MPT ၁၅၀၀ တန် ဆင်းမ်ကတ် တရားဝင် အရောင်းဆိုင်များ အမြတ်ထုတ် ရောင်းချ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၁၅၀၀ ကျပ်ဖြင့် လွတ်လပ်စွာ ရောင်းချပေးမည်ဟု ကြေညာထားသော WCDMA ဆင်းမ်ကတ်များကို MPT က တရားဝင် ရောင်းချခွင့် ပြုထားသော အရောင်းကိုယ်စားလှယ်များက ဆင်းမ်ကတ် သီးခြားရောင်းချခြင်း မပြုဘဲ ပုံစံမျိုးစုံဖြင့် အမြတ်ထုတ် ရောင်းချကြကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက ပြောဆိုသည်။


MPT ဆင်းမ်ကတ်များကို ဟန်းဆက်နှင့် တွဲရောင်းခြင်း၊ ငွေဖြည့်ကတ် အနည်းဆုံး ကျပ်တစ်သောင်းခွဲဖိုး ဝယ်ယူမှသာ ရောင်းချခြင်း စသဖြင့် အမြတ်ထုတ် ရောင်းစားမှုများ ပြုလုပ်ကြကြောင်း ဈေးကွက်အတွင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ လသာလမ်းရှိ တရားဝင် ရောင်းချခွင့်ရ ဖုန်းဆိုင်တစ်ဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင် ရောင်းချခွင့် အရေအတွက် ခွဲဝေရာတွင် အခြားတရားဝင် ကိုယ်စားလှယ်များထက် ဆင်းမ်ကတ်ခွဲတမ်း ရရှိမှု နည်းပါးခြင်းကြောင့် ယင်းသို့ ရောင်းချရခြင်း ဖြစ်ကြောင်း ယင်းဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

“MPT အနေနဲ့ ဆင်းမ်ကတ်တွေကို အကန့်အသတ်မရှိ ဝယ်လို့ရမယ် တရားဝင် ကြေညာထားလို့ သူတို့ပြောထားတဲ့ ဆိုင်တွေမှာ သွားဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ ဆင်းမ်ကတ် ရောင်းမယ်ဆိုတော့ ဘာမှမထူးဘူး။ သူတို့အနေနဲ့ ဒီလိုမျိုးတွေ လုပ်တာ မကောင်းဘူး။ ပွင်းလင်းမြင်သာမှု မရှိဘူး” ဟု နေပြည်တော် မြို့မဈေးအနီးတွင် နေထိုင်သော ဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။

MPT ၁၅၀၀ တန် ဆင်းမ်ကတ်များကို ရောင်းချခွင့် ရရှိထားသော ကိုယ်စားလှယ်ဆိုင် အချို့မှာ ဟန်းဆက်တစ်လုံး ဝယ်ယူမှသာ ဆင်းမ်ကတ် ရောင်းချမည် ဆိုသောကြောင့် ၁၅၀၀ ကျပ်ဖြင့်သာ ရောင်းချသော Elite မိုဘိုင်းလ်ဆိုင်နှင့် KMD ဖုန်းဆိုင်များတွင် လူအများအပြား အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူကြရကြောင်း ဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းနေသူများက ပြောဆိုသည်။

ဆင်းမ်ကတ်များ လာရောက်ဝယ်ယူသူ များပြားသောကြောင့် ဆင်းမ်ကတ် ရောင်းချသည့် အချိန်ကို နှစ်ပိုင်းခွဲပြီး ရောင်းချရကြောင်း KMD ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆင်းမ်ကတ်ဝယ်ဖို့ မနက် ၁၀ နာရီလောက်တည်းက စောင့်နေတာ။ ၂ နာရီလောက် စောင့်လိုက်ရတယ်။ ဈေးနှုန်းကတော့ ၁၅၀၀ ပဲ ပေးရတယ်” ဟု ဗိုလ်အောင်ကျော် Elite ဖုန်းအရောင်းဆိုင်ခွဲတွင် ဆင်းမ်ကတ် ဝယ်ယူလာသော ဦးသက်အောင်က ဆိုသည်။

ယင်းကြောင့် MPT ဆင်းမ်ကတ်များ၏ ပြင်ပပေါက်ဈေးမှာ ကျပ်တစ်သောင်း ငါးထောင်ခန့် ဖြစ်နေကြောင်း ဈေကွက်အတွင်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၅၀၀ တန် ဆင်းမ်ကတ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ တစ်နိုင်ငံလုံးကို ပထမအသုတ် အနေနှင့် ဆင်းမ်ကတ်ပေါင်း ခုနစ်သိန်းကို ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ပျော်ရွှင်မှု ဖန်တီးဖို့အတွက် ချစ်သူဆီက စောင့်မျှော်မနေသင့်တဲ့ အရာများ


ချစ်သူရှိတာကောင်းပါတယ်။ ချစ်သူက ကိုယ့်အပေါ် နားလည်ပြီး ချစ်ပေးတယ်ဆိုရင် ဒါဟာ ပိုကောင်းတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူ ဒါလုပ်ပေးမလားမသိဘူး။ သူ တစ်နေ့နေ့ ဒါလုပ်ပေးမှာပါ ဆိုပြီး စောင့်နေတတ်ကြပါတယ်။ တစ်ခါတစ်လေ ပျော်ရွှင်မှုရရှိဖို့ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့အခါမျိုးတွေ ရှိပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်တိုင်ကြိုးစားအားထုတ်တာမျိုးပေါ့။ ဘယ်လိုအရာမျိုးတွေကို အမျိုးသားတွေ လုပ်ပေးဖို့ စောင့်မနေသင့်ဘူးလဲဆိုတာ ပြောပြပေးချင်ပါတယ်။


တန်ဖိုးကြီး လက်ဝတ်ရတနာတစ်ခုခု ၀ယ်ပေးမလားဆိုပြီး စောင့်မျှော်တတ်ခြင်း

ကိုယ့်ချစ်သူက ကိုယ့်မွေးနေ့မှာ ကိုယ်လိုချင်တဲ့ လက်စွပ်လေးများ ၀ယ်ပေးမလား၊ ကိုယ်လိုချင်တဲ့ နားကပ်လေးများ ၀ယ်ပေးမလား မျှော်လင့်နေရတဲ့အလုပ်ထက် ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် လက်ဝတ်ရတနာကို ၀ယ်ဝတ်လိုက်တာ ပိုကောင်းပါတယ်။ သူမပေးလို့ဆိုပြီး စိတ်ကသိကအောက် ဖြစ်နေမယ့်အစား ကိုယ့်စိတ်ကြိုက် ၀ယ်လိုက်တာ ပိုကောင်းပါတယ်။

သွားချင်တဲ့ခရီးအတွက် သူ့အကြံပြုချက်ကို စောင့်မျှော်တတ်ခြင်း

ခရီးသွားတဲ့အခါ တစ်ယောက်တည်း မသွားရဘူးလို့ သူက ပြောထားပါသလား။ အမှန်တော့ ခရီးသွားတယ်ဆိုတာ စိတ်လွတ်လပ်မှုတစ်ခု၊ အပန်းဖြေမှုတစ်ခုကို ရှာဖွေတာပါ။ သူမအားလို့ ကိုယ်မသွားရတာမျိုး အဖြစ်ခံစရာ မလိုပါဘူး။ တစ်ယောက်တည်းသွားတော့ရော ဘာဖြစ်သလဲ။ ဘာမှမဖြစ်ပါဘူး။ ဘိုကင်လုပ်တာကအစ အရာအားလုံး ချစ်သူက လုပ်ပေးမလားဆိုပြီး မျှော်လင့်နေရင်း ကိုယ်သွားချင်တဲ့ခရီးကို အပျက်မခံပါနဲ့။

စားချင်တဲ့အရာတွေကို အတူစားဖို့ စောင့်မျှော်ရခြင်း

တစ်ခါတစ်လေ ချစ်သူမပါဘဲ ကိုယ့်ဘာသာကိုယ် အလှလေးဘာလေးပြင်၊ အမိုက်စားဝတ်ပြီး အကောင်းစား စားသောက်ဆိုင်မှာ စားသောက်ချင်တာမျိုး ဖြစ်လာရင် သွားလိုက်ပါ။ ငါသွားပြီး သူ့ထားခဲ့တယ်ဆိုတဲ့ အပြစ်ရှိသလို ခံစားချက်မျိုးထားဖို့ မလိုပါဘူး။ ဒီလိုသွား၊ စားတာမျိုးဟာ သူ့နောက်ကွယ်မှာ နော်ကတစ်ယောက်ထားတာမှ မဟုတ်ပဲ။ ဒီတော့ ခုလိုစိတ်ဖြစ်လာရင် လိုက်ပို့ပေးပါဖို့၊ ကိုယ်နဲ့အတူ အဖော်ပြုပေးဖို့ မေးရမြန်းရ စောင့်ရတာမျိုးတွေ မလုပ်ပါနဲ့။

အိမ်ပြောင်းချင်တာမျိုး သူ့ထောက်ခံချက်ကို စောင့်မျှော်ရခြင်း

ကိုယ်နေထိုင်တဲ့ တိုက်ခန်း၊ အိမ်ပြောင်းဖို့ လိုနေပြီလို့ ခံစားရရင်၊ အဆင်မပြေတော့ဘူးဆိုတာ သေချာရင် နောက်တစ်နေရာပြောင်းတဲ့အခါ သူ့ကပြောင်းဆိုမှ ပြောင်းရမှာပါလား။ မဟုတ်ပါဘူး။ ကိုယ်နေထိုင်ရတာ အဆင်ဘယ်လောက် မပြေဘူးလဲဆိုတာ ကိုယ်သာသိပါလိမ့်မယ်။ သူ့ဆီက ထောက်ခံချက်နဲ့ ပြောင်းရ၊ မပြောင်းရ တာတွေ စိတ်ထဲ ထင့်မနေပါနဲ့။

ကိုယ့်နာမည်ရေးထိုးဖို့ သူ့ဆီက ခွင့်ပြုချက် စောင့်ရခြင်း

တစ်ခါတစ်လေ စာရွက်လေးတစ်ခုပေါ်မှာ တစ်ခုခုရေးတော့မယ်ဆို နှစ်ဦးစလုံးနာမည်ပဲ ရေးရမှာလား၊ ကိုယ့်နာမည်ရေးရမှာလား။ ဒါမှမဟုတ် ကိုယ့်အသုံးအဆာင်မှာ နာမည်လေးတစ်ခုခု တပ်ချင်တယ်၊ ထွင်းချင်တယ်ဆိုပါစို့။ ကိုယ့်နာမည်ကိုယ်တပ်ပစ်လိုက်ရင် သူစိတ်ဆိုးမှာလား ဆိုတာ စဉ်းစားနေမိပါတယ်။ တကယ်တော့ ကိုယ့်နာမည်ကိုယ်တပ်တာ ဘာမှ အမှားမပါပါဘူး။ သူနဲ့လက်ထပ်ပြီးသွားပြီဆိုတော့မှ နှစ်ယောက်သားရဲ့ အသုံးအဆောင်တွေကို စိတ်ကြိုက်နာမည်ရေထိုးလို့ရတာပဲလေ။

Ref:cosmopolitan.com
မေသော်
Trend Myanmar

“ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ”


မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး နောက် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့၌ ပထမဆုံး အကြိမ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖြစ်ခဲ့သည်။ ယင်းသတင်းစာ ရှင်း လင်းပွဲတွင် ၎င်းတို့၏ လက်ရှိရပ်တည်ချက်၊ ခံယူချက်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြခဲ့သည်။

