ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်တယောက်ပဲဖြစ်ချင်တာ

ခန္တာကိုယ်ကောက်ကြောင်းလှလှနဲ့ Sexy ကျကျ မော်ဒယ်လ်တဦးကို အွန်လိုင်း ပရိတ်သတ်တွေ သတိထားမိကြ မယ်ထင်ပါတယ်။ အထူးသဖြင့် ဖေ့ဘုတ်စာမျက်နှာမှာထက်မှာ သူ့ရဲ့ Sexy ဓာတ်ပုံတွေဟာ လူသိပိုများ ပါတယ်။ သူကတော့ အသက် ၂၅ နှစ် ရှိပြီး ဥပဒေနဲ့ ဘွဲ့ရထားသူ မော်ဒယ်လ် ဇာဇာထက်ပါ။ မော်ဒယ်လ်ဇာဇာထက်ဟာ သိပ်မကြာသေးခင်ကာလကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် နယ်မြေမှာ ဖြစ်ပွားနေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်သားတွေ စိတ်အပန်းပြေပျောက်ဖို့အတွက် Naked sexy အကနဲ့ နယ်လှည့်ဖျော်ဖြေသွားမယ်ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ မော်ဒယ်လ် ဇာဇာထက်ဟာ ၂၀၁၂ ခုနှစ် ၈ လပိုင်းလောက် ကစလို့ Sexy ဓာတ်ပုံတွေနဲ့ အွန်လိုင်း သုံးစွဲသူတွေအကြား စတင် လူသိများလာခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ မော်ဒယ်လ်ဂျွန်လွင်ဆီမှာလည်း မော်ဒယ်လ်သင်တန်း တက်ရောက်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ သူ့ရဲ့ Sexy model ဘ၀ တစေ့တစောင်းရယ် သူ့ရှေ့ဆက် လျှောက်မယ့် မော်ဒယ်လ်ဘ၀နဲ့အတူ သူရင်ဆိုင်ခဲ့ရတဲ့ ကောလဟလအကြောင်းတို့ကို ဧရာဝတီနဲ့အတူ ပေါ့ပေါ့ပါးပါး မေးဖြစ် ဖြေဖြစ်တာလေးကို ဖော်ပြပေးလိုက်ပါတယ်။


မေး ဘာကြောင့် Sexy ဓာတ်ပုံတွေကို ရိုက်ဖြစ်ရတာပါလဲ။ ပရိတ်သတ်အားပေးလို့ လုပ်ဖြစ်ရတာလား။


ဖြေ အဓိကကတော့ ပရိတ်သတ်အားပေးလို့ဆိုတာထက် ဇာဇာနဲ့ ပိုလိုက်တယ်ထင်လို့ပါ။။ ဇာ မျက်နှာက မာတယ်။ ဓာတ်ပုံထဲရောက်ရင် ရုပ်ရင့်တယ်။ Sexy ပုံစံနဲ့ပိုလိုက်တယ်ထင်လို့ပါ။ ဇာဇာ မျက်နှာအကျက မြန်မာကလူနဲ့ သိပ်မတူဘူးပေါ့နော်။ ကိုယ်နဲ့ မလိုက်တဲ့ လမ်းကြောင်းကို ရွေးမယ့်အတူတူ ကိုယ်နဲ့လိုက်တဲ့ လမ်းကြောင်းကို ရအောင်လုပ် ကြည့်လိုက် မဖြစ်ဘူးဆိုတာ မရှိစေရဘူးဆိုပြီး ဒီလမ်းကြောင်းကို ရွေးဖြစ်တာပါ။ အစကတော့ အဆဲခံ အပြောခံရလို့ စိတ်ဓာတ်တွေလည်း ကျတယ်။ မလုပ်ချင်တော့ဘူးပေါ့နော်။ ဒါပေမယ့် တချို့အားပေးတဲ့သူတွေလည်း ရှိတယ်။ အားပေးပေး မပေးပေး လုပ်ရမှာ ငါ့အပိုင်းပေါ့နော်။ သူတို့ကြိုက်ရင် လည်း အားပေးမယ်။ မကြိုက်ရင်လည်း အားမပေးဘူးပေါ့။ ကိုယ့်ကို လက်ခံမခံ လုပ်ကြည့်မယ်ပေါ့။ အဆင်မပြေရင်လည်း ကျောင်းစာ ပြန်လုပ်မယ်ပေါ့ ဆိုပြီး လုပ်ကြည့်ရင်းနဲ့ ပေါက်သွားတာပါ။


ဇာဇာက ခန္တာကိုယ်လေးလည်းရှိတယ်။ Sexy ဆိုတာလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အရမ်း ပိန်နေတဲ့သူ ဆိုရင်လည်း လုပ်လို့မဖြစ်ဘူး။ နိုင်ငံခြားမှာဆိုရင်တောင် ဆီလီကွန်တွေထည့်ပြီး ပြည့်အောင် လုပ်ရတာ။ နိုင်ငံခြားက မော်ဒယ်လ်တွေဆိုရင် ပိန်တော့ပိန်တယ်။ ဒါပေမယ့် သူ့နေရာနဲ့သူ အချိုးအဆစ်က ရှိပြီးသားလေ။ အဲ့ဒီတော့ ဇာက ခန္တာကိုယ်ကောက်ကြောင်းလည်းရှိတယ်။ အရမ်းကြီး အားစိုက်စရာမလိုဘူး။ အဲ့ဒီတော့ လုပ်ကြည့်မယ်ဆိုရင် လုပ်ကြည့်တာပါ။


မေး ဒီလို လုပ်လိုက်တဲ့အပေါ် ဝေဖန်မှု ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရလဲ။


