ဟောင်ကောင်သပိတ်စခန်းကို ရဲတပ်ဖွဲ့ အင်အားသုံးကာ ဝင်ရောက်စီးနင်း


ဟောင်ကောင်မြို့လယ် ဒေသရှိ ဒီမိုကရေစီ အင်အားစုများ နေရာယူ ဖွင့်လှစ်ထားသော သပိတ်စခန်းကို ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များက သောကြာနေ့ နံနက်အရုဏ်မတက်မီ အချိန်တွင် ဝင်ရောက်စီးနင်း ဖယ်ရှားပစ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 


သပိတ်စခန်း ဝင်ရောက်စီးနင်းမှုကို သောကြာနေ့ နံနက်အစောပိုင်း ဆန္ဒပြသူများ ရွက်ဖျင်တဲများနှင့် တာလပတ် အမိုးအကာများအောက် အိပ်မောကျနေခိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များက သံခမောက်များ၊ ပလတ်စတစ် ဒိုင်းများနှင့် လက်ကိုင်တုတ်များ ကိုင်ဆောင်ကာ စီးနင်းခဲ့ကြခြင်း ဖြစ်သည်။


မည်သို့မှ မထင်မှတ်ထားသော အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့်က ဆန္ဒပြသူများကို ရုတ်တရက် ပိတ်ဆို့ ဟန့်တားထားခဲ့ကြကြောင်း၊ သို့သော် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူ အများစုက ပြန်လည်ခုခံမှု မပြုဘဲ ဆုတ်ခွာသွားခဲ့ကြကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။ 


တရုတ်ပြည်မကြီးအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ရဲတပ်ဖွဲ့က ယခုကဲ့သို့ အင်အားသုံးကာ သပိတ်စခန်း ဖြိုခွင်းလိုက်မှုကြောင့် နောက်ထပ်ဆန္ဒပြမှုများ ပေါ်ထွက်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 


“အခုလိုမျိုး ရက်ရက်စက်စက် ဖြိုခွင်းရှင်းလင်းလိုက်တဲ့ အတွက်ကြောင့် ဟောင်ကောင်ပြည်သူတွေ အင်အား အလုံးအရင်းနဲ့ လမ်းမပေါ်ထွက် ဆန္ဒပြလာနိုင်ပါတယ်” ဟု ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဝေါင်ယန်တက်က ပြောကြားသည်။


ဟောင်ကောင်မြို့လယ် ဒေသ၊ အချက်အချာကျသော မွန်ရပ်ကွက်ရှိ သပိတ်စခန်းကို ရဲတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမည့် ကိစ္စသည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုသည်။ 


“ဆန္ဒပြသူတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ ဗျူဟာသုံးပြီး ဆန္ဒပြကြဖို့ ကျွန်တော်တို့ တိုက်တွန်းထားတယ်။ အဲဒါမှ ဟောင်ကောင်လမ်းမတွေကို ထိန်းချုပ်ထားနိုင်မှာပါ” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဝေါင်ကဆိုသည်။ 


ပြီးခဲ့သည့် နှစ်ရက်ခန့်က ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ် ခံထားရသော ဆန္ဒပြသူတစ်ဦးကို ကြမ်းတမ်းစွာ ရိုက်နှက်ခဲ့ရာ ဟောင်ကောင် ကျောင်းသားများနှင့် ပြည်သူများအကြား မကျေမနပ်ဖြစ်လျက် ရှိသည်။ 


ဟောင်ကောင် လူငယ်တက္ကသိုလ် ကျောင်းသားများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဟောင်ကောင်ကို အပြည့်အဝ ဒီမိုကရေစီပေးမည် ဟူသော အခြေခံဥပဒေဆိုင်ရာ ကတိကဝတ်များအတိုင်း လိုက်လျောပေးရန် တရုတ်ပြည်မကြီးမှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို တောင်းဆိုလျက် ရှိသည်။

The Voice Weekly

0 comments:

Post a Comment