လက်ရှိ အကောင်အထည် ဖော်ဆောင်နေသည့် နိုင်ငံရေး ဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အပေါ်(NDAA) အဖွဲ့၏ သဘောထား၊ ရည်တည်ချက်များနှင့် ပတ်သက်၍ ယင်း အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံ ဦးခမ်းမောင်အား ဧရာဝတီ သတင်းဌာန သတင်းထောက် မေခက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ မိုင်းလားအခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ရဲ့ နိုင်ငံရေး ရပ်တည်မှုကို တိတိကျကျလေး သိပါရစေ။

ဖြေ။ ။ ရပ်တည်ချက်ကတော့ နိုင်ငံရေး ရပ်တည်ချက် `ဒို့တာဝန်အရေးသုံးပါး´ကို လက်ခံတယ်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့အချက်တွေကို လက်ခံတယ်။ လက်ခံပြီး သား ဖြစ်တယ်။

မေး။ ။ `ဒို့တာဝန် အရေးသုံးပါး´ဆိုတာ တကယ်ကောင်းတဲ့ အချက်တွေလို့ ယေဘုယျ ပြောနိုင်ပါတယ်။ တကယ်လည်း ကောင်း ပါတယ်။ ဒါပေမယ့် နောက်ဆုံး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာကျတော့ တိုင်းရင်းသား တွေကော ပြည်သူတွေကပါ ပြောကြတာက ၂၀၀၈ အခြေခံ ဥပဒေ ဆိုတာကို လက်မခံနိုင်တဲ့အတွက် အဲဒီ အခြေခံဥပဒေ ကနေ ရရှိလာတဲ့ အချုပ်အခြာ အာဏာ နဲ့ ပတ်သက်တာတွေကို လက်မခံချင် ကြဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောနိုင်မလဲ။

ဖြေ။ ။ အချုပ်အခြာ အာဏာဆိုတာကို ပြောရင် အရှည်ကြီးပါ။ ကျနော်တို့က ပြည်ထောင်စု မပြိုကွဲဘူး။ တိုင်းရင်းသား စည်းလုံးမှု မပြိုကွဲနိုင်တာ ကိုပဲ လိုချင်တယ်။ ဒီဟာ မပြိုကွဲဖို့ ဆိုတာ လက်ခံတယ်။

မေး။ ။ ဒါဆိုလက်ရှိ ၂၀၀၈ ဥပဒေက အခုနက ပြောတဲ့အချက်တွေကို ကာကွယ်နိုင်တယ်လို့ သုံးသပ်တာများလား။

ဖြေ။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းဖို့ ပြင်ဖို့တော့ ကျနော်တို့ သမ္မတကြီးနဲ့ ကာချုပ်ကိုတော့ ပြောထားတယ်။ ဒီ ၂၀၀၈ မှာ ကျနော် တို့ လိုချင်တာ မရနိုင်ဘူး။ အကုန်တော့ မပြောဘူး။ ဒါပေမယ့် ပြင်ရမှာတွေ ရှိပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဒါဆို အခု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်တို့ ကတော့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာကိုတော့ လုံးဝထောက်ခံတယ်။ လက်ခံတယ်။ ဒါပေမယ့် တိုင်းရင်းသား အဖွဲ့တွေ ဖြစ်တဲ့ NCCT ၊ UNFC လို အဖွဲ့တွေမှာ ကျနော်တို့ မပါဝင်ထားဘူး။ မပါရတဲ့ အကြောင်းအရင်းက အနေ အထားချင်း၊ နေရာဒေသချင်း မတူဘူး။ သမိုင်းနောက်ခံလည်း မတူဘူး။ ကိုယ့် ပြည်ထောင်စုထဲမှာ ကိုယ့်ထဲမှာ လွတ်လွတ် လပ် လပ် စီမံခွင့် ပေးထားတာလည်း ၂၅ နှစ် ရှိပြီ။ ဖွံ့ဖြိုးတိုးတက်မှုက တရှိန်ထိုး တက်နေတာ။ ငြိမ်းချမ်းရေး လမ်းကြောင်း လိုက်တာ ကောင်းတာမို့ ဆက်လက် ကိုင်သွားမှာပါ။ ဒီတော့ ကျန်တဲ့ တိုင်းရင်းသား တွေကိုလည်း ငြိမ်းချမ်းစေချင်တယ်။ ငြိမ်းချမ်းရေး လုပ် တာ ကောင်းတာပဲ၊ သူတို့လုပ်နေတာ ကောင်းတဲ့ အလုပ်လို့ပဲ မြင်တယ်။

မေး။ ။ တိုင်းရင်းသားတွေ တော်တော်များများက ဖက်ဒရယ်ကို လက်ခံထားကြတယ်။ အန်ကယ်တို့ကော ဘယ်လို လက်ခံထားပါ သလဲ။

ဖြေ။ ။ မြန်မာ တနိုင်ငံလုံးကို ဖက်ဒရယ်စနစ် တည်ဆောက်မယ် ဆိုတာကို ပြောကြတယ်။ ကျနော်တို့က ဖက်ဒရယ် ဆိုတာကို သိပ် နားမလည်ဘူး။ ကျနော်တို့ လိုချင်တာက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပြု တိုင်းတခု ဖြစ်ရေးပဲ။ ကျနော်တို့ တောင်းတာ ဒါပဲ၊ ကျန် တာ မရှိဘူး။ ဖက်ဒရယ်တွေ၊ ဘာတွေဆိုတာ ကျနော်တို့ လိုက်မမီဘူး။ ကျနော်တို့က လိုချင်တာ ကိုယ့်ဘာသာ အုပ်ချုပ်ရပ်တည်ခွင့်ပါ။

မေး။ ။ အခုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအနေနဲ့ ရပ်တည်ခွင့် ရနေတာ ဆိုတော့ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။

ဖြေ။ ။ ဒါက မတူဘူး။ ဟိုက `ဒေသ´လေ၊ ကျနော်တို့ ပြောတာ `တိုင်း´။ ဒီတော့ ဒါတွေ လိုတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် လိုတယ်။ ဒါကို ခေါ်တာပါ။

မေး။ ။ ဒါဆို တိုင်းရင်းသားတွေ တောင်းတဲ့ ဖက်ဒရယ်ဆိုတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ပါတဲ့ ဖက်ဒရယ် စနစ် တောင်း နေတာ ဆိုတော့ အန်ကယ်တို့နဲ့ ကိုက်ညီတယ် မထင်ဘူးလား။

ဖြေ။ ။ ဒါပေါ့ ကိုက်ညီတယ် လေ။ ကျနော်တို့လည်း ဒါပဲ တောင်းတာပဲ။ ကျနော်တို့ တိုင်းပြည်က ခွဲထွက်ဖို့ တခါမှ မပြောဘူး။ ထွက်လည်း မထွက်ဘူး။

မေး။ ။ အစိုးရပိုင်းနဲ့ တွေ့ဆုံတဲ့ အခါ ဒီလို `ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း´ တောင်းတဲ့ အပေါ် သူတို့က ဘယ်လို မှတ်ချက် ပေး ထား လဲ။

ဖြေ။ ။ ပေးမယ် မပေးဘူးတော့ ဘာမှ မပြောသေးဘူး။ ဒီတော့ အခုလက်ရှိမှာက ၂၀၀၈ ကို ကျင့်သုံးနေတာလေ။ ဒီထဲမှာ မပါဘူး ပေါ့။ မပါတော့ ဥပဒေပြင်ဖို့ ပြောထားတယ်။ ဒါကို ပြင်ပေးမှ ရမှာ။ ဒါကို ပြင်ဖို့ ပြောထားတယ်။

မေး။ ။ လက်ရှိ ပြည်ထောင်စု တပ်မတော်ဖွဲ့ရေး တိုင်းရင်းသားတွေ တောင်းတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။ အဲဒီအပေါ် ထားတဲ့ သဘောထားက ဘာဖြစ်မလဲ။

ဖြေ။ ။ လက်ရှိက တိုင်းရင်းသားအဖွဲ့ NCCT မှာ မပါဘူးလေ။ ဒီတော့ ကျနော်တို့သိတာက ပြည်ထောင်စု တပ်မတော် ဆိုတာရှိပြီး သားလေ။ တပ်ဖွဲ့မယ် ဆိုတာကို နားမလည်ဘူး။ တိုင်းရင်းသား အဖွဲ့တွေ ဘယ်မှာမှ မပါတာ။ အဲဒါကြောင့်ပဲ ကျနော်တို့ စိတ်ထဲမှာ နားမလည်ဘူး။ ပြည်ထောင်စု တပ်မတော်ဖွဲ့မယ် ဆိုတာက ကျနော်တို့ စဉ်းစားတာ ပြည်ထောင်စု တခုမှာ နှစ်ခု မရှိဘူးလေ။ ဒီတော့ ကျနော်တို့က လက်ရှိ စည်းလုံးညီညွှတ်မှုကို ပျက်ပြားစေမယ့် အတိုက်အခံအနေနဲ့ လုပ်ဆောင်ဖို့ သဘောမကျဘူး။ ကျနော် တို့ နိုင်ငံကို ကာကွယ်ဖို့ပဲ သဘောကျတယ်။ ဒါကို လက်မခံနိုင်ဘူး။

မေး။ ။ တပ်မတော် ဆိုတာ တခုတည်း လို့ ပြောတယ်။ ဒါဆို လက်ရှိ အန်ကယ်တို့ ကိုယ်ပိုင်တပ်တွေ ရှိတယ်၊ ဒီလို လူတွေကို ဘယ်လိုတပ်နဲ့ပတ်သက်ပြီး လက်ခံစေဖို့ ရှိမလဲ။ ဆိုလိုတာက တိုင်းရင်းသားတွေက ကိုယ်ပိုင်တပ်တွေ ရှိနေတာကို ဘယ်လို ပေါင်း မလဲ။ အကုန် လက်နက်စွန့်ဖို့များ စဉ်းစားထားပါ သလား။

ဖြေ။ ။ တပ်ဖွဲ့စည်းရေး ဆိုတာက ကိုယ့်တပ်နဲ့ ကိုယ့်ဒေသမှာ ရှိတယ်။ နိုင်ငံတော် အစိုးရနဲ့လည်း ဘာမှ တင်းမာမှု မရှိဘူး။ ကျနော် ဆိုလိုတာ ဒါပဲ။ ကျနော်တို့ တပ်ကို လုံခြုံရေး အနေနဲ့ ထားတာ။ ပြည်ထောင်စု တပ်အနေနဲ့ ဖွဲ့ဖို့ မဟုတ်ဘူး။ အပြိုင်လုပ် မထား ဘူး။ ဒီသဘော။ ၂၅ နှစ် အတွင်း သေနတ်တချက်မှ မဖောက်ဘူး။ ကျနော်တို့ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မဖြစ်မချင်း အဲဒီ အနေအထားအတိုင်း ဆက်နေမှာပဲ။

မေး။ ။ တကယ်လို့ အစိုးရဘက်က လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တခုပေးရင် လက်နက်အပ်မယ်၊ အန်ကယ် တို့ တပ်တွေကို ဖျက်သိမ်းမယ့် သဘောများလား။

ဖြေ။ ။ အဲဒီလိုချည်း ပြောနေတာ မဟုတ်ဘူး။ ဒါကအစိုးရနဲ့ နိုင်ငံရေး အရ ဆွေးနွေးရဦးမှာပါ။ အဲဒီအဖြေပေါ် ကြည့်မှာ ပေါ့။ ကျနော် တို့က စစ်ဖြစ်တာ မလိုလားဘူး။

