၊ ကျွန် တော်တို့က ရေရှည်ရင်းနှီးမြှုပ်နှံတဲ့ ပုံစံနဲ့သွားရင် ဆင်းမ် ကတ်တွေကို ဈေးပေါပေါနဲ့ ရောင်းနိုင်မယ်လို့တွက် ချက်မိပြီး အစိုးရပိုင်းကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်။

မေး- လက်ရှိအော်ပရေတာတွေဆင်းမ်ကတ်ရောင်းနေ တဲ့ အပိုင်းကိုဘယ်လိုမြင်လဲ။

ဖြေ- ဆင်းမ်ကတ်တွေရဲ့ကွန်ရက်ဖြန့်ဖြူးနိုင်မှု အခြေ အနေပေါ် မူတည်ပြီး ပြည်သူတွေရဲ့လက်ထဲကိုရောက် ရှိတာလည်း အားရတယ်လို့ပြောရမှာပါ၊ ကုမ္ပဏီတွေတစ် ခုနဲ့ တစ်ခုအပြိုင်အဆိုင်ကိုချနေတယ်ဆိုတော့၊ အဲဒီအ ပေါ်မှာလဲ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းတင် မ ဟုတ်ဘူး။ တစ်ပြည်လုံးမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အထောက်အကူတွေဖြစ်လာမယ်ထင်တယ်။

မေး- လက်ရှိမှာ နိုင်ငံခြားအော်ပရေတာတွေကလဲ ရောင်းနေကြပြီ၊ အော်ရီဒူးဆင်းမ်ကတ်ဆိုလဲ အလုအ ယက်ဝယ်လိုက်ကြတာပဲ၊ အဲဒီမှာ မှောင်ခိုဈေးကွက်ဖြစ် လာတဲ့အပေါ် ဘယ်လိုထင်မြင်မိပါသလဲ။

ဖြေ- ဒါကတော့ ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အ ပေါ်မှာ ဖြစ်ပျက်သွားတဲ့ပုံစံလို့မြင်တယ်၊ နောက်ပိုင်း Balanceြ ဖြစ်သွားတဲ့အခြေအနေ ဆိုရင်တော့ ဈေးကွက် ပုံမှန်အနေအထားရောက်သွားမှာပါ၊ အဓိကကပြည်သူ တွေက အရင်ကလွယ်လွယ်သုံးမရခဲ့ဘူး၊ ငတ်မွတ်နေတဲ့ အချိန်မှာ ဈေးပေါပေါနဲ့စိတ်ကြိုက်ဝယ်လို့ရတဲ့ ပုံစံဖြစ် သွားတယ်၊ တစ်ဖက်ကလဲလက်ဝါးကြီးအုပ်မယ့် စီးပွား ရေးသမားတွေကလဲရှိတော့ မမျှတတဲ့ပုံစံဖြစ်သွားတာ ပါ၊ အော်ပရေတာတွေဘက်ကလည်း တကယ်ဖုန်းမကိုင် နိုင်သေးတဲ့သူတွေကို Target ထားရောင်းတဲ့ စနစ်နဲ့ သွားသင့်တယ်။

မေး- ပြည်ပအော်ပရေတာတွေအနေနဲ့လည်း ဆင်းမ် ကတ်တွေသာရောင်းတယ်၊ တကယ်တမ်းအသုံးပြုတဲ့ အခါ သုံးလို့မရတာတွေဖြစ်ခဲ့တယ်၊ ဆက်သွယ်ရေးဝန် ဆောင်မှုတွေအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ- အော်ပရေတာတွေရဲ့ဆက်သွယ်ရေးဝန်ဆောင် မှုတွေက တဖြည်းဖြည်းချင်းတော့ ကောင်းလာမှာပါ၊ နောက်ပြီး ဆက်သွယ်ရေးလုပ်ငန်းကို အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူကိုဗဟိုပြုတဲ့ စီမံကိန်း ပေါ်လစီတွေချရင် အခုထက်ပိုကောင်းလာမှာပါလို့ သုံးသပ်ချင်တယ်။

မေး- လက်ရှိဈေးကွက်ထဲမှာ MPT ရဲ့ဆင်းမ်ကတ်ဈေး နှုန်းက အဆမတန်ကိုမြင့်တက်နေတယ်၊ပြည်သူကလဲ အမ်ပီတီရဲ့စီမံခန့်ခွဲမှုအားနည်းတာကြောင့်လို့ ပြောကြ တယ်။

