မလေးရှား လေကြောင်းလိုင်းဟာ၊ ဒီနှစ်ထဲ လေယာဉ် ၂ စင်း ပျက်စီး ဆုံးရှုံး ခဲ့ရပြီး၊ ဘဏ္ဍာရေး ဆိုင်ရာ ထိခိုက် ဆုံးရှုံးမှုတွေ၊ ကြီးကြီးမားမား ကြုံတွေ့ လာရတဲ့နောက်၊ စီးပွားရေး ပြန်လည် နလံ ထူလာနိုင်ဖို့ အတွက်၊ ဝန်ထမ်း ဦးရေရဲ ၃ ပုံ ၁ ပုံ အရေအတွက် ဖြစ်တဲ့၊ လူ ၆ ထောင် လျှော့ချမယ်လို့ သိရပါတယ်။
အမြတ်အစွန်းမရတဲ့ ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပြီး၊ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းရဲ့ စာရင်းကို၊ ဒီနှစ်ကုန် အမီ၊ stock exchange ဈေးကွက်ထဲက ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။ ယူကရိန်း အရှေ့ခြမ်း ဝေဟင်အထက်၊ သူတို့ရဲ့ လေယာဉ် ပစ်ချခံလိုက်ရတဲ့၊ ဂျူလိုင်လ နောက်ပိုင်း၊ လာရောက် စီးနင်းသူ ၃၀ % ကျဆင်း ခဲ့ရပါတယ်။

BBC Burmese

ထိုင်းဆီတင် သင်္ဘော မလေးရှားကမ်းလွန်တွင် ပြန်ပေးဆွဲခံရပြီး ဆီများကဲ့ယူခံရ


လက်နက်ကိုင် ပင်လယ်ဓါးပြများသည် မလေးရှား၏ အရှေ့ဘက်ကမ်းရိုးတန်းအ လွန်တွင် ထိုင်းဆီတင် သင်္ဘော တစ်စင်းကို ပြန်ပေးဆွဲသွားပြီး ၄င်း ဆီသင်္ဘောမှ ဆီများကို တစ်ခြားသင်္ဘောတစ်စင်းသို့ စုပ်ထုတ် ကဲ့ယူခံခဲ့ရကြောင်း ပင်လယ်ရေကြောင်း စောင့်ကြည်းရေးအဖွဲ့တစ်ခုက သြဂုတ် ၂၉ ရက်က ပြောကြားခဲ့သည်။
သြဂုတ်၂၈ ရက်က တောင်တရုတ်ပင်လယ်ရှိမလေးရှားအပမ်းဖြေကျွန်း တိအုမန်အနီး ဆီတင်သင်္ဘောက စင်ကာပူမှ ထိုင်းသို့ သွားနေစဉ် အခင်းဖြစ်ပွားခဲ့ခ်ြငးဖြစ်သည် ဟု နိုင်ငံတကာ ပင်လယ်ရေကြောင်း ဗျူရို၏ Piracy Reporting Centre က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Ref : CNA
Yangon Media Group

အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့


အီဘိုလာသံသယရှိ လူနာရဲ့ ဓာတ်ခွဲနမူနာကို ရောဂါအတည်ပြုစစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ဇီဝလုံခြုံမှုသတ်မှတ်ချက်နဲ့အညီ ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။
အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။
DVB

ရန်ကုန်ဆေးရုံ လူနာစောင့်မေ့ကျန်ငွေ ၆သိန်းကျပ် ပြန်ပေးလိုက်သော သန့်ရှင်းရေးဝန်ထမ်းအား ရိုးသားမှုအတွက် ဂုဏ်ပြု



ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေး လုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ (လူနာရှင်အမျိုးသမီး) ကို လိုက်ရှာပြီးပေး တာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ် …
---- --- ---- ---
ယခုလ ၁၇ရက်နေ့က ရန်ကုန်ဆေးရုံသစ်ကြီး၊ အဆုတ်နှင့် ရင်ခေါင်းဌာနမှ လူနာစောင့်မိသားစု မေ့ကျန်ခဲ့သော ငွေကျပ်ခြောက်သိန်းကို ယင်းဆေးရုံမှ သန့်ရှင်းရေးဝန်ထမ်းဖြစ်သည့် ဦးတင်ဝင်းက ရိုးသားစွာ လိုက်ပေးခဲ့သည်။

အဆုတ်ရောဂါကြောင့် အောက်ဆီဂျင်ခန်းတွင် ကုသနေရသော လူနာမှာ သုံးရက်ပြည့်၍ အခန်းပြောင်းစဉ် ကုတင်အံဆွဲအတွင်း ငွေကျပ်ခြောက်သိန်းထည့်ထားသော ပိုက်ဆံအိတ်ကျန်ခဲ့ခြင်းဖြစ်ပြီး လူနာစောင့်မှာ ပိုက်ဆံအိတ်ကျန်ရစ်ခဲ့မှန်း မသိဘဲ သန့်ရှင်းရေးလုပ်သည့် ဦးတင်ဝင်း က တွေ့ရှိ၍ လိုက်လံပေးရာမှ ပိုက်ဆံ အိတ်ကျန်ရစ်ခဲ့မှန်း သိရခြင်းဖြစ်သည်ဟု သိရသည်။