မေး။ ။ လက်ရှိ တပ်မတော်နဲ့ သမ္မတဘက်က ငြိမ်းချမ်းရေးမှာ ပါဝင်မှုကို ဘယ်လိုမြင်လဲ။ သူတို့ လုပ်ဆောင်နေတဲ့ အပိုင်းက ဘယ်လိုမျိုးပုံစံ ပါဝင်နေတယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ သူတို့ လိုလားလို့ လုပ်တာပေါ့လေ။ နောက် ကျနော်တို့နဲ့က ငြိမ်းချမ်းရေးစကား ပြောစရာ မလိုပါဘူး။ ဘာလို့ဆို ကျနော်တို့က ငြိမ်းချမ်းပြီးသား လေ။ သူတို့ဘက်က ဖိတ်ရင်သွားတယ်။ ဒီလိုပဲပေါ့။

မေး။ ။ အခု အချိန်မှာ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲမယ် ဆိုရင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေ အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ယူထားသူတွေပါ ထိုးမယ် ဆိုတော့ …၊ ဒီအပေါ်မှာ ဘယ်လို ပါဝင်မလဲ။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တခုလည်း ရှိနေတော့ အစိုးရဘက်မှာပဲ ရပ်ပြီး လက်မှတ်ထိုးမလား။ တိုင်းရင်းသား တခုအနေနဲ့ ထိုးမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိပါရစေ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့က အချိန်တော့ မရောက်သေးဘူးပေါ့။ ကိုယ့်အဖွဲ့အစည်း အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင် အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ်။ ကိုယ့်အဖွဲ့ အနေနဲ့ လက်မှတ်ထိုးမှာပါ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လက်ခံလာနိုင်တဲ့ အခြေအနေတခု ရှိပြီဆိုရင် ကျနော်တို့က အထူးဒေသ ၄ အနေနဲ့ ထိုးမှာပါ။

မေး။ ။ အထူးဒေသ ၄ ရဲ့ ပြည်သူတွေ လိုအင်အတိုင်း လက်မှတ်ထိုးရမှာ ဖြစ်တယ် ဆိုတော့…၊ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ဘယ်လို အချက်တွေ ပါမယ်ဆိုရင် လက်မှတ်ထိုးမလဲ။

ဖြေ။ ။ ကျနော်တို့ ပြောချင်တာ တခုက..၊ အပစ်အခတ် ရပ်စဲရေးက ကျနော်တို့က လိုမှ မလိုတာ။ အဲဒါ တခုပေါ့။ ငြိမ်းချမ်းရေးကို ကျနော်တို့က လိုချင်တယ်။ ဒီတော့ မြန်မြန်ငြိမ်းချမ်းရေးရ ကောင်းတာပေါ့။ ရလဲရချင်နေပြီလေ။ ဒီတော့ ကျနော်တို့က ငြိမ်းချမ်းပြီ နိုင်ငံရေး ဆွေးနွေးဖို့ လုပ်မယ် ဆိုတာနဲ့ ကျနော်တို့ လက်မှတ် လာထိုးဆို ထိုးမှာပေါ့။ ဒါပဲလေ။

မေး။ ။ အခု ညှိနှိုင်းနေတဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ ဘယ်လိုအချက်တွေ ပါမယ်ဆို လက်မှတ်ထိုးမှာ လဲ။

ဖြေ။ ။ ဒါက ကျနော်တို့ ကြည့်စရာ မလိုဘူးလေ။ ကျနော် ပြောပြီးပြီ၊ ကျနော်တို့က အပစ်အခတ်ရပ်စဲပြီးသား၊ စဉ်းစားစရာ မလို ဘူး။ သူတို့တွေပဲ ဆက်ညှိရမှာ။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲမှာမှ ပါမှာ။

မေး။ ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ဘယ်လိုများ စိတ်ကူးရှိတယ်လို့ သူ့ဘက် က ဖွင့်ဟတာ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ကော သူကော လက်ခံထားတာ ဘယ်နိုင်ငံ ဘယ်ဒေသ၊ ကုလသမဂ္ဂမှာ ဖြစ်ဖြစ် တပ်ဆိုတာ တခုတည်း ရှိတယ်။ ဒါကိုပဲ လက်ခံထားတယ်။

မေး။ ။ မိုင်းလားမှာ ရှိတဲ့ တပ်တွေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို စိတ်ကူးထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဆီမှာ တပ်မဟာ ၃ ခု ရှိတယ်။ တပ်ခွဲတွေ ရှိတယ်။ ဒါတွေက ခုလုံခြုံရေးယူတယ်။ ဒီသဘောပါပဲ။ ဒါတွေကို ဘယ်လို စိတ်ကူးထားလဲ ဆိုရင် ဒါကနိုင်ငံရေး ဆွေးနွေးပွဲကျမှ ပြောရမှာပါ။ သေချာတာကတော့ ကျနော်တို့ တပ်တွေက ကျနော် တို့ဒေသ လုံခြုံရေး အတွက်ပဲ ထားထားတာပါ။ စစ်လည်း မဖြစ်ဘူး။ စစ်မတိုက်ချင်လို့၊ အကျိုး မရှိတာသိလို့ ကျနော်တို့ ငြိမ်းချမ်း ရေး ယူတာဖြစ်တယ်။

မေး။ ။ တော်တော်များများက ဝေဖန်သုံးသပ်ကြတာ က “ဝ” ရယ် မိုင်းလားရယ်က သီးခြားနေလိုတယ်၊ တချိန်မှာ ပြည်ထောင်စု က ခွဲထွက်မယ် ပေါ့။ နောက်တခုက လက်ရှိ အင်အား အရ အစိုးရကိုပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားကိုပဲ ဖြစ်ဖြစ် ၀င်တိုက်နိုင် တယ်။ တရုတ်ပြည်နဲ့ နီးတယ်။ တရုတ်လူမျိုးတွေ ကြီးစိုးလို့ တချိန်ချိန် တရုတ်သြဇာခံ ဖြစ်သွားမယ်ပေါ့…၊ ဒီလို ပြောနေတာအပေါ် ဘာများ ပြောနိုင်လဲ။

ဖြေ။ ။ အရင်ကတည်းက စစ်မတိုက်ချင်လို့ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ထဲက ခွဲထွက် ငြိမ်းချမ်းရေး ယူခဲ့တာပါ။ ဘာမှ စစ် တိုက်စရာ မရှိဘူး။ ခွဲထွက်မှာ မဟုတ်ဘူး။ ကျုပ်တို့က တရုတ်လူမျိုး မဟုတ်ဘူး။ မြန်မာပြည်မှာနေတဲ့ တိုင်းရင်းသား လူမျိုး ဖြစ် တယ်။ ဘယ် တိုင်းရင်းသားကိုမှလည်း မတိုက်သလို အစိုးရကိုလည်း တော်လှန်မှာ မဟုတ်ဘူး။ နိုင်ငံတော်ကို ပုန်ကန်ဖို့အားလည်း မရှိဘူး။ ပုန်ကန်ဖို့လည်း မလိုဘူး။ စစ် မလိုလို့ မတိုက်တော့တာ။

ကျနော်တို့ နေတဲ့နေရာမှာ မနေနဲ့လို့ လာပြီးအတင်းအဓမ္မ ထိုင်ခုံလာလုတာ ဆိုရင်တော့ တိုက်ရမယ်၊ ခုခံ ကာကွယ်ရမယ်။ သူများတိုင်းပြည် သြဇာခံ ဆိုတာလည်း မဟုတ်တော့ တိုက်စရာ မလိုဘူး။ နိုင်ငံခြား မီဒီယာတွေက သူတို့ အမြင်တွေ လျှောက်ပြောတာ။ နောက် သူတို့လာခဲ့တာ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အဖြစ်ပျက်တွေ ပြောတာ။ သူတို့ကမှ သွေးခွဲတာ ကျနော်တို့ နိုင်ငံတော်နဲ့ ငြိမ်းချမ်းတာကို မနာလိုလို့ ပြောတာပါ။ နောက် ဘယ်တိုင်းရင်းသားကိုမှလည်း ကျူးကျော် မတိုက်ဘူး။

မေး။ ။ တိုင်းရင်းသားတွေ တောင်းနေတဲ့ ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး အပေါ်မှာ ဘယ်လိုကြောင့် သဘော မတူတာလဲ သိပါရစေ။

ဖြေ။ ။ ဒါက နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ့်ဒေသ လိုအပ်ချက်ကို ကိုယ်တိုင် ဆွေးနွေးပြီးမှ လုပ်ရမှာပါ။ ကိုယ့်ဒေသ လိုအပ်ချက်ကြည့်ပြီး ဆွေးနွေးပြီးမှ တိုင်းပြည်ကို တည်ဆောက်မှ ရမယ်။ ခုနက ပြောသလို အပြိုင်လုပ်တဲ့ သဘောဆောင်တဲ့ အတွက် လက်မခံဘူး။ တပ်မတော်ဟာ တိုင်းပြည်တခုမှာ တခုပဲ ရှိတယ်။ ဒါကိုပဲ လက်ခံတယ်။

မေး။ ။ တိုင်းရင်းသားတွေ ဘက်က ပြောနေတဲ့ ဖက်ဒရယ်တပ်မတော်က အချိုးကျပါဝင်တဲ့ စနစ်ကို ကျင့်သုံးမယ်လို့ ပြောတာ တွေ ရှိတယ်။ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ဒါက နိုင်ငံဖွဲ့စည်းရေး နိုင်ငံရေး ဆွေးနွေးပွဲကျမှ ဆွေးနွေးပြီး ရလာတဲ့ စနစ်ပေါ်အခြေခံရမှာ ဖြစ်တယ်။ စင်ပြိုင်တပ် ဖွဲ့လို့တော့ မရပါဘူး။

မေး။ ။ ဒါဆို အခု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ ပါဝင်တာက ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးကို သဘောတူ လက်ခံရေး ဆိုတဲ့ ကတိတခုအနေနဲ့ ပါဝင်လက်မှတ်ထိုးရမယ်လို့ ပါတဲ့အချက်ကို လက်မခံတာလား။ ဒီအချက် ပါလို့ လက်မှတ် ထိုးဖို့ ညှိရမယ်ပြောတဲ့ သဘောလား။ ဒီလို တင်ပြတာကို တိုင်းရင်းသားတွေ ဘက်က လာညှိနှိုင်းမယ် ဆိုရင်ကော လက်ခံမလား။

ဖြေ။ ။ ဟုတ်ပါတယ်။ တိုင်းရင်းသားတွေ လာညှိမယ်၊ ရှင်းပြမယ်ဆို လက်ခံမှာပါ။ အခုက သူတို့က တခါညှိ တခါပြောင်း၊ နောက် ညှိတဲ့ ကိစ္စလည်း မသိရဘူး။ လာဖို့ပြောတာ မှန်တယ်။ ကျနော်တို့က ဘာသာစကား အားနည်းတယ်။ ဒီတော့ ကျနော်တို့က သေချာ အချိန်ယူပြီးလေ့လာမှ ရမယ်။ စင်ပြိုင်ထောင်တာ မဟုတ်ဘူး ဆိုတာ လက်ခံတယ်။ ဒါပေမယ့် သူတို့ပြောနေတာက စင်ပြိုင် လုပ် ဖို့ ဖြစ်နေတယ်လို့ သိထားရတယ်။ ဆွေးနွေးတာတွေလည်း မသိရတော့ ခက်တယ်။ နောက်ဆုံး ထွက်လာတဲ့ အပေါ်မှာ ကျနော်တို့တွေ လက်ခံနိုင်ရင် ပါဝင်မယ်။ ဒါပါပဲ။ ပါဝင်ဖို့ညှိမယ်။