ဖြေ- ဒါကလဲ စီးပွားရေးသဘောတရားအရရောင်းပေးတဲ့ ပမာဏနဲ့ ဝယ်လိုတဲ့ပမာဏမမျှလို့ ဈေးတွေအဆမတန် ဖြစ်တာပါ၊အမ်ပီတီအနေနဲ့ကလည်း သူ့မှာ နိုင်ငံခြားပါ တနာရှိတာပဲ စီမံခန့်ခွဲမှုတစ်ခုရဲ့ အစပိုင်းမှာဖြစ်တတ်တဲ့ သဘောသဘာဝလို့ပဲမြင်တယ်၊ နောက်ပိုင်းကျရင်ဒါတွေ ကိုပြုပြင်ပြောင်းလဲပစ်ဖို့ပဲလိုအပ်တာပါ။

မေး- အော်ပရေတာကထုတ်ရောင်းတဲ့ကတ်တွေအနေနဲ့ ဈေးနှုန်းမမြင့်အောင် ဘယ်လိုတွေပြင်ဆင်ထားသင့်လဲ။

ဖြေ- အော်ပရေတာတွေအနေနဲ့ဒီဈေးနှုန်းအပိုင်းကိုအများကြီး ထိန်းချုပ်ရမှာပါ၊ ပြည်သူကိုဗဟိုပြုတဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ပုံစံနဲ့သူတို့လည်း လုပ်ကိုင်ရမယ်လို့ ထင်တယ်။ ဒါမှလည်းအခုတွေ့ကြုံနေရတဲ့အခက်အခဲ ကို ကျော်လွှားနိုင်မယ်လို့ယုံကြည်တယ်။

မေး- ရွှေပြည်တံခွန်အနေနဲ့လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပြည်တွင်းမှာ ဟန်းဆက်ထုတ်ဖို့စီစဉ်နေတယ်လို့ သိရပါ တယ်၊ ဘယ်လိုအပိုင်းတွေဆောင်ရွက် ထားပါသလဲ။

ဖြေ- အဲဒီ့လုပ်ငန်းအပိုင်းကိုရပ်နားထားပါတယ်၊ တယ် လီကွန်းလောကမှာ ယှဉ်ပြိုင်နိုင်တဲ့တခြားနိုင်ငံခြားက ဟန်းဆက်တွေလဲဈေးနည်းနည်းနဲ့ သုံးလို့ရနေတယ် ဆိုတော့ ဟန်းဆက်ထုတ်တာကိုရပ်ထားတဲ့သဘောပါ၊ အခုအီလက်ထရွန်နစ် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နိုင် အောင်ဆောင်ရွက်နေပါတယ်၊ အချိန်တစ်ခုတော့ ယူရမှာပါ၊ စီးပွားရေးအရပြန်တွက်ရင်ရေရှည်တွက် ခြေမကိုက်မှာလဲစိုးရတယ်၊ ပြည်ပကထုတ်ကုန်တွေနဲ့ လည်း ပြန်ချိန်ဆရတဲ့ အပိုင်းလည်းရှိပါတယ်။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားမှ မင်းသားဖြစ်လာသူ အောင်နိုင်စိုးနှင့် တွေ့ဆုံခြင်း



‘ဘယ်လိုအချစ်မျိုးလဲ’ရုပ်ရှင်တွင် သရုပ်ဆောင်နေသော အောင်နိုင်စိုး

(၁၅)နှစ်အရွယ်ကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိကာ အောက်ခြေသိမ်းအလုပ်မှအစ ကျပန်းအလုပ်များလုပ်ကိုင်ခဲ့သော အောင်နိုင်စိုးတစ်ယောက် မမျှော်လင့်ဘဲ မင်းသားဖြစ်လာခဲ့သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးနှင့် တက်တူးထိုးသည့် ထိုင်းမလေးတို့နှစ်ဦး၏ဘာသာစကား၊ ဓလေ့ထုံးတမ်းမတူတဲ့ ကြားကဖြစ်တည်လာသည့် အချစ်ဇာတ်လမ်းကို ပုံဖော်ထားသော ‘ဘယ်လိုအချစ်မျိုးလဲ’ (Myanmar in love in Bangkok) ရုပ်ရှင်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် ထို ဇာတ်ကားကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရုံတင်ပြသနေပြီဖြစ်သည်။ ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းအလုပ်သမားဘဝမှ မင်းသားဖြစ်လာသူ မွန်၊ ကချင်တိုင်းရင်းသား အောင်နိုင်စိုးနှင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