““ပစ္စည်းတွေ တပွေ့တပိုက်နဲ့ အခန်းရွှေ့နေရတော့ ပိုက်ဆံအိတ်ကျန်ခဲ့မှန်း မသိဘူး။ ဦးတင်ဝင်းက လိုက်ပြောမှ သိရတာ။ သူက ရိုးသာစွာလိုက်ပေးတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ရိုးသားမှုကိုလည်း ဂုဏ်ယူတယ်။ ဒီဆေးရုံမှာ ဒီလိုဝန်ထမ်းကောင်းတွေရှိတဲ့အတွက် အရမ်းဝမ်းသာတယ်””ဟု ပိုက်ဆံအိတ်မေ့ကျန်ခဲ့သည့် လူနာဦးစောမိုးစော၏ ဇနီးဖြစ်သူ ဒေါ်ထီးရှီးက ပြောသည်။

အဆိုပါဆေးရုံသစ်ကြီးမှာ ဖွင့်လှစ်ထားသည့်ကာလ မကြာသေးသော်လည်း ၀န်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်သည်ဆိုသော သာဓကအဖြစ် ပြသနိုင်ခဲ့၍ ဂုဏ်ယူကြောင်း၊ အခြားဝန်ထမ်းများလည်း အလားတူစိတ်ဓာတ်မျိုးထားနိုင်ရန် မွေးမြူသွားရမည်ဖြစ်ကြောင်း ယင်းဆေးရုံမှ ရင် ခေါင်းခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်အေး က ပြောသည်။

ရိုးသားသောစိတ်ဖြင့် မေ့ကျန်ငွေသားကို လိုက်လံပေးသော ဦးတင်ဝင်းအား လူနာရှင်နှင့် ဆေးရုံတာဝန်ရှိသူများက ယနေ့(သြဂုတ်လ ၂၉ ရက်) အဆုတ်နှင့်ရင် ခေါင်းကုသဆောင်အစည်းအဝေးခန်းမတွင် ဂုဏ်ပြုအခမ်းအနားပြုလုပ်၍ ဂုဏ်ပြုလက် ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး သန့်ရှင်းရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပေးအပ်ခဲ့သည်။

ဦးတင်ဝင်းမှာ ရန်ကုန်ဆေးရုံကြီးတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်သက် ၃၂ နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ် ပြီး ဆေးရုံသစ်ကြီးသို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခြင်းမှာ ၆လ မျှသာရှိသေးကြောင်း ၎င်းသည် လူနာများအား စေတနာထား ဆက်ဆံကူညီပေးလေ့ရှိသကဲ့သို့ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင် သူဖြစ်ကြောင်း ယင်းဆေးရုံဝန်ထမ်းများက ပြောသည်။

““ကျွန်တော့်ပစ္စည်းမဟုတ်ဘဲနဲ့ ယူမထားချင်ပါဘူး။ အံဆွဲထဲမှာ သန့်ရှင်းရေးလုပ်ရင်း ပိုက်ဆံအိတ်တွေ့တာနဲ့ အမေ(လူနာရှင်အမျိုးသမီး)ကို လိုက်ရှာပြီး ပေးတာပါ။ အဲဒီအတွက် ဒီလိုဂုဏ်ပြုပေးတာ အတိုင်းမသိဝမ်းသာတယ်။ အသိအမှတ်ပြု ဂုဏ်ပြုပေးတဲ့ ဆေးရုံက လူကြီးတွေကို ကျေးဇူးတင်တယ်””ဟု ဂုဏ်ပြုခံ ဦးတင်ဝင်း က ပြောသည်။
New Watch

မေမြတ်နိုး ဒေါ်လာ ၁ သိန်းတန် ရတနာသရဖူ၊ ဒေါ်လာ ၁ သောင်းတို့နှင့် ထွက်ပြေးတိမ်းရှောင်နေဟုဆို


Miss Asia Pacific World အဖြစ်မှ ဖြုတ်ချခံရသူ မြန်မာအလှမယ် မေမြတ်နိုးသည် ဒေါ်လာ ၁၀၀,၀၀၀ တန် ရတနာသရဖူအပြင် ပြိုင်ပွဲစပွန်ဆာများက ရင်သားခွဲစိပ်ပြုပြင်ရန်ပေးသော ဒေါ်လာ ၁ သောင်းတို့နှင့်အတူ တိမ်းရှောင်နေသည်ဟု အဆိုပါအလှမယ်ပြိုင်ပွဲ၏ မီဒီယာဒါရိုတ်တာ ဒေးဗစ်ကင် က ယခုလ ၂၈ရက်နေ့က ပြောသည်။