မေး။ ။ အခုလက်ရှိမှာ အန်ကယ်တို့ အဖွဲ့ အနေနဲ့ `ဒို့တာဝန်အရေး ၃ ပါး´ကို လက်ခံတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတာကိုကျ တိုင်းရင်းသားတရပ် အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားမှာမို့ လက်မှတ်ထိုးမယ်။ ဒါပေမယ့် လက်ရှိ ဆွေးနွေးနေမှုမှာ တပ်မတော်ဖွဲ့ စည်းရေးဆိုတဲ့အချက်ကို သဘောမတူဘူး။ နိုင်ငံရေး ရပ်တည်မှုအရ နိုင်ငံရေး ဆွေးနွေးပွဲမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း တခုကို ဆွေးနွေးမယ်။ ရပြီးမှ တပ်ပိုင်းကိစ္စ ဆွေးနွေးမယ် ဒီလိုသဘောမျိုးကို လက်ခံထားတယ် လို့ ပြောလို့ ရပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ဟုတ်တယ်။ ဒီသဘောပဲ။

မေး။ ။ နောက်ဆုံး အနေနဲ့ ဘာများပြောချင်ပါ သလဲ။

ဖြေ။ ။ ကျနော်တို့ ပြောချင်တာ ဘယ်တိုင်းရင်းသားမဆို မိမိနိုင်ငံ၊ မိမိပြည်သူတွေ အတွက် တက်ညီ လက်ညီပါဝင် ညှိနှိုင်းကြဖို့၊ လုပ်ဆောင်ကြဖို့ လိုတယ်။ ကိုယ့်ဆန္ဒတွေကို ရှေ့တန်းမတင်ဘဲ ပြည်သူ့မျက်နှာ ကြည့်ပြီး ညှိနှိုင်းမှုတွေ လုပ်စေချင်တယ်။ ဒါပါပဲ။ ။
ဧရာဝတီ

အခွန်နဲ့ အခွံ


စာရေးသူတို့ မြန်မာစကားမှာ အသံထွက်ချင်းတော့ တူတယ်၊ သို့ပေမယ့် အဓိပ္ပာယ်က လုံးဝကွဲပြားခြားနားတဲ့ စကားလုံးတွဲ တစ်တွဲက ‘ခခွေးဝဆွဲ နငယ်သတ် ခွန်’ ဆိုတာနဲ့ ‘ခခွေးဝဆွဲ သေးသေးတင် ခွံ’ ဆိုတာ ဖြစ်ပါတယ်။ အခွန်ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ကုန်သွယ်ခွန် (Commercial Tax)၊ အကောက်ခွန် (Custom Duty)၊ သွင်းကုန်လိုင်စင်ခွန် (Import License Tax)၊ ထုတ်ကုန်လိုင်စင်ခွန် (Export License Tax)၊ ရောင်းခွန် (Sales Tax)၊ မြေခွန် (Land Tax)၊ ရေခွန် (Water Tax)၊ ၀င်ငွေခွန် (Income Tax)၊ အမှိုက်ခွန် (Garbage Tax)၊ မီးခွန် (Lighting Tax)၊ နိုင်ငံဖြတ်ကျော်ခအခွန် (Country Pass Tax)၊ လမ်းနှင့် တံတားအသုံးပြုခွန် (Road and Bridge Tax) စတာတွေ ဖြစ်ပါတယ်။ စာရေးသူ မှတ်သားမိသလောက် ရေးပြလိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတို့ လုပ်ပိုင်ခွင့်တစ်ခုချပေးဖို့ လက်သိပ်ထိုးလို့ ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ လာဘ်ထိုးရတာကလည်း အမှန်တော့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်မြင်သံကြားဖန်သားပြင်၊ အင်တာနက် အစရှိတာတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ကြော်ငြာတာ၊ မော်တော်ကားတွေမှာ ကြော်ငြာတာ၊ မြေစိုက် ဒါမှမဟုတ် တိုင်ထောင်ဘုတ်ကြော်ငြာ အပါအ၀င် ကြော်ငြာတွေအားလုံးကလည်း ကြော်ငြာခွန်လို့သုံးရင် မှားမယ်မထင်ပါ။ သူများနိုင်ငံတွေမှာ အခမဲ့ပေးနေတဲ့ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေကို ဈေးကွက်ထိန်းပြီး ရောင်းချတာတွေကလည်း တစ်နည်းအားဖြင့် မှောင်ခိုအခွန်ဖြစ်တယ်။ ယခင်က အောင်ဘာလေသိန်းထီလက်မှတ် တစ်စောင်တန်ဖိုးက နှစ်ကျပ်နဲ့ ရောင်းခဲ့တယ်။
အဲဒီအချိန်က ထီတစ်စောင် နှစ်ကျပ်ကိုဝယ်ရင် နှစ်ကျပ်ပဲပေးရတယ်။ ဒီဘက်ခေတ်မှာ ထီတစ်စောင်ရဲ့ အစိုးရမူရင်းဈေးက တစ်စောင် ၂၀၀ ကျပ်ဖြစ်ပေမယ့် ထီထိုးသူတွေက တစ်စောင်ကို အက္ခရာနဲ့ နံပါတ်အပေါ်မူတည်ပြီး တစ်စောင်ကို ၃၀၀ ကျပ်၊ ဒါမှမဟုတ် ၃၅၀ ကျပ်အထိ ပေးဝယ်ကြရတယ်။
တစ်လချင်း ထီဖွင့်တာဖြစ်လို့ တစ်လကို ထီအစောင်သုံးသန်းထုတ်ပြီးရောင်းရင် စုစုပေါင်း ရောင်းရတန်ဖိုး သိန်း ၆၀၀၀ ကျော်ဖြစ်ပြီး အဲဒီအထဲက ၄၀ ရာခိုင်နှုန်းကို အစိုးရကနေ အခွန်အဖြစ်ရယူပြီး ၆၀ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ် ပြန်လည်ဖောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် တစ်လကို အစိုးရရဲ့ အခွန်ငွေက သိန်းပေါင်း ၂၄၀၀ ရရှိပြီး ထီထိုးသူတွေကို ပြန်လည်ခွဲဝေပေးတဲ့ပမာဏ သိန်း ၃၆၀၀ ကျပ်ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ပြင်ပပေါက်ဈေးနဲ့ ၀ယ်ပြီးထိုးရရင် အပိုကြေးပါထပ်ပြီး ပေးကြရတာဖြစ်တယ်။ ဒါကလည်း ထီရောင်းရာမှာ ကြားခံရောင်းတဲ့ဆိုင်တွေက ထီခွဲတမ်းလစဉ်ရရှိသူထံကနေတစ်ဆင့် ပြန်လည်ဝယ်ယူကြရလို့ ဈေးတင်ရောင်းကြရတာ ဖြစ်တယ်ဆိုတာ သိရတယ်။ ဒါကလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်။
အခွန်နဲ့ပတ်သက်ပြီး စနစ်တကျ သေချာလေ့လာကြည့်ရင် အဲဒီအခွန်တွေကို နိုင်ငံသားတွေက ပြန်လည်မျှပြီး ပေးနေကြရတာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းလုပ်သူတွေက အမြတ်ရဖို့ သူတို့ပေးလိုက်ရတဲ့ ကုန်ကျစရိတ်တွေကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ထပ်ပေါင်းပြီး ထည့်လိုက်တာလို့ အခွန်ဆိုတဲ့ဝန်ထုပ်က နိုင်ငံသားတွေအပေါ် ပါလာစေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ဘက်ကလည်း အခွန်အထုပ်တွေနဲ့ မိမိနိုင်ငံသားတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့ လိုအပ်သလို ပေါင်းစုံကနေရရှိတဲ့ အခွန်ငွေကြေးတွေ ကဏ္ဍအလိုက်ရရှိတဲ့အခွန် အဲဒီအခွန်တွေကို နိုင်ငံနှင့် နိုင်ငံသားတွေ အကျိုးအတွက် ဘယ်လိုခွဲဝေချထား သုံးစွဲတယ်ဆိုတာကိုလည်း စနစ်တကျ စာရင်းဇယားနဲ့ ချပြသင့်တယ်။ ဒါမှ ပွင့်လင်းမြင်သာမှုက အစိုးရနဲ့ နိုင်ငံသားတွေကြားမှာ ရှိလာစေမှာ ဖြစ်တယ်။ အစိုးရအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ဒီမိုကရေစီအစိုးရ တက်လာတယ်ဆိုကတည်းက မိမိနိုင်ငံသားတွေကို ဘာကြောင့်ထင်သာမြင်သာ မပြရဲကြတာလဲ။ ဒါကို ဦးစီးဦးဆောင်တဲ့သူကနေ ပွင့်လင်းမြင်သာရှိစေရမှာ ဖြစ်တယ်။
အခွန်တွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ကောက်၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကျတော့ ချန်လှပ်ထားတာက တစ်နည်းဆိုရင် အခွန်ရှောင်တဲ့သဘော ဖြစ်တယ်။ သေရင် မိမိနောက်ကို ပါမသွားပေမယ့် ပိုင်ဆိုင်ပစ္စည်းတွေကိုတော့ ဘာကြောင့်တွယ်တာနေကြတာလဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ဒီဘ၀မှာ အကောင်းဆုံးစားမယ်။ သုံးမယ်။ ဖြုန်းမယ်။ နောက်ဘ၀ဆိုတာ မရှိဘူးလို့များ တွေးထင်မှတ်နေကြရော့လား။ ဒီဘဝ လူဖြစ်တုန်းအခိုက် အကောင်းဆုံးလုပ်ဆောင်ပါမှ အနာဂတ်ဘ၀သာယာစေမှာ ဖြစ်တယ်။ တစ်ဘ၀တည်းနဲ့ လူ့ဘ၀က ပြီးမသွားပါ။
ဒါဆိုရင် အဲဒီလို တစ်ဘ၀စံ အတွေးရှိသူတွေကို အနှစ်သာရမရှိဘဲ အခွံသက်သက်လူတွေလို့ ဆိုချင်တယ်။ အခွံဆိုတာ ဘာမျှအသုံးပြုလို့မရတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥကိုခွဲလိုက် အခွံကို ဘယ်သူစားပါသလဲ။ လွှတ်ပစ်လိုက်ကြတာပဲ မဟုတ်လား။ အလားတူ သစ်သီးတွေကို အခွံနွှာစားကြတယ်။ အခွံကို ပစ်လိုက်ကြတယ်။ အခွံက လူတွေကို ဘာမျှအကျိုးမပြုပါ။ လူကိုလည်း ဒီကောင်အခွံပါကွာဆိုရင် လူ့ဘ၀မှာ ဘာမျှ မိမိနိုင်ငံ မိမိနိုင်ငံသားတွေကို အကျိုးမပြုသူကို ခေါ်ကြတာ ဖြစ်တယ်။ လူ့ဘ၀မှာ လူ့တန်ဖိုးနားလည်ပြီး လူဖြစ်ရကျိုးနပ်အောင် လုပ်ဆောင်တတ်ကြဖို့ လိုအပ်တယ်။
ဆရာကြီးဦးသုခရဲ့ ‘အကာက အချစ်၊ အနှစ်က မေတ္တာ’ ဆိုတဲ့ကားကို ကြည့်ဖူးတယ်။ အခွံက ဘာမျှအသုံးမ၀င်တာမို့ ချန်လှပ်ထားတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥတွေမှာ အကာနဲ့ အနှစ်ကိုသာ စားသုံးကြပြီး အခွံကိုတော့ အမှိုက်ပုံထဲ ပစ်လိုက်ကြတယ်။ အခွံက ဘာမျှအသုံးမ၀င်လို့ ဖြစ်တယ်။ သစ္စာကိုတိုင်တည်ပြီး ချစ်ခြင်းမေတ္တာတရားကို လက်ကိုင်ပြုကြဖို့ လိုအပ်တယ်။ လူတွေမှာ အပြန်အလှန်ဆက်နွှယ်မှု၊ အပြန်အလှန် အကျိုးပြုမှုတွေရှိစေဖို့ လိုအပ်တယ်။ သူ့ဘက်လည်းကြည့်၊ ကိုယ့်ဘက်လည်း ကြည့်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အခုဟာက အတ္တတွေများပြီး မိမိအကျိုးကိုသာ ကြည့်တတ်သူတွေဖြစ်တယ်ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေတယ်။
အတ္တတွေကို ခ၀ါချပြီး တစ်ဖက်မှာ နိုင်ငံတော်အကျိုးအတွက် အခွန်တွေကို စနစ်တကျအသုံးပြုပြီး မိမိနိုင်ငံသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ခံယူကြပါလို့ ဆိုချင်တယ်။ မိမိတို့ကိုယ်ကို အခွံမဖြစ်ပါစေနဲ့လို့သာ ဆိုချင်ကြောင်းပါ။
(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
Eleven Media Group