အရင်ဆုံးဘယ်မြို့ကနေ ထိုင်း ကိုလာအလုပ်လုပ်လဲဆိုတာရယ် အသက်ကကော ဘယ်လောက်ရှိ သွားပြီလဲဆိုတာ မိတ်ဆက်ပြော ပြပါလားခင်ဗျ။

ကျွန်တော့်နာမည်က အောင်နိုင်စိုးပါ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကပါ။ မွန်၊ ကချင် စပ်တိုင်းရင်းသားပါ။ ကျွန်တော့် အသက်က (၂၀)ပြည့်တော့မှာ ပါ။ ကျွန်တော် ရှစ်တန်းနဲ့ကျောင်း နားထားပါတယ်။

ထိုင်းကို ဘယ်တုန်းကစရောက် ဖြစ်တာလဲ။ ဘာလုပ်ဖို့ရောက် လာတာလဲ။ ပြီးတော့ ဘာအလုပ်လုပ်ဖြစ်ခဲ့လဲဆိုတာ ပြောပြပေးပါ လား။

ကျွန်တော် ထိုင်းကိုရောက် တော့ ကျွန်တော့်အသက် (၁၅) နှစ်ပဲရှိသေးတယ်။ ၂၀၁၀ ပြည့်နှစ်က စရောက်တာပါ။ မွေးမြူရေးလုပ် ငန်းအစားအစာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ အလုပ်က တော့ ဘာအလုပ်မှမရွေးခဲ့ဘူး။ ကြမ်းတာရော၊ နုတာရောအကုန် လုပ်ခဲ့တယ်။ အောက်ခြေအလုပ် သမားတစ်ယောက်အနေနဲ့ လုပ်ခဲ့ တာပါ။

အလုပ်လုပ်ရင်းနဲ့ ဇာတ်ကားရိုက် ဖို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာ အကျဉ်းချုံးပြောပြပေးပါလား။

ဇာတ်ကားရိုက်ဖြစ်တဲ့ အကြောင်းကတော့ မြန်မာပတ်စ်ပို့ရုံးမှာ ပတ်စ်ပို့လုပ်နေတုန်းတွေ့ တာ။ သူတို့က ဒီဇာတ်ကားရိုက် ချင်လို့ မြန်မာတွေအများဆုံးရှိ မယ့်နေရာ မြန်မာပတ်စ်ပို့ရုံးကို လာပြီး မင်းသားရှာနေတာကြာပြီ လို့ပြောတယ်။ ကျွန်တော့်ကိုမြင် တော့ ဇာတ်ကားစမ်းရိုက်မလား လာမေးတယ်။ ကျွန်တော်က လည်း သဘောတူလိုက်တယ်။ ကျွန်တော့ရုပ်ရည်နဲ့ အစမ်းရိုက် ကြည့်ချင်တယ်ပြောတယ်။ ကျွန် တော့်လိပ်စာတွေကို သူတို့ တောင်းသွားတယ်။ နောက်တစ် လလောက်နေမှ ပြန်ဆက်သွယ် လာတာ။

သရုပ်ဆောင်တဲ့အတွေ့အကြုံ မရှိဘဲ သရုပ်ဆောင်တစ်ယောက် လုပ်တဲ့အခါ ဘယ်လိုအခက်အခဲ တွေတွေ့ရှိခဲ့လဲ။ အဓိကအခက် အခဲက ဘာလဲ။

ဘဝမှာတစ်ခါပဲကြုံခဲ့တာ ပေါ့နော်။ အခက်အခဲတွေပြောရ မယ်ဆိုရင်တော့ အများကြီးပဲ။ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ပြီးတော့ သရုပ်ဆောင်က ခက် တယ်။ အတွေ့အကြုံမရှိဘူး။ နောက် အဓိက,ကတော့ ရှက်တာပေါ့။ ကျွန်တော်တို့က မရှက်ဘဲနဲ့ သရုပ်ဆောင်ရတော့ ကျွန် တော်တော့မလုပ်နိုင်ဘူးပေါ့။ ကြိုး စားပြီးတော့ လုပ်လိုက်တာပဲ။

