မြန်မာယူ ၁၉အသင်း ရှုံးထွက်အဆင့်တွင် ယူအေအီးအသင်းနှင့် ယှဉ်ပြိုင်ရမည်


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် အာရှ ယူ ၁၉ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် ရှုံးထွက် အဆင့်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲ၏ အုပ်စု (က) တွင်ပါဝင်ပြီး ယီမင်အသင်းကို ဂိုးမရှိသရေ၊ ထိုင်းအသင်းကို သုံးဂိုးပြတ် နိုင်ခဲ့ပြီး အီရန်အသင်းကို နှစ်ဂိုးပြတ် ရှုံးခဲ့သောကြောင့် ရမှတ်လေးမှတ် ရရှိကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အုပ်စု (ခ) မှ အာရပ်စော်ဘွားများ ပြည်ထောင်စုအသင်း၊ အုပ်စု (က) ပထမ ထိုင်းအသင်းသည် အုပ်စု (ခ) တွင် ဒုတိယနေရာ ရခဲ့သည့် ဥဇဘက်ကစ္စတန် အသင်းတို့ သုဝဏ္ဏကွင်း၌ ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

ရှုံးထွက်အဆင့် ပြိုင်ပွဲများကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အုပ်စု (ဂ) တွင် အုပ်စုဗိုလ် ဖြစ်သည့် ဂျပန်အသင်းက အုပ်စု (ဃ) မှ ဒုတိယနေရာမှ အီရတ်အသင်းနှင့် ဝဏ္ဏသိဒ္ဓိကွင်း၌ မွန်းလွဲ ၃ နာရီ မိနစ် ၃၀ တွင်လည်းကောင်း၊ အုပ်စု (ဃ) တွင် ပထမနေရာ ရခဲ့သည့် ကာတာအသင်းက အုပ်စု (ဂ) တွင် ဒုတိယနေရာမှ တရုတ်အသင်းနှင့် ယင်းကွင်း၌ ည ၇ နာရီတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အာရှဘောလုံး အင်အားကြီး နိုင်ငံများဖြစ်သည့် အီရန်၊ အာရှယူ ၁၉ လက်ရှိ ချန်ပီယံ တောင်ကိုရီးယား၊ သြစတြေးလျ၊ အရှေ့တောင်အာရှ ဘောလုံး အင်အားကြီး စာရင်းဝင် ဗီယက်နမ် အသင်းတို့ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ရှုံးထွက်အဆင့် ပြိုင်ပွဲတွင် အနိုင်ရသည့် လေးသင်းသည် ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
The Voice Weekly

0 comments:

Post a Comment