ဖြေ ဝေဖန်မှုကတော့ တော်တော်လေးကို ခံခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဆက်မလုပ်ချင်လောက်အောင် ခံရပါတယ်။ တချို့ဆိုရင် ဥပမာ- Sexy Model ဆိုရင်ရရဲ့သားနဲ့ လိင် ဆိုတဲ့ စကားလုံးတွေနဲ့ တင်စားပြီး ရေးတယ်။ ကျမ အကြောင်းတွေ အင်တာဗျူး မလုပ်ဘဲနဲ့ရေးတာမျိုးတွေ ခံရတယ်။ အဲ့လိုမျိုး ခေါင်းစဉ်တပ်ခံရတဲ့အချိန်မှာ ငယ်ငယ်တုန်းက ပေါင်းနေတဲ့သူငယ်ချင်းတွေက အစ ကိုယ်က အရင်တုန်းက ယောက်ျားလျာလိုနေတဲ့အချိန်မှာ ဒီလိုဖြစ်မယ်ဆိုတာလည်း မသိဘူး။ ရည်းစားနဲ့ဖြတ်ပြီးတော့မှ sexy မဖြစ်ဘူးဆိုတာကို မခံချင်စိတ်နဲ့ တကယ်တော့ အဲ့ဒီ sexy ဆိုတာ ဘာမှန်းမသိဘဲနဲ့ သင်တန်းသွားတက်တယ်။ တကယ်တော့ စိတ်မ၀င်စားဘူး။ ဆရာက အိုက်တင်လုပ်ဆိုရင်တောင် မလုပ်တတ်ဘူး။ တောင့်တောင့်ကြီး ဖြစ်နေတာ။ ဒီလိုလမ်းကြောင်း ရောက်မယ်ဆိုတာလည်း တကယ့်ကို လုံးဝမထင်ထားဘူး။ ကောလဟလတွေ အပြောခံရချိန်မှာ ကိုယ်က မရင့်ကျက်သေးတော့ နေလို့ထိုင်လို့မရခဲ့ဘူး။ အိမ်ကိုလည်းမပြောရဲဘူး။ အားပေမယ့်သူကလည်း မရှိဘူး။ ကျမတို့က Broken family ပါ။ အဖေက ၀န်ထမ်းအရာရှိဆိုတော့ ကျမကို ဂျာနယ်တွေမှာတွေ့တယ်ဆိုတော့ အဖေက အမေ့ကို ဖုန်းဆက်ပြီးပြောတယ်။ အမေက ဆီးချိုဖြစ်နေတော့ မျက်စိက ခွဲထားတာ သိပ်မမြင်ဘူး။ အင်တာနက်တွေဘာတွေလည်း သုံးလို့မရဘူး။ အဲ့လိုမျိုးတွေကို အမေက မသိဘူး။ ပြီးတော့ မောင်လေးကလည်း ဆယ်တန်းကျောင်းသားဆိုတော့ အဲ့ဒါမျိုးတွေ သိပ်မလုပ်ဘူး။ သူကလည်း ဂိမ်းပဲဆိုတော့လေ။ နောက်တော့မှ သူ့သူငယ်ချင်းတွေက အွန်လိုင်းကနေ ဒေါင်းပြီးတော့ မောင်လေးကို ပြတယ်။ အဖေကလည်း အမေ့ဆီကို ဖုန်းဆက်ပြီး သားသမီးကို အဲ့လိုပဲ ထိန်းရသလားပေါ့။ ပညာတွေသင်ပေးထားတာ။ ဥပဒေနဲ့ ဘွဲ့ရထားတာ အလကားမဟုတ်ဘူးပေါ့ ဆိုပြီး လှမ်းပြောပြီး ပြသနာရှာတော့မှ အမေက သိပြီးတော့ အိမ်ပေါ်ကနေ နှင်ချတယ်။ မျိုးရိုးထဲမှာ ဒါမျိုး မရှိဘူးဆိုပြီး ဆဲဆိုထုရိုက်တာခံရတာပေါ့။ မြန်မာပြည်မှာနေပြီး ရိုက်စရာရှားလို့ ဆိုပြီး တစိမ်းမပြောနဲ့ ကိုယ့်မိသားစုတောင် အမြင်မရှိဘူး။ အဲ့ဒီအချိန်မှာ စိတ်က အရမ်းတိုတော့ အမေ့ကို ပြန်ပြောလိုက်တယ်။ အမေတို့ကရော ငွေထုပ်ကြီးပိုက်ထားပြီးတော့ ရင်းပေးလို့လားပေါ့။ အနောက်ကနေ မဂ္ဂဇင်းတွေ ရိုက်ဖို့ ပိုက်ဆံထုတ်ပေး လို့လား၊ ဓာတ်ပုံဆရာတွေနဲ့ရိုက်ဖို့ ပိုက်ဆံပေးလားပေါ့ အဲ့လိုပေါ့။ သူများအမေတွေလိုမျိုး သမီးကို ပံ့ပိုးပေးလို့လားပေါ့။ သမီးဝါသနာပါတာ သမီးလုပ်ကြည့်တာပေါ့၊ လုပ်ကြည့်လို့မှ မရရင် နောက်ဆုတ်မယ်ပေါ့။ အခုက အရှေ့ကိုရောက်နေပြီ သမီး နောက်မဆုတ်ချင်တော့ဘူး။ ဒီလိုအချိန်မျိုးရောက်မှ နောက်လှည့်ဖို့ဆိုတာ မဖြစ်တော့ဘူး။ အရှေ့ကို လှမ်းလက်စနဲ့ ဆက်လှမ်းမယ်ဆိုတော့ နင်ဆက်လှမ်းမယ်ဆိုရင် ငါတို့ မျိုးရိုး ထဲမှာလည်းမရှိဘူးပေါ့။ အဲ့ဒါကြောင့် အိမ်ပေါ်ကနေ နှင်ချတယ်။ အခုတော့ မနှင်ချနဲ့ဦးလို့ အခုဒီအလုပ်က ပိုက်ဆံမရသေးဘူး။ ပိုက်ဆံရတဲ့အချိန်ကျရင် ဆင်းသွားပြီး အိမ်ဌားနေမယ်ပေါ့။ အခုတော့ ပိုက်ဆံ မရသေးတော့ နေစရာမရှိသေးလို့ ဒီအိမ်မှာပဲနေပါရစေဆိုပြီး ကုတ်ကတ်ပြီး နေနေတာ။ အဲ့တော့ နေ့တိုင်း တချိန်လုံးပြောဆိုခံရတော့ ကြာတော့ စိတ်ညစ်တာပေါ့။ နောက်ပိုင်း မဇ္ဈိမက လိင်ဇာတ်ကားရိုက် တော့မယ်ဆိုပြီး အရေးခံလိုက်ရတော့ အဲ့ဒီအချိန်မှာ ကောလဟလတွေကြောင့် နေ့တိုင်း ငိုယိုနေတော့ အမေလည်း သနားလာပြီး နားလည်မှုရသွားတာပါ။ အမေကိုယ်တိုင် ပြသနာကို လိုက်ဖြေရှင်းပေးတယ်။ အဲ့လိုမျိုးပေါ့ အိမ်ကအစ အထင်မကြီးဘူး။ ဒီလို ဒဏ်တွေ တော်တော်ခံခဲ့ရပါတယ်။ မောင်တွေ အကိုတွေကအစ အရမ်းရှက်လို့ စကားတောင်မပြောဘူး။


အခုဆိုရင်တော့ အရင်ကလောက်တော့ မဆိုးတော့ဘူး။ နားလည်မှုရှိလာတယ်။ သူများတွေလည်း ဒီလိုပဲ လုပ်နေကြတာပဲ။ အမေတို့က မပံ့ပိုးနိုင်ပေမယ့် သမီးနာမည်ကို ချရင်းလိုက်တာပဲလို့။ ဒီ့အတွက် နာမည်တော့ ဆိုးသွားတာပေါ့။ ဒါပေမယ့် စာရိတ္တပိုင်းက ပျက်ဆီးနေလို့လား မိဘအုပ်ထိန်းမှုအောက်မှာ နေနေတာပေါ့။ ဒီမှာက မတိုးတက်သေးလို့ပါ။ သူများနိုင်ငံမှာလည်း ဒီလိုမျိုးတွေ ရိုက်နေတယ်ပေါ့ဆိုပြီး ပြောပြတော့မှ သိပ်ပြီး တော့ မပြောတော့တာ။ ဒါပေမယ့် အခုချိန်ထိတော့ ပွဲတခုခုသွားမယ်ဆိုရင် လုံလုံခြုံခြုံ ၀တ်ရတယ်။ လမ်း ရောက်တော့မှ သူငယ်ချင်းအိမ်ရောက်မှ လဲရတာမျိုးတွေ တခါတလေ အတိုအပြတ်ဝတ်ပြီးရင် အပေါ်ကနေ ထမိန်ထပ်ဝတ်ပြီး အိမ်ကနေ ထွက်သွားရတာမျိုးတွေပေါ့။


မေး ဒီလောက် မိသားစုရော ပတ်ဝန်းကျင်ရော အခက်အခဲတွေကြားထဲက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာဟာ ဒီလမ်းကြောင်းက ပိုပြီး လူသိများ အောင်မြင်လွယ်မယ်လို့ ယူဆမိလို့လား။


ဖြေ အဲ့လိုမျိုးလည်းမဟုတ်ဘူး။ အောင်မြင်ဖို့လမ်းကြောင်းကိုမြင်လို့ရယ်မဟုတ်ဘူး။ ကျမစိတ်က ဒါကို လုပ်ချင်တယ်။ လူတွေက အရမ်းပြောတယ်။ ဒီလိုအချိန်ရောက်တော့မှ စစ်ပွဲတခုတိုက်နေရသလိုပေါ့။ တိုက်ပွဲ တိုက်ရင်းနဲ့ သေမလား၊ မတိုက်ဘဲနဲ့သေမလား၊ တန်ဖိုးရှိအောင်တော့ ငါ တိုက်ရင်းနဲ့သေမယ်၊ သေတာတောင် နာမည်ကောင်းနဲ့သေမယ်၊ လုပ်လက်စနဲ့လုပ်မယ်ဆိုပြီး ဆက်တိုက်မယ်။ မတိုက်ဘဲနဲ့ ရပ်လိုက်ရင် သူများပစ် သွားလိမ့်မယ်ပေါ့။ ဟိုမရောက် ဒီမရောက်နဲ့ ရပ်လိုက်ရင်လည်း သူများ အပြောခံရမှာပဲ။ အပြောခံရမယ့်အတူတူ ဆက်ဖောက်မယ်ပေါ့။


