သံသယရှိသူ မြန်မာနိုင်ငံသား (၅) ဦးတွင် အီဘိုလာရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ၀န်ကြီးဌာန အတည်ပြု

အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူဟု သံသယရှိသူ တစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား (၅) ဦးစလုံးတွင် အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်မာရေး ၀န်ကြီးဌာနက ယမန်နေ့က အတည်ပြု ထုတ်ပြန် လိုက်သည်။ 

သြဂုတ်လ (၂၉) ရက်နေ့က သံသယရှိသူ ငါးဦးတို့၏ သွေးဓာတ်ခွဲနမူနာကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးခဲ့ပြီးနောက် ရောဂါပိုး လုံးဝမရှိကြောင်း အတည်ပြု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

““အဖြေထွက်တော့ ရောဂါပိုး မရှိကြောင်း တွေ့ရပါတယ်။ သူတို့မှာ ဘာရောဂါ ဖြစ်နေလဲတော့ ကျွန်မတို့ မသိပါဘူး။ ဆေးရုံ ဆင်းဖို့ ကိစ္စကတော့ အထူးကု ဆရာဝန်ကြီးတွေနဲ့ ဆိုင်ပါတယ်””ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ ဗဟိုကူးစက်နှိမ်နှင်းရေး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။ 

အဆိုပါ မြန်မာနိုင်ငံသား ငါးဦးမှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး ဖြစ်ပွားနေသော အာဖရိက အနောက်ပိုင်းဒေသ၊ ဂီနီနှင့် လိုက်ဘေးရီးယား နိုင်ငံများတွင် (၁၃) လခန့် အလုပ်လုပ်ခဲ့ပြီး သြဂုတ်လ (၁၉) ရက်နေ့၊ ည(၈)နာရီအချိန်က လေယာဉ် ခရီးစဉ် အမှတ် (8M-332) ဖြင့် ထိုင်နိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူ များဟု သံသယရှိဖွယ် စစ်ဆေးတွေ့ရှိ ခဲ့ရခြင်းကြောင့် ယင်းမြန်မာနိုင်ငံသား ငါးဦးကို ဝေဘာဂီဆေးရုံကြီးတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးထားခဲ့ပြီး ၎င်းတို့၏ သွေးအား ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါတွင် ဆေးကုသမှု ခံယူနေသော သံသယရှိခံရသူ အပါအ၀င် မြန်မာနိုင်ငံသား ငါးဦး၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်းလည်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေး ၀န်ကြီးဌာနမှ လက်ရှိတွင် အီဘိုလာ ရောဂါပိုး ဖြစ်ပွားနိုင်ခြေရှိသည့် ရောဂါ လက္ခဏာ များကို ပြည်သူလူထုအား အသိပညာပေးမှု ပြုလုပ်ထားပြီး ရောဂါလက္ခဏာ ပြပါက နီးစပ်ရာ ကျန်းမာရေး ဌာနများတွင် ဆေးကုသမှု ခံယူသင့်ကြောင်းလည်း နှိုးဆော်ထားသည်။ 

လက်ရှိတွင် အဆိုပါ အီဘိုလာရောဂါ စတင်ဖြစ်ပွားချိန်မှ စ၍ ယခုအချိန်ထိ ရောဂါပိုး ကူးစက်ခံရသူပေါင်း နှစ်ထောင်ကျော် ရှိပြီး သေဆုံးသူ တစ်ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

Messenger

0 comments:

Post a Comment