အဲဒီဇာတ်ကားရိုက်ဖို့အတွက် အချိန်ဘယ်လောက်ပေးခဲ့ရလဲ။ အဲဒီအချိန်မှာ အလုပ်က နားထား ရလား။

အစတော့ အလုပ်လုပ်နေ တုန်းမှာ အစမ်းရိုက်ရတယ်။ ကျွန် တော့်အလုပ်နားရက် တနင်္ဂနွေ နေ့တွေမှာရိုက်တယ်။ တကယ် တမ်းရိုက်တော့ သုံးလလောက် အလုပ်ကနားလိုက်ရတယ်။ သူ တို့က ကျွန်တော့်ကို နေစရာ၊ စားစရာ၊ လခတွေအကုန်ပေးထားတယ်။ ဘာမှပူစရာမလိုဘူး။ဇာတ်ကားတကယ်တမ်း ရိုက်တာ အကုန်လုံးအပြီးအစီးဆို တစ်နှစ်လောက်ကြာတယ်။ ဒီ ဇာတ်ကားရိုက်တဲ့အချိန်က အခက် အခဲတွေအများကြီးရှိခဲ့တယ် လေ။ ဇာတ်ကားထဲမှာ ထိုင်းစကားပြောရတာကိုး။ ဇာတ်ညွှန်းရေး တာကိုက ထိုင်းလိုရေးထားတာကို ကျွန်တော်က မြန်မာလိုပြန်ဖတ် ရတာ။ မှတ်ရတာ၊ ကျက်ရတာ ကိုး။ အဲဒီတော့ နည်းနည်းကြာ တာပေါ့။

‘‘ဘယ်လိုအချစ်မျိုးလဲ’’ဇာတ် ကားက ထိုင်းမှာရုံတင်ပြသနေပြီ ဆိုတော့ ကြည့်တဲ့သူတွေဆီက ဘယ်လိုမျိုးအသံတွေပြန်ကြား နေရလဲ။

ကျွန်တော်တို့ ဘန်ကောက် မြို့ထဲမှာရှိတဲ့ မြန်မာတွေ၊ ညီအစ် ကိုမောင်နှမတွေအားလုံးအားပေး တယ်။ ပြီးတော့ဂုဏ်ယူတယ်ပေါ့ ဗျာ။ မြန်မာပြည်သားတစ်ယောက် အနေနဲ့ ထိုင်းနိုင်ငံကိုလာပြီး ဇာတ်ကားရိုက်နိုင်တယ်ဆိုတော့ သူတို့လည်း အားပေးတာပေါ့။

အခုဆိုရင် ထိုင်းမှာမြန်မာရွှေ့ ပြောင်းလုပ်သားတွေဆိုရင် ထိုင်း လူမျိုးတွေက အနှိမ်ခံရတာများ တယ်လေ။ ထိုင်းရုပ်ရှင်ဇာတ် ကားတွေရိုက်ပြီဆိုရင်လည်း သမိုင်းကြောင်းမှာ သူတို့ကို နယ်ချဲ့ခဲ့တဲ့အကြောင်းတွေကိုပဲ ဗီလိန်ခန်းက ထည့်ရိုက်တာများ ကြတယ်။ အခုလို မြန်မာရွှေ့ ပြောင်းအလုပ်သမားတစ်ယောက် ကို မင်းသားတင်ပြီးရိုက်ခဲ့တဲ့ ဒီဇာတ်ကားက မြန်မာလုပ်သားတွေအပေါ်မှာထိုင်းလူမျိုးတွေ မြင်တဲ့ အမြင်သဘောထားပြောင်း သွားတယ်လို့ထင်လား။