၂၀၁၂ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာအလှမယ်ပြိုင်ပွဲများသို့ ပြန်လည်ခြေလှမ်းချခဲ့သော မြန်မာနိုင်ငံသည် ၂ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားခြေစိုက် Miss Asia Pacific World ပြိုင်ပွဲတွင် သရဖူဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့အလှမယ်ဖြစ်သည်။ ယင်းမှာ မြန်မာမယ်တဦးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွင် ပထမဆုံး သရဖူဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မေမြတ်နိုးသည် ရိုင်းပြခြင်း၊ မရိုးသားခြင်းတို့အပြင် ပြိုင်ပွဲကျင်းပသည့် အဖွဲ့အစည်းက သူမ၏မိခင်အတွက် ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်နေ့အထိသာ နေထိုင်ခွင့်လျောက်ထားနိုင်သည့် ဖိတ်ကြားစာ ပေးပို့ခဲ့သော်လည်း ယင်းဖိတ်ကြားစာဖြင့် ၃ လဗီဇာ တရားမ၀င်ရယူရန် ကြိုးပမ်းခဲ့သည်ဆိုသော စွပ်စွဲချက်များ
ကြောင့် Miss Asia Pacific World 2014 မယ်အဖြစ်မှ ဖြုတ်ချခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအင်တာနက်စာမျက်နှာတွင် သရဖူရှင်ဓါတ်ပုံနေရာကို ဖျက်ထားပြီး “မေမြတ်နိုး(ဖြုတ်ချခံ)” ဟု ရေးသားပြုလုပ်ထားသည်။ ထို့အပြင် Miss Asia Pacific World Organization က သရဖူကို မြန်မာနိုင်ငံဒါရိုတ်တာ မလှနုထွန်းထံသို့ မီဒီယာများ ရှေ့မှောက်၌ ပြန်လည်အပ်နှံရန် မေမြတ်နိုးအား တောင်းဆိုထားကြောင်းလည်း သိရသည်။

Ref ; seatlepi

စိတ်ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်ပေးမယ့် သဘာဝကျကျ နည်းလမ်းကောင်းများ

စိတ်ပင်ပန်းမှုဟာ လူတစ်ဦးတစ်ယောက်ခြင်းစီမှာ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ် ပင်ပန်းမှုထက်ကို စိတ်ပင်ပန်းမှုက ပိုမိုဆိုးရွားပါတယ်။ သင်စိတ်ဖိစီး ပင်ပန်းနေတာနဲ့ တပြိုင်နက် မိသားစုအရေးတွေ လစ်ဟင်းလာတတ်သလို ကောင်းမွန်စွာအိပ်စက်မပျော်ခြင်း လုပ်ငန်းတာဝန်တွေထိခိုက်ခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေ ဖြစ်စေပါမယ်။

စိတ်ပင်ပန်းမှုကို ဘယ်လိုတိုက်ခိုက်မလဲ???

သင့်စိတ်ကို ဖြေလျော့စေပြီး စိတ်စွမ်းအင်တွေကို မြှင့်တင်ရပါမယ်။ သင်အမှန်တကယ် စိတ်ပင်ပန်းနွမ်းနယ်နေပါက သင့်စိတ်အနားယူသင့်သော ပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။

* သင့်အတွက်အချိန်ယူပါ *
အတန်ငယ်မှောင်သော အခန်းတစ်ခုမှာ ထိုင်ပေးပါ။ ပြီးနောက် သင်ယုံကြည်သက်ဝင်သော တရား၊ အယူဝါဒတစ်ခုခုကို တွေးတောပါ။ ဥပမာ တရားထိုင်ခြင်း၊ ဆုတောင်းခြင်း၊ စိတ်ထဲရှိသော ပြုချင်သော ဆန္ဒတို့ကို ရေးမှတ်ခြင်း များပြုလုပ်ပေးပါ။ လေ့လာတွေ့ရှိချက်အရ လူအတော်များများရဲ့ စိတ်ဖြေလျော့မှုကတော့ အလင်းရောင်မရှိသော အခန်းတစ်ခုမှာ မျက်လုံးအစုံမှိတ်ပြီး ထိုင်နေခြင်းပါပဲ။

* ကောင်းမွန်စွာအိပ်စက်ပါ *
ပြည့်ဝစွာအိပ်စက်ပါလျှက် စိတ်ပင်ပန်းမှု ဖြစ်ပေါ်နေဆဲပဲလို့ သင်တွေးကောင်းတွေးနေလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ တစ်ည ၈နာရီကြာအောင် လုံလောက်တဲ့ အိပ်စက်မှုကို ရယူပေးပါ။ နေ့စဉ်ရက်ဆက် အိပ်စက်မှု ပြည့်ဝမှန်ကန်လာပါက သင့်ခန္ဓာကိုယ် အားအင်ပြည့်ဖြိုးလာပြီး စိတ်ဓာတ်လန်းဆန်းလာမှာ အမှန်ပါပဲ။

* နေ့စဉ်ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာအသေးအဖွဲများကို မေ့ထားပါ *
စာအုပ်ဖတ်ပါ၊ မိသားစု သူငယ်ချင်းများနှင့် အားလပ်ရက်များမှာ အပျော်ခရီးထွက်ပေးပါ။ တခါတရံ သင့်ဘေးပတ်ဝန်းကျင်ကို အသစ်အဆန်းဖြစ်အောင် ပြောင်းလဲခြင်းက သင်ကြုံတွေ့ရတဲ့ နေ့စဉ်စိတ်ဖိစီးမှု ပြဿနာများကို လျော့ပါးစေပါတယ်။

