ဖြူးမြို့နယ်၌ စိတ်မနှံ့သူက ဓားဖြင့်ခုတ်၍ လူသေမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ဖြူးအရှေ့ အုတ်ဖြတ် ကျေးရွာအုပ်စု အိုးဘိုကုန်း ကျေးရွာတွင် စိတ်ဖောက်ပြန် နေသူက မိခင်၊ ညီမနှင့် သံဃာတော် တစ်ပါးအား ကိုင်းခုတ်ဓားမဖြင့် ခုတ်၍ လူသေမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းရွာနေ ဒေါ်သန်းနွဲ့ (၆၇)နှစ်နှင့် သမီးဖြစ်သူ မနီနီဝင်း(၂၃)နှစ် တို့သည် နေအိမ်တွင်ရှိနေကြစဉ် အတူနေသားဖြစ်သူ ငမျိုး(ခ)မျိုးသိန်း (၃၃)နှစ်သည် စိတ်ဖောက်ပြန်လာပြီး မိခင်ဒေါ်သန်းနွဲ့နှင့် ညီမ မနီနီဝင်းတို့အား ဓားမ၊ ပေါက်တူးတို့ဖြင့်ခုတ်၍ ဒေါ်သန်းနွဲ့၏ ဝဲနဖူး ပြတ်ရှဒဏ်ရာတစ်ချက်၊ မနီနီဝင်း၏ ဦးခေါင်းနောက်စေ့တွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိသေဆုံးခဲ့ပြီး ငမျိုး(ခ)မျိုးသိန်းမှာ ရွာလမ်းအတိုင်း ထွက်ပြေးရာ ရွာဦးဘုန်းတော်ကြီး မြရောင်ခြည် ကျောင်းမုခ်ဦး တန်းလျားတွင် ထိုင်နေသော ဦးပညာသာမိ(ခ)ဦးမြသန်း(၅၅)နှစ် သုံးဝါကို ဆက်လက်ခုတ်သဖြင့် ဦးခေါင်းနောက်စေ့အောက် ပြတ်ရှဒဏ်ရာတစ်ချက်ရရှိသေဆုံးသွားသည်။

ပြစ်မှုကျူးလွန်သူ ငမျိုး(ခ)မျိုးသိန်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဦးခေါင်းခွဲစိတ်ခံထားရပြီး စိတ်ဖောက်ပြန်နေသူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရပြီး အမှုကို ဖြူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူးစံလှ၊အုတ်ဖြတ်ရဲကင်းစခန်းမှူး ရဲအုပ်သန်းမင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တို့က တရားခံဖမ်းဆီးရမိရေးကို အချိန်နှင့်တစ်ပြေးညီ လိုက်လံစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူအား ထိုနေ့ည ၁ဝ နာရီခန့်တွင် ရွာအရှေ့ ဘက်တစ်မိုင်ခန့် လယ်ကွင်းထဲ၌ ဒဏ်ရာများဖြင့်လဲနေသည်ကို တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

(ဖြူးမြင့်ဦး)
The Mirror Daily

0 comments:

Post a Comment