တောင်းပန်စာရမှသာ သရဖူပြန်အပ်မည်၊ လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန်တောင်းဆိုခံရဟု မေမြတ်နိုး ဆို


တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization က လိုအပ်ပါက စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ အဖော်အဖြစ်နေရန် တောင်းဆိုခံရခြင်း၊ မိမိအပေါ် အသရေဖျက်မှု၊ လိမ်လည်မှု၊ စွပ်စွဲမှုများ ပြုလုပ်ခြင်းတို့ကြောင့် ယင်း Organization ၏တောင်းပန်စာရမှ သရဖူကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း အလှမယ် မေမြတ်နိုးက ပြောကြားသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က ကမာရွတ်မြို့နယ်ရှိ House Of Memories စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာအလှမယ် မေမြတ်နိုးမှာ Miss Asia Pacific World Organi-zation၊ National Director၊ မီဒီယာနှင့် ပရိသတ်များအပေါ် လိမ်လည်မှုနှင့် မလေးမစား ဆက်ဆံခဲ့မှု၊ မိခင်ဖြစ်သူမှာလည်း ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက်များ ပေးထားသော်လည်း သုံးလကြာ နေထိုင်ခွင့်ရရန် တရားမဝင် ဝင်ကြိုးပမ်းခဲ့မှု များကြောင့်ဟုဆိုကာ သရဖူကို ပြန်လည် ရုပ်သိမ်းကြောင်း Miss Asia Pacific World Organization က သြဂုတ်လ ၂၇ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သကဲ့သို့ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင်လည်း မေမြတ်နိုးမှာ အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကို ပြန်မအပ်ဘဲ ထွက်ပြေး တိမ်းရှောင်နေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယင်းကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်အရ Mapi Dolls အမည်ရှိ K Pop အဖွဲ့တွင် ပါဝင်ကာ စီးရီးထုတ်လုပ်ရန်အတွက် Organization က မိမိကို သုံးလဗီဇာသက်တမ်း၊ မိခင်ဖြစ်သူကို သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက် ပေးထားသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးတွင် တရားဝင် ဗီဇာဝင်သည့်အခါ မိခင်ဖြစ်သူကို သုံးလဗီဇာ သက်တမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မီဒီယာ စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ မိခင်ဖြစ်သူမှာ သုံးလ ဗီဇာသက်တမ်းဖြင့် နေခွင့်ရရန် တရားမဝင် ကြိုးပမ်းခဲ့ခြင်း မဟုတ်ကြောင်း မေမြတ်နိုးက ဖြေရှင်းသည်။

“ဒီလိုဖြစ်လာတဲ့အပေါ် ကျွန်တော့်သမီးအတွက်၊ တိုင်းပြည်အတွက် အရမ်းခံစားရပါတယ်။ မဟုတ်မဟတ်တာတွေ ရေးထား၊ ပြောထားတဲ့အတွက် စိတ်ထဲမှာ မကောင်းဘူး။ သူ့ကိုနောက်ပိုင်း ပညာရေးပဲ လုပ်စေချင်ပါတယ်။ ပညာသင်ရမယ့် အရွယ်လေးမှာ အခုလိုမျိုး ဖြစ်လာတဲ့အတွက် ကလေးမှာ စိတ်ဒဏ်ရာတွေ ရသွားတဲ့အတွက် ဒီအလုပ်တွေကို ရပ်စေချင်တာပါ” ဟု မြန်မာအလှမယ် မေမြတ်နိုး၏ ဖခင်ဖြစ်သူ ဦးကျော်လွင်က ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသည့် အခါတွင်လည်း K Pop အဖွဲ့လိုက် စီးရီးထုတ်တော့မည် မဟုတ်ဘဲ ၎င်းတစ်ယောက်တည်းသာ အနုပညာအလုပ်များ ဆက်လုပ်နိုင်ရန် စီစဉ်ပေးမည် ဖြစ်သကဲ့သို့ ပိုမိုလှပလာအောင် ခေါင်းအစ၊ ခြေအဆုံး ခွဲစိတ်ပြုပြင် ပေးမည်ဖြစ်ပြီး ယင်းသို့ ပြုလုပ်မည့်အပေါ် ငြင်းပိုင်ခွင့်မရှိဟု ပြောကြားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံတွင် ဆက်လက်နေထိုင်ကာ အနုပညာ အလုပ်များ လုပ်ရန်အတွက် ငွေကြေး လိုအပ်မည် ဖြစ်ပြီး ယင်းငွေရရန်အတွက် နည်းလမ်းတစ်ခုရှိပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုအပ်သည့် အချိန်တွင် အဖော်အဖြစ် နေပေးရမည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံးမှ ရယူခဲ့သည့် သုံးလဗီဇာသက်တမ်းမှာ မလုံလောက်သည့်အတွက် ဂျပန်နိုင်ငံသို့ သွားရောက်ကာ ကိုရီးယား ဗီဇာသက်တမ်းတိုးရန် ပြောကြားခဲ့ကြောင်း၊ ယင်းသို့ သွားရောက်ရာတွင် မိခင်ဖြစ်သူ လိုက်ပါခွင့်ရမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း မေမြတ်နိုးက ဆိုသည်။

