ရေသောက်ရန် အကောင်းဆုံး အချိန်


ရေဟာ လူ့ကျန်းမာရေး အတွက် အထောက် အကူပြုမှန်း၊ အဓိက လိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိ ရောက်ရောက် ကောင်းကျိုး ပေးတာ ဖြစ်ပါတယ်။

ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက်စာ ရေသောက် သုံးခြင်းဖြင့် သွေးလည် ပတ်မှုကို မြင့်တင် ပေးခြင်း၊ သွေးစေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေ ပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့ သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရ များအား ပိုမို ဆုပ်ယူ ပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင် များက အားမပေး ပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက် ပေးနိုင်လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်း သမျှကို ယင်းအချိန် ရေသောက် ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေ ပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာ ၀င်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက် လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလို အပ်ပါတယ်။ ဒါကြောင့် အိပ်ယာ မ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေ စနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေမှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတု ပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့ အတွက် တစ်ခါတစ်လေ ကျရင် ရေအရမ်းဆာ တတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ် မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန် ပါတယ်။

အထက်အပါ အတိုင်း စနစ်မှန်၊ ပမာဏမှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေး အတွက် များစွာ အကျိုး ထူးစေမှာ ဖြစ်ပါတယ်။

Ref: medic facts
International news for myanmar

လောက်ကိုင်ထောင်မှ အကျဉ်းသားများ ရွှေ့ပြောင်းစဉ် ပစ်ခတ်ခံရ အကျဉ်းသား အမျိုးသမီး ၄၀ ကျော် ဒဏ်ရာရ


စစ်အုပ်ချုပ်ရေး အမိန့်ဖြင့် အုပ်ချုပ်နေသည့် ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ရှိ စီအောအကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းသည် ပါစင်ကျော်ရွာနှင့် ချင်းရွှေဟော်ကြားရှိ လုံထန်ရွာအနီးတွင် ဖေဖော်ဝါရီ ၂၃ရက် ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသည်ဟု အစိုးရစစ်တပ်က သတင်းထုတ်ပြန်သည်။


အစိုးရတပ်၏ ထုတ်ပြန်ချက်တွင် ကိုးကန့်တပ်ဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုကာ ပစ်ခတ်ခံရမှုကြောင့် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၁) ဦး၊ အကျဉ်းသူ (၄၄) ဦးနှင့် စစ်သည် (၁) ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဒဏ်ရာရရှိသူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ ၇ ရက်အတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၂၁ ရက်တွင်လည်း ကြက်ခြေနီအလံ လွှင့်ထူထားသော ယာဉ်များ ပစ်ခတ်ခံခဲ့ရသေးသည်။

ယခုအကြိမ် ပစ်ခတ်ခံရမှုတွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်ခဲ့ပြီး တပ်မတော်တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ (၁) ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့သည်။

အဆိုပါ ဒေသတွင် ဥပဒေချိုးဖောက်ပါက အမြင့်ဆုံးသေဒဏ်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

Mizzima

မုဒိမ်းပြုကျင့်သူအား တွန်းလှန် တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး အသတ်ခံလိုက်ရခြင်းအတွက် အမျိုးသားများ စကတ်တိုဝတ်ကာ ဆန့်ကျင်ဆန္ဒပြ (wear a miniskirt for Ozgecan)




ဓားဖြင့်ထိုး၊ သံချောင်းဖြင့် ရိုက်ကာ အသတ်ခံခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် တူရကီကျောင်းသူလေး Ozgecan Aslan သေဆုံးခြင်းကြောင့် နိုင်ငံတကာမှာ အမြတ်ဒေါသမီး ပွင့်ထွက်လာခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေး ထောက်ခံအားပေးတဲ့ သင်္ကေတတစ်ခု အနေနဲ့ အမျိုးသားတွေက “wear a miniskirt for Ozgecan” အိုစ်ဂျီကန်အတွက် စကတ်အတိုဝတ်ကြ ဆိုတဲ့ အမှတ်အသား သင်္ကေတ စာသားပါ စကတ်အတိုတွေ ဝတ်ပြီး သူတို့ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ကြောင်း သိရပါတယ်။


ဒီလို ဆန္ဒပြဖော်ထုတ်ခြင်းကို တူရကီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံး အမျိုးသား၊ အမျိုးသမီးအပါအဝင် လူအယောက် ၁၅၀၀ သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဘီဘီစီသတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ တကယ်လို့ ဒီစည်းရုံးလှုံ့ဆော်မှု ထိရောက်အောင်မြင်ပြီး အကျိုးသက်ရောက်မှုရှိခဲ့ပါက ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။ Aslan ရဲ့အလောင်းကို သူမ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး (၂) ရက်အကြာ၊ ချောင်းငယ်တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့မှာ ပစ်ထားခံခဲ့ရတာဖြစ်ပါတယ်။
Trend Myanmar

ယူကရိန်းအရှေ့ပိုင်းမှာ သူပုန်တွေ အောင်ပွဲဆင်နွှဲ

ရုရှားကျောထောက်နောက်ခံရနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေရဲ့ သံချပ်ကာကား ယာဉ်တန်းကို Debaltseve မြို့နားမှာတွေ့ရစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၅)

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Debaltseve မြို့မှာ ယူကရိန်းတပ်ဖွဲ့တွေကို အနိုင်ရလိုက်တဲ့အတွက် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက အနီးနားက Donetsk မြို့မှာ တနင်္လာနေ့က အောင်ပွဲခံတဲ့ ချီတက်ပွဲတွေ ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့ ရုရှားဘာသာစကားပြောတဲ့ အဲဒီဒေသမှာ ကုလသမဂ္ဂငြိမ်းချမ်းရေး အစောင့်တပ်ဖွဲ့တွေ စေလွတ်စောင့်ကြည့်ပေးဖို့ ယူကရိန်းအစိုးရက လုံခြုံရေးကောင်စီကို တောင်းဆိုနေချိန်မှာပဲ အဲဒီလို အောင်ပွဲခံတဲ့ အခမ်းအနားကို ကျင်းပခဲ့ကြတာပါ။

Donetsk မြို့က အောင်ပွဲခံတဲ့ အခမ်းအနားကျင်းပတဲ့နေ့ကို Fatherland Day အဖပြည်နေ့ဆိုပြီး ရုရှားနိုင်ငံမှာလည်း အမျိုးသားအားလပ်ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တခြား ဒေသတွေမှာ ကျင်းပခဲ့တဲ့ အောင်ပွဲခံ အခမ်းအနားတွေရဲ့ပုံတွေထဲမှာတော့ အသစ်ခန့်အပ်ခံလိုက်ရတဲ့ Crimea ဝန်ကြီးချုပ်က Simferopol မြို့မှာ AK-47 မောင်းပြန်သေနတ်ကို ကိုင်ဆောင် ဝှေ့ယမ်းနေတဲ့ပုံနဲ့ Crimea ဒေသ Sevastopol မြို့က ရုရှား စစ်သင်္ဘောပေါ်မှာ ပြုံးပြီး အလေးပြုနေတဲ့ ကလေးငယ် တဦးပုံတို့လည်း ပါဝင်ပါတယ်။

ဒီအတောအတွင်း ယူကရိန်းအရှေ့ပိုင်းဒေသကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့တွေစေလွတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီးက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထံ တောင်းဆိုလိုက်ပါတယ်။ Belarus နိုင်ငံ Minsk မြို့မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရလိုက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြု အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားနဲ့ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဘက်က ချိုးဖောက်ခဲ့တယ်လို့ ယူကရိန်းအသံအမတ်ကြီး Pavlo Klimkin က ပြောပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

မြန်မာယူ-၂၀ အသင်း ပြိုင်ဘက်အသင်းများကို စတင်လေ့လာ

မြန်မာ ယူ-၂၀ အသင်းကို လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဗိုလ်ဗိုလ်ဝင်း)

၂၀၁၅ နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ၌ အိမ်ရှင်အသင်း နှင့် တစ်အုပ်စုတည်းကျရောက် လျက်ရှိသည့် မြန်မာအသင်းမှာ ပြိုင်ဘက်အသင်းများ၏ ကစားပုံ ကို စတင်လေ့လာနေပြီး အမေရိကန်အသင်း၏ ကစားပုံကို အတော်အတန် သိရှိနေပြီဖြစ်ကြောင်း မြန်မာအသင်း နည်းပြချုပ် မစ္စတာဂတ်ကပြောသည်။

မြန်မာယူ-၂၀ အသင်းသည် အိမ်ရှင်နယူးဇီလန် အပါအ၀င် ယူကရိန်း၊ အမေရိကန်အသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အုပ်စုတွင်းပြိုင်ဘက် အသင်းများ၏ ခြေစွမ်းနှင့် ကစား ကွက်ပိုင်းကို လေ့လာနေပြီဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အုပ်စုတွင်းပြိုင်ဘက် အ သင်းတွေရဲ့ ခြေစွမ်းနဲ့ နည်းစနစ် ပိုင်းကို စတင်လေ့လာနေပြီ။ အ မေရိကန်ရဲ့ ခြေစွမ်းကို အတော် အသင့်သိရှိပြီးပြီ။ ကျန်တဲ့အသင်း တွေရဲ့ ကစားပုံကိုလည်း ဗီဒီယို မှတ်တမ်းတွေကတစ်ဆင့် လေ့ လာနေတယ်’’ဟု မစ္စတာဂတ်က ပြောသည်။

မြန်မာအသင်းသည် တူရကီ နိုင်ငံသို့ သွားရောက်လေ့ကျင့်စဉ် အမေရိကန်နှင့် သြစတြေးလျတို့ ၏ ခြေစမ်းပွဲကို တိုက်ရိုက်ကြည့် ရှုခွင့်ရခဲ့သည့်အတွက် အမေရိ ကန်အသင်း၏ ခြေစွမ်းကို လေ့ လာခွင့်ရခဲ့ကြောင်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းများအနေဖြင့် မြန်မာအသင်းထက် ခန္ဓာကိုယ် ပိုမိုတောင့်တင်းပြီး ကြံ့ခိုင်မှုပိုကောင်းသည့် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်ပေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် က ပြောသည်။

မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုအဖြစ် ဂျာမနီနှင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်ကာ လေ့ကျင့်မည်ဖြစ် ပြီး ခြေစမ်းပွဲများကစားရန်စီစဉ် ထားကြောင်း ဥရောပ ယူ-၂၀ လက်ရွေးစင်အသင်း (သို့) အင်္ဂ လန် လူငယ်ကလပ်အသင်းတစ် သင်းနှင့် မြန်မာနိုင်ငံတွင် ခြေစမ်း ပွဲကစားရန် အဖွဲ့ချုပ်သို့ တောင်းဆိုထားကြောင်း ၎င်းကဆိုသည်။
7 Day

အိုင်အက်စ်များချေမှုန်းရန် ပြင်သစ်လေယာဉ်တင်သင်္ဘော ပါရှန်ပင်လယ်ကွေ့သို့ထွက်ခွာ

ပင်လယ်ကွေ့ဒေသတွင် ရောက်ရှိနေသော ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါလ်ပေါ်မှ ရာဖာလီတိုက်လေယာဉ်တစ်စီး ထွက်ခွာရန် ပြင်ဆင်နေစဉ် (PATRICK BAZ/AFP)

အီရတ်နိုင်ငံရှိ အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ ချေမှုန်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်အစိုးရသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ပါရှန်ပင်လယ်ကွေ့ ၌ လေယာဉ်တင်သင်္ဘောတစ်စီး ချထားလိုက်သည်ဟု ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီစစ်ဆင်ရေးမှာ Charles de Gaulle လေယာဉ်တင်သင်္ဘော ပါဝင်မှု ဒီနံနက်မှာပဲ စတင်ပါ တယ်’’ဟု ကာကွယ်ရေးဝန်ကြီး ဌာန အရာရှိတစ်ဦးကပြောသည်။

ယင်းလေယာဉ်တင် သင်္ဘောသည် ဘာရိန်းနိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ခုတ် မောင်းနေပြီး ဖေဖော်ဝါရီ ၂၃ ရက်နံနက်တွင် ယင်းသင်္ဘောပေါ်မှ ပထမဆုံး Rafale တိုက်လေယာဉ် တစ်စီး ထွက်ခွာသွားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောသည် ငါးလကြာ စစ်ဆင် ရေး ဆောင်ရွက်ရန် ဇန်နဝါရီ ၁၃ ရက်တွင် Toulon အခြေစိုက်စခန်းမှ ထွက်ခွာသွားခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့အပေါ် ကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ လေကြောင်းထိုးစစ်ဆင်မှု တစ် စိတ်တစ်ပိုင်းအဖြစ် Charles de Gaulle သင်္ဘောသည် ကန်လေ ယာဉ်တင်သင်္ဘော USS Carl Vinson နှင့်အတူ ပါရှန်ပင်လယ် ကွေ့၌ သီတင်းပတ်အတန်ကြာ ရှိနေမည်ဖြစ်သည်။

ပင်သစ်လေယာဉ်တင် သင်္ဘောသည် Rafale တိုက်လေယာဉ် ၁၂ စီးနှင့် Super Etend-ard တိုက်လေယာဉ်ကိုးစီး သယ်ဆောင်သွားသည်ဟု သိရသည်။

ပြင်သစ်တိုက်လေယာဉ်များ သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လလယ်မှစ၍ အီရတ်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ပေါင်း ၁၀၀ ခန့်နှင့် လေကြောင်း ထောက်လှမ်းမှုအကြိမ်ရေ ၁၀၀ ခန့် ပြုလုပ်ခဲ့သည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ဆီးရီးယား နိုင်ငံနှင့် အီရတ်နိုင်ငံရှိ အိုင်အက်စ်ပစ်မှတ်များအပေါ် လေကြောင်း တိုက်ခိုက်မှု ၂,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

—Ref: AFP

တပ်သားသစ်စုဆောင်းရေးနဲ့ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ် ရဲ့ ရှင်းလင်းချက်

ဓါတ်ပုံ - သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဒု- ဗိုလ်ချုပ်ကြီးယွက်စစ် အား သျှမ်းသံတော်ဆင့်မှ သျှမ်းဘာသာသတင်းဌာန အယ်ဒီတာ စိုင်းဆိုင်ယ ကတွေ့ဆုံမေးမြန်းနေစဉ်
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၃

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ သျှမ်းပြည်သူလူထုက သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်ရဲ့ တပ်သားသစ် ကောက်ယူစုဆောင်း မှုခံနေရတယ်လို့ပြောဆိုနေပါတယ်။ တပ်သားမပေးနိုင်တဲ့လူတွေအဖို့ ငွေကြေးမြောက်အများ ပေးပြီး လူငှားပေးရတယ်လို့ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကို သျှမ်းသံတော်ဆင့်မှ အယ်ဒီတာ စိုင်းဆိုင်ယ က သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်။ ။ ကျနော်တို့ မူဝါဒအရ ၁၈ နှစ်ပြည့်ပြီးသူများ စစ်မှုလာထမ်းရမယ် ဆိုတာ ပါရှိပါတယ်။ သျှမ်းဘဲ မဟုတ်ဘူး။ သျှမ်းပြည်ထဲက တိုင်းရင်းသားတိုင်းစစ်မှုထမ်းရမှာပါ။ မိုင်းကိုင်လူထုကိုယ်စား စာရေး တင်ပြလာတယ်ဆိုတာ ကျနော်တောင်မှသိချင်တယ် အဲဒီလူထု ကိုယ်စားလှယ်ဆိုတာ။ သူဟာ တကယ်ဘဲ လူထုကိုယ်စားပြုပါသလား။ တကယ်လို့ စစ်မှုထမ်းရ တာ ကြောင့်လူထုအတွက် အခက် အခဲဖြစ်မယ်ဆိုရင် သျှမ်းပြည်တပ်မတော်ဆိုတာ မရှိစေချင်ရင်လည်းရတယ်။ လွယ်တိုင်းလျန်းမှာ စစ်ပညာသင်ကြားနေတဲ့ စစ်သားအားလုံးကို အိမ်ပြန်ခိုင်းလိုက်မယ်လေ။

ကျနော်တို့မူဝါဒ အရ ၅ နှစ်စစ်မှုထမ်းရမယ်ဆိုတာရှိထားပေမယ့် စစ်ပညာကို ၂ နှစ်ဘဲ လာသင်လဲရတယ်။ ၃ နှစ်ဘဲ လာသင်လဲရတယ်။ လာကြတဲ့လူတွေက ဆန္ဒအလျောက် လာကြတာတွေချည်းဘဲ။ အဓမ္မမကောက်ရပါဘူး။ တာဝန်နဲ့ အသိစိတ်ဓါတ်နဲ့ဘဲလေ။

ကျနော်တို့ သျှမ်းပြည်ကြီးဆုံးရှုံးရတာ ဘာကြောင့်လည်း စော်ဘွားတွေကနေ လူထုကိုစစ်ရေး လေ့ကျင့်ပေးမှု မလုပ်ထားဘူးလေ။ ကိုယ့်ပြည်နယ်ကြီးကိုကာကွယ်ဖို့ အဆင်သင့် မလုပ်ထားတဲ့ ခါကျတော့ ရန်သူက သျှမ်းပြည်ထဲကို အလွယ်တကူနဲ့ ဝင်လာနေနိုင်တာပေါ့။ ဒါလူတိုင်းသိနေ တာဘဲ။ အခု ကျနော်တို့လည်း ဒါတွေကိုသိလာတဲ့ခါကျတော့ စနစ် ကြီးတခု သတ်မှတ်လိုက် တာလေ။ ထိုင်းနိုင်ငံဆိုကြည့်ပါလား။ ၂ နှစ်ခွဲ တသုတ် စစ်သားခေါ်တယ်လေ။ စစ်ရေးပညာ မတတ်ထားရင် ရပ်ကွက်သူကြီးတို့ မြို့ရွာ အုပ်ချုပ်ရေးမှူးတို့မှာ ပါဝင်ရွေးကောက်ခွင့်မရှိဘူး။ သူများနိုင်ငံမှာ လုပ်ထားတဲ့စနစ်က။ ကျနော်တို့လည်း အဲလိုစည်းစနစ်ရှိစေချင်လို့ပါ။

တချို့ဒေသဆိုရင် ဥပမာ RCSS/SSA နဲ့ SSPP/SSA ကြား၊ SSPP/SSA နဲ့ TNLA ကြား၊ RCSS/SSA နဲ့ PNLA တို့ကြား မှာနေထိုင်တဲ့သူတွေအတွက် ဘယ်လိုစီစဉ်ထားလဲဆိုတော့ -
ကျနော်တို့က သျှမ်းပြည်တဝှမ်းလုံးအတွက်ရည်ရွယ်တယ်လေ။ ဒေသတွင်းအတွက်ဘဲမဟုတ်ဘူး။ ဆိုတော့ ဘယ်တပ်ဖွဲ့မှာဘဲစစ်မှုထမ်းထမ်း စစ်မှုထမ်းပြီးပြီဆိုရင် ရပြီ။ ကျနော်တို့ RCSS ဆီမှာမှ စစ်မှုထမ်းရမယ်ဆိုတာမဟုတ်ဘူး။ ဥပမာ SSPP တို့ ၊ TNLA တို့၊ ပအိုဝ်းတို့ဆီမှာ စစ်မှုထမ်းပြီးပြီ ဆိုရင် ကျနော်တို့ဆီလာထမ်းစရာမလိုတော့ဘူး။ ဒါပေမယ့် စစ်ပညာသင်ကြားပြီးကြောင်း သင်တန်း ပြီးလက်မှတ်ရှိရမယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သျှမ်းပြည်မှာ သျှမ်းပြည်ရဲ့ တပ်မတော်ဆိုတာ တခုတည်းရှိရမယ်။ ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားကြ တယ်လေ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသင်္ဂြိုဟ်သည့် စစ်အခမ်းအနားကျင်းပ

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြစဉ်


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် အရာရှိ ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေ ချစဉ်


နိုင်ငံတော်အတွက် အသက်စွန့်လှူ ခဲ့ကြသော အရာရှိ ၊ စစ်သည်များ၏ အရိုးပြာအိုးများကို ဂူသွင်းသင်္ဂြိုဟ်စဉ်


နေပြည်တော် ၊ ၂၄-၂-၂၀၁၅


လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်သည့် စစ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ တွင် လားရှိုးမြို့၊ အညတရ စစ်သည်ဗိမာန်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ရှေးဦးစွာ ဂုဏ်ပြု တပ်ဖွဲ့ဝင်များက စစ်အခမ်းအနားဖြင့် အလေးပြုကြပြီး စစ်ခရာ အဖွဲ့မှ ကျဆုံး ရဲဘော်အလေးပြု ခရာမှုတ်၍ အလေးပြုကြသည်။


ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက လောက်ကိုင်ဒေသ တိုက်ပွဲများ တွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော အရာရှိ၊ စစ်သည်များ၏ အထိမ်းအမှတ် အညတရ စစ်သည်ဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး ကျဆုံးသွားသော အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရှိရသည်။

Themyawadydaily

ကိုးကန့်သောင်းကျန်းသူ များထံမှ လက်နက်ခဲယမ်းနှင့် ယာဉ်များ သိမ်းဆည်းရမိ ၊ လောက်ကိုင်မြို့ မှ အကျဉ်းသားများ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား သယ်ဆောင်လာသည့် ယာဉ်တန်းကို နှောင့်ယှက်တိုက်ခိုက်



နေပြည်တော် ၊ ၂၄-၂-၂၀၁၅

လောက်ကိုင်- ကုန်းကြမ်း ကားလမ်းပေါ်ရှိ ၁၈ မိုင်လမ်းဆုံ အနီးတစ်ဝိုက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ယာယီခြေကုပ် ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် တပ်မတော် စစ်ကြောင်း များက တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

ယမန်နေ့တွင် တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ဆုတ်ခွာ သွားသည့် အဆိုပါ တောင်ကုန်းများ ပတ်ဝန်းကျင်အား အသေးစိတ် နယ်မြေရှင်းလင်း ခဲ့ရာ အမ်(၂၁) တစ်လက်၊ အမ်(၂၂) ခုနစ်လက်၊ ဝမ်ချက်စတာ တစ်လက်၊ အမ်(၂၂) ကျည်အိမ် ၁၄ ခု၊ အမ်(၂၂)ကျည် ၅ဝ၈ တောင့်၊ ပလတ်စတစ် နင်းမိုင်း နှစ်လုံး၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်ပစ်ဗုံး ၂၅ လုံး၊ လက်မောင်း တံဆိပ်မပါ ရှိသည့် ယူနီဖောင်း သုံးစုံ၊ ဗွီဂို အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး၊ တိုက်ဂါး အမျိုးအစား ဖိုးဝှီးယာဉ် တစ်စီး နှင့် ဆိုင်ကယ် ခုနစ်စီးတို့အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။
ထို့အပြင် ယမန်နေ့ မွန်းလွဲပိုင်းတွင် တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ အရှေ့တောင်ဘက် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် အမှတ်(၁၂၇) အနီးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကိုးကန့် သောင်းကျန်းသူ အဖွဲ့ထံမှ ယူနီဖောင်းဝတ် အလောင်း ခြောက်လောင်း နှင့် အမ် (၂၂) လေးလက် တို့ကို သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ စစ်သည်သုံးဦး အသက်ပေး လှူခဲ့၍ အရာရှိ၊ စစ်သည် ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တပ်မတော်ဆေးရုံ များသို့ ဆက်လက် ပို့ဆောင်လျက် ရှိသည်။


ယမန်နေ့ ညနေပိုင်းတွင် လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ တိုက်ပွဲရှောင် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို လားရှိုးမြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် ယာဉ်တန်းအား ပါစင်ကျော် ကျေးရွာနှင့် ချင်းရွှေဟော်ကြား ရှိ လုံထန်ရွာ အနီး၌ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများမှ ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူ တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုတ်ခွာသွားသော ကိုးကန် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်း ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက် ပစ်ခတ်မှုကြောင့် ယာဉ်တန်းတွင် လိုက်ပါလာသော အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး၊ အကျဉ်းသူ ၄၄ ဦးနှင့် စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိ သူများအား ကွမ်းလုံမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။

Themyawadydaily

ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်နိုင်တဲ့ ကောင်မလေး


ဗီယက်နမ်နိုင်ငံမှာ ရှိတဲ့ ကောင်မလေး တစ်ဦးဟာ ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ် နိုင်စွမ်းရှိ တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရ ပါတယ်။ ကင်မ်လူအန်ဟာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု တစ်ခုက မွေးဖွားလာသူ ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုကို M Nong လို့ ခေါ်ဆိုကြပါ တယ်။ ထူးခြားတာက အဲဒီ မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ဘယ်လို ပြုလုပ်မရလဲ ဆိုတာ ကောင်းစွာ သိရှိထား ပါတယ်။ ဒါကြောင့် ကင်မ်လူအန် ဟာ ငယ်ရွယ်တဲ့ သူဖြစ်ပေမယ့် ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင် နိုင်စွမ်းရှိ ပါတယ်။ ကင်မ်လူအန်မှာ ဆော့ကစားဖော် ဆင်နှစ်ကောင် ရှိပြီး လိမ္မာ ယဉ်ကျေးလာအောင် သင်ကြားပေးလေ့ ရှိပါတယ်။ အသက် ခြောက်နှစ်သာ ရှိသေးတဲ့ ကင်မ်လူအန်ဟာ သူတို့ မျိုးနွယ်စု အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ပြုလုပ်ပေးလေ့ရှိ ပါတယ်။ ကင်မ်လူအန် တို့ရဲ့မျိုးနွယ်စုဟာ ဆင်ရိုင်းတွေကို ယဉ်ပါးအောင် ပြုလုပ်ပြီး၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ အိမ်ဆောက်ခြင်း စတာတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ကင်မ်လူအန်ရဲ့ ဆင်တွေနဲ့ ဆော့ကစား နေတဲ့ မြင်ကွင်းကို အသက်(၃၅)နှစ်အရွယ်ရှိ ပြင်သစ် ဓာတ်ပုံဆရာ ရီဟန်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့ ပါတယ်။ ရီဟန်က M Nong မျိုးနွယ်စုတွေ ဆင်တွေနဲ့ ရင်းနှီးစွာ နေထိုင်တဲ့ မြင်ကွင်းဟာ နိုင်ငံခြားသား တစ်ဦး အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဆင်တွေနဲ့ လူတွေအကြား အပြန်အလှန် လေးစားမှု ပြသခဲ့တာ ဖြစ်ပါတယ်။ ကင်မ်လူအန်ဟာ ဆင်တွေနဲ့ ပိုရင်းနှီးစွာ နေနိုင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ ရီဟန်ဟာ ဗီယက်နမ်မှာ ခုနစ်နှစ် ကြာနေထိုင် ပြီး ဓာတ်ပုံပေါင်း (၄၅၀၀၀) ရိုက်ကူးခဲ့ပေမယ့် ဆင်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ် ရိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Messenger

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်




အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဟစ်မြို့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အီရတ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ISIS တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးသည် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်းက အီရတ်အစိုးရနှင့် ISIS ဆန့်ကျင်ရေးအုပ်စုများဘက်သို့ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်ကြောင် ဟစ်မြို့ဒေသခံများ၏ပြောကြားချက်အရသိရသည်။


ISIS များ သေဆုံးခဲ့သူ လူ ၃၀ ခန့်ကို မြို့၏ ထင်ရှားရာ လမ်းမကြီဖြစ်သည့် အယ်ဘာကာ တွင်စီတန်းစေပြီး သေနတ်ဖြင့် ပစ်ခတ်မှုမပြုခင် မြို့အတွင်းသို့ စီတန်းလှည့်လည်စေမှုပြုခိုင်းခဲ့ပြီး ISIS ကိုဆန့်ကျင်သူများအနေဖြင့် ၎င်းတို့ကဲ့သို့ သေပွဲဝင်ရမည်ဖြစ်ကြောင်း မြို့သူမြို့သားများအား ခြောက်လှန့်မှုများလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆွန်နီလူမျိုး ၃၀ ဦးခန့်နှင့် ပတ်သက်ပြီး အီရတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ယခင်က အီရတ်အစိုးရတပ်ဖွဲ့ဝင်များဖြစ်ခဲ့ဖွယ်ရှိသည်ဟု သိရသည်။

အောင်ဟိန်းခိုင် ( ref : dailymail)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

စိတ်ကို အသိသတိနှင့် ပြုပြင်ထိန်းချုပ်


လူမှုဘဝ လောက၌ ကျင်လည် လျှောက်လှမ်းကြ ရာတွင် စိတ်ချမ်းသာမှုကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ တစ်ခါတစ်ရံ တွင် စိတ်ဆင်းရဲမှု များကိုလည်း ကြုံတွေ့ ခံစားကြ ရလေ့ရှိသည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲမှုကို မခံစားချင်ကြ။ မခံစားနိုင်ကြ။ စိတ်ဆင်းရဲမှု ဟူသည် လိုအင်ဆန္ဒ များကြောင့် သာလျှင် ဖြစ်ပေါ် လာရသည်။


လိုချင်တပ်မက် စိတ်များလာလျှင် စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသကဲ့သို့ လိုချင်ရာ မရနိုင် သောကြောင့် စိတ်ဆင်းရဲကြ ရသည်။ တချို့ စိတ်ကျရောဂါ များပင် စွဲကပ်တတ် ကြသည်။ ထိုစိတ်၏ စေစားရာ အတိုင်း လုပ်ဆောင်ကြ သူလည်း ရှိသည်။ လူ့ဘဝ၏ ထွက်ပေါက်သည် စိတ်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူကြပေ။


လူအမျိုးမျိုး စိတ်အထွေထွေ ဖြင့် ဘဝကို ကျင်လည်ကြ ရာတွင် လူကြီးများနှင့် လူငယ်များမှာ ဖြေသိမ့်နိုင်စွမ်း မတူညီနိုင် ကြပေ။ ကလေးများမှာ စိတ်၏ စေခိုင်းရာ အတိုင်း ခံစားတတ် ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက် စိတ်ဆိုးတတ် ကြသည်။ စိတ်ဟူသည် မှာလည်း နွဲ့ဆိုး ဆိုးတတ် သည့်သဘော ရှိသောကြောင့် စိတ်အလို လိုက်၍ အမှားများ တတ်ကြသည်။


လူတိုင်း အမှားနှင့် မကင်းနိုင်ကြ သော်လည်း အမှား အနည်းအများ ပေါ်မူတည်၍ ဘဝ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ် စေနိုင်၍ ဆင်ခြင်ကြရန် လိုသည်။ လူ့အလို နတ်မလိုက် နိုင်ဆိုသကဲ့သို့ စိတ်အလို အတိုင်း အရာရာ မပြည့်စုံနိုင် သည်ကို သဘောပေါက်ရန် လိုသည်။


စိတ်သည် မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက် အတွင်း၌ပင် ဖောက်ပြန် တတ်သော သဘောရှိ သောကြောင့် စိတ်ကို ထိန်းချုပ်နိုင်ရန် လိုသည်။ အထူးသဖြင့် ကလေးများကို ထိန်းကျောင်း သွန်သင်ဆုံးမ ကြရာတွင် ကလေးငယ်များ လိုချင်သမျှ မိဘများက အကြိုက်ဆောင် အလိုမလိုက် ကြရန်လိုသည်။


ဘုရားဟော ဇာတ်တော်များတွင် မိဘနှစ်ဦးသည် သားကို အလိုလိုက်လွန်း သောကြောင့် မိဘဖြစ်သူတို့မှာ စိတ်ဆင်းရဲစွာဖြင့် သေဆုံးသွား ကြရသကဲ့သို့ သားဖြစ်သူ မှာလည်း ခွက်လက် ဆွဲ၍ တောင်းစား ရသည့်ဘဝ ရောက်ကာ ဘဝဆုံး နိဂုံးမလှ ဖြစ်ခဲ့ရသည်ကို ဗုဒ္ဓဘာသာ ဝင်တိုင်း မှတ်သားဖူးမည် ဖြစ်ပါသည်။ ထိုဘုရားဟော ဇာတ်တော်ကို သင်ခန်းစာ ယူ၍ မိဘများသည် သားသမီးများ၏ စိတ်ကို အလိုမလိုက် စေရန် ထိန်းကျောင်း သွားရန်ဖြစ်သည်။ သားသမီးများကို လည်း ထိုဇာတ်တော် လာ သာဓကကို ပြောပြ၍ မိဘဝတ္တရား နှင့်အညီ ထိန်းကျောင်း သွားကြရန် လိုသည်။


ထိုသို့ မိဘများက မိဘဝတ္တရား နှင့်အညီ ဆုံးမနိုင်မှ သာလျှင် သားသမီး များသည် စိတ်ကိုထိန်းချုပ် နိုင်သောအကျင့် ကိုရရှိကာ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်ကြမည် ဖြစ်သည်။ သားသမီးတို့ ဘဝမှန်၊ လမ်းမှန်ကို လျှောက်လှမ်း နိုင်မှသာလျှင် သားသမီးတို့ဘဝ အဆင်ပြေ ချောမော၍ မိဘများကို ပြန်လည် စောင့်ရှောက် နိုင်မည်။ ဤသို့ဖြင့် မိဘနှင့် သားသမီးတို့ တစ်နည်းအားဖြင့် မျိုးဆက် တစ်ဆက်လုံး စိတ်ချမ်းသာမည် ဖြစ်သည်။


သို့ဖြစ်ရာ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား ဆက်ဆံကြရာ တွင် တစ်ဦး အလိုကို တစ်ဦး ဖြည့်ဆည်းကြ သည်ဆိုရာ၌ အသိပညာ မပါဘဲ စိတ်အလိုလိုက် အကြိုက်ဆောင် ခြင်းမျိုးသည် စိတ်ဆင်းရဲမှု ကိုသာ ဖြစ်ပေါ် စေသောကြောင့် စိတ်အလိုကို အသိ သတိတို့ဖြင့် ပြုပြင်ထိန်းချုပ် ဖော်ဆောင် ရမည် ဖြစ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။


( အယ်ဒီတာ့အာဘော် )


#Yadanarpondaily

ခြင်ကိုက်ခံရခြင်းကိုသက်သာစေမယ့်နည်းလမ်းလေးများ

ခြင်ကိုက်ခံလိုက်ရပြီဆိုတာနဲ့ ယားယံခြင်း အနီရောင် အဖုအပိန့်တွေနဲ့အတူ အရေပြားကို အရုပ်ဆိုးစေတော့တာပါပဲ။ ခြင်ဆိုသော အင်းဆက်က သွေးကိုမစုပ်မှီမှာ သွေးကိုကျဲစေရန် ဆလီဗာလို့ခေါ်တဲ့ အရည်တစ်မျိုးကို အရေပြားထဲအရင် ထုတ်လွှတ်မှုကြောင့် ယားယံခြင်းနှင့် ရောင်ယမ်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခြင်ကိုက်ခံရခြင်းနဲ့ ယားနာအတွက် အလွယ်တကူ ကုသနည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။


၁။ ဗန်နီဂါ
ခြင်ကိုက်ခံရတာကို သိသိခြင်း ဗန်နီဂါရေအနည်းငယ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးပါ။ ရေစိမ်ချိုးသူတွေအတွက် ဗန်နီဂါရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာကို ရေချိုးဇလုံထဲရောစပ်ပြီး ရေချိုးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်က ခြင်ကိုက်ယားနာကို သက်သာစေရုံမက အနာတွေကိုပါ သက်သာစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို ခြင်ကိုက်သောနေရာတွင် လိမ်းပေးနိုင်ပါတယ်။

၃။ မုန့်ဖုတ်ဆိုဒါနှင့်ရေအေး
မုန့်ဖုတ်ဆိုဒါကို ရေအေးနှင့်ရောပြီး ခြင်ကိုက်နာပေါ်တွင် လိမ်းပေးခြင်းဖြင့် မိနစ်အနည်းငယ်အတွင်း သက်သာစေမှာပါ။

၎။ ကြက်သွန်နီ
ကြက်သွန်နီကို ပါးပါးလှီးပြီး ခြင်ကိုက်သောနေရာကို ကပ်ထားပြီး မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောပြီးပါက လျင်မြန်စွာ သက်သာစေမှာပါ။

၅။ သွားတိုက်ဆေး
ခြင်ကိုက်ခံရသောနေရာကို သုတ်လိမ်းပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါက ယားယံမှုကို သက်သာစေတာ အသေအချာပါပဲ။

ခြင်ကိုက်ခံရပြီး ယားယံခြင်း အဖုအပိန့်ဖြစ်ပေါ်ခြင်းတွေအတွက် သဘာဝပျားရည်၊ သံပုရာရည် နဲ့ ကြက်သွန်ဖြူမှရသော အဆီတို့ကို အလားတူ လိမ်းပေးခြင်းဖြင့် သက်သာပြောက်ကင်းစေပါတယ်။
စာဖတ်သူများအနေနှင့် ခြင်ကိုက်ခံရခြင်းအတွက် သဘာဝ နည်းလမ်းကောင်းလေးများ ရှိပါက ကွန်မန့်ပေးပြီးဝေမျှဖို့ တိုက်တွန်းပါတယ်။

စစ်သွေးကြွ လက်ချက်နဲ့ အီရတ်မှာ သေဆုံးသူ ၈၀၀ လောက်ရှိ

IS စစ်သွေးကြွအဖွဲ့များ။

IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ အခုသတင်းပတ်အတွင်းမှာ သူတို့ကို ခုခံတဲ့ လူပေါင်း ၂၀၀ ကျော်ကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ အီရတ် အာဏာပိုင်တွေ က ပြောဆိုပါတယ်။ တချိန်တည်းမှာပဲ အမေရိကန် လူ့အခွင့်အရေး အဖွဲ့ တခုကလည်း ဂျီဟတ် ဘာသာရေး အစွန်းရောက်တွေဟာ အကျဉ်းသား ၆၀၀ ကို အစုလိုက် အပြုံလိုက် ပစ်သတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။

IS စစ်သွေးကြွတွေ ဘဂ္ဂဒက်မြို့ အနောက်ပိုင်းကို မသိမ်းပိုက်နိုင်အောင် ခုခံခဲ့ကြတဲ့ ဆူနီ မွတ်ဆလင်တွေ နေထိုင်ရာအရပ်မှာ စုပြုံမြုတ်ထားတဲ့ အလောင်း ၁၅၀ ကို တွေ့ရှိခဲ့တယ်လို့ အီရပ် အာဏာပိုင်တွေကပြောပါတယ်။ နောက်ထပ် အလောင်း ၇၀ ကျော်ကိုတော့ ဟစ်မြို့အနီးမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆူနီတဦးဖြစ်တဲ့အပြင် IS အဖွဲ့ဝင်တဦးဖြစ်သူက သတ်ဖြတ်ရတာဟာ IS စစ်သွေးကြွတွေအပေါ် တိုက်ခိုက်သူတွေ မှန်သမျှကို အပြစ်ပေးတာဖြစ်တယ် လို့ ပြောဆိုသွားကြောင်း မျက်မြင်တွေ့သူတဦးကပြောပါတယ်။

အမေရိကန်အခြေစိုက် Human Rights Watch လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဂျီဟတ်ဘာသာရေး အစွန်းရောက် တွေဟာ အီရတ်နိုင်ငံ Mosul မြို့အပြင်က အကျဉ်းထောင်တခုမှာ အမျိုးသား အကျဉ်းသား ၆၀၀ လောက်ကို ဇွန်လ ၁၀ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန် ပြောဆိုပါတယ်။

အစွန်းရောက်တွေက အကျဉ်းသားတွေကို ပစ်မသတ်ခင် ဆူနီနဲ့ ရှီယိုက် ခွဲခိုင်းပြီးနောက် ရှီးယိုက်တွေကို လျှိုတခုရဲ့အစပ်မှာ ဒူးထောက်စေပြီး အော်တို မက်တစ် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်လိုက်တာဖြစ်တယ်လို့ HRW အဖွဲ့ကပြောပါတယ်။

ဖစ်စဉ်ကို သေချင်ယောင်ဆောင်ပြီး အသက်မသေပဲကျန်ခဲ့တဲ့ အကျဉ်းသား ၁၅ ယောက်က ပြောပြတာလို့ HRW အဖွဲ့က ပြောပါ တယ်။ နောက်ဆုံး သေနတ်သမားတွေမှာလည်း ကျည်ဆံကုန်သွားတယ်လို့ သူတို့ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ

ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ် ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ် ကိုဘာနီမြို့ဆီ ရောက်။
ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွားကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။

တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။

စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။

ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို့ တူရကီအစိုးရက ပြောထားပါတယ်။

ကာဒစ္စတန်အလုပ်သမားပါတီဟာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခွင့်အရေးတွေအတွက် တူရကီအစိုးရနဲ့ တိုက်ခိုက်နေတာ ဆယ်စုနှစ် သုံးခုရှိနေပါပြီ။ ကိုဘာနီမြို့ကိုတိုက်ခိုက်နေတဲ့ IS စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အမေရိကန်စစ်လေယာဉ်တွေကလည်း သီတင်းပတ် အတော်ကြာ လေကြောင်းကနေ တိုက်ခိုက်ပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)