ထင်ပါတယ်ခင်ဗျ။ အခုလို ဒီဇာတ်ကားရိုက်ရတဲ့အကြောင်း အရင်းကလည်း အဲဒီလိုပါပဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုလာ ပြီး အလုပ်လာလုပ်တဲ့မြန်မာနိုင်ငံ သားတွေက တအားကိုများနေ တာ။ ဒီလိုအကြောင်းလေးတွေကို ထိုင်းတွေက နားမလည်ဘူးဖြစ် တယ်။ သူတို့နားလည်တာက ဟို အရင်တုန်းကအကြောင်းတွေပဲ။ ဒီဇာတ်ကားလေးက အဲဒီအတွက် လည်းပါတယ်။ ဒီဇာတ်ကားထဲမှာ ပေါ့နော် မြန်မာပြည်သားတွေ ဘယ်လိုနေထိုင်စားသောက်လဲ။ သူတို့ရဲ့ သဘာဝတွေ၊ ဘဝလေး တွေကိုပါဝင်ဖော်ထုတ်ခိုင်းထား တဲ့အတွက် သူတို့လည်း နားလည် နေပါပြီ။ မြန်မာပြည်သူ၊ ပြည် သားတွေကိုလည်း ယုံကြည်ပြီး တော့ ဒီဇာတ်ကားကိုကြည့်ပြီး ပိုပြီးနားလည်လာတာပေါ့။

ဒီဇာတ်ကားကို မြန်မာပြည်မှာ လည်းပြဖို့ရှိတယ်ဆိုတော့ ပြန် လာပြီးမိတ်ဆက်ပွဲတွေလုပ်ဖို့ရှိ လား။

မြန်မာပြည်မှာပြမလားလို့ သူတို့ဆက်သွယ်နေတာ။ မီဒီယာ ဆဲဗင်းလ်တို့နဲ့ ဆက်သွယ်နေ တာ။ စကားတော့ပြောပြီးသွားပြီ ပေါ့နော်။ အကယ်၍ မြန်မာပြည် မှာပြမယ်ဆိုရင်တော့ ကျွန်တော် လိုက်ရမယ်လို့ပြောတယ်။ မင်း သမီးလည်းပါမယ်။ ဇာတ်ကားထဲ မှာပါတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း နောက်တော်တော်များများလိုက် ရမယ်လို့ပြောတယ်။

ဒီဇာတ်ကားကိုကော မြန်မာပြည် သူတွေကြည့်စေချင်လားခင်ဗျ။ ဘာကြောင့်ကြည့်စေချင်တာလဲ ဆိုတာပြောပြပေးပါလား။

ကြည့်စေချင်တာပေါ့ဗျာ။ ဒီလိုမျိုးရိုက်ရတဲ့ဇာတ်ကားကို မြန်မာပြည်သူတွေကြည့်စေချင် ပါတယ်။ ဘန်ကောက်မှာလည်း ပြတော့ မြန်မာတွေအများကြီး လာကြည့်သလို မြန်မာနိုင်ငံမှာ လည်းပြရင် အများကြီးလာကြည့် စေချင်ပါတယ်။ ကြည့်စေချင်တဲ့ သဘောကတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေ အလုပ်လုပ်ရ တဲ့အကြောင်းကို ပွင့်ပွင့်လင်း လင်းရိုက်ပြထားတာပေါ့နော်။ ပြီးတော့ ထိုင်းနဲ့ မြန်မာချစ်ကြည် ရေးလည်း ပိုတိုးလာမယ်လို့ မျှော် လင့်မိလို့ကြည့်စေချင်တာပါ။

အခုလက်ရှိမှာ အစ်ကိုဘာလုပ် နေလဲခင်ဗျ။ မူလအလုပ်ကိုကော ပြန်လုပ်ဖို့အစီအစဉ်ရှိသေးလား ခင်ဗျ။

မူလအလုပ်ကတော့ မလုပ် ဖြစ်သေးဘူး။ တွေ့ဆုံမေးမြန်း ခန်းတွေ မနားတမ်းသွားနေရ တော့ အရင်အလုပ်ကို နားထား ရတယ်။ ဒီအတောအတွင်းမှာ တော့ မလုပ်ဖြစ်သေးဘူး။

ရှေ့ဆက်အနုပညာအလုပ်ကိုပဲ ဆက်လုပ်သွားမှာလား။ အရင် အလုပ်ကိုပဲ ပြန်လုပ်သွားမလား ဆိုတာ သိချင်ပါတယ်။