မေး ကိုယ်လုပ်ချင်တဲ့လမ်းကြောင်းလို့ဆိုတော့ ဒါဆို ၀ါသနာပါလို့ ၀ါသနာအရလို့ ပြောလို့ရမလား။


ဖြေ အစကတော့ ၀ါသနာအရလို့တော့ မဟုတ်ဘူး။ ကိုယ်နဲ့လိုက်မယ့် လမ်းကြောင်းကို ရွေးခဲ့တယ်။ ဒါပေမယ့် ပရိတ်သတ်လက်ခံလာတဲ့အခါမှာတော့ ၀ါသနာလည်းပါသွားတယ်။ တကယ်လုပ်ကြည့်ချိန်မှာ အဲ့ဒါရဲ့ ဖီလင်ရယ် နောက်ပြီး ကျမ တခြား ၀က်ဆိုဒ်တွေကိုကြည့်ပြီး ပိုပြီး စိတ်ဝင်စားလာတယ်။ သူများတွေလုပ်တာကို ဒီအနုပညာရဲ့ လေးနက်မှုကို လက်ချောင်းလေးတွေကအစ ပြီးတော့ ဒီလို Sexy ပုံဆိုတာ ရိုက်ချင်တိုင်း ရိုက်လို့ မရဘူးဆိုပြီး အနက်အဓိပ္ပာယ်ကို သိလာတဲ့အချိန် အိုက်တင်လည်း တတ်လာတဲ့အချိန်မှာ ဒါမျိုးလေးကို ဆက်လုပ်ချင်တယ်။ ဒါဟာ အဆိုးနဲ့ အကောင်းယှဉ်လိုက်ရင် တုန့်ပြန်မှုက အဆိုးဘက်က ပိုများတယ်။ ဒီလို အဆိုးပေမယ့် ငါသည် ၀ါသနာအရလုပ်တာ။ ဒါပေမယ့် ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် တကယ်ရိုက်ချင်လို့ လုပ်တာ။ ပေါက်ပေါက်မပေါက်ပေါက် ငါလုပ်မယ်ဆိုတဲ့စိတ်နဲ့ လုပ်တာ။ ဘယ်သူဘာပြောပြော ငါ့လမ်း ငါ့ဆက်လျှောက်မယ် ဆိုပြီး နည်းနည်း ခေါင်းမာတတ်တဲ့ အကျင့်ကြောင့်လားမသိဘူး။


မေး ဒါဆို ဇာဇာထက်က သူများနဲ့မတူတဲ့ လမ်းကြောင်းတခုကို ဖောက်ချင် လျှောက်ချင်တယ်လို့ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုရမလား။


ဖြေ ဟုတ်ပါတယ်။ သူများနဲ့မတူတဲ့ လမ်းကြောင်းပေါ့နော် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါထိုးဖောက်ရမယ်။ အလွယ်လမ်းတော့ လိုက်တာမဟုတ်ဘူး။


မေး ဇာဇာထက် ဖြစ်ချင်တဲ့ အနုပညာလမ်းကြောင်းဆိုတာက ဘာဖြစ်မလဲ။


ဖြေ ဇာဇာကတော့ သရုပ်ဆောင်လိုင်းဘက်က ပိုပြီး နက်နဲတယ်လို့ထင်ပါတယ်။ လိုင်းပူးချင်လို့လည်း မဟုတ်ဘူး။ ပထမစလုပ်မယ်ဆိုကတည်းက လိုင်းမကြောင်ဘူးရှင့်။ တလိုင်းဆို တလိုင်းတည်းပဲ။ လိုင်းမကြောင်ဘူးဆိုတာက ကိုယ်က ဒါပဲတတ်တာကိုး။ သရုပ်ဆောင်ကျ ပိုလေးနက်တယ်လေ။ ဓာတ်ပုံကျတော့ လေးငါးယောက်လောက်နဲ့ ပြီးတယ်။ ရုပ်ရှင်ဘက်က လူတွေကိုလည်း တကယ်ကို လေးစားပါတယ်။ သူတို့က စိတ်နဲ့ အလုပ်လုပ်နေရတာ။ အိုက်တင်ရော စိတ်ခံစားမှုရော ကိုယ့်ရဲ့ခံစားချက်တွေ ဘာတွေပဲဖြစ်နေနေ အဲ့ဒါကို မေ့ပြီးတော့ သရုပ်ဆောင်လုပ်ရတာလေ။ အများနဲ့လုပ်ရတာဆိုတော့ ကိုယ်မှားလို့မရဘူးပေါ့နော်။ ကိုယ်က အဲ့ဒီလမ်းကြောင်းလိုက်ဖို့အတွက် ကိုယ်လည်း အဲ့လောက်အထိ အိုက်တင်မတော်ဘူး။ မျက်လုံး ခံစားမှုလေး၊ အိုက်တင်လေးနဲ့ပဲ လုပ်စားရတဲ့သူဆိုတော့ ကိုယ်နဲ့ မလိုက်ဘူးထင်လို့ပါ။ တချို့ကလည်း ရိုက်ဖို့ခေါ်တယ်။ လုပ်ကွက်မပေးဘူး။ တချို့ကျတော့ မင်းသမီး သူငယ်ချင်းတို့ဘာတို့ အဲ့ဒါမျိုးကျတော့လည်း မရဘူး၊ မရိုက်ချင်ဘူး။ ကိုယ်ကလည်း အဲ့လိုမျိုး ရုပ်မျိုးလည်းမပေါက်တဲ့အခါကျတော့ မင်းသမီးသူငယ်ချင်းဆိုရင် အမြဲတမ်း မင်းသမီး သူငယ်ချင်းပဲဖြစ်နေမှာ။ အဲ့ဒီတော့ ကိုယ့်ကိုလည်း ဒီပုံနဲ့ပဲ သိထားတာဆိုတော့ Professional Sexy Model တယောက်ပဲဖြစ်ချင်တာ။ ဒါပေမယ့် လုံးဝမလုပ်ဘူးလို့တော့မဟုတ်ဘူး။ မြေတောင်မြှောက်ပေးမယ် တင်ပေးမယ် ရိုက်ကြည့် ဆိုရင်တော့လည်း လုပ်ကြည့်မှာပါ။











မး ဒါဆိုရင် ပရော်ဖက်ရှင်နယ် Sexy မော်ဒယ်လ်အဖြစ်နဲ့ပဲဆက်လုပ်သွားမှာလား သရုပ်ဆောင်လိုင်းကို ကူးဖို့မရှိဘူးလား။


ဖြေ အဲ့လိုတော့မဟုတ်ဘူး။ အခြေအနေ အချိန်အခါ ပေးလို့ ကမ်းလှမ်းခဲ့ရင်တော့ ရိုက်ပါမယ်။ သက်သက်ကြီး တော့ ကူးဖို့မရှိဘူး။ အဲ့ဒီလမ်းကြောင်းကိုတော့ သွားမှာမဟုတ်ပါဘူး။ Sexy Model ကလည်း အတိုင်းအတာ တခုလောက်ပဲ။ ဒါကလည်း ရေရှည်လုပ်ဖို့မရည်ရွယ်ဘူး။ နောက်ထပ် တနှစ် သို့မဟုတ် နှစ်နှစ် သုံးနှစ်ပေါ့။ အချိန်ကာလတခုအထိပဲ လုပ်မှာပါ။ အသက်အရွယ်ကလည်း စကားပြောတယ်လေ။ ပြန်ပြီး ကျောင်းတက်ရင်တက် ဒါမှမဟုတ် စီးပွားရေးတခုခု လုပ်ဖြစ်မယ်ထင်ပါတယ်။


