ယူနတီသတင်းထောက်တွေ လွှတ်ပေးဖို့ အယူခံတင်သွင်း


နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို အပြစ်ကနေ လုံးဝကင်းလွှတ်ခွင့်ပေးဖို့အတွက် အဲဒီသတင်းထောက်တွေရဲ့ရှေ့နေက နေပြည်တော်မှာရှိတဲ့ တရားလွှတ်တော်ချုပ်ကို ဒီကနေ့ အယူခံတင်သွင်းခဲ့ပါတယ်။

သူတို့ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုဖမ်းဆီးခံနေရသူတွေမှာ အပြစ်ကင်းကြောင်း မိမိတို့ဘက်မှာ သက်သေအခိုင်အမာရှိတယ်လို့ RFA ကို ပြောပါတယ်။

"သက်သေထွက်ဆိုချက်တွေအရလည်း တရားခံတွေဖက်ကသာ အားကောင်းနေတဲ့အတွက် ကျနော်တို့က နေပြည်တော်ပြည်ထောင်စု တရားလွှတ်တော်ကို အားကိုးချင်းကြီးစွာနဲ့ သတင်းသမား ၄ ယောက်အတွက်ကို တရားသေလွှတ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ ပြစ်မှုဆိုင်ရာပြင်ဆင်မှု တင်သွင်းတာပါ၊ အရင်ကအခေါ်တော့ အယူခံပေါ့ဗျာ"

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ "မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတု လက်နက်စက်ရုံ" ဆိုပြီး ဖော်ပြခဲ့တာကြောင့် ယူနတီဂျာနယ်က သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုပိုင်သက်ကျော်၊ ကိုစည်သူ၊ ကိုသဲရာဇာ၊ ကိုလူမော်နိုင်နဲ့ ဂျာနယ်အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းတို့ကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ပခုက္ကူခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇူလိုင်လ ၁ဝ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အလားတူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူအပါအဝင် သတင်းထောက် ၅ ယောက်ရဲ့ ရှေ့နေကလည်း အဲဒီအမှုအတွက် ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီကနေ့ အပြီးသတ်လျှောက်လွှဲချက် တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ဂျာနယ်မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်လိုက်တယ် ဆိုတဲ့သတင်းကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် အဲဒီဂျာနယ်က သတင်းထောက်တွေကို သက်ဆိုင်ရာက တရားစွဲခဲ့တာဖြစ်ပါတယ်။

သူတို့အမှုကိုတော့ လာမယ့် ၁၆ ရက်နေ့မှာ အမိန့်ချမှတ်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

0 comments:

Post a Comment