ရာနှုန်းပြည့် ပြည်တွင်းဖြစ် တိုက်လေယာဉ်များ ဂျပန် ထုတ်လုပ်ဖွယ်ရှိ


အမေရိကန်နှင့် သဘောတူညီမှု အသစ်အရ ဂျပန်နိုင်ငံသည် ရာနှုန်းပြည့် ပြည်တွင်းဖြစ် တိုက်လေယာဉ်များကို မကြာမီ နှစ်ပိုင်းများအတွင်း ထုတ်လုပ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။


ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ချုပ်ဆိုထားသည့် လက်နက်ထိန်းချုပ်ရေး စာချုပ်များအရ ဂျပန်သည် ကိုယ်ပိုင် တိုက်လေယာဉ်များ ထုတ်လုပ်နိုင်ခွင့် မရှိချေ။ (၁၉၈၀)ပြည့်လွန် နှစ်များတွင် ဂျပန်က ပြည်တွင်းဖြစ် တိုက်လေယာဉ်များ တည်ဆောက်ခွင့်ရရေး ပထမဆုံးအကြိမ် ကြိုးစားလာခဲ့သည်။ သို့သော်လည်း အမေရိကန် ပြည်ထောင်စု၏ တားဆီးမှုကြောင့် F-2 အမျိုးအစား တိုက်လေယာဉ်များကို အမေရိကန်နှင့် ပူးပေါင်း၍သာ ထုတ်လုပ်နိုင်ခဲ့သည်။

အမေရိကန်မှ Lockheed Martin နှင့် ဂျပန်မှ Mitsubishi ကုမ္ပဏီများ ပူးပေါင်းထုတ်လုပ်သည့် ဘက်စုံသုံး F-2 များကို (၂၀၀၀)ပြည့်နှစ်မှ စတင်ကာ ဂျပန်၏ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွင် အသုံးပြုခဲ့သည်။ သို့သော်လည်း F-2 များ ထုတ်လုပ်မှုကို လွန်ခဲ့သည့် (၂)နှစ်ခန့်က ရပ်ဆိုင်းထားပြီး ဖြစ်သလို လက်ရှိ အသုံးပြုနေသည့် F-2 အားလုံးကိုလည်း (၂၀၂၈)ခုနှစ်တွင် အနားပေးရန် စီစဉ်ထားသည်။

ဂျပန်သည် စစ်မဟာမိတ် အမေရိကန် ပြည်ထောင်စုနှင့် မကြာသေးမီက ရယူခဲ့သည့် သဘောတူညီမှုသစ်အရ ကန့်သတ်ချက် အချို့ကို ဝိနည်းလွတ် လျှော့ချပြီး ရာနှုန်းပြည့် ပြည်တွင်းဖြစ်စစ်စစ် တိုက်လေယာဉ်များကို ထုတ်လုပ်ရန် စီစဉ်နေဖွယ်ရှိပြီး ယင်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ယန်းငွေ(၄၀)ဘီလီယံ တန်ဖိုးရှိ စီမံကိန်း တစ်ခုကို (၂၀၁၅)ခုနှစ် အစောပိုင်းတွင် အစပြုရန် စီစဉ်နေကြောင်း သိရသည်။

လတ်တလောတွင် ဂျပန်သည် ရေတို စီမံကိန်း တစ်ရပ်ဖြင့် လေယာဉ်အင်ဂျင်၊ ရေဒါရှောင်လွှဲမှု ကိုယ်ပျောက် နည်းပညာနှင့် လေယာဉ်ကိုယ်ထည် ဒီဇိုင်းများကို သုတေသန ပြုလုပ်နေပြီး (၂၀၁၈)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အစိုးရ အနေဖြင့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်ရန် သင့်မသင့် အတည်ပြု ဆုံးဖြတ်ဖွယ် ရှိနေသည်။ ယခုလ အစောပိုင်းက ရေဒါရှောင်လွှဲနိုင်သည့် ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ် တစ်စီးကို ကနဦးအဆင့် စမ်းသပ်ပျံသန်းရန် ဂျပန်က စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ ဩဇာ ဖြန့်ကျက် လွှမ်းမိုးမှု ကြီးမားလာသည့် ခြိမ်းခြောက်မှုကို ဂျပန်က တုံ့ပြန်ရန် ကြိုးစားလျက်ရှိရာ ပြည်တွင်းဖြစ် တိုက်လေယာဉ်များ တည်ဆောက်ရေးသည် အဓိကျသည့် မဟာဗျူဟာ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ ဂျပန်သည် ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် ရှင်ဇိုအဘေး လက်ထက်တွင် စစ်ရေးကဏ္ဍ၌ နိုင်ငံ၏ ရပ်တည်မှုကို မြှင့်တင်ရန် ပိုမို ကြိုးပမ်းလာရာ ပြီးခဲ့သည့် လအတွင်းက ဂျပန်စစ်သည်များသည် မဟာမိတ် နိုင်ငံများ၏ လုံခြုံရေး ကဏ္ဍတွင် ပါဝင်တိုက်ခိုက်မည့် ပြဋ္ဌာန်းချက် အသစ်ကို ထုတ်ပြန် ကြေညာခဲ့သည်။

_Ref: Channelnewsasia

0 comments:

Post a Comment