ဘရာဇီး စိတ္တဇ လူသတ်သမားက လူပေါင်း ၃၉ ဦးထိ သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀န်ခံ

အသက် ၂၆နှစ်အရွယ် ဘရာဇီး လုံခြုံရေး အစောင့်တစ်ဦးသည် လူပေါင်း ၃၉ ယောက်အထိ သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ရာ ကမ္ဘာ့ အဆိုးဆုံး စိတ္တဇ လူသတ်သမား တစ်ဦး အဖြစ် စာရင်းဝင် သွားခဲ့ပြီ ဖြစ်သည်။



ဂိုမက်စ်ကို ရဲများက ဖမ်းဆီးလာစဉ်။ ဓာတ်ပုံ - Daily Mail

တီယာဂို ဟန်းရစ် ဂိုမက်စ် ဒါရိုချာ ဆိုသူကို ဇန်နဝါရီလ အတွင်းက ဆိုင်ကယ် နံပါတ်ပြား တစ်ခု ခိုးယူခြင်း အတွက် ပြီးခဲ့သည့် အင်္ဂါနေ့က ရဲတပ်ဖွဲ့မှဖမ်းဆီး စစ်ဆေးစဉ် လူသတ်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဂိုမက်စ်က ၎င်း၏စိတ်တွင် အစစအရာရာကို ဒေါသဖြစ် လာပြီး ဒေါဟုန် ပြင်းထန်လာကာ လူများလိုက်သတ်မိပြီး ထိုသို့ သတ်လိုက်မှသာ စိတ်ဒေါသများ အနည်ပြန်ထိုင် ကာ ငြိမ်သက်သွား ရကြောင်း ဝန်ခံထွက်ဆိုသည်။

ထိုစိတ္တဇ လူသတ်သမား ဂိုမက်ဇ် သတ်ဖြတ်ပစ်ခဲ့သူ အများစုမှာ မိန်းမသားများ ဖြစ်ပြီး ဂိုယာနီယာ မြို့ တွင်းမှ အမျိုးသမီး ၁၄ ယောက်အထိ သတ်ဖြတ်ခဲ့သည်။ ဂိုမက်စ်၏ သတ်ဖြတ်ခြင်း ခံရသည့် အမျိုးသမီးများတွင် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးပင် ပါခဲ့သည်။ ထိုမိန်းကလေး ကို ဇန်နဝါရီလအတွင်းက ပန်းခြံတစ်ခု အတွင်း သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် အတွင်း အသက် နှစ်ဆယ် အရွယ် မိန်းကလေး နှစ်ဦး ကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

မိန်းမလျာ များနှင့် အိမ်ရာမဲ့ များသည် စိတ္တဇ လူသတ်ကောင် ဂိုမက်ဇ်၏ အဓိက သားကောင်များ အဖြစ် သတ်ဖြတ်ခံရကြောင်း ရဲကပြော သည်။ ဂိုမက်စ်သည် မိခင်ဖြစ်သူနှင့် အတူနေထိုင်သူဖြစ်ပြီး လက်သည် မပေါ်သည့် လူသတ်မှု များကြောင့် လူထု အကြား ခြောက်ခြား နေ သဖြင့် အထူးရဲတပ်ဖွဲ့ က ထောင်ဖမ်းစဉ် ဖမ်းဆည်း မိခဲ့ခြင်း ဖြစ်သည်။

ဂိုမက်စ်ကို ဖမ်းဆီး လိုက်ပြီးနောက် ၎င်းအိမ်ကို ရှာရာတွင် ခြောက်လုံးပြူးတစ်လက်နှင့် ဆိုင်ကယ်နံပါတ်ပြား အတုများကိုပါ တွေ့ ရှိခဲ့သည်။ ထို့အပြင် လူသတ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် တူတစ်လက်၊ ဓားနှစ်လက်နှင့် လက်ထိပ် တစ်ခုကိုလည်း တွေ့ရှိခဲ့ရသည်။ ဂိုမက်စ်သည် သူ၏ လူသတ်မှုများကို ဖုံးကွယ်နိုင်ရန် အတွက် ဆိုင်ကယ် နံပါတ်ပြားများကို ပြောင်းလဲ အသုံးပြုခဲ့ကြောင်း ယုံကြည်ရသည်။ ဂိုမက်စ်သည် ဖမ်းဆီး ခံရ၍ အချုပ်ခန်းတွင်း ရှိစဉ် ဗုဒ္ဓဟူးနေ့က မီးသီးကွဲဖြင့် လက်ကောက်ဝတ် သွေးကြောကို ဖြတ်ကာ ကိုယ့်ကိုကို သေကြောင်းကြံရန် ကြိုးစားခဲ့သေးသည်။

စိတ္တဇ လူသတ်သမား ဂိုမက်ဇ်ကြောင့် အသတ်ခံရသူ၏ မိသားစုဝင်များက ရဲဌာနကို ဆန္ဒပြမှုများလည်း ပေါ်ပေါက်ခဲ့ သေးရာ မျက်နှာ မဖော်နိုင်ဖြစ်နေခဲ့သည့် ရဲဌာနအတွက် ပြန်လည်သိက္ခာ ဆည်နိုင်ပြီ ဖြစ်သည်။ ဂိုမက်ဇ်အား အရေးယူပြီးခဲ့လျှင် ၎င်းသည် ကမ္ဘာ့ အကြမ်း ကြုတ်ဆုံး လူသတ်ကောင် စာရင်းတွင် တစ်ဦး အဖြစ်စာရင်းဝင်မည် ဖြစ်သည်။

အကြမ်းကြုတ်ဆုံး လူသတ်သမား ၁၅ဦး စာရင်းတွင် ထိပ်ဆုံးမှ ရှိသူမှာ ကလေးငယ်များကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည် ကိုလံဘီယာ နိုင်ငံ သား လူးဝစ် ဂါရာဗီတို ဖြစ်သည်။ ၎င်းကို သေမင်းရထား သို့မဟုတ် သားရဲကြီး ဟုလည်း ခေါ်တွင်ကြပြီး ကလေးငယ်ပေါင်း ၄၀၀ကျော် သတ်ခဲ့မည် ဟု ခန့် မှန်းကြသည်။ တရားဝင်သိရှိနိုင်သည့် အသတ်ခံရသူဦးရေသည် ၁၃၈ဦးရှိသည်။
Mizzima News

0 comments:

Post a Comment