* အခြေခံ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ *
သင်ကိုယ်လက်လှုပ်ရှားမှုပြုတာနဲ့ တပြိုင်နက် သင့်ဦးနှောက်က Endorphin ဓာတ်ကို အလိုအလျောက် ထုတ်ပေးပါတယ်။ Endorphin ဓာတ်က သင့်စိတ်ကို ပျော်ရွှင်စေအောင် လှုံ့ဆော်ပေးပါတယ်။ ဒီအတွက် သင့်အနေနှင့် မာရသွန်လို အားသွန်ခွန်စိုက်ပြေးဖို့ မလိုအပ်ပါဘူး။ တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးရုံနှင့် လုံလောက်ပါတယ်။

* သင်ကိုယ်တိုင် အတွက်သင်သာလျှင် အဓိကပါ*
တခါတရံ တစ်စုံတစ်ခုကို သင့်မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် များနှင့်တွဲဖက်လုပ်ဆောင်ရတဲ့အခါမှာ အလိုလိုက် အလျော့ပေးခြင်းဖြင့် စိတ်ဖိစီးမှုများစုဝေး ဖြစ်တည်လာတတ်ပါတယ်။ ဥပမာ တခါတရံ သင်က ပြတိုက်တစ်ခုကို သွားချင်လျှက် သင်၏ချစ်သူ၊ မိတ်ဆွေ တစ်စုံတစ်ဦးက အတူသွားဖို့ ငြင်းဆန်နေရင် သင့်စိတ်ဆန္ဒအလျှောက် သင်သွားဖြစ်အောင် သွားလိုက်ပါ။ ကိုယ်ပြုလုပ်ချင်သော အကြောင်းအရာ အခြေအနေတစ်ခုဟာ သူတစ်ပါးအတွက် ငြင်းဆန်စရာ ဖြစ်လာပါက ကိုယ်တိုင်မှာ စိတ်ပင်ပန်းမှု ဖြစ်ရပါတယ်။ ဒါ့ကြောင့် သင့်အတွေ့အကြုံအရ သင်နှစ်သက်သော အကြောင်းအရာနှင့် အကြိုက်အတော်များများတွင် သင်သာလျှင် အဓိကဖြစ်ပါစေ။
ဒီအခြေခံ အချက်အလက်လေးတွေ လိုက်နာပေးနိုင်ရင် သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို တဖြည်းဖြည်း တွန်းလှန်နိုင်ပါလိမ့်မယ်။

အသည်း ကျန်းမာရေး ထိခိုက်စေမည့် အလေ့အထများ

၁။ အအိပ်နောက်ကျခြင်း၊ အထ နောက်ကျခြင်း
၂။ မနက်တွင် ဆီးမသွားခြင်း
၃။ အစား အလွန်အကျွံစားခြင်း
၎။ မနက်စာ မစားပဲနေခြင်း
၅။ ဆေးဝါးများ အလွန်အကျွံမှီဝဲ အသုံးပြုခြင်း (ဥပမာ အားဆေးများ)
၆။ မသန့်သော ဆီများဖြင့် ချက်၊ကျော်သော အစားအစာများ စားခြင်း
၇။ ကြာရှည်ခံအောင် ထားသော အစားအစာများ၊ အရောင်စိုး အစားအစာများ အစညးများခြင်း
၈။ သာမန်ထက်မီးအပူပေး၊ အချက်လွန်သော မီးတူးအစားအစာများ စားသုံးခြင်း
၉။ အရက်သောက်သုံးခြင်း
အစရှိတဲ့ မှားယွင်းတဲ့ စားသုံးနေထိုင်မှု အလေ့အထများက မိမိရဲ့ အသည်းကို ရောဂါများ ရရှိအောင် တွန်းပို့နေခြင်းပဲ ဖြစ်ပါတယ်။

Ref: healthcare

အောင်ပန်းဘူတာတွင် ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို ဖမ်းဆီးရမိ


သြဂုတ် ၂၇ ရက်က ရထားရဲတပ်ဖွဲ့၊ အမှတ်(၇)တပ်ခွဲ၊ အောင်ပန်းရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်ပန်းဘူတာတွင် လွိုင်ကော်-ပျဉ်းမနား အမှတ်(၁၄၈)အစုန်ရထား အား ရှာဖွေရာ ရိုးရိုးတန်းတွဲ(၁)၊ ခုံအမှတ်(၂၉)တွင် လိုက်ပါလာသူ မခင်ဌေးဝင်း ဆိုသူနှင့် ခုံအမှတ် (၃ဝ) တွင် လိုက်ပါလာသူ ကျော်ကျော် ဆိုသူတို့ ၂ ဦး ထိုင်သည့် ထိုင်ခုံအောက်ရှိ ဆွဲခြင်းများ အတွင်းမှ ဘိန်းစိမ်း ၁၆ ဒဿမ ဝဝ၃၅ ကီလို သိမ်းဆည်းရမိသဖြင့် မခင်ဌေးဝင်း(၅ဝ နှစ်) နှင့် ကျော်ကျော်(၃၃ နှစ်) တို့ ၂ ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

ဆီးရီးယားလေတပ်စခန်းကို သိမ်းပိုက်စဉ်က ဖမ်းဆီးထားသူ ၂၅၀ ကို IS အဖွဲ့က သတ်ပစ်လိုက်ကြောင်း ထုတ်ပြန်သည့် ဗီဒီယိုထွက်ပေါ်




ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသလိုက်သည်။

အပိုင်းလိုက် ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုတွင် အပေါ်ပိုင်းဗလာကျင်းထားသည့် ဓားစာခံများအား IS စစ်သွေးကြွများက သဲကန္တာရတစ်ခု အတွင်း တန်းစီခေါ်ဆောင်သွားပြီး မြေပြင်တွင် ဒူးထောက် ခိုင်းကာ နောက်မှ သေနတ်များဖြင့် ပစ်ခဲ့ခဲ့ပုံများကို ဖော်ပြထားသည်။


ယင်းလုပ်ရပ်သည့် IS စစ်သွေးကြွအဖွဲ့အနေဖြင့် စစ်ရာဇ၀တ်မှုတစ်ခုကို ထပ်မံကျူးလွန်ခြင်းဖြစ် ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အသတ်ခံရသူအရေအတွက် အတိအကျကို မသိရသော်လည်း ၂၅၀ ဦးထက်လျော့နည်းနိုင်ကြောင်း သတင်းရင်းမြစ်အချို့က ဖော်ပြထားသည်။ ဗီဒီယိုမှတ်တမ်းတွင် သေဆုံးသူ ၁၅၀ ထက်မနည်းကို တွေ့ရှိရသည်။

လေတပ်စခန်းအား တိုက်ခိုက်မှုတွင် စစ်သွေးကြွများက စစ်လေယာဉ်များ၊ တင့်ကားများ၊ အမြှောက် များနှင့် လက်နက်ခဲယမ်းများကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။

IS စစ်သွေးကြွများအနေဖြင့် ယခုနောက်ပိုင်းကာလများတွင် အမေရိကန်၏ လေကြောင်းမှ တိုက်ခိုက်မှုအပါအ၀င် ထိခိုက်ဆုံးရှုံးမှုများ ရှိနေသော်လည်း လေတပ်စခန်းသိမ်းပိုက်ခံရမှုကြောင့် စစ်သွေးကြွများအနေဖြင့် ခေတ်မီစစ်လက်နက် နည်းပညာများ ရရှိသွားကြောင်း သိရသည်။

Ref: Daily Mail 
Mizzima

ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်


အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။


MAG က ပထမဆုံးအဖြစ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မြေမြှုပ် မိုင်းစစ်တမ်းများ စနစ်တကျ ကောက်ယူရမည့် ပုံစံများနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ ခြောက်ဖွဲ့ကို အောက်တိုဘာလအတွင်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ဒေသခံတွေကို မိုင်းအသိပညာပေးတဲ့ အစီအစဉ်တွေမှာ သူတို့ဘက်က တောင်းဆိုရင် ပေးနိုင်သမျှ အကူအညီပေးမယ်”ဟု သြဂတ်စတင်းက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရန်၊ မြေမြှုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်နှင့် မြေမြှုပ်မိုင်းများရှိ မရှိ စစ်တမ်းများ ကောက်ယူရန် အမေရိကန်အစိုးရက ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ခြောက်ခုကို ၂၀၁၄ ခုနှစ်၊ မတ်လက အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါငွေကြေးအကူအညီကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ပေးဆပ်အလင်းတန်း၊ ကယားဖူးအဖွဲ့၊ Youth Light Formation Center နှင့် Community Youth Cente ဆိုသော အဖွဲ့များက ရရှိထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ သက်ဆိုင်ရာနယ်မြေများအလိုက် မြေမြှုပ်မိုင်းထိခံရသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှု အထောက်အပံ့များ၊ ခေါင်းဆောင်မှု သင်တန်းများနှင့် မိုင်းထိခံရသူများ၏ သားသမီးများကို ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးနေသည်။

ကယားပြည်နယ်အတွင်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ ဦး၊ ခြေထောက်ပြတ်သူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ စစ်တမ်းများတွင် ဖော်ပြသည်။ မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအများဆုံးနိုင်ငံအဖြစ် Landmine and Cluster Munition Monitor အစီရင်ခံစာက ဖော်ပြထားသည်။

ရှမ်းပြည်နယ်မှ ဒုက္ခသည်များ ရိက္ခာအတွက် စိုးရိမ်နေကြရ


တောတွင်းတနေရာတွင် ပြေးရှောင်နေသာ ရှမ်းဒုက္ခသည်များကို တွေ့ရစဉ်။ ဓာတ်ပုံ - SHRF

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွယ်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာလျှင် ဒုက္ခသည်များအတွက် ရိက္ခာ လုံလောက်မှုရှိမည်မဟုတ်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ(ယာယီ) ပြန်ကြားရေး တာဝန်ခံ ဦးစိုင်းလိုင်ခမ်းက မဇ္ဈိမကို ပြောသည်။


“ခုရှိတဲ့ လူအတွက်ဆိုရင် ရိက္ခာက နောက်လအထိ စားလို့ ရနိုင်ပေမယ့် တိုက်ပွဲတွေ သိပ်ပြီးစိပ်လာလို့ ထွက်ပြေးလာတဲ့ လူတွေ တိုးလာမယ်ဆိုရင် ရိက္ခာကပြတ်သွားမှာပဲ” ဟု ၎င်းက ပြောသည်။

