တောင်ကြီးမြို့လယ်ခေါင်တွင် ဓားထိုးမှုဖြစ်


တရားဝင်ကွာရှင်းထားသည့် ဇနီးဟောင်းကို ယောကျာ်းက ဓားဖြင့် ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု တောင်ကြီးမြို့တွင် သြဂုတ် ၂၀ရက်၊ နံနက်ပိုင်း ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု တောင်ကြီး မြို့မရဲစခန်းက ထုတ်ပြန်ထားသည်။


ဖြစ်ပွားပုံမှာ တောင်ကြီးမြို့၊ မင်္ဂလာဦး ရပ်ကွက်နေ မခင်ခင်သန့်သည် အလုပ်သို့သွားရန် မောင်ဖြစ်သူ ထွန်းလင်းအား ဆိုင်ကယ်နှင့် လိုက်လံ ပို့ဆောင်ခိုင်းခဲ့ရာ ကန်ရှေ့ရပ်ကွက်၊ ဓမ္မရက္ခိတလမ်း၊ ရွှေကျွန်းဟိုတယ်အနီးသို့ အရောက်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က မခင်ခင်သန့်နှင့် တရားဝင် ကွာရှင်းထားသော မျိုးမင်းသန့် (ခ) သားဖောသည် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး ထွန်းလင်း မောင်းနှင်သော ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်သဖြင့် ထွန်းလင်းက ဆိုင်ကယ်အား ရပ်တန့်ပေးခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ ရပ်တန့်ပေးစဉ် မျိုးမင်းသန့် (ခ) သားဖောသည် ထွန်းလင်း၏ ဆိုင်ကယ်သော့အား ဖြုတ်ယူခဲ့ပြီး မခင်ခင်သန့်နှင့် ၎င်းတို့၏ ကလေးနှင့် ပတ်သက်၍ စကားပြောဆိုနေခဲ့သည်ဟု ဆိုသည်။

စကားပြောဆိုနေရာမှ ငါးမိနစ်ခန့်အကြာတွင် မျိုးမင်းသန့်(ခ) သားဖောသည် ၎င်း၏ ခါးကြားအတွင်းမှ အရိုးခြောက် လက်မခန့်၊ အသွား ကိုးလက်မခန့်ရှိ လက်ကိုင်အနက်ရောင် ဓားဦးချွန်ဖြင့် ထိုးရာ မခင်ခင်သန့် ၀မ်းဗိုက်ဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဘယ်လက်မောင်းတွင် ထိုးသွင်းဒဏ်ရာသုံးချက် ရရှိခဲ့ပြီး မျိုးမင်းသန့်(ခ) သားဖောသည်လည်း အခင်းဖြစ်နေရာမှ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“လူတွေ အမြဲစည်ကားနေတဲ့ မြို့လယ်ခေါင်ကြီး ဈေးနဲ့လည်းနီးတယ်။ ဓားထိုးခံရတယ်အော်လို့ ကျွန်တော်တို့လည်း ပြေးကြည့်တော့ တရားခံက ထွက်ပြေးသွားပြီ” ဟု တောင်ကြီးမြို့ခံ ခွန်အောင်ထွန်းမင်းက မဇ္ဈိမကို ပြောသည်။

အမဖြစ်သူ ဓားဖြင့် ထိုးခံရသဖြင့် မောင်ဖြစ်သူ ထွန်းလင်းမှ အခင်းဖြစ်ရာအနီးရှိ ဆေးဆိုင်အား သွားရောက် အကူအညီ တောင်းခံပြီး စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ရာ လမ်းတွင် သေဆုံးခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ထွက်ပြေး လွတ်မြောက်သွားသူ မျိုးမင်းသန့် (ခ) သားဖောအား နေ့လယ် ၁၁ နာရီ မိနစ်၂၀ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သက်သေခံ ဓားအားလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းသို့ သမီးဖြစ်သူ သေဆုံးအောင် ဓားဖြင့်ထိုးသူအား အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးအောင်ချစ်မှ ဓားဖြင့် ထိုးသူ မျိုးမင်းသန့်(ခ)သားဖော(၃၅) နှစ်အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းလာသဖြင့် တောင်ကြီးမြို့မ ရဲစခန်းမှ(ပ) ၁၉၀/ ၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၀၂ အရ အမှုဖွင့်ထားသည်။

Credit To :Mizzima

0 comments:

Post a Comment