၁၃ နှစ်ကြာအမှုဟောင်းဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား ရုံးထုတ်


ပုံစာ - ၂၀၀၁ ခုနှစ်က ဖြစ်ခဲ့သည့် စက်ဆီ နှင့် စားသုံးဆီ လွဲမှားတင်သွင်းခဲ့သည့်အတွက်၊ သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅-၁/၅-၃ ဖြင့် တရားဆွဲခံ ထားရသော စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်အား၊ စက်တင်ဘာလ ၂ ရက်က၊ ရန်ကုန်မြို့ ဆိပ်ကမ်းတရားရုံးတွင် ရုံးထုတ်စဉ်။ (ဓာတ်ပုံ ဟိန်းထက်၊ မဇ္ဈိမ)
လွန်ခဲ့သော ၁၃ နှစ်က ဖြစ်ပွားခဲ့သော စက်ဆီနှင့် စားသုံးဆီလွဲမှားတင်သွင်းသည့် စွပ်စွဲချက်ဖြင့် စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင် အား စက်တင်ဘာလ ၂ ရက်တွင်ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် လုံခြုံရေးအစောင့်အကြပ်များဖြင့် ရုံးထုတ်ခဲ့သည်။
သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ၅ (၁)/ ၅ (၃) ပုဒ်မ ဖြင့် ၂၀၀၁ ခုနှစ်က တရားစွဲခံထားရသည့် ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ ၂၀၁၄ခုနှစ် မေလ ၁၄ ရက်က တရားရုံး၌ကိုယ်တိုင်အဖမ်းခံခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းအား အင်းစိန်ထောင်တွင်းလည်းကောင်း၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံတွင်လည်းကောင်း ထားရှိကာ အခက်အခဲများရှိကြောင်းကိုစက်တင်ဘာလ ၂ ရက် တရားရုံးထုတ်စဉ်တွင်တရားသူကြီးအား လျောက်လွဲခဲ့သည်ဟုသိရသည်။


"သူ အနေနဲ့ ၂၀၁၄၊ မေလ ၁၄ရက်နေ့က အဖမ်းခံရတယ်။ သူကို့ တစ်စုံတစ်ယောက်က နောက်ကွယ်ကနေ ကြံစည်တယ်လို့ပြောတယ်။ သူ့ကို အင်းစိန်ထောင် ထဲမှာ ၂လ ချုပ်ထားတယ်။ အချုပ်ခံနေစဉ်အတွင်းမှာ ရိုက်နှက် စစ်ဆေးတယ်။ ၂လပြည့်တဲ့နောက်ပိုင်း ဘာမပြောညာ မပြောပဲရွာသာကြီးက စိတ်ကျန်း မာရေး ဆေးရုံကို ပို့လိုက်တယ်ဆိုပြီးပြောတယ်" ဟု တရားရုံးထုတ်စဉ်ဦးဌေးအောင်၏ ကိုယ်တိုင် လျောက်ထားမှုအား၊ တရားရုံးတွင် နားထောင်ခဲ့သူ အမည် မဖေါ်လိုသူ တစ်ဦး က မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်အာဏာပိုင်များအား ထိုပြောဆိုချက်များနှင့်ပတ်သက်ပြီး မဇ္ဈိမက မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရပေ။ရွာသားကြီး စိတ်ေ ရာဂါကုဆေးရုံတွင်လည်း အစပိုင်းတွင်၊ ၎င်းအားအိမ်သာနှင့်အနီးဆုံး အခန်းတွင်ထားရှိပြီး၊ ဌားရမ်းထားသည့် ၎င်း၏ရှေ့နေမှလည်း လိုက်ပါဆောင်ရွက်ပေြး ခင်း မရှိ၍စက်တင်ဘာ ၂ ရက် ရုံးထုတ်ချိန်မှာပင် ဦးဌေးအောင်က ၎င်း၏ရှေ့နေကို ရှေ့နေအာဏာပြန်ရုပ်သိမ်းလိုက်ပြီး ဦးဌေးအောင်ကိုယ်တိုင် တရားရုံးအား ဦးတိုက်လျောက်လဲချက်ပေးကာအမှုရင်ဆိုင်သွားရန် စီစဉ်ထားသည်ဟု ၎င်း၏ တရားရုံးလျာက်လွဲချက်ထဲတွင် ထည့်သွင်းပြောခဲ့သည်။

ဆိပ်ကမ်းမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ညိုညိုစန်းက ဦးဌေးအောင်အား စက်တင်ဘာ ၉ ရက်တွင် ထပ်မံရုံးထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုအပါအဝင် စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်သော ဦးဌေးအောင်နှင့် သူ၏ တပည့် ဦးတင်လှ(ခ) ချာတိတ်အား တရားလို ဦးခင်မောင်ညွှန့်က ပြစ်မှုကြီး ၆၆/၁၄သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၅(၁) /၅(၃)ဖြင့် တရားစွဲဆိုထားသည်ဟု ရှေ့နေချုပ်ရုံး တာဝန်မှူးကမဇ္ဈိမကိုပြောသည်။

"စမှုဖွင့်တုန်းက ၅(၁)/၅(၃)ဖွင့်ထားတာ အခုတော့ ပြောင်းထားတဲ့လို့ပြောတယ်။ ဘာပုဒ်မလဲတော့ မသိဘူး။ စသုံးလုံးကဖမ်းတာ"ဟု ဦးတင်လှ (ခ) ချာတိတ် ကအချုပ်ခန်းအတွင်းမှ မဇ္ဈိမကိုပြောသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးဌေးအောင်သည်၊ မြန်မာစစ်အစိုးရ လက်ထက်ကာလကတည်းက၊ ယခုအချိန်အထိ အာဏာပိုင်များနှင့် အသိကျွမ်းတဝင်ရှိသည်ဟု စီးပွားရေးလောကတွင် လူသိများသည်။
မဇ္ဈိမ

အခကြေးငွေဖြင့်ရောင်းချသည့် Eleven ဒစ်ဂျစ်တယ်သတင်းစာကို Facebook ပေါ်တွင် အခမဲ့ပြန်လည်မျှဝေနေသော Free Eleven ဂျာနယ်များ လွှင့်တင်သူကို တရားစွဲဆိုမည်


အခကြေးငွေဖြင့် ရောင်းချနေသည့် Eleven ဒစ်ဂျစ်တယ်သတင်းစာကို Facebook ပေါ်တွင် အခမဲ့ပြန်လည်ဝေမျှနေသော ‘Free Eleven ဂျာနယ်များ-အခမဲ့ဖတ်နိုင်ပါပြီ’ ဟူသည့်စာမျက်နှာ လွှင့်တင်သူကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များကို ဒစ်ဂျစ်တယ်သတင်းစာပုံစံဖြင့် စက်တင်ဘာ ၁ ရက်မှစပြီး မိမိကြိုက်နှစ်သက်ရာ Package များကို တစ်လ၊ သုံးလ၊ ခြောက်လ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ရန် ၀န်ဆောင်မှုစတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချမှုစတင်ပြီးနောက် ၀ယ်ယူဖတ်ရှုသူတစ်ဦးက Facebook ပေါ်တွင် ‘Free Eleven ဂျာနယ်များ-အခမဲ့ဖတ်နိုင်ပါပြီ’ ဟူသည့်စာမျက်နှာဖန်တီး၍ အခမဲ့ပြန်လည်မျှဝေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းစာမျက်နှာကို Like လုပ်ထားသူ ၂၃၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“Eleven Media Group ရဲ့ဒစ်ဂျစ်တယ်သတင်းစာနဲ့ ဂျာနယ်တွေကို ၀ယ်ယူပြီး Facebook မှာပြန်ပြီး အခမဲ့ဖြန့်ဝေနေတဲ့ Account ကို တွေ့ရပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး စစ်ဆေးကြည့်တော့ အမေရိကန်နိုင်ငံ ကော်လိုရာဒို ကနေ ၀ယ်ထားတဲ့သူက လုပ်နေတယ်လို့သိရတယ်။ သူရဲ့ Visa Card နံပါတ်၊ E mail အပါအ၀င် အချက်အလက်တွေ ရရှိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒစ်ဂျစ်တယ်မီဒီယာအတွက် သိန်းရာထောင်ချီ ရင်းနီးထားရတာပါ။ နိုင်ငံတကာမှာ ဒစ်ဂျစ်တယ်မီဒီယာ ထွန်းကားနေတာကြာပြီ။ ကျွန်တော်တို့က အခုမှ မြန်မာနိုင်ငံမှာ ပထမဆုံအနေနဲ့ စလုပ်တယ်။ ဒီလိုမျိုးလုပ်တာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။ ဒါဟာ အကျိုးစီးပွားပျက်စီးအောင်လုပ်တာဖြစ်သလို ဥပဒေကြောင်းအရလည်း ညိစွန်းနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးမှာ တရားစွဲဆိုသွားမှာပါ။ သတင်းစာဂျာနယ်တွေအတွက် ကျွန်တော်တို့ သတ်မှတ်နှုန်းက တစ်နှစ်ကို ဒေါ်လာ ၅၀ရှိပါတယ်။ အဲ့ဒီ Facebook Pageရဲ့ Like က လောလောဆယ်မှာ၂၃၀၀၀ ကျော်ရှိနေတယ်။ ဒီအတွက် Like တစ်ခုချင်းစီကို ကျသင့်ငွေရဲ့ ၅ဆ ဒေါ်လာ၂၅၀ နှုန်းရဖို့ Facebook Page ဖန်တီးပြီး ဖြန့်ဝေနေတဲ့ Account ပိုင်ရှင်ကို တရားစွဲဆိုသွားမှာပါ။ ” ဟု Eleven အွန်လိုင်းမီဒီယာ၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group မှထုတ်ဝေနေသော နေ့စဉ်သတင်းစာ၊ အပတ်စဉ်သတင်းဂျာနယ်နှင့် အားကစားဂျာနယ်များအားလုံးကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ရယူဖတ်ရှုလိုပါက တစ်လလျှင် ၅.၅ ဒေါ်လာ၊ သုံးလလျှင် ၁၅ ဒေါ်လာ၊ ခြောက်လစာဆိုပါက ၂၅ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး သတင်းစာနှင့် သတင်းဂျာနယ်သီးသန့်၊ အားကစားဂျာနယ် သီးသန့်ကိုလည်း သီးခြားစီ ရယူဖတ်ရှုနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများအတွက် Android App ရှိပြီး iOS အတွက် App ကိုလည်း မကြာမီရရှိမည်ဖြစ်သည်။
Eleven Media Group

ဆေးဝါးအန္တရာယ်


အရေပြား ရောင်ရမ်းသည့် ဆေးများဓာတုပစ္စည်း မှန်သမျှ အရေပြားနဲ့ ထိတွေ့တဲ့အခါ အဖုအပိန့် ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။ ဆပ်ပြာ၊ ပိုးသတ်ဆေးတွေ ကလည်း အရေပြားရောင်ရမ်း နိုင်တယ်။ ဘာစီကျူရိတ်ဆေး၊ ဆာလ်ဖာဆေး၊


ဗျူရိုပစင်ဆေး၊ အထရိုပင်းဆေးတွေဟာ အရေပြားမှာ ဝက်ခြံ၊ ပြည်ဖုများသဖွယ် အဖုအပိန့်ထပြီး ရောင်ရမ်းစေတယ်၊ အိုင်အိုဒင်းနှင့် ဘရိုမိုက်ဆေးများ ပါဝင်တယ်။ သမင်နီ၊ သမင်ဖြူအကွက်များ ထစေတယ်။ အချို့သော ဆေးများက အရေပြားမှာ ဝက်ခြံ၊ ပြည်ဖုများနှင့် အဖုအပိန့်များ ရောင်ရမ်းစေတယ်။ သိုင်းရွိုက် လည်ပင်းကြီး ရောဂါဖြစ်ရင် ကုသတဲ့ လူဂေါအိုင်အိုဒင်းနဲ့ ကော်တီဆုံးဆေးတွေဟာ ပြည်ဖုတည်စေတယ်။

အသည်း ထိခိုက်စေသော ဆေးများအချို့ဆေးတွေဟာ သက်ဆိုင်ရာရောဂါ အတွက်ကောင်း ပေမယ့် အခြားရောဂါတွေအတွက် ရေရှည်ထိခိုက်စေတယ်။ ဥပမာ- ပါရာစီတမောလ် အကိုက်ခဲ ပျောက်ဆေးက အသည်းပျက်စီးပြီး အသည်းရောဂါ ရစေတယ်။ တီဘီဆေး အများစုဟာ တီဘီရောဂါ ကုသနိုင်သော်လည်း အသည်းမှာ အဆိပ်ဖြစ်စေတယ်။ အက်စပရင်ပါတဲ့ ဆေးတွေက တစ်နေ့ ၂ ဂရမ်ထက် ပိုသောက်ရင် အဆိပ်ဖြစ်တယ်။ ဆေးပမာဏ အနည်းငယ်ဖြင့် အသည်းထိခိုက်စေတဲ့ ဆေးတွေမှာ အိုင်ဆိုနစ်၊ ပိုင်ရာဇိနမိုက်၊ မီသိုင်းဒိုပါ၊ ပိုတက်စီယမ် ပါမင်းဂနိတ်၊ ပီအေအက်စ် ဆေးတွေဟာ အသည်းကို ထိခိုက်စေတယ်။ ဆေးစားပြီးကြာမှ အသည်းရောဂါ ဖြစ်စေသော ဆေးများတွင် စီပီဇက် (CPZ) စိတ်ငြိမ်ဆေးများ၊ တော်ဗျူတမိုက် ပဋိသန္ဓေ တားဆေးတို့ ပါဝင်တယ်။ လူကို အဆိပ်ဖြစ်စေသော ဆေးများသွေး အားနည်းစေသော ပဋိဇီဝဆေးများမှာ ကလိုရမ်ဖီနီကော၊ ဆာဖို့နမိုက်၊ စထရပ်တိုမိုင်စင်၊ အဆစ်ရောင် ပျောက်ဆေးများ၊ ဖီနိုင်းဗျူကာဇုန်း၊ အမိုင်နိုဖိုင်လင်း၊ အောက်စီဇင့်ဗျူကာဇုန်း ဆေးများ၊ ဝက်ရူးပြန် ပျောက်ဆေးများ၊ ဆီးချိုပျောက် ဆေးများ၊ ကပ်ပါးကောင် သတ်ဆေးများဖြစ်သည့် အာဆင်နစ်၊ သိုင်းရွိုက်လည်ပင်း အကျိတ်ဆေးမှ ပိုတက်စီယမ် ပါမင်းဂနိတ်၊ ကာဘယ်မဇင်၊ ဘိုင်အိုယူရဆဲလ် တို့ဖြစ်ပြီး သွေးဖြူဥ နည်းစေသော ဆေးများမှာ အမိုင်နိုပါလင်း၊ ကွီနင်း၊ ကွီနင်ဒင်း၊ ဖီနိုင်းဗျူကာဇုန်း၊ ဆီးရွှင်ဆေး၊ ကလိုရမ်ဖီနီကော ဆေးတို့ပါဝင်တယ်။ သန္ဓေသား ထိခိုက်စေသော ဆေးများတာလီ ဒိုမိုက် အိပ်ဆေးများဟာ မိခင်ကို ထိခိုက်မှုမပေးဘဲ သန္ဓေသားကို မသန်မစွမ်းဖြစ်စေတယ်။ အချို့သော ဆေးများက ကလေးခန္ဓာ ကိုယ်မချို့ ယွင်းစေသော်လည်း ဒုက္ခအမျိုးမျိုး ပေးတတ်တယ်။ မော်ဖိန်းဆေးက ကလေးမွေးလာရင် တက်ခြင်း၊ ခြေလက်တုန်ခြင်း၊ အက်စပရင် (သွေးထွက်ခြင်း)၊ ရက်ဆပင်ဆေးက အိပ်ငိုက်ခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်စေတယ်။

အင်ပျဉ်ထခြင်း၊ သွေးလန့်ခြင်းဖြစ်စေသော ဆေးများတွင် ပင်နဆလင်ဆေး မတည့်သော သူများ ထိုးမိပါက အင်ပျဉ်ထခြင်း၊ သွေးလန့်ခြင်းဖြစ်စေတယ်။ ဘားပလက်နှင့် ဆာလ်ဖာ မတည့်သူတွေမှာလည်း တွေ့ရတယ်။
မြ၀တီ

3D Printer နဲ့ ဦးခေါင်းခွံ တစ်ခြမ်းကို ခွဲစိတ်ကုသမှု ပြုလုပ်မဲ့ တရုတ် အမျိုးသားတစ်ဦး



3D Printer နဲ့ ဦးခေါင်းခွံတစ်ခြမ်းကို ခွဲစိတ်ကုသမှုပြုလုပ်မဲ့ သူကတော့ ဟူ လို့ အမည် ရတဲ့ ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိတဲ့ အသက် ၄၆ နှစ် အရွယ်ရှိ တရုတ်နိုင်ငံရဲ့ လယ်သမားတစ်ဦးဖြစ်ပါတယ်။
တရုတ်အမျိုးသား ဟူဟာ အဆောက်အဦး တစ်ခုမှာ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ရာမှ သူ့ရဲ့ ဦးခေါင်းခွံဟာ မြင်ရသူအဖို့ စိတ်မချမ်းသာ စရာ ဖြစ်စေအောင်ပဲ အခုလို ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိနေတယ်လို့ သိရပါတယ်။
ယခုမှာတော့ ဟူဟာ သူရဲ့ ဦးခေါင်းခွံတစ်ခြမ်းကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ပြုလုပ်တော့မှာ ဖြစ်ပြီး ခွဲစိတ်ကုသမဲ့နေရာကတော့ တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိတဲ့ Xijing ဆေးရုံမှာ ပဲ ဖြစ်ပါတယ်။
ဟူရဲ့ ဦးခေါင်းကို ခွဲစိတ်ကုသရာမှာ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားရန် အများက မျှော်လင့်နေကြပါတယ်။
ဦးခေါင်းတစ်ခြမ်း ထဲသာရှိတဲ့ တရုတ် အမျိုးသား ဟူက တော့ သူရဲ့ ဦးခေါင်းခွံကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ခံယူရာမှာ အောင်မြင်နိုင်မယ် လို့ မျှော်လင့်နေပါတယ်။
Ref : Daily Mirror

အင်းလျားကန်ဘောင်အတွက် ပေးဆပ်မှုများ.




အများပြည်သူ အပန်းဖြေလျှက်ရှိကြသည့် အင်းလျားကန်ဘောင်သို့ လာရောက်၍ အပန်းဖြေကြလ သော မိဘပြည်သူများတို့အတွက် စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံးများ ထားရှိပေးထားသော်လည်း စည်း ကမ်းမဲ့စွာ အသိတရားမရှိသော၊ နိုင်ငံကြီးသားမပီသ သူတစ်ချို့၏ စွန့်ပစ်ထားသောအမှိုက်များ၊ ပုလင်း များ၊ ရေသန့်ဗူး၊ ကြွပ်ကြွပ်အိတ်များ၊ သံဗူးများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် နှင့် အသင်းသား/သူများအပြင် သဘာဝ ပတ် ဝန်းကျင် သန့်ရှင်းရေးအား စိတ်ပါဝင်စားကြသော ရွှေပြည်သာမြို့နယ် "အာယုသုခ ပရဟိတလူငယ်များ" နာရေးအသင်း၊ မင်္ဂလာဒုံမြို့နယ် "ပုညကာရီ" နာရေးအသင်း၊ အင်းစိန်မြို့နယ် "ဗြဟ္မဝိဟာရ လူငယ် ပရဟိတအဖွဲ့" စုစုပေါင်း ပရဟိတအင်အား (၅ဝ) ဦးခန့်တို့ဖြင့် အင်းလျားကန်ဘောင်ပေါ်ရှိ မြက်ခင်းပြင်၊ အင်းလျားကန်လမ်းတလျှောက်နှင့် စားသောက်ဆိုင် ပတ်ဝန်းကျင်တဝိုက်ရှိ အမှိုက်များအပြင် ပြည်လမ်း အင်းလျားကန်ဘောင်တလျှောက် ရေမြောင်းကြီးများထဲရှိ ချိတ်တွယ်နေသော အမှိုက်များအား နံနက် (၇း၃ဝ) နာရီအချိန်မှ (၁၁းဝဝ) နာရီအထိ သွားရောက်၍ ကောက်ယူရှင်းလင်းပေးခဲ့သည်။


ထို့နောက် "ကိုယ့်အမှိုက် ကိုယ်ရှင်း" ဟူသော သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ရိုက်နှိပ် ထားသော စတေကာများအားလည်း ကန်ဘောင်ပေါ်ရှိအမှိုက်ပုံးများ၊ ဈေးဆိုင်ခန်းများတွင် စနစ်တကျ လိုက်လံ ကပ်ပေးခဲ့ခြင်းနှင့် လက်ကမ်းစာရွက်များ ဝေငှပေးခဲ့သည်။ ရေထဲ၌ အမှိုက်များအား ဆယ်ယူရာ တွင် ရွံနွံ့ထဲ နစ်မြှုပ်နေသော အရက်ပုလင်း၊ ဝိုင်ပုလင်း၊ ဘီယာပုလင်းကွဲများ တွေ့ရှိရ၍ အထူးသတိပြု ကောက်ယူရှင်းလင်းခဲ့ရသည်။ အများပြည်သူ အပန်းဖြေရာနေရာတစ်ခုတွင် ဤကဲ့သို့ အန္တရာယ်ဖြစ်နိုင် သည့်အမှိုက်များ၊ အမြင်မသင့်လျော်သော အမှိုက်များအား လူသားချင်း ကိုယ်ချင်းစာစိတ် မွေးဖွား၍ သတ် မှတ်ထားသော အမှိုက်စွန့်ပစ်ရာ အမှိုက်ပုံများတွင် စည်းကမ်းစနစ်ကျစွာ စွန့်ပစ်ခြင်းဖြင့် နိုင်ငံဂုဏ်အား မြှင့်တင်ကြပါရန် နှိုးဆော်လိုက်ရပါတော့သည်။

Kyaw Thu

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD အမတ်လောင်းလျှောက်လွှာတင်သူ များတွင် ပါတီဝင် မဟုတ်သူများပါဝင်


လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ပါတီမှ ဝင်ရောက် အရွေးခံလိုသည်ဟု လျှောက်လွှာတင်သူ များထဲတွင် ပါတီဝင် မဟုတ်သည့် အပြင်လူများလည်း ပါဝင်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။


ပြည်နယ်နှင့်တိုင်း၊ ခရိုင် အဆင့်အဆင့်မှ နောက်ဆုံး အဆိုပြုရွေးချယ်ထား သည့် ကိုယ်စားလှယ်လောင်း လျှောက်လွှာများကို စက်တင်ဘာ ၁ ရက် အထိ လက်ခံခဲ့ပြီး လစ်လပ်မဲဆန္ဒနယ်မြေများရှိ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများက ရွေးချယ်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

"ကရင်ပြည်နယ်ကတော့ လစ်လပ်မဲဆန္ဒနယ် တစ်နေရာပဲရှိတော့ လျှောက်လွှာတင်တဲ့သူ သုံးဦးပဲရှိတယ်။ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေထဲမှာ ပါတီကမဟုတ်တဲ့ အပြင်လူတွေလည်း ပါတယ်" ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ပါတီဝင်မဟုတ်သူများ ပါဝင်နိုင်သည်ဟု သီးသန့် ကြေညာထားခြင်းမရှိဘဲ လျှောက်ထားသူများအနက် အရည်အချင်းရှိသူများကို ထည့်သွင်းစဉ်းစား မည်ဟု NLDပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအဖွဲ့ဝင် 
ဦးမောင်မောင်ဦးက ပြောသည်။ သို့သော် ဦးရေမည်မျှ ပါဝင်သည်ကိုမူ မဇ္ဈိမက မသိခဲ့ရပေ။

ဦးမောင်မောင်ဦးက" အပြင်လူတွေအတွက် သီးသန့်စည်းကမ်းချက်တွေ သတ်မှတ်ထားတာမရှိပါဘူး၊ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက် အတိုင်းပါပဲ"ဟု ပြောသည်။

NLD ကိုယ်စားလှယ်လောင်း စီစစ်ရေး ကော်မတီအစည်းအဝေးကို စက်တင်ဘာ ၃ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က နောက်ဆုံးအဆင့် ပြန်လည်ရွေးချယ်ကာ စက်တင်ဘာ ၁၅ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသည်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို နှစ်ကုန်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောထားသည်။

Mizzima

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မြေပုံ


ဘဝတစ်ဆစ်ချိုးဟုတော့ ဆိုကြသည်။ အချို့သူတွေအတွက် တစ်ဆစ် မချိုးတောင်မှ အပြောင်းအလဲ တစ်ရပ်ကို ဖော်ဆောင်ပေးသည့်နေရာမှာ တက္ကသိုလ်များ ဖြစ်သည်။ အခြေခံပညာမှ နောက်တစ်ဆင့်တွင် ပညာရပ် ဆိုင်ရာများအပြင် လောကကြီးအတွင်း ချင်းနင်း ဝင်ရောက်ရေး အဓိက ဝင်ပေါက်နေရာလည်း ဖြစ်သည်။

အများနှင့်မတူ တစ်မူထူးခြားသော ဝင်ခွင့်ကြောင့် လျှောက်လွှာတင်ချိန် ကတည်းက အာရုံထွေပြားပြီး ရွေးချယ်စရာ ဘာသာရပ်နှင့် တက္ကသိုလ်များ တစ်ပုံတစ်ပင်ပေါ်ကာ ရည်ရွယ်ချက်နှင့် လမ်းလွဲတတ်သည်။ နိုင်ငံကျော် တက္ကသိုလ်၊ လူကြိုက်များသော ဘာသာရပ်များတွင် အုံနှင့်ကျင်းနှင့် စုပြုံတိုးလာသည်။

လူငယ်အများစု ကိုယ်တိုင်လည်း စိတ်ပါဝင်စားသော ဘာသာရပ်ကို ရွေးချယ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန်နေကြသည်။

“ခက်တာက ကျောင်းသားတွေက ဘာသာရပ်ကို ချစ်မြတ်နိုးတတ်အောင်၊ စိတ်ဝင်စားလာအောင် သေချာ မသင်ခဲ့တော့လည်း နောက်ဆုံးတော့ ရောက်တဲ့နေရာ၊ ရတဲ့ဘာသာရပ်ကို အကောင်းဆုံး သင်ကြားမယ်ဆိုတဲ့ စိတ်ဝင်စားလိုမှုလေးပဲ အဓိကပါပဲ” ဟု ရုက္ခဗေဒ ကထိကဟောင်း ဆရာဦးလှမိုးက အကြံပြုသည်။

ကိုယ်ပိုင်ရမှတ်နှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် ရွေးချယ်နည်းအတွက် အတွေ့အကြုံရှိ ပါမောက္ခများနှင့် ပညာရေး အသိုင်းအဝိုင်းက ယခုကဲ့သို့ လမ်းညွှန်ထားပါသည်။

ကျောင်းသားထက်ဝက်လျှော့မည့် နည်းပညာတက္ကသိုလ်

ပညာရေးဝန်ကြီးဌာနက နည်းပညာ တက္ကသိုလ် ၂၉ ခုလုံးအတွက် ဝင်ခွင့်ဦးရေကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တစ်ဝက်နီးပါး လျှော့ချမည် ဖြစ်ကြောင်း ကြေညာထားသည်။ ယခင်က နည်းပညာ တက္ကသိုလ် ဝင်ခွင့်ရဦးရေ တစ်သောင်းကျော် ရှိသည့်အနက် ၂၀၁၄ ခုနှစ်တွင် ၅၀၈၀ ဦးသာ လက်ခံသွားမည် ဖြစ်သည်။ 
နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ဝင်ခွင့်အရေအတွက် လျှော့ချပေးခြင်း ဖြစ်သောကြောင့် လျှောက်ထားသူများ အနေနှင့် အပြိုင်အဆိုင် ပိုတွေ့ရနိုင်ကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု ကော်မတီ၏ အသက်မွေးဝမ်းကျောင်း ပညာရေး ကော်မတီဝင် ဦးအောင်ဝင်းက ဆိုသည်။

ပညာသင်နှစ် ခြောက်နှစ် ကြာမြင့်မည် ဖြစ်ပြီး ရမှတ် တက္ကသိုလ်ဝင်တန်း အမှတ် ၃၈၀ နှင့်အထက် ရှိသူတိုင်း လျှောက်ထားနိုင်ကြောင်း၊ အထူးပြု ဘာသာရပ်များကို တက္ကသိုလ်ဝင်တန်း ရမှတ်အလိုက် စိစစ်သွားမည် ဖြစ်သောကြောင့် အချို့ဘာသာရပ်များကို အောင်စာရင်းရမှတ် နည်းပါက ကိုယ်တိုင် ရွေးချယ်ခွင့်ရမည် မဟုတ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်ပြန်ထားသည်။

နည်းပညာတက္ကသိုလ် စိတ်ဝင်စားသော်လည်း လျှောက်ထားရန် အမှတ်မမီပါက အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းတွင် ဒီပလိုမာ သင်တန်းတက်ပြီး ထူးချွန်ကျောင်းသားအဖြစ် ထပ်မံရွေးချယ်ခံရလျှင် အင်ဂျင်နီယာဘွဲ့ ရနိုင်ကြောင်း ဦးအောင်ဝင်းက ဆိုသည်။

အင်ဂျင်နီယာ ဘာသာရပ်များအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြို့ပြ၊ လျှပ်စစ်နှင့် စက်မှု အထူးပြု ဘာသာရပ်များသည် အလုပ်အကိုင် အခွင့်အလမ်းအတွက် ပိုအားသာချက် ရှိနိုင်ကြောင်း ၎င်းကခန့်မှန်းသည်။

ရမှတ် ၅၀၀ နီးပါး ရှိသူများအတွက် ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ် (COE) ကို လျှောက်ထားနိုင်ပြီး အဆိုပါ တက္ကသိုလ် ပြီးဆုံးထားသူများအတွက် နိုင်ငံတကာ အင်ဂျင်နီယာ ပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် အခွင့်အလမ်းများ ရှိကြောင်း နည်းပညာ တက္ကသိုလ် အသိုင်းအဝိုင်းက ဆိုသည်။

ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့်

၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကွန်ပျူတာပညာ စိတ်ဝင်စားသူများအနက် ရမှတ် ၄၈၀ နှင့် အထက်ရှိသူများက ရန်ကုန် (ဗဟန်း) နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ် (COE) ကို ဦးစားပေး လျှောက်ထားနိုင်ပြီး ရမှတ် ၃၆၅ နှင့်အထက် ရှိသူအတွက်မူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကွန်ပျူတာ တက္ကသိုလ် ၂၄ ခုတွင် လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) က ထုတ်ပြန်ထားသည်။

သာမန် ကွန်ပျူတာ တက္ကသိုလ်များမှ ပြီးဆုံးထားသူများသည် ကွန်ပျူတာ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ နည်းပညာဘွဲ့ကိုသာ ရရှိမည် ဖြစ်သော်လည်း COE ပြီးဆုံးထားသူများက ဘာသာရပ်ခြောက်ခုကို စိတ်ကြိုက်ရွေးချယ်၍ အထူးပြုဘွဲ့ ရယူနိုင်သည်။

နိုင်ငံတကာ အစိုးရ၏ ပံ့ပိုးမှုများကြောင့် COE တက္ကသိုလ်များမှ ပြီးဆုံးထားသူများသည် ပညာဆက်လက် သင်ကြားခွင့်နှင့် လုပ်ငန်း ကျွမ်းကျင်မှုတွင် အခက်အခဲ မရှိနိုင်ကြောင်း ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

နည်းပညာ တက္ကသိုလ်ဝင်ခွင့် အမှတ်နည်းသူများအတွက် အစိုးရ စက်မှုလက်မှု သိပ္ပံမှတစ်ဆင့် နည်းပညာ တက္ကသိုလ်သိုလ်သို့ ပေါင်းကူးခွင့် ရှိသော်လည်း ကွန်ပျူတာ တက္ကသိုလ်များအတွက် သတ်မှတ်ရမှတ် ပြည့်မီမှသာ တက်ရောက်ခွင့် ရနိုင်သည်။

ပျိုပျိုမေတို့အတွက် လေကြောင်းတက္ကသိုလ်

အမျိုးသမီး လေယာဉ်မောင်း အိပ်မက်မက်နေသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူများအတွက် အခွင့်အလမ်းသစ်တစ်ခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပေါ်ပေါက်ခဲ့ပြီ ဖြစ်သည်။

မကွေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က ယခု ပညာသင်နှစ်တွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်းကို ပထမဆုံး လက်ခံခဲ့ပြီး ၂၀၁၄-၂၀၁၅ တက္ကသိုလ် ပညာသင်နှစ်တွင် ဝင်ခွင့်ဦးရေ ၁၄၀ ဦး ခွင့်ပြုထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာထားသည်။ ယခင်ပညာသင်နှစ်က ကျောင်းသား ၁၅၀ ဦးသာ လက်ခံခဲ့ရာမှ ယခုနှစ်တွင် ဝင်ခွင့်ဦးရေ လျှော့ချပြီး မိန်းကလေးများကိုပါ စတင်လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခင်က အာကာသပညာနှင့် လေယာဉ်မှူး စိတ်ဝင်စားသော မိန်းကလေးများက နိုင်ငံတကာ လေကြောင်း တက္ကသိုလ် များတွင်သာ သွားရောက် သင်ကြားခွင့် ရခဲ့သည်။

လေကြောင်းတက္ကသိုလ် စိတ်ဝင်စားသူများအတွက် တက္ကသိုလ်ဝင်တန်း ရမှတ် ၄၂၀ နှင့်အထက် သတ်မှတ်ထားပြီး လျှောက်ထားသူတိုင်းကို လူတွေ့စစ်ဆေးသွားမည် ဖြစ်သည်။ စိတ်ဝင်စားသူများက လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာ ဦးစားပေးနေရာတွင် ထည့်သွင်း လျှောက်ထားနိုင်သည်။

