ဖလားယူခဲ့သည့် မြန်မာယူ-၁၉ အသင်းအား အာရှဖလားတွင် အောင်မြင်မှုရရန် ပရိသတ်များ အထူးမျှော်လင့်နေ

ဘရူနိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့သည့် မြန်မာအသင်း အောင်ပွဲခံနေစဉ် (ဓာတ်ပုံ-မြတ်ကိုမင်း)ဘရူနိုင်းဘုရင့်ဖလား ဆွတ်ခူး၊ မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် မျှော်လင့်နေကြသည်။ဘရူနိုင်းဘုရင့်ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဩဂုတ် ၂၃ ရက်က ကျင်းပရာ မြန်မာ ယူ-၁၉ အသင်းက ဗီယက်နမ် ယူ-၁၉ အသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာအသင်းမှာ ဘရူနိုင်းဘုရင့်ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာအသင်းမှာ ပထမပိုင်း၌ ကစားပုံ လိုအပ်ချက်အချို့ ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် ပုံစံကောင်းရရှိကာ အနိုင်ဂိုးများသွင်းယူပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းမှာ ဆီမီးဖိုင်နယ်တွင် မလေးရှားအသင်းကို အနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ အနည်းငယ်ပြုလုပ်ခဲ့ပြီး ခံစစ်ကစားပုံ အမှားယွင်းများခဲ့သောကြောင့် ဗီယက်နမ်အသင်းကို သုံးဂိုးအထိပေးခဲ့ရခြင်းဖြစ်သည်။ ၁၇ မိနစ်တွင် မျိုးကိုထွန်းက မြန်မာအသင်းအတွက် ဂိုးစတင်သွင်းယူ ပေးခဲ့သော်လည်း ၃၉ မိနစ်တွင် ဖန်ဗန်လောင်က ချေပဂိုးနှင့် ၄၇ မိနစ်တွင် ဟောင်ထရန်သီက ဗီယက်နမ်အတွက် ဦးဆောင်ဂိုးသွင်းယူ ခဲ့သောကြောင့် မြန်မာအသင်း အရှုံးမှလိုက်ကစားခဲ့ရသည်။ ၅၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် မျိုးကိုထွန်းက ချေပဂိုးပြန်လည် သွင်းယူပေးခဲ့ပြီး မိနစ် ၆ဝ တွင် ငြိမ်းချမ်းအောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင်စိုးက တတိယဂိုးသွင်းယူပေးခဲ့သည်။ မိနစ် ၇ဝ တွင် ငုယင်ကောင်ဖောင်က ဗီယက်နမ်အတွက် ချေပဂိုးသွင်းယူ ပေးခဲ့သော်လည်း ၈၁ မိနစ်တွင် အောင်သူက မြန်မာအသင်း ချန်ပီယံဖြစ်စေမည့် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ 

ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြကစားခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှာ ယခုဗိုလ်လုပွဲတွင် အမှားအယွင်းအချို့ ရှိခဲ့သော်လည်း ချန်ပီယံဆုနှင့် ထိုက်တန်သည့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့သည်။ ၂ဝဝ၅ ပြိုင်ပွဲနှင့် ၂ဝဝ၇ ပြိုင်ပွဲတို့တွင် ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာအသင်းမှာ ဗိုလ်လုပွဲရလဒ်ဆိုးများကို ချေဖျက်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်စွဲနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းမှာ လာမည့်အောက်တိုဘာလ အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းမှာ ယင်းပြိုင်ပွဲအတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။

မြန်မာဘောလုံးပရိသတ်များကလည်း မြန်မာ ယူ-၁၉ အသင်းကို မြန်မာ့ဘောလုံး အနာဂတ်အတွက် အလားအလာကောင်းသည့် အသင်းအဖြစ် လက်ခံထားကြပြီး အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Eleven

0 comments:

Post a Comment