ကျွန်တော်ကပြောမယ်ဆို အနုပညာဘက်ကနေတက်လာ တာလည်းမဟုတ်ဘူး။ ပထမဆုံး အကြိမ်ဆိုတော့ အဲဒီလိုအတိ အကျတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ဒါရိုက်တာတွေပြောတာ တော့ နောက်ဇာတ်ကားတွေမှာ လည်း အခန်းတွေခေါ်ရိုက်တာတို့ ပေါ်လာမှာပါလို့ ပြောပါတယ်။ အဲဒါကြောင့် စဉ်းစားနေပါတယ်။

ဒီဇာတ်ကား ထိုင်းမှာရုံတင်ပြီးတဲ့ နောက် ဇာတ်ကားတွေထပ်ရိုက် ဖို့ ကမ်းလှမ်းတာတွေရှိလား။

ရှိတော့ရှိတယ်။ တစ်ကား ပေါ့နော်။ အဲဒါကျတော့လည်း တစ်ခန်းပဲပါတာ။ အဲဒီဇာတ်ကား သွားရိုက်ဖို့တော့ရှိတယ်။

အစ်ကိုအနေနဲ့ အလုပ်လုပ်ခဲ့စဉ် တုန်းက မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအပေါ် ထိုင်းအလုပ် ရှင်တွေက နှိပ်စက်တာတွေကြုံခဲ့ ဖူးလားခင်ဗျ။

ကြုံဖူးတယ်ခင်ဗျ။ ဒါမျိုး တွေကတော့ သူဌေးကောင်းဆို တာတော့ ရှာရခက်တာပေါ့နော်။ သိတဲ့အတိုင်းပဲ သူဌေးမှန်သမျှက ကျွန်တော်တို့ဆင်းရဲသားအနေနဲ့ ခံရတာပါပဲ။ ဒါတော့ သဘာဝ ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားတွေက ဒါတွေကို သိပ်ပြီးဂရုမစိုက်ပါဘူး။ ကိုယ့်တာဝန်ကိုကျေအောင်လုပ် တယ်။

ဒီဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ ထိုင်းအလုပ်ရှင်တွေ၊ ထိုင်းလူ ငယ်တွေဆီက ဘယ်လိုအသံတွေ ပြန်ကြားလဲဗျ။

သူတို့ပြောတာကပေါ့နော်။ အချစ်ဆိုတာက ဘယ်လို အဓိပ္ပာယ်ရလဲပေါ့နော်။ ဒီဇာတ် ကားကိုကြည့်ပြီးတော့ သူတို့တွေ့ လာတဲ့အတွေ့အကြုံတွေက ဒီ ဇာတ်ကားနဲ့လွဲနေတယ်ပေါ့နော်။ ဒီဇာတ်ကားကြည့်ပြီးမှ နားလည် သဘောပေါက်လာတယ်။ ဟုတ် တယ် ဒီမြန်မာကောင်လေးတစ် ယောက်က သူ့ရဲ့ဘဝအကြောင်း ကို ပေါ်လွင်စေတယ်။ ပြီးရင် သူ က ဒီဘန်ကောက်မြို့မှာလာပြီး အလုပ်လုပ်စားတာ သဘာဝကျ ကျနဲ့ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စား တဲ့သူပါလားဆိုပြီးမြင်တယ်။ အလုပ်ကြိုးစားလုပ်တဲ့ မြန်မာ ပြည်သူ၊ ပြည်သားတွေကို အထင် မသေးတော့ဘူးဆိုပြီး မြင် လာကြတယ်။ ဒီဇာတ်ကားထဲမှာ မြန်မာကောင်လေးက ချစ်ရင် တကယ်ချစ်တယ်။ အဲဒီလို သဘောမျိုးရိုက်ပြထားတာ။ မြန်မာပြည်သူ၊ ပြည်သားတွေက ညဘက်ဆိုရင်လည်း ဘုရားရှိခိုး အိပ်ကြတယ်။ အဲဒီလိုအစိတ် အပိုင်းလေးတွေထည့်ထားတော့ မြန်မာပြည်သူ၊ ပြည်သားတွေ အကြောင်းကို အတိအကျလေး ထည့်ထားတော့ အဲဒါကိုကြည့်ပြီး သူတို့က ပိုပြီးနားလည်သဘော ပေါက်လာတာပေါ့။

ကျေးဇူတင်ပါတယ်ခင်ဗျ။
7 Day