ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ရန် အမျိုးသားညီလာခံ မဲပေးရွေးချယ်






ထိုင်းနိုင်ငံတွင် အာဏာသိမ်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာသည် နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ရန် ရွေးချယ်ခြင်းခံရကြောင်း သတင်းရရှိသည်။

အာဏာသိမ်း စစ်တပ်အစိုးရက အဓိက ခြယ်လှယ်ဖွဲ့စည်းထားသည့် အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ် စုစုပေါင်း (၁၉၇)ဦးအနက် (၁၉၁)ဦးက ပရာယွတ်သ်ကို ဝန်ကြီးချုပ် ရာထူးအတွက် ထောက်ခံ မဲပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ပရာယွတ်သ်နှင့် ယှဉ်ပြိုင်သည့် အတိုက်အခံ တစ်ဦးမျှ မရှိရာ ဝန်ကြီးချုပ် ရာထူးအတွက် ၎င်းတစ်ဦးတည်း ရွေးကောက်ခံခဲ့ခြင်း ဖြစ်သည်။

ပရာယွတ်သ်သည် မေ(၂၂)ရက်၊ အာဏာသိမ်းမှုဖြင့် ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စီမံအုပ်ချုပ်ခွင့်ကို လွှဲပြောင်းယူခဲ့သည်။ ထိုင်းနိုင်ငံသည် (၂၀၀၆)ခုနှစ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာကို စစ်တပ်က ဖြုတ်ချလိုက်သည့် နောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုများနှင့် တောက်လျှောက် ကြုံနေရသည်။

ဝန်ကြီးချုပ် ရာထူးအတွက် ပရာယွတ်သ် တာဝန်ယူရန် ထိုင်းဘုရင်မင်းမြတ်၏ အသိအမှတ်ပြုမှုကို လိုအပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း တော်ဝင်မိသားစုက ပရာယွတ်သ်ကို လက်ခံပေးမည့် အရိပ်အခြေမျိုး ရှိနေသည်။ စစ်တပ်၏ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က ယူနီဖောင်းချွတ်ကာ ဝန်ကြီးချုပ်ရာထူး ရယူခြင်းသည် လက်ရှိ ထိုင်းနိုင်ငံရေး အာဏာကို စစ်တပ်က ချုပ်ကိုင်ထားကြောင်း ထင်ရှားစွာ ပေါ်လွင်စေခဲ့သည်။ ထိုင်းအာဏာသိမ်း စစ်အစိုးရသည် (၂၀၁၅)ခုနှစ်၊ အောက်တိုဘာလ မတိုင်မီ မည်သည့် ရွေးကောက်ပွဲကိုမျှ ကျင်းပမည်မဟုတ်ဟုလည်း ကြိုတင် ကြေညာထားသည်။

ပရာယွတ်သ်သည် စက်တင်ဘာလတွင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာထူးမှ အနားယူကြောင်း ကြေညာဖွယ် ရှိသည်။ အမျိုးသား ညီလာခံတွင် မဲပေးနေချိန်တွင် ပရာယွတ်သ် တက်ရောက်နိုင်ခြင်း မရှိခဲ့ဘဲ ဘန်ကောက်မြို့ပြင်၌ စစ်အခမ်းအနား တစ်ရပ်သို့ သွားရောက်နေခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

0 comments:

Post a Comment