မေး တလောက တပ်မတော်သားတွေအတွက် Naked အကနဲ့ နယ်လှည့်ဖျော်ဖြေမယ်ဆိုတဲ့ ကောလာဟလ ကရော လတ်တလောမှာ ဘယ်လိုဖြစ်သွားပြီလဲ။


ဖြေ ပြည်မြန်မာကတော့ တောင်းပန်တယ်။ 7 days ကတော့ မတောင်းပန်ဘူး။ သူတို့မဟုတ်တဲ့ အတွက်ကြောင့် သူတို့စုံစမ်းပေးနေပါတယ်။ သူတို့မရေးဘဲနဲ့ တောင်းပန်လိုက်ရင် သူတို့တကယ်ရေးတယ်လို့ ထင်သွားလိမ့်မယ်တဲ့။ ပြီးတော့ လုပ်ကြံဖန်တီးတဲ့သူကလည်း ပိုပြီးတော့ ၀မ်းသာသွားလိမ့်မယ်တဲ့။ သူတို့က လည်း သူတို့ဘက်က မဟုတ်ဘူးပေါ့နော် နောက် မအေးသူစံကလည်း သူလည်း မရေးတာကြာပြီဆိုတဲ့အခါ ကျတော့ ကိုယ့်ဘက်ကလည်း ဟုတ်မှမဟုတ်ဘဲ သွားပြောရင် သူများအပြစ်ကနေ ကိုယ့်အပြစ်ကို ပြန်ဖြစ်လာ နိုင်တယ်။ ကိုယ်မဟုတ်ဘူး သူတို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကို ပရိတ်သတ်ကလည်း သိသွားပြီဆိုတော့ ကိုယ်လည်း ဆက်ပြီး မရှင်းပြတော့ဘူး။


မေး ဒီလို တိုက်ခိုက်ခံလိုက်ရတဲ့အပေါ် ဘာပြောချင်ပါလဲ။

ဖြေ လူဆိုတာ sexy ရိုက်ပေမယ့် အမြဲတမ်း အဲ့လို စာအုပ်ကြီးအတိုင်းကြည့်လို့တော့မရဘူးပေါ့။ လူတိုင်းကတော့ မျိုးချစ်စိတ်ရှိတယ်။ ကိုယ့်နိုင်ငံနဲ့ပတ်သက်ရင် နိုင်ငံချစ်စိတ်ရှိကြတာပဲ။ ပရဟိတဆိုတာလည်း sexy model မှ မဟုတ်ဘူး၊ လူတိုင်းလုပ်နေကြတာပဲ။ နိုင်ငံခြားမှာဆိုလည်း ဒီလိုပဲလုပ်နေကြတာပဲ။ အဲ့လိုမျိုး အမြင်တွေနဲ့ မကြည့်စေချင်ဘူး။ သူများရဲ့ ကိုယ်ရေးကိုယ်တာကို အသုံးချပြီးတော့ ကိုယ့်ရဲ့ ပေ့ခ်ျ like များအောင်လုပ်တာ မျိုး လုပ်ကြည့်အောင် လုပ်တာမျိုးတွေကို ဝေဖန်ချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ်လိုလူမှမဟုတ်ဘူး။ တခြားအနုပညာသမားတွေလည်း အကောင့်တွေ ဟက်ခံရတဲ့အခါကျတော့ မလုပ်စေချင်ဘူး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကာယကံရှင်က နစ်နာပါတယ်။ အဲ့ဒီတော့ ကိုယ်ချင်းစာစိတ် လေးထားပြီးတော့ မလုပ်စေချင်ပါဘူး။

လမ်းကြောင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသောတပ်မတော်စစ်ကြောင်းများနှင့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွား လက်နက်/ခဲယမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


ကုန်းကြမ်း-လောက်ကိုင်ကားလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မိုင်တိုင်အမှတ် (၂၃)အနီး၌ ကိုးကန့်သောင်းကျန်းသူ အင်အားစုအချို့နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှစစ်သည် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံများသို့ ဆက်လက် ပို့ဆောင်လျက်ရှိသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်မြို့ အနောက်တောင်ဘက်(၂) မိုင်ခန့်အကွာတွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအင်အားစုအချို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့်သောင်းကျန်းသူများထံမှ တရုတ်စက်လတ် ၁ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊TNT ယမ်းချောင်းနှင့်တိုက်မိုင်းများ သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ လောက်ကိုင်မြို့နှင့်ပါစင်ကျော်ကျေးရွာကြား တပ်မတော်စစ်ကြောင်းက လမ်းကြောင်းလုံခြုံ ရေး ဆောင်ရွက်စဉ် မာလီရှူးဝါးကျေးရွာအနီး၌ မသင်္ကာဖွယ်တွေ့ရှိသူ တစ်ဦးအား စစ်ဆေးခဲ့ရာ ကိုးကန့် သောင်းကျန်းသူအဖွဲ့၏ အမာခံဖြစ်သူဟု ယူဆရသူ ရှောက်လော်ဟန်၊ ၂၉ နှစ်အား ဖမ်းဆီးရမိပြီး ၎င်းထံမှ တရုတ်-မြန်မာ နယ်နိမိတ်မှတ်တိုင်အမှတ်(၁၄၄)အနီး ကိုးကန့် သောင်းကျန်းသူများ ယာယီအခြေပြုလျက်ရှိသော ဟုန်ဇူထန်ကျေးရွာသို့ သွားရောက်ပို့ဆောင်မည့် စိတ်ကြွ ရူးသွပ်ဆေးပြား ၈ဝဝဝ ပြားအား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ယနေ့မွန်းလွဲပိုင်းတွင် ပါစင်ကျော်ကျေးရွာနှင့်ချင်းရွှေဟော်ကြား ကားလမ်းတစ်လျှောက် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူအင်အားစုများ လုံထန်ရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများနောက်သို့ လိုက်လံရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
(မြဝတီ)

ထိုင်းတွင် ဘုရင်စနစ်ကို စော်ကားမှုဖြင့် လူ (၂) ဦး ထောင်ဒဏ် (၂) နှစ်ခွဲစီ ချမှတ်ခံရ



ထိုင်းတရားရုံး တစ်ခုသည် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ပြဇာတ်ကပြပြီး ဘုရင်စနစ်ကို စော်ကားမှုဖြင့် ထောင်ဒဏ် နှစ်နှစ်ခွဲစီ ချမှတ် လိုက်ကြောင်း သိရသည်။

ပတီဝပ်ဆာရိုင်ယိမ် (၂၃)နှစ်နှင့် ပုန်သစ်မန်ခွန် (၂၆) နှစ် တို့သည် နိုင်ငံတွင် ပြဋ္ဌာန်းထားသော တင်းကျပ်သည့် တော်ဝင် အက်ဥပေဒေကိုချိုးဖောက်မှု အရ အပြစ်ရှိကြောင်း ထင်ရှား၍ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ နှစ်ဦးအား စွဲချက်များမှာ ပြီးခဲ့သည့် ၂၀၁၃ တွင် တက္ကသိုလ် တစ်ခု၌ ပြဇာတ် ကပြစဉ် ဘုရင်စနစ်အား စော်ကားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့နှစ်ဦးမှာ ထောင်ဒဏ် (၁၅) နှစ် အထိ ချမှတ်နိုင်သည့် တော်ဝင်အက် ဥပဒေနှင့် ငြိစွန်းခဲ့ပြီး နှစ်ဦးစလုံးက ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံခဲ့သဖြင့် ပြစ်ဒဏ် လျှော့ပေါ့ခံရကာ နှစ်နှစ်ခွဲ အထိသာ ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