“ကိုရီးယားကို ရောက်ပြီး နှစ်ရက်အကြာမှာ ဘူဆန်မြို့က လူအရောက် အပေါက်နည်းတဲ့ အိမ်ကြီးတစ်လုံးမှာ သမီးတို့ သားအမိကို နေရာချပေးခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်ကတော့ ဒီအိမ်မှာ သမီးကို လိုအပ်တဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ပေးဖို့ပါ။ ဒါကို သမီးတို့က လက်မခံတဲ့အတွက် သမီးတို့ သားအမိကို ထားသွားပြီး စားစရိတ်ကော၊ စောင့်ရှောက်မှုတွေရော လုံးဝမပေးတော့ပါဘူး။ သူတို့ရဲ့ အကြံကတော့ သမီးက ပိုလှလာရင် စပွန်ဆာ ရှာလို့ရမယ်ပေါ့” ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ အခက်အခဲများ ကြုံလာခဲ့ပြီးနောက် Organization နှင့် လက်တွဲအလုပ်လုပ်ရန် မဖြစ်နိုင်တော့ဟု ယူဆသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ သရဖူကို ခိုးယူ ထွက်ပြေးသွားသည်ဟု Organization မှ မီဒီယာများတွင် ဖြေကြားထားသော်လည်း သရဖူသိမ်းကြောင်း ထုတ်ပြန်ချက်မှာ မိမိ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်ပေါ် တက်ခဲ့သည့် အချိန်အထိ မထုတ်ပြန်ရသေးကြောင်း၊ သရဖူကို ခိုးယူခဲ့ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ရရှိခဲ့သည့် သရဖူကို အမိနိုင်ငံသို့ ပြန်ယူလာရမည်ဆိုသည့် စိတ်တစ်ခုတည်းနှင့် ပြန်လည် ယူဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း မေမြတ်နိုးက ဖွင့်ဟသည်။

မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို ရိုက်ချိုးသည့်၊ မြန်မာနိုင်ငံကို စော်ကားသည့် Organization မှ ပေးအပ်သော သရဖူကို မလိုချင်တော့ သကဲ့သို့ ဂုဏ်ယူစရာ တစ်ခုဟုလည်း မထင်တော့ကြောင်း၊ Organization က ယင်းသရဖူကို National Director မှတစ်ဆင့် ပြန်လည် ပေးအပ်ခိုင်းထားသော်လည်း မိမိမကောင်းကြောင်းကို Organization သိစေရန် တစ်ချိန်လုံး ပြောနေသည့် မြန်မာနိုင်ငံတွင် ရှိသည့် အလှမယ်များကို သရဖူများ သိမ်းနေသည့် National Director ထံမှတစ်ဆင့် ပြန်မပေးချင်ကြောင်း၊ နိုင်ငံတကာမှ ဒိုင်များရှေ့တွင် စည်းမျဉ်း စည်းကမ်းနှင့်အညီ ရွေးချယ်ခံကာ ရယူထားသည့် သရဖူကို တောင်ကိုရီးယားနိုင်ငံရှိ Organization သို့သာ ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း မေမြတ်နိုးက အတိအလင်း ပြောကြားသည်။

Miss Asia Pacific World Organization မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်တွင် ရောက်နေသည့်အတွက် မေမြတ်နိုးအနေနှင့် သရဖူကို ကိုယ်တိုင် ပြန်လည် အပ်နှံနိုင်ကြောင်း၊ မိမိမှာ Organization ကိုယ်စား National Director တစ်ဦးအနေနှင့် ကိုယ်စား လက်ခံပေးခြင်း ဖြစ်ကြောင်း၊ မိမိမှာ တောင်ကိုရီးယား ခရီးစဉ်သို့ ပါမသွားသည့်အတွက် သရဖူ သိမ်းခံရသည့် အသေးစိတ် ဖြစ်ရပ်များကို မသိကြောင်း၊ အလုပ်တစ်ခု ထွက်သည့်အခါ အလုပ်က ပေးထားသည့် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းရကြောင်း၊ သရဖူကို အလှမယ် တစ်ယောက်၏ ဂုဏ်တစ်ခုအနေနှင့်သာ သိထားပြီး တန်ဖိုးအနည်း အများကို မသိကြောင်း၊ တန်ဖိုးထားမှု အပေါ်တွင်သာ မူတည်ကာ တန်ဖိုး ကွာခြားနိုင်ကြောင်း National Director ဒေါ်လှနုထွန်းက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment