ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ဟိုတယ်

မှောင်မိုက် တိတ်ဆိတ်လှသော ညအချိန်တွင် ခန္ဓာကိုယ်ကို ကြိုးဖြင့် တုပ်ထားခြင်း၊ ပင့်ကူ၊ မြွေအစရှိသည့် သတ္တ၀ါများက ခန္ဓာကိုယ်ပေါ် ဖြတ်သွားခြင်း၊ သွေးများဖြင့် အလောင်း ခံရခြင်း အစရှိသည့် ထိတ်လန့် တုန်လှုပ် ဖွယ်ရာများကို ခံစားလိုပါ သလား။ သင်တို့ အနက် အများစုက ငြင်းဆိုကြမည်မှာ သေချာသော်လည်း အဆိုပါ အသည်းထိတ်ဖွယ် အတွေ့အကြုံကို ခံစားလိုသူ ၂၄၀၀၀ ခန့်ကမူ အလုအယက် တိုးဝှေ့ တန်းစီနေကြသည်။



အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂို မြို့တွင် တည်ရှိသည့် မက်ကမီ မနော် အမည်ရှိသည့် ဟိုတယ် တစ်ခုတွင် ယင်းကဲ့သို့ ထိတ်လန့် ကြောက်ရွံ့ဖွယ် ညများကို တင်းပြည့် ကျပ်ပြည့် ကြုံတွေ့ရရန် ၀န်ဆောင်မှု ပေးနေပြီး ယင်းဟိုတယ်တွင် တည်းခိုခွင့် ရရေးအတွက် စောင့်ဆိုင်းနေသူ ၂၄၀၀၀ အထိ ရှိနေခြင်း ဖြစ်သည်။

ယင်းဟိုတယ်၌ တစ်ကြိမ်တွင် လူနှစ်ဦးသာ လာရောက် တည်းခိုခွင့် ပြုထားပြီး ဟိုတယ်အတွင်း ရှစ်နာရီကြာ ခြောက်ခြားဖွယ် ခရီးမှ မိမိကိုယ်ကို လွတ်မြောက်အောင် ကြိုးပမ်းရမည် ဖြစ်သည်။ ယင်းကဲ့သို့ ခရီးသည်များ၏ ကြိုးပမ်းမှု များကို ကင်မရာများဖြင့် ရိုက်ကူးထားပြီး လူအများကို ကြည့်ရှုနိုင်စေရန် ဆောင်ရွက် ပေးထားသည်။

လက်ရှိ အချိန်အထိ ယင်းဟိုတယ်တွင် ရှစ်နာရီ ပြည်အောင် နေထိုင်နိုင်သူ မရှိသေးပေ။ ယင်းကဲ့သို့ အောင်မြင်သူ မရှိထားသည် အထိ ထိတ်လန့်ဖွယ်ရာများဖြင့် ပြည့်နှက်နေ သော်လည်း လူအများမှာ ဟိုတယ် မနော်တွင် ညအိပ် ဖြတ်သန်းခွင့် ရရှိရန် စုပြုံတိုးဝှေ့ နေကြဆဲပင် ရှိသည်။

ရုပ်ရှင်များထဲမှ ထိတ်လန့်ဖွယ်ရာ များနှင့် ပြည့်နှက်နေသည့် ယင်းဟိုတယ်ကို တည်ထောင်သူ မက်ကမီက စည်းကမ်းတင်းကျပ်မှု များလည်း ပြုလုပ်ထားပြီး အထူးတင်းကျပ် ထားသည့် သံမဏိ စည်းမျဉ်းမှာ မည်သူ့ကိုမျှ ဟိုတယ်တွင် နှစ်ကြိမ် လက်မခံခြင်း ဖြစ်သည်။ "ကျွန်တော်တို့ လုပ်တဲ့ အရာမျိုးနဲ့ ဘယ်အရာကမှ တူမှာ မဟုတ်ဘူး။ ဒါဟာ ကိုယ်ပိုင် သည်းထိတ်ရင်ဖို ဇာတ်ကားထဲမှာ နေထိုင်ရတာ ပါပဲ"ဟု မက်ကမီက ဆိုသည်။


"ဒီဟိုတယ်မှာ နေရာ လေးခုရှိတယ်။ အားလုံးကို အပြင်းစားတွေ ကြိုက်တဲ့ ပရိသတ်တွေ အတွက် ရှယ်ပြင်ထားတယ်။ ဒီမှာ ရှိသမျှ အရာအားလုံးဟာ စိန်ခေါ်မှုတွေ ဖြစ်ပြီး အရမ်းကို အတွေ့အကြုံ ရမှာပါ။ ခင်ဗျားတို့ အနေနဲ့ ဘာကို လုပ်နိုင်တယ်၊ ဘာကို မလုပ်နိုင်ဘူး ဆိုတာ ဒီနေရာမှာ သက်သေပြရ မှာပါ"ဟု မက်ကမီက ဆက်၍ ပြောခဲ့သည်။

ဟိုတယ်အတွင်းရှိ အရာများကို နှစ်စဉ် အပြောင်းအလဲ ပြုလုပ်ထားပြီး ဟိုတယ်တွင် တည်းခိုခွင့်ကို အခမဲ့ ပေးအပ်ထားကာ စတင် ပြုလုပ် လာသည်မှာ ၁၄ နှစ်အထိ ရှိခဲ့ပြီ ဖြစ်သည်။

Ref: Mirror
Mizzima News

0 comments:

Post a Comment