တရားရုံးတွင် စီရင်ချက်အား ဖတ်ပြရာ၌ ပုန်သစ်မန်ခွန်၏ မိခင်ပြဇာတ် ဒါရိုက်တာမှာ မျက်ရည်များကျပြီး ၀မ်းနည်းစွာ ငိုကြွေးခဲ့သည်။ ပုန်သစ်က သူမသည် စီရင်ချက်ကြောင့် ထောင်ကျရမည်ကို မကြောက်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး သရုပ်ဆောင် ပါဝင်ခဲ့သည့် ထိုပြဇာတ်မှာ စိတ်ကူးယဉ် ဘုရင့် နိုင်ငံတော် တစ်ခုအကြောင်း ဖြစ်ပြီး ဘုရင်တစ်ပါးနှင့် ၎င်း၏ အကြံပေး အမတ်တို့ အကြောင်း ဇာတ်လမ်း ဆင်ထားခြင်း ဖြစ်သည်။ 

အဆိုပါ ပြဇာတ်ကို သွန်မာဆတ် တက္ကသိုလ်တွင် ကပြသည့် အချိန်မှာ ထိုင်းတွင် ကျောင်းသားများ ဦးဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်အစိုးရက ဖြိုခွင်းခဲ့သည့် နှစ်(၄၀) မြောက် အထိမ်းအမှတ် အချိန်ဖြစ်သည်။

ထိုစဉ်က ဘန်ကောက်ရှိ သွန်မာဆတ် တက္ကသိုလ်တွင် ပြဇာတ် ကပြချိန်၌ မစ်္စတာ ပတီဝပ် ဆာရာယိမ်မှာ ကျောင်းသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ မစ္စပုန်သစ်မန်ခွန်မှာ ဘွဲ့ရ တစ်ဦးဖြစ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပြဇာတ် ကပြပြီးနောက် ထိုနှစ် သြဂုတ်လတွင်မှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး၊ ယခု ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

ထိုင်းတွင် စစ်အစိုးရ တက်လာပြီး နောက်ပိုင်း အတိုက်အခံများ၊ အစိုးရကို ဝေဖန်သူများစွာမှာ တင်းကျပ်သည့် တော်ဝင်အက် ဥပဒေဖြင့် ထောင်ချ ဖမ်းဆီးခံရမှုများ ပိုများလာနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ဖော် ဝေဖန်ထားသည်။

ပြီးခဲ့သည့် နှစ် မေလတွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ ထိုင်းတွင် တော်ဝင် ဥပဒေဖြင့် တရားစွဲ ခံထားရသူ ဦးရေ (၁၅) ဦး ရှိသည်။ ထို့ပြင် ထိုဥပဒေဖြင့် စုံစမ်း စစ်ဆေးမှု လုပ်နေသည့် အမှု (၉၀) ခန့်ရှိပြီး၊ ရဲတပ်ဖွဲ့သည် ယင်းအမှုများမှ တစ်ဝက်ခန့်ကို တရားစွဲဆိုရန် ရည်ရွယ်နေကြောင်းလည်း သိရသည်။

Source: BBC

ISIS တိုက်ဖျက်ရေးကို တိုးမြှင့်လုပ်ဆောင်နိုင်ရန် ပြင်သစ်နိုင်ငံက လေယာဉ်တင် စစ်သင်္ဘောတစ်စီးကို စစ်ဆင်ရေးတွင် စတင်အသုံးပြု

ပါရီ ၊ ၂၄-၂-၂၀၁၅

ပြင်သစ်နိုင်ငံ သည် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး လုပ်ဆောင်ချက် များကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် ၄င်းတို့၏ လေယာဉ်တင် စစ်သင်္ဘော တစ်စီးကို ယမန်နေ့တွင် ပင်လယ်ကွေ့ ဒေသ၌ စစ်ဆင်ရေး အတွင်း စတင် အသုံးပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြင်သစ် အစိုးရသည် နိုင်ငံအတွင်း လူ ၁၇ ဦး သေဆုံးခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ရက်သတ္တ ခုနစ်ပတ် အကြာတွင် နိုင်ငံကို ခြိမ်းခြောက် နေသည့် ISIS စစ်သွေးကြွ များ၏ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်နိုင်ရေး အတွက် အမေရိကန် ဦးဆောင်သည့် ISIS စစ်သွေးကြွ တိုက်ဖျက်ရေး တွင် ပိုမိုပါဝင် နိုင်စေရန် ၄င်းတို့၏ ချားလ်စ်ဒီဂေါလ် လေယာဉ်တင် စစ်သင်္ဘောကို စစ်ဆင်ရေး အတွင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ISIS စစ်သွေးကြွ များသည် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေ အများအပြားကို သိမ်းယူပြီး နောက်ပိုင်း တွင် ပြင်သစ်နိုင်ငံ က အမေရိကန် ဦးဆောင်သည့် အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ်တွင် အမေရိကန်
စစ်သင်္ဘောတစ်စီး ဖြစ်သည့် USS ကားလ်ဗင်ဆင် နှင့်အတူ ပင်လယ်ကွေ့ အတွင်း ကင်းလှည့်ရန် အတွက် တူလွန်ဆိပ်ကမ်း မှ ဇန်နဝါရီလ အတွင်းက စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်း နောက်ပိုင်းတွင် ပြင်သစ် လေယာဉ်တင် သင်္ဘောသည် အိန္ဒိယနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံက ၄င်းတို့၏ လေယာဉ်တင် သင်္ဘောကို ယခုကဲ့သို့ စစ်ဆင်ရေးတွင် ဖြန့်ကြက် အသုံးပြုခြင်း သည် ညွန့်ပေါင်း တပ်ဖွဲ့များ အနေဖြင့် ယူအေအီး နိုင်ငံအတွင်းရှိ အခြေစိုက် စခန်းများ မှတစ်ဆင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များကို တိုက်ခိုက်ရာတွင် အချိန် ပိုမိုသက်သာ စေမည် ဖြစ်ကြောင်း သိရသည်။

‎PyiChitThar‬

ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို တိုက်ခိုက်ရန်အတွက် ISIS အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်

ဝါရှင်တန် ၊

ISIS စစ်သွေးကြွ အဖွဲ့သည် လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တန်ပြန် တိုက်ခိုက်ရန် အတွက် အမေရိကန် ပြည်ထောင်စု ၏ မဟာမိတ် နိုင်ငံများက ဖွဲ့စည်း တည်ထောင် ခဲ့သည့် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးက ဝန်ခံ ပြောကြား ခဲ့ကြောင်း သိရသည်။

ISIS စစ်သွေးကြွ အဖွဲ့သည် မိမိတို့ မဟာမိတ် နိုင်ငံများ၏ ငွေကြေး ထောက်ပံ့ ပေးမှုမှ အစပျိုး ဖြစ်ပေါ်ခဲ့သည့် စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ NATO တပ်ဖွဲ့၏ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် အမေရိကန် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝက်စလီကလာ့ခ် က CNN သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့ကို တိုက်ခိုက်နိုင်မည့် တစ်ခုတည်းသော အဖွဲ့မှာ ISIS စစ်သွေးကြွ အဖွဲ့ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြောဆို ရခြင်းမှာ စစ်သွေးကြွ အဖွဲ့ နှစ်ဖွဲ့စလုံးသည် ဘာသာရေး၊ နိုင်ငံရေး ဆိုင်ရာတို့၌ တက်ကြွ လွန်းသည့် အဖွဲ့များ ဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း ကလာ့ခ် က ပြောကြားခဲ့သည်။

ISIS စစ်သွေးကြွ များကို ဖွဲ့စည်း တည်ထောင်ခဲ့ ရာတွင် ပါဝင်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ မဟာမိတ် နိုင်ငံများ အနက် မည်သည့်နိုင်ငံများ ပါဝင်သည် ဆိုခြင်းကို ဗိုလ်ချုပ်ကြီးဟောင်း ကလာ့ခ် က အတိအကျ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိသော်လည်း ISIS စစ်သွေးကြွ အဖွဲ့ ပေါ်ပေါက် လာခြင်းသည် ဟစ်ဇ်ဘိုလာ ပြောက်ကျား တပ်ဖွဲ့များကို တိုက်ဖျက်နိုင်မည့် မဟာဗျူဟာ ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည် ဆိုခြင်းကို အတည်ပြု ပြောကြား ခဲ့သည်။

‪PyiChitThar‬

ဘီယာကို မသောက်ပဲ သုံးစရာ အခြားနည်းလမ်းများ


ဘီယာကို သောက်စရာ အပြင် အခြားသော နည်းလမ်းများစွာဖြင့် အသုံးပြုလို့ ရပါသေးတယ်။ ဥပမာ သူ့ကို ရေချိုးသလို ချိုးဖို့ အသုံးပြုတာတို့ အသားစိမ်း၊ ငါးစိမ်းတို့ကို ချက်ခါနီး ဘီယာနဲ့ နှပ်ထားတာတို့ကို သိကြမှာပါ။ အဲ့လိုပဲ အလားတူ အမျိုးအစားများကို ဖော်ပြလိုက်ရပါတတယ်။ ဘီယာကို အခြား အသုံးပြုလို့ ရတဲ့ နည်းလမ်းများကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁) ရေချိုးသလိုချိုးခြင်း (ကျန်းမာရေးအတွက်) 
၂) မီးငြိမ်းခြင်း
၃) အသားစိမ်းများကို မချက်ခင် နူးနပ်စေခြင်း
၎) အိုးခွက်များကို တောက်ပြောင်အောင်ဆေးခြင်း
၅) ဘီယာဖြင့် အသားများအား စိမ်၍ ကင်ခြင်း 
၆) ခေါင်းလျှောရန်အတွက် သုံးခြင်း
၇) ဝက်အူရစ်များအား သံချေးချွတ် သန့်စင်ခြင်း
၈) သြဇာ ရွက်ဖျမ်းရည် ကဲ့သို့ အသုံးပြုခြင်း
၉) ခရုခွံခွာခြင်း၊ ချက်ခြင်း
၁၀) ကျောက်ကပ် သန့်စင်ခြင်း
၁၁) ပုဇွန်ကို ပြုပ်ခြင်း
၁၂) မြောက်အရပ်ကို ရှာဖွေရန် သံလိုက်အိမ်မြောင်ကဲ့သို့ သုံးခြင်း
၁၃) မျော့၊ ကျွတ် များကို သတ်ခြင်း
၁၄) ခြေထောက်ကို အကိုက်အခဲပျောက်ရန် စိမ်ခြင်း
၁၅) သွေးပေါင်ချိန် ကျစေခြင်း
၁၆) ဘီယာပေါင်မုန့် ပြုလုပ်ခြင်း
၁၇) ကြွက်ဖမ်းခြင်း
၁၈) ငါးဖမ်းခြင်း
၁၉) အကြောအကိုက်အခဲ သက်သာရန် ဘီယာထုတ်ဖြင့် ဖိပေးခြင်း
၂၀) ဝမ်းနာလျှင် သောက်၍ သက်သာစေခြင်း
၂၁) ထမင်းချက်ခြင်း
၂၂) ကြက်ကင်ခြင်း


အစရှိသဖြင့်တို့အပြင် အခြားသော နည်းလမ်းများစွာဖြင့်လည်း အသုံးပြု နိုင်ပါ သေးတယ်။ အသုံးပြုပုံ အသေးစိတ်ကိုတော့ http://www.menshealth.com/…/things-to-do-with-b…/printer.php မှာ ဖတ်ရှု နိုင်ပါတယ်။ 
.
အောင်ခမ်း (www.innewsmyanmar.com)

ရေသောက်ရန် အကောင်းဆုံး အချိန်


ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို ဆုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။

အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

Ref: medic facts
International news for myanmar

လောက်ကိုင်ထောင်မှ အကျဉ်းသားများ ရွှေ့ပြောင်းစဉ် ပစ်ခတ်ခံရ အကျဉ်းသား အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရ


စစ်အုပ်ချုပ်ရေး အမိန့်ဖြင့် အုပ်ချုပ်နေသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ စီအောအကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းသည် ပါစင်ကျော်ရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ရွာအနီးတွင် ဖေဖော်ဝါရီ ၂၃ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်ဟု အစိုးရစစ်တပ်က သတင်းထုတ်ပြန်သည်။


အစိုးရတပ်၏ ထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုကာ ပစ်ခတ်ခံရမှုကြောင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၁) ဦး၊ အကျဉ်းသူ (၄၄) ဦးနှင့် စစ်သည် (၁) ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ၇ ရက်အတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၂၁ ရက်တွင်လည်း ကြက်ခြေနီအလံ လွှင့်ထူထားသော ယာဉ်များ ပစ်ခတ်ခံခဲ့ရသေးသည်။

ယခုအကြိမ် ပစ်ခတ်ခံရမှုတွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်ခဲ့ပြီး တပ်မတော်တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ (၁) ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့သည်။

အဆိုပါ ဒေသတွင် ဥပဒေချိုးဖောက်ပါက အမြင့်ဆုံးသေဒဏ်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

Mizzima

မုဒိမ်းပြုကျင့်သူအား တွန်းလှန် တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး အသတ်ခံလိုက်ရခြင်းအတွက် အမျိုးသားများ စကတ်တိုဝတ်ကာ ဆန့်ကျင်ဆန္ဒပြ (wear a miniskirt for Ozgecan)




ဓားဖြင့်ထိုး၊ သံချောင်းဖြင့် ရိုက်ကာ အသတ်ခံခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် တူရကီကျောင်းသူလေး Ozgecan Aslan သေဆုံးခြင်းကြောင့် နိုင်ငံတကာမှာ အမြတ်ဒေါသမီး ပွင့်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေး ထောက်ခံအားပေးတဲ့ သင်္ကေတတစ်ခု အနေနဲ့ အမျိုးသားတွေက “wear a miniskirt for Ozgecan” အိုစ်ဂျီကန်အတွက် စကတ်အတိုဝတ်ကြ ဆိုတဲ့ အမှတ်အသား သင်္ကေတ စာသားပါ စကတ်အတိုတွေ ဝတ်ပြီး သူတို့ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ကြောင်း သိရပါတယ်။


ဒီလို ဆန္ဒပြဖော်ထုတ်ခြင်းကို တူရကီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံး အမျိုးသား၊ အမျိုးသမီးအပါအဝင် လူအယောက် ၁၅၀၀ သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဘီဘီစီသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ တကယ်လို့ ဒီစည်းရုံးလှုံ့ဆော်မှု ထိရောက်အောင်မြင်ပြီး အကျိုးသက်ရောက်မှုရှိခဲ့ပါက ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။ Aslan ရဲ့အလောင်းကို သူမ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး (၂) ရက်အကြာ၊ ချောင်းငယ်တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့မှာ ပစ်ထားခံခဲ့ရတာဖြစ်ပါတယ်။
Trend Myanmar

ယူကရိန်းအရှေ့ပိုင်းမှာ သူပုန်တွေ အောင်ပွဲဆင်နွှဲ

ရုရှားကျောထောက်နောက်ခံရနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရဲ့ သံချပ်ကာကား ယာဉ်တန်းကို Debaltseve မြို့နားမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၅)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Debaltseve မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေကို အနိုင်ရလိုက်တဲ့အတွက် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အနီးနားက Donetsk မြို့မှာ တနင်္လာနေ့က အောင်ပွဲခံတဲ့ ချီတက်ပွဲတွေ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ ရုရှားဘာသာစကားပြောတဲ့ အဲဒီဒေသမှာ ကုလသမဂ္ဂငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့တွေ စေလွတ်စောင့်ကြည့်ပေးဖို့ ယူကရိန်းအစိုးရက လုံခြုံရေးကောင်စီကို တောင်းဆိုနေချိန်မှာပဲ အဲဒီလို အောင်ပွဲခံတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

Donetsk မြို့က အောင်ပွဲခံတဲ့ အခမ်းအနားကျင်းပတဲ့နေ့ကို Fatherland Day အဖပြည်နေ့ဆိုပြီး ရုရှားနိုင်ငံမှာလည်း အမျိုးသားအားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တခြား ဒေသတွေမှာ ကျင်းပခဲ့တဲ့ အောင်ပွဲခံ အခမ်းအနားတွေရဲ့ပုံတွေထဲမှာတော့ အသစ်ခန့်အပ်ခံလိုက်ရတဲ့ Crimea ဝန်ကြီးချုပ်က Simferopol မြို့မှာ AK-47 မောင်းပြန်သေနတ်ကို ကိုင်ဆောင် ဝှေ့ယမ်းနေတဲ့ပုံနဲ့ Crimea ဒေသ Sevastopol မြို့က ရုရှား စစ်သင်္ဘောပေါ်မှာ ပြုံးပြီး အလေးပြုနေတဲ့ ကလေးငယ် တဦးပုံတို့လည်း ပါဝင်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းအရှေ့ပိုင်းဒေသကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့တွေစေလွတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီးက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထံ တောင်းဆိုလိုက်ပါတယ်။ Belarus နိုင်ငံ Minsk မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရလိုက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားနဲ့ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဘက်က ချိုးဖောက်ခဲ့တယ်လို့ ယူကရိန်းအသံအမတ်ကြီး Pavlo Klimkin က ပြောပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

မြန်မာယူ-၂၀ အသင်း ပြိုင်ဘက်အသင်းများကို စတင်လေ့လာ

မြန်မာ ယူ-၂၀ အသင်းကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဗိုလ်ဗိုလ်ဝင်း)

၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ အိမ်ရှင်အသင်း နှင့် တစ်အုပ်စုတည်းကျရောက် လျက်ရှိသည့် မြန်မာအသင်းမှာ ပြိုင်ဘက်အသင်းများ၏ ကစားပုံ ကို စတင်လေ့လာနေပြီး အမေရိကန်အသင်း၏ ကစားပုံကို အတော်အတန် သိရှိနေပြီဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာဂတ်ကပြောသည်။

မြန်မာယူ-၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန် အပါအ၀င် ယူကရိန်း၊ အမေရိကန်အသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုတွင်းပြိုင်ဘက် အသင်းများ၏ ခြေစွမ်းနှင့် ကစား ကွက်ပိုင်းကို လေ့လာနေပြီဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အုပ်စုတွင်းပြိုင်ဘက် အ သင်းတွေရဲ့ ခြေစွမ်းနဲ့ နည်းစနစ် ပိုင်းကို စတင်လေ့လာနေပြီ။ အ မေရိကန်ရဲ့ ခြေစွမ်းကို အတော် အသင့်သိရှိပြီးပြီ။ ကျန်တဲ့အသင်း တွေရဲ့ ကစားပုံကိုလည်း ဗီဒီယို မှတ်တမ်းတွေကတစ်ဆင့် လေ့ လာနေတယ်’’ဟု မစ္စတာဂတ်က ပြောသည်။

မြန်မာအသင်းသည် တူရကီ နိုင်ငံသို့ သွားရောက်လေ့ကျင့်စဉ် အမေရိကန်နှင့် သြစတြေးလျတို့ ၏ ခြေစမ်းပွဲကို တိုက်ရိုက်ကြည့် ရှုခွင့်ရခဲ့သည့်အတွက် အမေရိ ကန်အသင်း၏ ခြေစွမ်းကို လေ့ လာခွင့်ရခဲ့ကြောင်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများအနေဖြင့် မြန်မာအသင်းထက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းပြီး ကြံ့ခိုင်မှုပိုကောင်းသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် က ပြောသည်။

မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုအဖြစ် ဂျာမနီနှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မည်ဖြစ် ပြီး ခြေစမ်းပွဲများကစားရန်စီစဉ် ထားကြောင်း ဥရောပ ယူ-၂၀ လက်ရွေးစင်အသင်း (သို့) အင်္ဂ လန် လူငယ်ကလပ်အသင်းတစ် သင်းနှင့် မြန်မာနိုင်ငံတွင် ခြေစမ်း ပွဲကစားရန် အဖွဲ့ချုပ်သို့ တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။
7 Day

အိုင်အက်စ်များချေမှုန်းရန် ပြင်သစ်လေယာဉ်တင်သင်္ဘော ပါရှန်ပင်လယ်ကွေ့သို့ထွက်ခွာ

ပင်လယ်ကွေ့ဒေသတွင် ရောက်ရှိနေသော ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါလ်ပေါ်မှ ရာဖာလီတိုက်လေယာဉ်တစ်စီး ထွက်ခွာရန် ပြင်ဆင်နေစဉ် (PATRICK BAZ/AFP)

အီရတ်နိုင်ငံရှိ အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ ချေမှုန်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်အစိုးရသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပါရှန်ပင်လယ်ကွေ့ ၌ လေယာဉ်တင်သင်္ဘောတစ်စီး ချထားလိုက်သည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီစစ်ဆင်ရေးမှာ Charles de Gaulle လေယာဉ်တင်သင်္ဘော ပါဝင်မှု ဒီနံနက်မှာပဲ စတင်ပါ တယ်’’ဟု ကာကွယ်ရေးဝန်ကြီး ဌာန အရာရှိတစ်ဦးကပြောသည်။

ယင်းလေယာဉ်တင် သင်္ဘောသည် ဘာရိန်းနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ခုတ် မောင်းနေပြီး ဖေဖော်ဝါရီ ၂၃ ရက်နံနက်တွင် ယင်းသင်္ဘောပေါ်မှ ပထမဆုံး Rafale တိုက်လေယာဉ် တစ်စီး ထွက်ခွာသွားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောသည် ငါးလကြာ စစ်ဆင် ရေး ဆောင်ရွက်ရန် ဇန်နဝါရီ ၁၃ ရက်တွင် Toulon အခြေစိုက်စခန်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့အပေါ် ကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ လေကြောင်းထိုးစစ်ဆင်မှု တစ် စိတ်တစ်ပိုင်းအဖြစ် Charles de Gaulle သင်္ဘောသည် ကန်လေ ယာဉ်တင်သင်္ဘော USS Carl Vinson နှင့်အတူ ပါရှန်ပင်လယ် ကွေ့၌ သီတင်းပတ်အတန်ကြာ ရှိနေမည်ဖြစ်သည်။

ပင်သစ်လေယာဉ်တင် သင်္ဘောသည် Rafale တိုက်လေယာဉ် ၁၂ စီးနှင့် Super Etend-ard တိုက်လေယာဉ်ကိုးစီး သယ်ဆောင်သွားသည်ဟု သိရသည်။

ပြင်သစ်တိုက်လေယာဉ်များ သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လလယ်မှစ၍ အီရတ်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ပေါင်း ၁၀၀ ခန့်နှင့် လေကြောင်း ထောက်လှမ်းမှုအကြိမ်ရေ ၁၀၀ ခန့် ပြုလုပ်ခဲ့သည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ဆီးရီးယား နိုင်ငံနှင့် အီရတ်နိုင်ငံရှိ အိုင်အက်စ်ပစ်မှတ်များအပေါ် လေကြောင်း တိုက်ခိုက်မှု ၂,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

