အီရတ်လေသူရဲဟောင်း များက ISIS စစ်သွေးကြွများကို လေယာဉ်မောင်းနှင် ပျံသန်းနိုင်ရန် လေ့ကျင့်ပေးလျက် ရှိဟုဆို



အီရတ်လေတပ်မှ လေသူရဲဟောင်း များသည် ISIS စစ်သွေးကြွ များကို တိုက်လေယာဉ်များ မောင်းနှင် ပျံသန်းနိုင်ရန် လေ့ကျင့် သင်ကြား ပေးလျက် ရှိကြောင်း (ပုံ) ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံအတွင်းရှိ အစိုးရ လေတပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ပြီး နောက် သိမ်းယူနိုင် ခဲ့သည့် လေယာဉ် သုံးစင်းကို မောင်းနှင် ပျံသန်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ အဆိုပါ လေယာဉ် များသည် MiG - 21 အမျိုးအစားနှင့် MiG-23 မူကွဲ အမျိုးအစားများ ဖြစ်သည်ဟု ယူဆ ရကြောင်း အဆိုပါ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကြီးက ပြောကြား ထားသည်။ အဆိုပါ လေယာဉ် များသည် မောင်းနှင်ပျံသန်း ရာတွင် ဆီးရီးယား အစိုးရတပ် များ၏ ရေဒါမှ ဖမ်းယူခြင်းကို ရှောင်ရှားနိုင်ရန် အတွက် အနိမ့်မှ ပျံသန်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ ပြောကြားချက် သည် အမေရိကန် နှင့် ညွန့်ပေါင်း အဖွဲ့များက ဆီးရီးယား နှင့် တူရကီနယ်စပ် အနီး ကိုဘာနီမြို့ အတွင်းရှိ ISIS စစ်သွေးကြွ များကို လေကြောင်းမှ တိုက်ခိုက်ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် မဟာဗျူဟာ အရ အရေးပါသည့် ကိုဘာနီမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသော်လည်း ကာ့ဒ် တိုက်ခိုက်ရေး သမားများ၏ ခုခံမှု များနှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ရှေ့သို့ ချီတက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment