တပ်မတော်နှင့် ဖုန်ကြားရှင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားရာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသသို့ သွားရောက်သတင်းယူသည့် The Voice သတင်းထောက် အပါအဝင် ပြည်တွင်း
မီဒီယာလေးခုမှ သတင်းထောက်ငါးဦး လိုက်ပါလာသော ကြက်ခြေနီယာဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပိတ်ဆို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ယင်းသို့ ကြက်ခြေနီယာဉ် ဒုတိယအကြိမ် တိုက်ခိုက်ခံရမှုတွင် The Voice သတင်းထောက် ဟိန်းသွင်ထက်၏ အတွေ့အကြုံများကို စာဖတ်သူများ သိရှိစေရန်
ရေးသားထားခြင်း ဖြစ်ပါသည်။ (အယ်ဒီတာ)
ရာသီဥတုသာယာသော နေ့လယ်ခင်းတစ်ခုတွင် ကြက်ခြေနီအလံ လွှင့်ထားသော ကားလေးတစ်စီး
တောင်ပေါ်လမ်းကလေးအတိုင်း မောင်းနှင်လာသည်။ တည်နေရာကား တပ်မတော်နှင့် ဖုန်ကြားရှင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားရာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကိုးကန့်ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့နယ်အတွင်း ဖြစ်သည်။
ကားပေါ်တွင် လောက်ကိုင်ဒေသ မတည်ငြိမ်မှုများကို မျက်မြင်ကိုယ်တွေ့ သတင်းသွားယူကြသည့် ကျွန်တော် အပါအဝင် သတင်းထောက်ငါးဦး၊ လောက်ကိုင်မြို့နယ် ကြက်ခြေနီတစ်ဦး၊ ယာဉ်မောင်းတစ်ဦး၊ အရပ်သားနှစ်ဦး၊ စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်သုံးဦး ပါဝင်လာသည်။
“တပ်မတော်ယာဉ်တန်းကလွဲပြီး တော်ရုံ မော်တော်ယာဉ်လောက်က အတက်အဆင်း မလုပ်ကြဘူးလေ၊ လုံခြုံမှုမရှိဘူး၊ ဒါပေမဲ့ ကြက်ခြေနီယာဉ် ဆိုရင်တော့ မပစ်လောက်ပါဘူး” ဟု လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ တပ်မတော် အရာရှိတစ်ဦးက လုံခြုံရေး အခြေအနေကို တွက်ဆ၍ ဆိုခဲ့သည်။
ပုံသေတွက်ဆ၍တော့မရ။ လောက်ကိုင်မြို့အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကယ်ဆယ်နေသည့် ကြက်ခြေနီ မော်တော်ယာဉ်တန်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံထားရသည်မှာ ယခုလေးရက်သာ ရှိသေးသည်။ သို့သော် ချင်းရွှေဟော်မှ လောက်ကိုင်သို့ မိုင်တစ်ရာကျော် အလာခရီးတွင်လည်း ကြက်ခြေနီ မော်တော်ယာဉ်ဖြင့်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ မည်သည့်
အနှောင့်အယှက်မျှ မကြုံခဲ့။
ချင်းရွှေဟော်သို့ အပြန်ခရီးအတွက် ရွေးချယ်စရာက နှစ်ခုသာရှိသည်။ ကြက်ခြေနီ မော်တော်ယာဉ်ဖြင့် မလိုက်ပါက တပ်မတော် မော်တော်ယာဉ်တန်း သုံး၍ ပြန်ဆင်းရုံသာရှိသည်။
ဒေသအခြေအနေသည် ကိုးကန့်တပ်ဖွဲ့ဝင်များသည် တပ်မတော်ယာဉ်တန်းများကိုသာ ဦးတည်တိုက်
ခိုက်ခြင်းများ ပြုလုပ်လေ့ရှိခြင်းကြောင့် လုံခြုံမှု မရှိနိုင်ဟု သတင်းထောက် အားလုံးက သုံးသပ်သည်။
“တပ်ယာဉ်တန်းတွေက အများဆုံး ထိနေတာ ဆိုတော့ သူတို့နဲ့လိုက်ရင် အခြေအနေ ဆိုးသွားနိုင်တယ်” ဟု 7 Day Daily သတင်းထောက်က ဆိုသည်။
ထို့နောက် အားလုံး၏ သဘောတူညီချက်အရ ကြက်ခြေနီ မော်တော်ယာဉ်ဖြင့်သာ ချင်းရွှေဟော်မြို့
သို့ ပြန်ရန် ဆုံးဖြတ်လိုက်ကြပြီး လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်သို့ သတင်းပို့၍ တွေ့ကြုံရ
မည်များကို ဆွေးနွေးပြောဆိုရင်း မြို့ပြင်သို့ ထွက်ခွာခဲ့ကြသည်။
“ကြက်ခြေနီအလံကို လေထဲမှ လွင့်နေအောင် လက်နဲ့ဆွဲထားပါ” ဟု မော်တော်ယာဉ်မောင်းက
လောက်ကိုင်မြို့ အထွက်တွင် နောက်ခန်းသို့ လှမ်း၍ ပြောနေသည်။ ရှေ့ခန်းတွင် ယာဉ်မောင်း၊ ကြက်ခြေနီတစ်ဦးနှင့် အလယ်ခုံတွင် သတင်းထောက်သုံးဦး လိုက်ပါလာပြီး နောက်ဖုံး အမိုးအပွင့်ပေါ်တွင် ကျန်သတင်းထောက်သုံးဦး၊ အရပ်သားတစ်ဦးတို့ လိုက်ပါလာသည်။ ခရီးစ၍ မိနစ်ပိုင်းမျှသာ
မောင်းရသေးသည်။ ကားက ရုတ်တရက် ထိုးရပ်သွားသည်။
“ဘရိတ်ကပ်နေတာပါ၊ ကိစ္စမရှိပါဘူး၊ ရေလောင်းလိုက်ရင် အဆင်ပြေသွားမှာပါ” ဟု ယာဉ်မောင်း
က ပြောပြောဆိုဆို ကားပေါ်မှဆင်းကာ လမ်းဘေးရှိ ရေအုတ်ကန်အတွင်းမှရေဖြင့် ကားရှေ့ဘီးကို
လောင်းလေသည်။
အပြန်ခရီးက အဆင်းလမ်းဖြစ်၍ လမ်းတွင် ချောက်ထဲသို့ ထိုးကျနေသော ကားများကို တွေ့မြင်ထားသည့် သတင်းထောက်များကတော့ စိုးရိမ်စိတ်ကိုယ်စီ ဖြစ်နေသည်။
ကားရှေ့ဘီးကို ရေသုံးကြိမ်လောင်း၍ ဆက်လက်မောင်းနှင်လာရာ လောက်ကိုင်မြို့နယ် ပါစင်ကျော်
ကျေးရွာအနီး အရောက်တွင် လောက်ကိုင်မှ ခြေလျင်လျှောက်လာသော စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ရသည်။ ထိုသူများကို ကြည့်ရသည်က မသက်သာ။ ကလေးအမေများကို ဦးစားပေး၍ ကားနောက်တွင် နေရာပေးကာ ဆက်လက်ထွက်ခွာလာခဲ့သည်။
မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စစ်ဘေးရှောင် ဒုက္ခသည်တစ်ဦး ဖြစ်သည့် ဒေါ်ဝင်းမြ (အမည်လွဲ) က သူမ၏ ကလေးကို နို့တိုက်ရင်းဖြင့် “ကျေးဇူးတင်ပါတယ် ဆရာတို့ရယ် ကျွန်မတို့မှာ လာခေါ်မယ့်
သူလည်း မရှိဘူးလေ။ အဲဒါကြောင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး ခြေလျင်ဆင်းလာတာပါ” ဟု ဆိုသည်။
လောက်ကိုင်မြို့သို့ လာရောက်ကယ်ဆယ်သည့် ကြက်ခြေနီယာဉ်များ ပစ်ခတ်ခံရပြီးနောက် မည်သည့်ကယ်ဆယ်ရေးမျှ လုပ်ဆောင်ခြင်းမရှိဘဲ ခေတ္တရပ်နားထားမှုကို သိရှိထားပြီး ဖြစ်၍
ဒေါ်ဝင်းမြ ပြောချင်သည်ကို ကျွန်တော်တို့ နားလည်ပါသည်။
“လုံထန်ကျေးရွာကို ရောက်တော့မယ် ရှေ့ဆိုရင် သိပ်မလိုတော့ဘူး” ဟု ယာဉ်မောင်းက ဆိုသည်။ ယင်းကျေးရွာအနီးတွင် လောက်ကိုင်သို့ တက်သည့် တပ်မတော် မော်တော်ယာဉ်တန်းများ ပစ်ခတ်ခံရမှု အများဆုံး ဖြစ်ပွားသော နေရာဖြစ်၍ ကျွန်တော်တို့နှင့် မစိမ်းလှပေ။
“ဟိုနေ့ကတော့ တပ်မ (၁၁) က တက်ရှင်းထားတယ် ပြောတယ်။ အဲဒီကတည်းက ဘာမှ မကြားရတော့
ဘူးလေ။ ပြေးပြီရှိမှာပေါ့” ဟု အတူလိုက်ပါလာသော ကြက်ခြေနီအဖွဲ့ဝင် တစ်ဦးက တွေးတွေးဆဆ ဆိုလာသည်။
ကိုးကန့်တပ်ဖွဲ့များက ချောင်းမြောင်းပစ်ခတ်မှုကြောင့် အဆိုပါရွာအနီးရှိ တပ်မတော်စစ်ကြောင်းအချို့ ထိခိုက်ဒဏ်ရာရမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးပစ်ကူများဖြင့် ရှင်းလင်းကြောင်း ချင်းရွှေဟော်အခြေစိုက် တပ်မ (၁၁) ထံမှ သိရှိထားပြီး ဖြစ်သည်။
ကိုးကန့်ဒေသတွင် စစ်ဖြစ်ပွားလျက် ရှိခြင်းကြောင့် စစ်ဘေးရှောင်ကျေးရွာများ အလားတူပင် လုံထန်ကျေးရွာတွင်လည်း လူသူလေးပါး အရိပ်အယောင်မျှပင် မတွေ့ရပေ။
လုံထန်ရွာကို ကျော်ဖြတ်လာပြီးနောက် ယာဉ်ပေါ်ရှိလူများ အားလုံး စိတ်လက်ပေါ့ပါးသွားကြသည်။ သတင်းထောက်များကလည်း ဖြတ်လာသမျှ လမ်းဘေးရှိ အရာမှန်သမျှကို ဓာတ်ပုံရိုက်သူရိုက်
၊ လောက်ကိုင်မြို့တွင်း တိုက်ပွဲများကို ထင်မြင်ချက်ပေးသူပေး ဆွေးနွေးလျက်ရှိသည်။ ကျွန်တော်တို့ ကားလေးသည် လုံထန်ရွာ တောင်ပေါ်အဆင်းလမ်းအတိုင်း ကြက်ခြေနီအလံ တလူလူ လွှင့်ထူလျက် မောင်းနှင်လျက်ရှိသည်။
ယင်းအချိန်မှာပင် ထောင်းခနဲ အသံမြည်ဟီးလျက် မော်တော်ယာဉ်အမိုးကို အားပြင်းပြင်းတစ်ခု ထိမှန်သံကြားလိုက်ရသည်။ အရာအားလုံး တိတ်ဆိတ်သွားပြီးနောက် ယာဉ်မောင်းက “ငါတို့ကိုပစ်ပြီဟေ့” ဟု အသံမြှင့်၍ ခပ်ပြင်းပြင်းအော်လိုက်သည်။
ယာဉ်မောင်းအော်သံနှင့် မရှေးမနှောင်းပင် “ပတောက် ပတောက် ထိန်း” ဟူသော အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး တရွှီရွှီအသံများ နံဘေးက ဖြတ်သွားကာ မော်တော်ယာဉ်အတွင်း ထိုင်ခုံနော
က်မှီ စုတ်ဖွာသွားသည်ကို မြင်လိုက်ရသည်။
“ကားကို ပစ်နေပြီဟ လုပ်ကြပါဦး။ ဘယ်လိုလုပ်ကြမလဲ” ဟူသော ဆောက်တည်ရာမရ အသံများ ထွက်ပေါ်လာကြပြီး ကျွန်တော်ထိုင်သော မော်တော်ယာဉ် ဘေးတံခါးသို့ ကျည်ဖောက်ဝင်သွားသည်။
အုန်းခနဲ အသံနှင့်အတူ ကားရှေ့ပိုင်း အနည်းငယ် မြောက်သွားပြီး မော်တော်ယာဉ် ထိုးရပ်သွားသည်။ တစ်ဆက်တည်းပင် သေနတ်သံများ ဆူညံနေသည်။ ကားရှေ့ပိုင်းကို ကျည်ထိမှန်သံများ ကြားလိုက်ရပြီးနောက် ကြက်ခြေနီအဖွဲ့ဝင်က “ငါ့ကို ထိသွားပြီဟေ့၊ ဆင်းဆင်း ကားပေါ်က ဆင်းကြ” ဟု ဆိုလိုက်သည်။
ကားတံခါးက ပွင့်သွားသည်နှင့် လက်ထဲရှိ ကင်မရာကို ဆုပ်ကိုင်ကာ မော်တော်ယာဉ် တံခါးပေါက်မှ ဝမ်းလျားမှောက်ဆင်းလိုက်သည့် အချိန်တွင် ဒုတိယအကြိမ်မြောက် အုန်းခနဲအသံ ထွက်ပေါ်လာပြီး ကားရှေ့ပိုင်း လမ်းပေါ်ရှိ ဖုန်လုံးကြီး ထောင်းထသွားသည်ကို မြင်ရသည်။ နားအတွင်း တဝီဝီအသံများသာ ကြားနေရသည်။ သတင်းထောက်များ အားလုံးသည် ဝမ်းလျားမှောက် အနေအထားဖြင့် လမ်းဘေးရေမြောင်းကျဉ်းလေးအတွင်း အလျားလိုက် ဝပ်ပြီးသား ဖြစ်နေသည်။
“ပတောက် ပတောက်” “ထိန်း ထိန်း” ဆိုသော သေနတ်သံများက မရပ်။ ဘယ်နားက ဘယ်လိုပစ်နေသည်ကို မသိသော်လည်း ရှည်ရှည်ဝေးဝေး မစဉ်းစား နိုင်ပေ။ အကာအကွယ်ဟု ယူဆရသော ရေမြောင်းကျဉ်းလေး အတွင်းကိုသာ ကိုယ်ကို တိုးဝင်နေရသည်။
ကွန်ကရစ်ဖြင့် အကျအန ဖောက်ထားခြင်း မရှိသော သာမန်ရေစီးမြောင်း ကျဉ်းကျဉ်းလေးအတွင်း ခန္ဓာကိုယ်က မဆံ့။ သေနတ်သံများ ရပ်သွားသည်ဟု ယူဆရချိန်တွင် ခန္ဓာကိုယ် အနေအထားကို အနည်းငယ်ပြင်မိသည်။
ယင်းသို့ မဆိုသလောက် လှုပ်ရှားမိသည်နှင့် တစ်ပြိုင်နက်တည်း “ထိန်းထိန်း” ဟူသော သေနတ်
သံများ သောသောညံကာ ခေါင်းပေါ်ရှိ မြေစာပုံများကို ကျည်ဆန်ထိမှန်ပြီး ဖွားခနဲ ဖြစ်သွားသည်။
တစ်ဆက်တည်းပင် “ရွှီ..အုန်း” ဆိုသော အသံကို ကြားလိုက်ရသည့်ခဏ ရင်ဘတ်ကို တစ်စုံတစ်ခုက အားဖြင့် ဆောင့်တွန်းလိုက်သလို ခံစားရပြီး မျက်လုံး၊ နား၊ နှာခေါင်းများ အတွင်းသို့ သဲများ အလုံးလိုက် ဝင်လာသည်။
“လက်နက်ကြီးနဲ့ ပစ်တာဟ။ အားလုံးတော့ သေကုန်တော့မှာပဲ” ဟု ယာဉ်မောင်း၏ အသံကို ကြားရသည်။ မျက်လုံးကို အနည်းငယ်ပွတ်၍ ဖွင့်ကြည့်လိုက်သော်လည်း ခန္ဓာကိုယ်ကိုတော့ ဝမ်းလျားမှောက် အနေအထားက မရွှေ့ရဲသေး။
“အားလုံးမလှုပ်နဲ့၊ လှုပ်တာမြင်တာနဲ့ ထပ်ပစ်တာ” ဟု ပြည်ထောင်စုနေ့စဉ် သတင်းထောက်၏ ခပ်တိုးတိုး သတိပေးသံကို ကြားရသည်။ ပတ်ဝန်းကျင်တွင်တော့ ဖုန်မှုန့်များဖြင့် မှုံမှိုင်းလျက်။ မည်သည့်အရာမျှ သဲသဲကွဲကွဲမမြင်ရ။ ရေမြောင်းဘေးရှိ သစ်ပင်တွင် ကျည်ဆန်ထိမှန်ထားသော သစ်ရွက်များက တဖြုတ်ဖြုတ် ကြွေကျလျက်ရှိသည်။ သတိထားမိသည်က ပစ်ခတ်ရင်းဖြင့် တရုတ်စကား နှစ်ခွန်းကို ထင်ထင်ရှားရှား ကြားရသော်လည်း နားမလည်၍ ဘာပြောသည်ကို မသိပေ။
နာရီဝက်ခန့် စိတ်ကြိုက်မွှေနှောက် ပစ်ခတ်ရ၍ မောသွားသောကြောင့်လား သို့တည်းမဟုတ် အသက်ရှင်သူမရှိဟု တွက်ဆ၍လောမသိ သေနတ်သံများ ရပ်ဆိုင်းသွားသည်။
လက်ဖျံနားတစ်ဝိုက် နာနေသည်ကို သိသော်လည်း မသိမသာ လှုပ်ကြည့်သောအခါ သေနတ်ဒဏ်ရာ ဟုတ်မဟုတ် စစ်ဆေးနိုင်ခြင်း မရှိနိုင်သေးပေ။ နားတို့က အူထွက်နေသည်ကို သတိထားမိပြီး မည်သည့်အသံမျှ ထပ်မံမကြားရတော့ပေ။
“ကျွန်တော် တော်တော်ထိထားတယ်။ သွေးတော်တော် ထွက်နေတယ်” ဟူသော အသံကို ပထမဆုံးကြားရသည်။ မျက်လုံးကို အားယူဖွင့်ကြည့်မိတော့ ကျွန်တော်နှင့် မျက်စောင်းထိုး အနေအထားတွင် လဲနေသော ယာဉ်မောင်းထံမှဖြစ်ပြီး ထိုသူ၏ လက်ဖျံတွင် သွေးများစီးကျနေကာ အရိုးထွက်နေသည်ကိုပါ မြင်ရသည်။ သို့နှင့် သူ့အနားသို့ အကူအညီပေးရန် ဝမ်းလျားမှောက် တိုးကပ်သွားသည်။ လှုပ်ရှားမှုကို မမြင်မိစေရန် ကြိုးစားရခြင်းကြောင့် ယာဉ်မောင်းဘေးသို့ ဝမ်းလျားမှောက်သွားရသည်မှာ တစ်ကမ္ဘာခန့် ကြာသည်ဟု ထင်ရသည်။
အနားကို ရောက်ရှိသွားချိန်တွင် သူ့တွင် ဒဏ်ရာရရှိထားသည်က ဝမ်းဗိုက်တွင် တစ်ချက်နှင့် တင်ပါးဆုံတွင် တစ်ချက် ကျည်ဝင်ဒဏ်ရာကို ထပ်တွေ့ရသည်။
အောက်တွင်ဝတ်ထားသော တီရှပ်အင်္ကျီအဖြူကို ချွတ်ပေး၍ ယာဉ်မောင်း၏ ဒဏ်ရာရလက်ကို စီးပေးလိုက်သော်လည်း သွေးထွက်လွန်မည်ကို စိုးရိမ်နေပုံရသည်။
“ကျွန်တော့်ဗိုက်ကိုလည်း တစ်ခုခုနဲ့ စည်းထားချင်တယ်“ ဟု သူက စိုးရိမ်စွာ ဆိုလာသည်။ ကျွန်တော့်ခြေထောက် အနီးရှိ 7 Day Daily သတင်းထောက် လက်ဟန်ခြေဟန်ဖြင့် သူပေးမည်ဟုဆိုကာ သူ့ရှပ်အင်္ကျီကို ချွတ်ကာလှမ်းပစ်ပေးသည်။ ယင်းနောက် ဝမ်းဗိုက်ကိုပါ ထပ်၍စည်းပေးထားရသည်။ လှုပ်ရှားမှုကို မြင်ပါက ထပ်မံပစ်ခတ်မည်ကို စိုးရိမ်ရသောကြောင့် အားလုံးက ဝမ်းလျားမှောက်လျက်။
ယာဉ်မောင်းတွင် ပါလာသောဖုန်းဖြင့် ချင်းရွှေဟော် တပ်မ (၁၁) ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းလိုင်းမမိပေ။ ကျန်လူများတွင်လည်း ဖုန်းက မည်သည့်နေရာတွင် ကျန်ရစ်ခဲ့ပြီမ သိတော့။
“ဘယ်သူထိသေးလဲ” ဟု ပြည်ထောင်စုနေ့စဉ် သတင်းထောက်က ဆိုသည်။ အားလုံးချိတ်ဆက်
မေးမြန်ကြည့်သည့်အခါ MRTV 4 သတင်းထောက်တစ်ဦး၏ လက်မောင်း ထိထားသည်ကို သိရသည်။ ဒဏ်ရာရထားသော ယာဉ်မောင်းက စိုးရိမ်စိတ်ဖြင့် တပ်မတော်စစ်ကြောင်းများကို ဖုန်းဆက်ရန်သာ မကြာခဏ တိုက်တွန်းနေသည်။
သို့သော် ကံကြမ္မာက မျက်နှာသာမပေး။ ရှိသည့် ဖုန်းကလိုင်းမမိ။ အဆက်အသွယ် မရရှိလျှင် မည်သည့် တပ်မတော်ယာဉ်တန်းမျှ လာရောက်ကယ်ထုတ်မည် မဟုတ်ပေ။ အရပ်သား မော်တော်ယာဉ် ဆိုသည်ကား ပို၍မဖြစ်နိုင်ချေ။ ပစ်ခတ်ခံရပြီးနောက် နှစ်နာရီကျော် ကြာမြင့်သည်အထိ မလှုပ်ရဲ။ ထိခိုက်ဒဏ်ရာ
ရထားသော လူနာများ သွေးထွက်လွန်မည်ကိုတော့ စိုးရိမ်မိသည်။
“အခု အပစ်ခံရတာ နှစ်ဖက်ညှပ်ပစ်တာ။ အားလုံး ကားလမ်းတစ်ဖက်တစ်ချက်စီက တောင်ကြောတွေ
ပေါ်မှာ ရှိနေတယ်” ဟု ဒဏ်ရာရ ယာဉ်မောင်းက ဆိုသည်။
အပေါ်စီးမှ မြင်ရသည် ဆိုသော်လည်း အမှောင်ရောက်လာသည်နှင့် မြင်ကွင်းမရှင်းနိုင်တော့။ ယင်းကြောင့် အမှောင်ကို စောင့်ရပေတော့မည်။
လက်နက်ကြီးဒဏ်ကြောင့် မော်တော်ယာဉ် ဘီးလေးဖက်လုံး ပေါက်သွားကာ ယာဉ်တစ်ခုလုံးက ဆန်ခါပေါက်ဖြစ်နေပြီဟု ကား၏နံဘေးတွင် ဝပ်နေသူ ကြက်ခြေနီအဖွဲ့ဝင်က အခြေအနေကို ဆိုလာသည်။
သူ၏ လက်မောင်းတွင် ကျည်ဆန်ဝင်ထား၍ မလှုပ်နိုင်။ ထိုသူမှာ လမ်းမပေါ်တွင် ဖြစ်နေသောကြောင့် အနားသို့ကပ်ရန် မလွယ်ကူပေ။ ထို့အပြင် ထပ်မံစိုးရိမ်မိသည်က အမျိုးသမီးများနှင့် ကလေးများ ဖြစ်
သည်။ သေနတ်စတင်ပစ်ခတ်ချိန်တွင် ကလေးငယ်များ အသံကို ကြားရသော်လည်း လက်နက်ကြီး ပေါက်ကွဲသံများ အပြီးတွင် အသံတိတ်သွားလေသည်။
“ကလေးမအေနဲ့ ကလေးတွေက ကားပေါ်မှာ ကျန်ခဲ့တယ်ဟ။ ဒုက္ခပါပဲ” ဟု အတူလိုက်ပါလာသူ MRTV 4 သတင်းထောက်က ဆိုသည်။ တစ်ယောက်တစ်ပေါက် ခပ်တိုးတိုး ခေါ်ကြည့်သော်
လည်း ပြန်ထူးသံမကြားရ။
ယင်းအချိန်တွင် မမျှော်လင့်သော ဖုန်းမြည်သံတစ်ခုကို ကြားရသည်။ အားလုံး ဝမ်းသာအားရဖြင့် “ဟာဖုန်းပဲ ဘယ်သူ့ဖုန်းလဲ လိုက်ရှာလိုက်ရှာ ဘယ်နားမှာလဲ” ဟု ရေရွတ်ကြသော်လည်း မည်သူမျှ ခေါင်းမ
ဖော်နိုင်သေးပေ။ ယခုအချိန်အထိ မပြန်သေးဘဲ စောင့်ဆိုင်းနေလျှင် လှုပ်ရှားမှု မြင်သည်နှင့် နောက်
တစ်ကြိမ် ထပ်၍ပစ်ခတ်ခံရနိုင်သည်ကို အားလုံး သိထားနှင့်ပြီးသား ဖြစ်သည်။
သို့သော်လည်း သိပ်မကြာလိုက်ပေ ဖုန်းဝင်သံ ထပ်မံမြည်လာပြီးနောက် ဖုန်းတည်နေရာကို သိရှိသွားကာ အနီးဆုံးရှိသူတစ်ဦးက ကောက်ကိုင်၍ စကားပြောလေသည်။
“ဟလို ဗိုလ်မှူးလား။ ကျွန်တော်တို့ သတင်းထောက်တွေပါတဲ့ကား ပစ်ခတ်ခံရပါတယ်။ လုံထန်အဆင်း
မှာပါ” ဟု 7 Day Daily သတင်းထောက်ကပြောပြီး ဟိုဘက်က မေးသည်များကို တစ်ခုချင်း ပြန်ဖြေ
လေသည်။
ချင်းရွှေဟော် တပ်မ (၁၁) သို့ လောက်ကိုင်မြို့မှ ပြန်ဆင်းလာမည်ဟု ကြိုတင်သတင်းပို့ထားခြင်း၏ ရလဒ်ဟု အားလုံးဝမ်းသာစွာ သဘောပေါက်လိုက်ကြသည်။
“ဗိုလ်မှူး ဖုန်းဆက်တယ်။ ခုထိရောက်မလာလို့ စိတ်ပူပြီး ဖုန်းဆက်တာတဲ့၊ အနီးဆုံးစစ်ကြောင်းကို လွှတ်လိုက်မယ်တဲ့ ဒဏ်ရာရသူတွေ တောင့်ထားပါ လို့ပြောတယ်” ဟု ဆိုလာသည့် 7 Day Daily သတင်းထောက်၏ စကားအဆုံးတွင် အားလုံး ထခုန်မတတ် ဝမ်းသာမိသော်လည်း မလှုပ်ရှားရဲသေး။ တပ်မတော်စစ်ကြောင်းများ ရောက်လာချိန်ကိုသာ ထပ်မံစောင့်ရပေတော့မည်။
ဒဏ်ရာရ ယာဉ်မောင်းက သွေးထွက်လွန်နေ၍ ကယောင်ကတမ်းတွေ ပြောနေ၍ သူ၏ လက်ကိုကိုင်ကာ “သိပ်မကြာပါဘူး၊ ကယ်ဆယ်ရေး ရောက်လာမှာပါ” ဟု ဆိုကာ ကျည်ထိထား၍ သွေးများထွက်ကာ တုန်နေသော သူ၏ခြေထောက်ကို ဖိပေးထားလျက် အားပေးစကား ပြောနေရသည်။
ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် နာရီဝက်ခန့် အကြာတွင် မော်တော်ယာဉ်အသံကို ပြိုင်တူကြားလိုက်ရပြီး တပ်မတော်ယာဉ်တန်း လာပြီဟူသော ပြည်ထောင်စုနေ့စဉ် သတင်းထောင်၏ သတင်းပေးစကားကို ကြားလိုက်ရသည်။သို့သော် တစ်ဖက်တောင်ကြောပေါ်တွင် ပစ်ခတ်မည့်အဖွဲ့များ ရှိ၊ မရှိ မသေချာ၍ မထရဲကြ။
အချိန်ကား ညနေ ခြောက်နာရီ ထိုးပြီဖြစ်၍ မှောင်ရီပျိုးစပြုနေပြီ။ ကျွန်တော်တို့အဖွဲ့ တွေးထင်ထားသည့် အတိုင်းပင် တပ်မတော်ယာဉ်တန်း ရောက်ရှိလာချိန်တွင် တစ်ဖက်တောင်ကြောပေါ်မှ မီးပွင့်ကို မြင်လိုက်ရသည့်ခဏ တစ်ပြိုင်နက် “ပတောက် ပတောက် ဗြောင်း” ဟူသော သေနတ်သံကိုပါ ကြားလိုက်ရသည်။
တောင်ကြောပေါ်နှင့် မြေပြင်အပြန်အလှန် ပစ်ခတ်နေကြသည်မှာ ကမ္ဘာပျက်သည့်နှယ် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေလေသည်။
သစ်ကိုင်းများ ထက်ပိုင်းကြိုးကာ အနီးရှိ မြေစာပုံများ ဖွာခနဲ့ လွင့်စင်သွားသည်။
“ညီလေးတို့ အားတင်းထား ဘာမှမဖြစ်ဘူး။ ခဏနေ ပြန်ရမှာနော်။ ဒီကောင်တွေက ပစ်ပြေးအဆင့်တွေပါကွာ” ဟုတပ်မတော်သားတစ်ဦးက မြောင်းအတွင်းဆင်းကာ နေရာယူ
လျက် ပြောသည်။
ယင်းနောက် “အုန်းခနဲ” အသံများကို ဆက်တိုက်ကြားလိုက်ရပြီး တပ်မတော်သားတစ်ဦးက “မြင်လား အစ်ကို ပစ်လိုက်တာ။ ဘယ်ရမလဲ အဲဒါ ၄၀ မမ လို့ ခေါ်တယ်။ ပစ်ချက် ဒါရိုက်ပဲ” ဟု ဟာသနှောလျက် ဆိုသည်။
ထိုသူများက ပြောရင်းပစ်နေကြသော်လည်း သေနတ်သံများနှင့် ရင်းနှီးမှု မရှိသူများ ဖြစ်သည့် ကျွန်တော်တို့ အားလုံးကတော့ နားများကို လက်ဝါးဖြင့်ပိတ်ကာ ဦးခေါင်းကို မြေကြီးနှင့် တစ်သားတည်း ကပ်ထားရသည်။
စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ပြီးနောက် နှစ်ဖက်သေနတ်သံများ ငြိမ်သက်သွားသည်။
“မြင်လား ပစ်ပြေး ဆိုတာ အဲဒါပြောတာပေါ့။ ပြေးပြီလေ ဘယ်ရမှာလဲ။ ဟေ့ကောင်တွေ ၄၀ သုံးလုံး ကျွေး
လိုက်တာ မြင်လား” ဟု တပ်မတော်သားတစ်ဦး၏ အသံကိုသာ ကြားရသည်။
ယင်းနောက် ရေမြောင်းများအတွင်းရှိ ဝမ်းလျားမှောက်နေသူများကို လုံထန်ကျေးရွာ အတွင်းရှိ တဲကုပ်အတွင်းသို့ တစ်ယောက်ချင်းစီ ကယ်ထုတ်သည်။
“ဘယ်သူတွေ ထိသေးလဲ။ သတင်းထောက် ဘယ်နှယောက် ထိထားလဲ” ဟု ဒုတပ်ရင်းမှူးက မေးမြန်းပြီး လူတွေကို စစ်ဆေးကြည့်နေသည်။
အမျိုးသမီးတစ်ဦး တင်ပါးထိထားပြီး ကလေးငယ်များမှာ အထိအခိုက် မရှိသောကြောင့် အားလုံးက စိတ်အေးသွားမိသည်။
“တော်သေးတာပေါ့ဗျာ ကလေးကို မထိလို့။ ကျွန်တော်တို့က ကလေးအသံတိတ်သွားတော့ စိုးရိမ်မိတာ” ဟု အားလုံးက မေးမြန်းသောအခါမှ ကလေးငယ်များကို ငိုယိုအသံမထွက်စေရန် ပါးစပ်ကို အဝတ်များဖြင့် ထည့်သွင်းပိတ်ထားရကြောင်း အမျိုးသမီးက ငိုယိုကာ ရှင်းပြသည်။
“ကျွန်မတို့လည်း ရွေးချယ်စရာ မရှိဘူးလေ။ အသေပစ်နေတဲ့အချိန်မှာ အသံထွက်တာသိရင် ဆက်ပစ်နေမှာပေါ့” ဟု သူမက ဆိုသည်။
သူမထိုင်နေသော ကားအတွင်းသို့ လက်နက်ကြီး ကျရောက်သော်လည်း မပေါက်ကွဲကြောင်း တပ်မတော်သားတစ်ဦးက ဆိုသည်။
မည်သည့်နေရာတွင် ကျန်ရစ်ခဲ့မှန်း မသိသော ကင်မရာများကို ပြန်တွေ့သည်က ကျွန်တော်တို့ သတင်းထောက်များအတွက် ကံကောင်းသည်ဟုပင် ဆိုရမည်။
“လူသေချင်သေပစေ ကင်မရာတော့ ကိုယ်နဲ့မကွာ ရှိထားတယ်ဗျာ။ သေသွားရင်တောင် ကျွန်တော်တို့ သွားခဲ့ရတဲ့ခရီးက အလကား မဖြစ်စေချင်ဘူးလေ” ဟု 7 Day Daily သတင်းထောက်က ဆိုသည်။
လာရောက်ကယ်တင်သော စစ်ကြောင်းဖြင့်ပင် အားလုံးပြန်လိုက်လာရန် တပ်မတော် အရာရှိတစ်ဦးက ပြောဆိုသည်။“ကျွန်တော်တို့ ကားနဲ့သွားလို့ မရဘူး။ ကားနဲ့ သွားလို့ မီးရောင်မြင်ရင်
လမ်းမှ ထပ်ပစ်ခံရနိုင်တယ်။ အဲဒါကြောင့် အားလုံး ခြေလျင်လျှောက်ရမယ်” ဟု ၎င်းကဆိုသည်။
နှစ်ဖက်ပစ်ခတ်မှုများ ရပ်တန့်သွားပြီ ဆိုသော်လည်း ညမှောင်ချိန် ရောက်ရှိနေသောကြောင့် တစ်ဖက် ရန်သူ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သိရှိရန် မလွယ်ကူကြောင်း တပ်မတော်သားတစ်ဦးက ရှင်းပြသည်။“ကျွန်တော်တို့ အတန်းလိုက်သွားတာ ပိုကောင်းမယ်။ ပစ်သံကြားတာနဲ့ လမ်းဘေးတောင်နံရံကို ပြေးကပ်ပါ” ဟု ၎င်းကဆိုသည်။
ရောမရောက် ရောမလိုပင် ကျင့်ရမည် ဆိုသည့်အတိုင်း အသက်အန္တရာယ် လုံခြုံရေးအတွက် မှာကြားသည့် အတိုင်းသာ လုပ်ရမည်ကို သတင်းထောက်များ အားလုံး သဘောပေါက်ကြသည်။
“ကျွန်တော်တို့ထဲက ကျန်တဲ့လူ ဒီအဖြစ်အပျက်ကို ရေးဖြစ်အောင်ရေးပါ” ဟု အချင်းချင်းကြား
ရုံ ပြောမိသည်။
ဒဏ်ရာရလူနာများ ထမ်းစင်ပေါ်တင်အပြီးတွင် အပြန်ခြေလျင်ခရီးကို တပ်မတော်စစ်ကြောင်းနှင့်အတူလိုက်
ရန် ပြင်ဆင်ကြလေပြီ။ တောင်ကြောနှစ်ဖက်ပေါ်မှ ညှပ်ပိတ်ပစ်ခတ်ခံရပြီးနောက် သုံးနာရီကျော်အကြာတွင် လုံထန်ကျေးရွာအနီးက အပြန်ခရီးကို စတင်သည်။
လမ်းတစ်လျှောက်တွင် လာရောက်ကယ်ဆယ်သောတပ်မတော်ယာဉ်တန်းပစ်ခတ်ခံရခြင်းကြောင့်
မော်တော်ယာဉ်တစ်စီး တောင်ခါးပါးယံကို တိုက်မိပြီး ရှေ့ပိုင်းကြေမွနေသည်ကို တွေ့ရသည်။
“ယာဉ်မောင်းတပ်သား ထိတယ်။ အခု ကွမ်းလုံဆေးရုံကို ပို့ထားတယ်” ဟုတပ်မတော်သားတစ်ဦးက ဆိုသည်။
လောက်ကိုင်မြို့အပြန်ခရီးတွင် နာမည်ကျော် လုံထန်ကျေးရွာတိုက်ပွဲကို ကိုယ်တွေ့ကြုံရလေပြီ။ ကျွန်တော်အပါအဝင် တိုက်ပွဲအတွင်း ပိတ်မိနေသူများ အချို့တွင် ဖိနပ်များမရှိတော့။ အားလုံးသည် ဖုန်တသောသောနှင့် သွေးပေနေသော အဝတ်အစားများ ကိုယ်စီ။
လရောင်မရှိသောကြောင့် ကြယ်ရောင်များဖြင့် လမ်းကို မသဲမကွဲမြင်နေရချိန်တွင် ဖိနပ်မပါသော ခြေဖဝါးဖြင့် အပြန်လမ်းကို စလျှောက်မိသည်။
ရှမ်းပြည်နယ် ရာသီဥတုက အပေါ်အနွေးထည် တစ်ခုသာ ကျန်တော့သည့် ကျွန်တော်တို့ကို မညှာမတာ။ အရိုးကွဲမတတ် အေးနေသည်။ ကောင်းကင်တစ်ခွင်လုံးတွင် ကြယ်ရောင်များက မစုံတစုံ။ ဒီအချိန်တွင် တပ်မတော် အရာရှိတစ်ဦးက ရယ်ရွှမ်းဖွဲ့ရင်း“မကြောက်ပါနဲ့ဗျာ။ နောက်တစ်ပတ်လောက်ဆို ပုံမှန်ဖြစ်သွားမှာပါဗျာ။ အခုတော့ နဖူးတွေ့ဒူးတွေ့ပေါ့။ ခင်ဗျားတို့ စစ်သတင်းထောက်အစစ် ဖြစ်သွားပါပြီ” ဟု ဆိုလိုက်လေသည်။
ဟိန်းသွင်ထက်