ကျေးသီးမြို့နယ်၊ တာဖာဆောင်ရွာ တံတားအနီးတွင် အခြေချသော SSPP/ SSA တပ်စခန်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စကခ (၂) မှ ခလရ ၂၄၇ တို့ ယခုနှစ် ဇွန်လ ၂၆ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း တိုက်ပွဲအကြိမ်အရေအတွက် ပိုများလာသည်ဟု ဦးစိုင်းလိုင်ခမ်းက ပြောသည်။

တိုက်ပွဲကြောင့် တာဖာဆောင်ရွာမှ ဒေသခံများသည် ၀မ့်ဝပ်ရွာနှင့် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးခဲ့ကြသည်။ ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ ခုမှ လူပေါင်း ၂၉၁ ဦး မှာ ယခုအချိန်ထိ နှစ်လကျော်ကြာ နေထိုင်နေကြရသည်။

စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ကျေးသီးမြို့နယ်မှ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပံ့ပေးနေသည်။ သြဂုတ်လ ၂၄ နှင့် ၂၅ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP)က ၀မ့်ဝပ်ရွာသို့ လာရောက်ကာ ဒုက္ခသည်အရေအတွက်စာရင်း လာကောက်သွားသော်လည်း အကူအညီများ မရောက်သေးပေ။

ဦးစိုင်းလိုင်ခမ်းက “အစိုးရတပ်တွေက အခြေစိုက်စခန်းလုပ်ထားတဲ့အပြင်ကို ၂၆ ရက်ကစပြီး ရွာအ၀င်လမ်းကို ခြံစည်းရိုးခတ်လိုက်တယ်။ SSPP/SSA ကလည်း ဒီနားမှာပဲ တပ်စွဲထားတော့ ဒုက္ခသည်တွေ အိမ်လဲ ပြန်မရ စိုက်ခင်းတွေလဲ လုပ်မရ အရမ်းဒုက္ခဖြစ်တယ်”ဟု ဆိုသည်။

ထို့ကြောင့် တာဖာဆောင်ရွာမှ အစိုးရစစ်တပ်များ ပြန်လည်ဆုတ်ခွာပေးရန်နှင့် နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပျက်စီးဆုံးရှုံးသွားရသော နေအိမ်ခြံဝင်းများ၊ လူသုံးပစ္စည်များ၊ လယ်ယာသီးနှံများ၊ လယ်ယာသုံး တိရစ္ဆာန်များအတွက် လျော်ကြေးပေးရန် လက်မှတ်ထိုးတောင်းဆိုထားသော ဒေသခံတို့၏ တိုင်ကြားစာကို သြဂုတ်လ ၂၆ ရက်က နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ ပေးပို့ခဲ့သည်။

အစိုးရတပ်များက တာဖာဆောင်ရွာအတွင်း ကတုတ်ကျင်းများ တူးခြင်း၊ ရွာလမ်းမများပေါ်တွင် ခြံစည်းရိုးခတ်၍ လမ်းများပိတ်ကာ ဒေသခံများကို တင်းကျပ်စွာ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေသဖြင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရန် အခက်ခဲဖြစ်နေရကြောင်း တိုင်ကြားစာတွင် ရေးသားထားသည်။

ထို့အပြင် လက်ရှိအချိန်အထိ နှစ်ဖက်တပ်များ သဘောထားတင်းမာနေခြင်းကြောင့် စိုက်ပျိုးချိန်လွန်သွားခြင်းကြောင့် လယ်စိုက်ခင်းဧကပေါင်း ၄၂၂ ဒသမ ၅ ဧက ဆုံးရှုံးသွားခဲ့ရသည့်အပြင် တိရစ္ဆာန်များကို အစိုးရတပ်များက ပစ်ခတ်စားသုံးခြင်းနှင့် ခြံစည်းရိုးများပျက်စီးခြင်းစသည့် အခက်အခဲများလဲ ကြုံတွေ့နေရသည်။

ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်


လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို

ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။


အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိုင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချမှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အခန်း ၁ မှ ၅ အထိ အလုပ်သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင်ထည့်သွင်းထားသည်ဟု ၎င်းက ဆိုသည်။

ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။
mizzima

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်လာသူကို ရွှေမှော်အတွင်းက ပြန်လည်ဖမ်းဆီး

ဟုမ္မလင်း၊ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ဝေဖလာရွှေမှော်တွင် သြဂုတ်(၂၇)ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ကလူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရာမှ ထွက်ပြေးလွတ်မြောက် လာသည့် ရဲဘက်ပြေး အကျဉ်းသားတစ်ဦးကို ပြန်လည်ဖမ်းဆီးလိုက်ကြောင်း မိုင်းကိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်နှင့် အဖွဲ့ထံမှ သိရသည်။

