ကျပ်သိန်း ၃၁၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ






၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် UWSA “ဝ” အဖွဲ့သည် တာချီလိတ်ဘက်မှ ဝမ်ဟုန်ဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ရန်ရှိကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများ၊ နယ်မြေခံ ရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ တာချီလိတ်-မိုင်းဆတ် ကားလမ်း တစ်ဝိုက်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ၁၁ နာရီအချိန်မှစတင်၍ ရှောင်တခင် ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ပူးပေါင်းအဖွဲ့များ စစ်ဆေးရှာဖွေစဉ် ယာဉ်ငယ် ၃ စီးနှင့် ဟီးနိုးအမျိုးအစား (၁၀)ဘီး အဖြူရောင်ယာဉ် (၁)စီးတို့အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ငယ် ၃ စီးပေါ်တွင် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် ဆက်လက်ထွက်ခွာစေခဲ့ပြီး ယာဉ်မောင်း အိုက်သန်း (အရပ်သား) မောင်းနှာင်လာပြီး UWSA “ဝ” အဖွဲ့၊ စစ်သေဒ (၁၇၁)မှ တပ်သားအဆင့်ရှိ အေးလွင် (ခ) အိုက်စိုက် နှင့် အိုက်စု တို့လိုက်ပါလာသော ယာဉ်အမှတ် ၊ …. (၁၀) ဘီး အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့ရာ ဘိလပ်မြေ (၁၀၀) အိတ်ခန့် တင်ဆောင်လာကြောင်း တွေ့ရှိရပြီး ယာဉ်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားကြောင်း တွေ့ရှိရသဖြင့် မဟုန်တန်ရွာရှိ ကားဝပ်ရှော့သို့ မောင်းနှင်စေပြီး ကြမ်းခင်းအား ဖွင့်ဖောက် စစ်ဆေးခဲ့သည်။

ဖွင့်ဖောက် စစ်ဆေးခဲ့ရာ ကြမ်းခင်းအောက်တွင် အလျား ၄ ပေ၊ အနံ ၃ ပေ၊ အမြင့် ၆ လက်မခန့်ရှိသော အကန့် ၃ ကန့်အတွင်း သိုဝှက်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ပါသည်။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများမှာ အလျား ၆ လက်မ၊ အနံ ၄ လက်မ၊ ထု ၁ လက်မခန့်ရှိ ဘိန်းဖြူ ဘလောက်တုံး ၆၆၅ တုံး၊ ၁ တုံးလျင် ၁၉၉.၅ ကီလိုဂရမ်၊ ဒေသတန်ဖိုး ၁ ကီလိုလျှင် ကျပ်သိန်း ၁၆၀ နှုန်းဖြင့် ၃၁၉၂၀ သိန်း နှင့် 12 ဗို့ Remington 870 အမျိုးအစား သေနတ် ၁ လက်နှင့် ကျည် ၄၅ တောင့်၊ အမ်-၇၉ ဗုံးပစ်လောင်ချာ သေနတ် ၁ လက်နှင့် ဗုံးသီး ၁၀ လုံး၊ Sigsauer P-229 အမျိုးအစား ၉ မမ ပစ္စတို ၁ လက်နှင့် ကျည်အိမ် ၁ ခု ကျည်တောင့် ၁၀ တောင့်၊ CZ-75 D အမျိုးအစား ၉မမ ပစ္စတို ၁ လက်နှင့် ကျည်အိမ် ၁ ခု ကျည် ၈ တောင့်တို့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

အိုက်သန်း (၄ဝ နှစ်)၊ အေးလွင် (ခ) အိုက်စိုက် (၄၂ နှစ်) နှင့် အိုက်စု (ခ) အနက် (၂၂ နှစ်) တို့ (၃) ဦး အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
မြ၀တီ 

0 comments:

Post a Comment