ဗြိတိန်အမွှာညီအစ်မနှစ်ဦး ဆီးရီယားသူပုန်များနှင့် သွားရောက် ပူးပေါင်း

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် ဆယ်မာနှင့် ဇာရာဟာလန် အမွှာညီအစ်မ နှစ်ဦးသည် လွန်ခဲ့သည့် တစ်လခန့် က ဆီးရီးယားနိုင်ငံသို့ သွားရောက်ပြီး ISIS သူပုန်များနှင့် သွားရောက်ပူးပေါင်းကာ အကြမ်းဖက်တိုက် ခိုက်ရေးနည်းလမ်းများကို သင်ယူလျက် ရှိသည်။



ညီအစ်မနှစ်ဦးသည် ISIS သူပုန်များနှင့် လက်ထပ်ထားပြီး တစ်ဦးက မိမိအား ‘အကြမ်းဖက် အမွှာညီအစ်မ’ ဟု အမည်ပြောင်ဖြင့် ခေါ်ခြင်းကို အလွန်နှစ် သက်ကြောင်း ပြောကြားသည်။

အဆိုပါ ညီအစ်မအနက်မှ တစ်ဦးက “အကြမ်းဖက် အမွှာညီအစ်မလို့ အခေါ်ခံရတဲ့အပေါ်မှာ ကျွန်မကတော့ အရမ်းကြိုက်ပါတယ်။ ကျွန်မအတွက် တိုက် ချင်ခိုက်ချင် စိတ်တွေ ပိုမိုဖြစ်လာစေပါ တယ်။ ဆီးရီးယား တပ်ဖွဲ့တွေအပေါ် သတ်ဖြတ်နေတာကို ထောက်ခံပါတယ်။ ဒါဟာ ISIS အဖွဲ့အနေနဲ့ မိမိကိုယ်ကို ကာကွယ်တာပါ” ဟု ပြောကြားသည်။


အစ်ကိုဖြစ်သူသည် ဆီးရီးယားသို့ ဦးစွာ ထွက်ခွာသွားခဲ့ပြီး ၎င်းတို့နှစ်ဦးကလည်း ဇာတိနိုင်ငံ အင်္ဂလန်သို့ ပြန်မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်။ လူမှု မီဒီယာများတွင် ရေးသားထားမှုများအရ ၎င်းတို့နှစ်ဦးသည် လက်ပစ်ဗုံးများ၊ ကာလာရှင်နီကော့ဗ်ရိုင်ဖယ်သေနတ်များ ပစ်ခတ်တိုက်ခိုက် တတ် ရန် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

ညီအစ်မနှစ်ဦးစလုံးသည် စာကြိုးစားပြီး ဆရာဝန်ဖြစ်ရန် ကြိုးစားခဲ့သူများဖြစ်သည်။

ညီအစ်မနှစ်ဦးအနက်မှ တစ်ဦးက သူမအနေဖြင့် ဆရာဝန်ဖြစ်လိုကြောင်း သို့သော် ISIS သူပုန် များကိုသာ ဆေးကုသပေးလိုကြောင်း ပြောကြားသည်။

မကြာသေးမီက တင်လိုက်သည့် ၎င်းတို့၏ တွစ်တာတွင် “ဆရာဝန်တွေဖြစ်ဖို့ ကြိုးစားသလို တိုက်ခိုက်ရေးသမားတွေဖြစ်ဖို့လည်း ကြိုးစားတော့မှာပါ။ ISIS တွေအတွက် ဆရာဝန်ဖြစ်ဖို့ ကြိုးစားသွားမယ်” ဟု ရေးသားထားသည်။

၎င်းတို့နှစ်ဦးသည် ဆီးရီးယားနိုင်ငံမှ ISIS သူပုန်များ၏ ခြေကုပ်ဒေသဖြစ်သော ရက္ကာမြို့တွင် အခြေချ နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အင်္ဂလန်မှ တူရကီသို့ လေယာဉ်ဖြင့် သွားရောက်ကာ နယ်စပ်မှတစ်ဆင့် ဆီးရီး ယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ မိဘများက စည်းကမ်းတင်းကြပ်ပြီး သမီးနှစ်ယောက် အား အခြားကလေးများနှင့် လမ်းပေါ်တွင် ဆော့ကစားခွင့် မပြုခဲ့ကြောင်း အိမ်နီးချင်းဟောင်း တစ်ဦးက ပြောကြားသည်။
Ref: Daily Mail
Mizzima News

0 comments:

Post a Comment