“ ရွှေမှော်ထဲမှာက စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနဲ့ တရာခံပြေးတွေများသောအားဖြင့်ရှိတတ်ပါတယ်..” ဟု မိုင်းကိုင်းနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရသူ စိုင်းနယ်ထွေး(ခ)မောင်ထွေးဆိုသူသည် တောင်ငူအကျဉ်းထောင်၊ ဘဲလင်းကျောက်ထု ရဲဘက်စခန်းမှထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ထိုသူသည် ၂၀၀၈ ခုနှစ်ကကလေးမြို့နယ်၊ ကျွန်းတောရေရှင်ကျေးရွာနေ ၎င်း၏ယောက္ခဖြစ်သူ ဦးတင် လှိုင်ဆိုသူနှင့် ယောက္ဖဖြစ်သူ အောင်မျိုးဝင် ဆိုသူတို့နှစ်အားသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက(ပ) ၂၃၁/ ၂၀၀၈ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ အမှုမှ ၃၀၂/ ၁၁၄ သို့ပြောင်းလဲရေးဖွင့်ဆောင်ရွက်ခဲ့ရသော အမှုမှဖြစ်သည်။

၎င်းအမှုအား ၁၄.၇.၂၀၀၈ ရက်နေ့ ကကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ရဲစွဲချက်အမှတ် ၂၇၃ / ၂၀၀၈ အရ
ကလေးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးကပြစ်မှုကြီးအမှတ် ၁၉/ ၂၀၀၈ အရ လက်ခံကြားနာစစ်ဆေးခဲ့ပြီး ၂၅.၃.၂၀၀၉ ရက်နေ့တွင် အဆိုပါ တရားရုံးက ထိုသူအား အလုပ်ကြမ်းနှင့်
ထောင်ဒဏ်အနှစ်(၂၀)ကျခံစေရန် စီရင်ချက်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

လူနှစ်ယောက်သတ်မှုဖြင့် ထောင်ဒဏ်အနှစ်(၂၀)ကျခံနေရသူ စိုင်းနယ်ထွေး(ခ)မောင်ထွေးဆိုသူသည် က လေးမြို့ အကျဉ်ထောင်၏ ထောင်ဝင်ကိုယ်ပိုင်အမှတ် ကလ၀၈/ ၀၀၆၈၈/(က)အရ ပြစ်ဒဏ်များကျခံနေရ ပြီး ကလေးအကျဉ်းထောင်မှတဆင့်တောင်ငူအကျဉ်းထောင် ဘဲလင်းကျောက်ထုရဲဘက်စခန်းသို့ ဆက် လက်ပို့ဆောင်ခဲ့ရာအဆိုပါ ရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။


ထောင်ဒဏ်ကျခံနေရသူများသည် သတ်မှတ်ပြစ်ဒဏ်များ မကုန်ဆုံးမီထွက်ပြေးလွတ်မြောက်လာခြင်းမှာ ထပ်မံ၍ပြစ်မှုများကျူးလွန်နိုင်ဖွယ်ရာရှိသည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးအား ထိခိုက်နစ်နာစေနိုင်သည်ဟု ဒေသခံပြည်သူများကပြောဆိုလျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးမှု စပြီ

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် ဥပဒေကြမ်းရေးဆွဲနေသည့် အချိုးကျ ကိုယ်စားပြုစနစ်(ပီအာရ်) ကို ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို သြဂုတ် ၂၈ ရက်ကရန်ကုန်မြို့တွင် စတင်လိုက်ပြီဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျခန်းမ၌ ပီအာရ်စနစ် ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့အစည်း ၂၀ ခန့် ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က စတင်လိုက်ခြင်းဖြစ်ကာ မွန်းလွဲ ၂ နာရီ ကျော်အချိန်ထိ ပြည်သူ ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့သည်။

ရရှိလာသည့်လက်မှတ်များကို လာမည့်စက်တင်ဘာတွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပီအာရ်စနစ်ကို ကန့်ကွက်သည့် တိုင်းရင်းသားပါတီများထံသို့ ပေးပို့မည်ဟုလည်း ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ တွဲဖက်တာဝန်ခံ ကိုမြတ်ကျော်က ပြောသည်။

အဆိုပါလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာသည့် စာရေးဆရာမနှင်းပန်းအိမ်က “စစ်အာဏာရှင်လက်ထက်ကနေ ပြည်သူကို ဒီနေ့အထိ အငြင်းပွားစရာတွေ ချပေးနေတယ်။ ၁၉၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးအတွက် ကျောင်းသားတွေ ပေးဆပ်ခဲ့တယ်။ ဒီနေ့ဒီမိုကရေစီခေတ် တကယ်ရောက်ပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု ပြောသည်။

အဆိုပါ ကန့်ကွက်လက်မှတ်များကို စက်တင်ဘာ ၁၀ ရက်အထိ ကောက်ခံမည်ဖြစ်ပြီး ပီအာရ်နှင့်ပတ်သက်သည့် ဟောပြောပွဲများပြုလုပ်၍ လက်မှတ်များ လှည့်လည်ကောက်ခံခြင်းဖြစ်သည်။ ကောက်ခံမည့် မြို့နယ်များမှာ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့နယ် လေးမြို့နယ်တို့ဖြစ်သည်။

လက်မှတ်ကောက်ခံပွဲသို့ တက်ရောက်လာသည့် ၁၉၇၄-၇၅ တက္ကသိုလ်ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးကိုကိုလေးကလည်း “ပထမဦးဆုံးက ရခိုင်အရေးအခင်း၊ လက်ပံတောင်း၊ မြစ်ဆုံ၊ ၅၉(စ)၊ ၄၃၆ နောက် ပီအာရ်၊ အခုခေါင်းလောင်းဆယ်တဲ့ အလှည့်ရောက်နေတယ်။ ဒီလိုနည်းနဲ့မျိုးစုံ လွှဲချနေတယ်”ဟု ဆိုသည်။