—Ref: AFP

တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ် ရဲ့ ရှင်းလင်းချက်

ဓါတ်ပုံ - သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ် အား သျှမ်းသံတော်ဆင့်မှ သျှမ်းဘာသာသတင်းဌာန အယ်ဒီတာ စိုင်းဆိုင်ယ ကတွေ့ဆုံမေးမြန်းနေစဉ်
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားသစ် ကောက်ယူစုဆောင်း မှုခံနေရတယ်လို့ပြောဆိုနေပါတယ်။ တပ်သားမပေးနိုင်တဲ့လူတွေအဖို့ ငွေကြေးမြောက်အများ ပေးပြီး လူငှားပေးရတယ်လို့ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယ က သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်။ ။ ကျနော်တို့ မူဝါဒအရ ၁၈ နှစ်ပြည့်ပြီးသူများ စစ်မှုလာထမ်းရမယ် ဆိုတာ ပါရှိပါတယ်။ သျှမ်းဘဲ မဟုတ်ဘူး။ သျှမ်းပြည်ထဲက တိုင်းရင်းသားတိုင်းစစ်မှုထမ်းရမှာပါ။ မိုင်းကိုင်လူထုကိုယ်စား စာရေး တင်ပြလာတယ်ဆိုတာ ကျနော်တောင်မှသိချင်တယ် အဲဒီလူထု ကိုယ်စားလှယ်ဆိုတာ။ သူဟာ တကယ်ဘဲ လူထုကိုယ်စားပြုပါသလား။ တကယ်လို့ စစ်မှုထမ်းရ တာ ကြောင့်လူထုအတွက် အခက် အခဲဖြစ်မယ်ဆိုရင် သျှမ်းပြည်တပ်မတော်ဆိုတာ မရှိစေချင်ရင်လည်းရတယ်။ လွယ်တိုင်းလျန်းမှာ စစ်ပညာသင်ကြားနေတဲ့ စစ်သားအားလုံးကို အိမ်ပြန်ခိုင်းလိုက်မယ်လေ။

ကျနော်တို့မူဝါဒ အရ ၅ နှစ်စစ်မှုထမ်းရမယ်ဆိုတာရှိထားပေမယ့် စစ်ပညာကို ၂ နှစ်ဘဲ လာသင်လဲရတယ်။ ၃ နှစ်ဘဲ လာသင်လဲရတယ်။ လာကြတဲ့လူတွေက ဆန္ဒအလျောက် လာကြတာတွေချည်းဘဲ။ အဓမ္မမကောက်ရပါဘူး။ တာဝန်နဲ့ အသိစိတ်ဓါတ်နဲ့ဘဲလေ။

ကျနော်တို့ သျှမ်းပြည်ကြီးဆုံးရှုံးရတာ ဘာကြောင့်လည်း စော်ဘွားတွေကနေ လူထုကိုစစ်ရေး လေ့ကျင့်ပေးမှု မလုပ်ထားဘူးလေ။ ကိုယ့်ပြည်နယ်ကြီးကိုကာကွယ်ဖို့ အဆင်သင့် မလုပ်ထားတဲ့ ခါကျတော့ ရန်သူက သျှမ်းပြည်ထဲကို အလွယ်တကူနဲ့ ဝင်လာနေနိုင်တာပေါ့။ ဒါလူတိုင်းသိနေ တာဘဲ။ အခု ကျနော်တို့လည်း ဒါတွေကိုသိလာတဲ့ခါကျတော့ စနစ် ကြီးတခု သတ်မှတ်လိုက် တာလေ။ ထိုင်းနိုင်ငံဆိုကြည့်ပါလား။ ၂ နှစ်ခွဲ တသုတ် စစ်သားခေါ်တယ်လေ။ စစ်ရေးပညာ မတတ်ထားရင် ရပ်ကွက်သူကြီးတို့ မြို့ရွာ အုပ်ချုပ်ရေးမှူးတို့မှာ ပါဝင်ရွေးကောက်ခွင့်မရှိဘူး။ သူများနိုင်ငံမှာ လုပ်ထားတဲ့စနစ်က။ ကျနော်တို့လည်း အဲလိုစည်းစနစ်ရှိစေချင်လို့ပါ။

တချို့ဒေသဆိုရင် ဥပမာ RCSS/SSA နဲ့ SSPP/SSA ကြား၊ SSPP/SSA နဲ့ TNLA ကြား၊ RCSS/SSA နဲ့ PNLA တို့ကြား မှာနေထိုင်တဲ့သူတွေအတွက် ဘယ်လိုစီစဉ်ထားလဲဆိုတော့ -
ကျနော်တို့က သျှမ်းပြည်တဝှမ်းလုံးအတွက်ရည်ရွယ်တယ်လေ။ ဒေသတွင်းအတွက်ဘဲမဟုတ်ဘူး။ ဆိုတော့ ဘယ်တပ်ဖွဲ့မှာဘဲစစ်မှုထမ်းထမ်း စစ်မှုထမ်းပြီးပြီဆိုရင် ရပြီ။ ကျနော်တို့ RCSS ဆီမှာမှ စစ်မှုထမ်းရမယ်ဆိုတာမဟုတ်ဘူး။ ဥပမာ SSPP တို့ ၊ TNLA တို့၊ ပအိုဝ်းတို့ဆီမှာ စစ်မှုထမ်းပြီးပြီ ဆိုရင် ကျနော်တို့ဆီလာထမ်းစရာမလိုတော့ဘူး။ ဒါပေမယ့် စစ်ပညာသင်ကြားပြီးကြောင်း သင်တန်း ပြီးလက်မှတ်ရှိရမယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သျှမ်းပြည်မှာ သျှမ်းပြည်ရဲ့ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်။ ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားကြ တယ်လေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုဟ်သည့် စစ်အခမ်းအနားကျင်းပ

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြစဉ်


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အရာရှိ ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေ ချစဉ်


နိုင်ငံတော်အတွက် အသက်စွန့်လှူ ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများကို ဂူသွင်းသင်္ဂြိုဟ်စဉ်


နေပြည်တော် ၊ ၂၄-၂-၂၀၁၅


လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်သည့် စစ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြပြီး စစ်ခရာ အဖွဲ့မှ ကျဆုံး ရဲဘော်အလေးပြု ခရာမှုတ်၍ အလေးပြုကြသည်။


ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လောက်ကိုင်ဒေသ တိုက်ပွဲများ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး ကျဆုံးသွားသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရှိရသည်။

Themyawadydaily

ကိုးကန့်သောင်းကျန်းသူ များထံမှ လက်နက်ခဲယမ်းနှင့် ယာဉ်များ သိမ်းဆည်းရမိ ၊ လောက်ကိုင်မြို့ မှ အကျဉ်းသားများ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား သယ်ဆောင်လာသည့် ယာဉ်တန်းကို နှောင့်ယှက်တိုက်ခိုက်



နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော် စစ်ကြောင်း များက တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ သွားသည့် အဆိုပါ တောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ် နယ်မြေရှင်းလင်း ခဲ့ရာ အမ်(၂၁) တစ်လက်၊ အမ်(၂၂) ခုနစ်လက်၊ ဝမ်ချက်စတာ တစ်လက်၊ အမ်(၂၂) ကျည်အိမ် ၁၄ ခု၊ အမ်(၂၂)ကျည် ၅ဝ၈ တောင့်၊ ပလတ်စတစ် နင်းမိုင်း နှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်း တံဆိပ်မပါ ရှိသည့် ယူနီဖောင်း သုံးစုံ၊ ဗွီဂို အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး၊ တိုက်ဂါး အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး နှင့် ဆိုင်ကယ် ခုနစ်စီးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၇) အနီးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ အဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်း ခြောက်လောင်း နှင့် အမ် (၂၂) လေးလက် တို့ကို သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ စစ်သည်သုံးဦး အသက်ပေး လှူခဲ့၍ အရာရှိ၊ စစ်သည် ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံ များသို့ ဆက်လက် ပို့ဆောင်လျက် ရှိသည်။


ယမန်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြား ရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများမှ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုတ်ခွာသွားသော ကိုးကန် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက် ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိ သူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Themyawadydaily