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ပြောင်းလဲကျင့်သုံးရေးအတွက် ဥပဒေကြမ်းရေးဆွဲနေသည့် ကော်မရှင်၏ လုပ်ငန်းများ အပြီးသတ်တော့မည်ဖြစ်ကာ အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်တော့သည်ဟု အမျိုးသားလွှတ်တော်ပီအာရ် အကောင်အထည်ဖော်မှုကော်မရှင်၊ ဥပဒေကြမ်းရေးဆွဲရေးနှင့် စာတမ်းပြုစုရေးအဖွဲ့ဝင် ဦးအုန်းတင်က သြဂုတ် ၂၄ ရက်တွင် မဇ္ဈိမကို ပြောထားသေးသည်။

လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်တစ်ခုချင်းစီအလိုက် မဲအများဆုံးရသူ အမတ်ဖြစ်ခွင့်ရှိသည့်စနစ်မှ ပီအာရ်သို့ ပြောင်းလဲကျင့်သုံးရန် အမျိုးသားလွှတ်တော်က ဇွန်လအတွင်း ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ပီအာရ်စနစ်ကျင့်သုံးရန် ထောက်ခံသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း မြန်မာနိုင်ငံအခြေအနေသည် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်နေသည့် ကာလဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည်ဟု ဆိုသည်။

“အဓိကကတော့ ငြိမ်းချမ်းရေးရဖို့ပါ။ အဲလိုဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းစွာ နေထိုင်ခွင့်၊ နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ရင် ရရှိလာမယ့် ငြိမ်းချမ်းရေး၊ ညီညွတ်ရေးတွေကို ထိန်းသိမ်းသွားနိုင်အောင် လူမျိုးစုံပါဝင်တဲ့ လွှတ်တော်ရရှိဖို့ လိုပါတယ်”ဟု ပြောသည်။

အနာဂတ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများ၌ အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် ဥပဒေကြမ်း ရေးဆွဲနေသော်လည်း အချိန်ယူရဦးမည်ဖြစ်သောကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကျင့်သုံးနိုင်ဖွယ် မရှိဟု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမကို ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပီအာရ်စနစ်ကို မထောက်ခံကြောင်း ဇူလိုင်လ ၃၁ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် တိုင်းရင်းသားပါတီများကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။ ကန့်ကွက်ဆန္ဒပြပွဲများလည်း ပြုလုပ်ခဲ့သည်။

လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်အနိုင်ရသည့်စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြီးခဲ့သည့် ဇွန်လတွင်းက အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ်များက ထောက်ခံကာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများက ကန့်ကွက်ခဲ့သော်လည်း ထောက်ခံမဲ ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲသာရှိသဖြင့် အတည်ဖြစ်ခဲ့သည်။

Mizzima News Daily

ယူကရိန်းဝန်ကြီးချုပ်ဟောင်းက နိုင်ငံတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် တောင်းဆို

ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကို
ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကိုက နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဖို့ သြဂုတ်လ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ စစ်ရေး အကူအညီကို နိုင်ငံတကာ လူ့အဖွဲ့အစည်းဆီက တောင်းသင့်တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကိုရုရှဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေကို လက်နက်တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ဖူးတဲ့ ယူကရိန်းအစိုးရက ခုတော့ ရုရှတပ်တွေနိုင်ငံထဲ ဝင်လာပြီလို့ ပြောပါတယ်။

“ရုရှတပ်တွေ ယူကရိန်းပိုင်နက်ထဲ ဝင်လာလို့ ရုရှက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေက နိုင်ငံအရှေ့ပိုင်းက အဓိက မြို့ကို သိမ်းခဲ့လို့ စစ်ရေးပဋိပက္ခတွေ ပိုဆိုးလာနေတယ်”လို့ ယူကရိန်းသမ္မတပေထရို ပိုရိုရှန်ကိုက သြဂုတ်လ ၂၈ ရက်နေ့က ပြောပါတယ်။

“ကာကွယ်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တူရကီနိုင်ငံကိုသွားမယ့် ခရီးစဉ်ကိုလည်း ဖျက်သိမ်း လိုက်ပါတယ်။ နေတိုး စစ်ဘက်အရာရှိ တယောက်ကတော့ ရုရှစစ်သည် အယောက် ၁ ထောင်ကျော်ဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ဆင်ရေးလုပ်နေတယ်လို့ ကျနော်တို့ သိထားတယ် သူတို့ဟာ ခွဲထွက်ရေးသမားတွေနဲ့ အတူတိုက်ရင်း ထောက်ပံ့ပေးနေတယ်”လို့ ပြောပါတယ်။

ရုရှကတော့ ရုရှလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းစစ်တပ်ကြား ပဋိပက္ခမှာ ပါဝင်စွက်ဖက်မှု မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းပဋိပက္ခအတွင်း လူအယောက် ၂၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
DVB