လူကြိုက်မြဲ ဥပဒေ၊ အင်္ဂလိပ်စာနှင့် နိုင်ငံတကာ ဆက်ဆံရေး

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် နှစ်စဉ်နှစ်တိုင်း လူကြိုက် အများဆုံးဘာ သာရပ်စာရင်း၌ ထိပ်ဆုံးရောက် ဥပဒေပညာ၊ အင်္ဂလိပ်စာနှင့် နိုင်ငံတကာ ဆက်ဆံရေးပညာ (IR) တို့က လာမည့်နှစ် များတွင်လည်း ဆက်လက် လူကြိုက်များနိုင်ကြောင်း တက္ကသိုလ် ကထိကဟောင်း ဦးလှမိုးက သုံးသပ်သည်။

သို့သော် အလုပ်အကိုင်ဘက်တွင် အမှန်တကယ် လေ့လာသူများသာ အခွင့်အလမ်း ရနိုင်ပြီး နှစ်စဉ် ထောင်နှင့်ချီသော အထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူတို့အတွက် ဘွဲ့နှင့်ဆက်စပ်သော လုပ်ငန်းခွင် ရှားပါးမှု ကြုံတွေ့နေရဆဲ ရှိသည်။ 
“သေချာတာကတော့ ဘယ်ဘာသာနဲ့ဘွဲ့ရရ အလုပ်ခွင်မှာ အဆင်ပြေတာ တစ်ခုမှ မရှိသေးဘူး” ဟု ၎င်းက ပကတိ အခြေအနေကို ဝေဖန်သည်။

မည်သို့ပင်ဆိုစေ ပညာရပ်ကို စိတ်ဝင်သူ လူငယ်များ၊ ဘွဲ့တစ်ခုခု လက်ဝယ်ပိုင်ဆိုင်လိုသော လူငယ်များအတွက် ဝိဇ္ဇာ၊ သိပ္ပံ အထူးပြုဘာသာများကို လျှောက်ထား နေကြမြဲ ရှိသေးသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနက ရေပေါ်ရေအောက် သုတေသန လုပ်ငန်းများအတွက် အဓိက သင်ကြားသော အဏ္ဏဝါသိပ္ပံ၊ ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးအတွက် အခြေခံ ဖော်မြူလာနှင့် နည်းပညာတို့ကို သင်ကြားသော ကုန်ထုတ်ဓာတု၊ ဘူမိဗေဒနှင့် သံတမန် ဆက်ဆံရေးအကြောင်း စိတ်ဝင်စားသူတို့အတွက် နိုင်ငံတကာ ဆက်ဆံရေး အထူးပြု ဘာသာရပ်များတွင် လူတွေ့စစ်ဆေးခံရန် လိုအပ်သည်။

အလားတူ ရူပဗေဒ စိတ်ဝင်စားသူများအနက် နျူကလီးယား ဘာသာရပ်ကို စိတ်ဝင်စားသူများသည် သီးသန့် လျှောက်ထားရန် လိုအပ်ပြီး ရူပဗေဒ ဂုဏ်ထူးမှတ်၊ သင်္ချာတွင် ရမှတ် ၇၀ နှင့်အထက်၊ အင်္ဂလိပ်စာတွင် ရမှတ် ၆၀ နှင့်အထက် သတ်မှတ်ထားသည်။

အနုပညာတက္ကသိုလ် အလားအလာ

နိုင်ငံတကာ ရုပ်ရှင်များ လွှမ်းမိုးနေချိန် ရုပ်ရှင်ကဏ္ဍ တစ်ခန်းရပ် ပြန်ပေါ်လာချိန် အနုပညာ ဘာသာရပ် စိတ်ဝင်စားသူများက ရုပ်ရှင်နှင့် ပြဇာတ် အထူးပြု ဘာသာရပ်ကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တို့တွင် တက်ရောက်နိုင်သည်။ ရမှတ် ကန့်သတ်ချက် မရှိသော်လည်း လူတွေ့စစ်ဆေးမှုနှင့် ဝင်ခွင့်ဦးရေ ကန့်သတ်ချက်တွင် အခက်အခဲ ရှိနိုင်သည်။

ဇာတ်ညွှန်း၊ စီစဉ်ညွှန်ကြားမှုပညာ (ဒါရိုက်တာ)၊ ရုပ်ရှင်ဓာတ်ပုံ၊ သရုပ်ဆောင်နှင့် တည်းဖြတ်ပညာတို့ကို သင်ကြားပေးမည် ဖြစ်သောကြောင့် အမှန်တကယ် စိတ်ဝင်စားသူများအတွက် ပြင်ပ ဒီပလိုမာ သင်တန်းများကို အားကိုးရန် မလိုအပ်တော့ချေ။

ယခင်က အလုပ်အကိုင် မသေချာမှုများနှင့် ရမှတ်ဦးစားမပေးဘဲ အနုပညာ ဝါသနာကို ဦးစားပေးခြင်းကြောင့် ယဉ်ကျေးမှု တက္ကသိုလ်ကို သိရှိသူ နည်းပါးသော်လည်း ယခုနောက်ပိုင်း နိုင်ငံကျော် အနုပညာရှင် အများစုကို မွေးထုတ် ပေးနိုင်ခဲ့ခြင်းကြောင့် စိတ်ဝင်စားသူများ တစ်ဖန်မြင့်တက်လာသည်။

ရုပ်ရှင်ဘာသာရပ်အပြင် ပန်းချီ၊ ပန်းပု၊ သဘင်နှင့် ဂီတပညာရပ် များကိုလည်း စိတ်ပါဝင်စားသည့် အလျောက် ယဉ်ကျေးမှု တက္ကသိုလ်တွင် သွားရောက် လျှောက်ထားပြီး ဝင်ခွင့်ဖြေဆိုနိုင်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဘာသာရပ်အစုံနှင့် ထူးချွန်ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်ဝင်ခွင့်

ပညာရေးဝန်ကြီးဌာန၏ ထူးချွန်ကျောင်းသား လေ့ကျင့်ပျိုးထောင်ရေး အစီအစဉ်အရ ၂၀၁၃ ခုနှစ်ကစပြီး ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များထဲမှ ရမှတ်အမြင့်ဆုံး ကျောင်းသား၊ ကျောင်းသူများကို စိစစ်ပြီး ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် (COE) တွင် ထူးချွန်ဘွဲ့ကြို ကျောင်းသားများအဖြစ် လက်ခံခဲ့သည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်မူ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာတို့တွင် ရမှတ် ၉၀ ဖြင့် ကန့်သတ်ခေါ်ယူပြီး ကျန် သမိုင်း၊ ဒဿနိက၊ စိတ်ပညာ၊ ဥပဒေပညာနှင့် အရှေ့တိုင်း ဘာသာရပ်တို့တွင် အင်္ဂလိပ်စာရမှတ် အနည်းဆုံး ၆၅ မှတ် သတ်မှတ်ကာ ရမှတ် ၃၈၀ နှင့် အထက် ရှိသူတိုင်းကို ဝင်ခွင့်ခေါ်ယူရန် ကြေညာထားသည်။

ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တို့တွင် နိုင်ငံဖွံ့ဖြိုးရေး စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် ယခုနှစ်မှ ထပ်တိုးခဲ့သော နိုင်ငံရေးသိပ္ပံ၊ မြန်မာမှုပညာနှင့် ကွန်ပျူတာသိပ္ပံ အပါအဝင် ဘာသာရပ်ပေါင်း ၂၀ နီးပါးရှိပြီး စိတ်ဝင်စားသော ဘာသာရပ်ကို တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာတွင် ဦးစားပေး ထည့်သွင်း လျှောက်နိုင်သည်။

ယခုနှစ်အတွက် ဘာသာရပ်အလိုက် အမှတ်စာရင်းများ လျှော့ချပေးထားပြီး ဝင်ခွင့်ဦးရေ ထပ်တိုးပေးထားသောကြောင့် လျှောက်ထားသူများအတွက် အခွင့်အလမ်း ပိုရသည်။ အလားတူ အမေရိကန်နှင့် ဗြိတိန် ထိပ်တန်းတက္ကသိုလ်များ၏ အထောက်အပံ့ တို့ကြောင့် ဘာသာရပ်ဆိုင်ရာအလိုက် ပညာဆက်လက် သင်ကြားခွင့် အလားအလာများစွာ တွေ့ရသည်။ သို့သော် သင်ကြားမှုပိုင်းတွင် သင်ရိုးမာတိကာနှင့် သင်ကြားရေး အခြေခံ လိုအပ်ချက်အားလုံး အခြား ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များနှင့် ကွဲပြားမှု မရှိသေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝေဖန် ထောက်ပြမှုများရှိသည်။

မည်သို့ပင်ဆိုစေ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်ပံ့ပိုးပေးပြီး လစဉ် ထောက်ပံ့ကြေး ပေးသည့်အတွက် ပညာရပ်ဆိုင်ရာ စိတ်ဝင်စားသူ တက္ကသိုလ်ဝင်တန်း ရမှတ်မြင့်သူများက စိတ်ဝင်စားလျက် ရှိသည်။

နိုင်ငံခြားဘာသာ လေ့လာလိုသူများအတွက် တက္ကသိုလ်

နိုင်ငံတကာ ဘာသာစကားများကို လေ့လာလိုသူများနှင့် ဧည့်လမ်းညွှန် စိတ်ဝင်စားသူအချို့က ရန်ကုန်နှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်များကို ရွေးချယ်နိုင်သည်။

အနိမ့်ဆုံးရမှတ် ၄၀၀ နှင့်အထက် ရှိသူများက ရုရှား၊ ဂျာမန် ဘာသာရပ်များကို ရွေးချယ်နိုင်ပြီး တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ကိုရီးယားနှင့် ဂျပန် ဘာသာစကားတို့တွင် ရမှတ် အတိတကျ သတ်မှတ်ချက် မရှိသော်လည်း တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့်အထက် ရှိသူတို့သာ ဝင်ခွင့်ရဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုင်းဘာသာစကား စိတ်ဝင်စားသူများအတွက် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်သာ တက်ရောက်နိုင်သောကြောင့် ယင်းဘာသာ တက္ကသိုလ်တွင် အထူးပြု ဘာသာစကား ရှစ်မျိုးနှင့် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ခုနစ်မျိုး သင်ကြားနိုင်သည်။

စီးပွားရေးနှင့် ဖွံ့ဖြိုးရေး စိတ်ဝင်စားသူများအတွက် စီးပွားရေးတက္ကသိုလ်

ဘောဂဗေဒ ဘာသာတွဲနှင့် အောင်မြင်ထားသူများ အများဆုံး ရွေးချယ်သော တက္ကသိုလ်စာရင်းတွင် ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာ စီးပွားရေး တက္ကသိုလ်တို့လည်း ပါဝင်သည်။ စာရင်းအင်းပညာ၊ ဝါဏိဇ္ဇ၊ ဖွံ့ဖြိုးရေး၊ အသုံးချ ဘောဂဗေဒနှင့် စာရင်းကိုင်ပညာ အထူးပြု ဘာသာရပ်အလိုက် ဘွဲ့အမျိုးအစား ပြောင်းလဲသွားသည်။ ဘာသာရပ်တိုင်း ရမှတ် ၅၀ စီနှင့် ရမှတ် ၃၅၀ အထက် ရှိမှသာ ဝင်ခွင့် လျှောက်ထားခွင့်ပြုမည် ဖြစ်သည်။

ပထမနှစ် တက်ရောက်ပြီးမှသာ ဘဏ်လုပ်ငန်းဆိုင်ရာ အပါအဝင် အခြားစီးပွားရေးပညာ ဘာသာရပ်များကို ပြန်လည် ခွဲခြားသည့်အတွက် ဘာသာရပ် ရွေးချယ်မှုပိုင်းတွင် အခက်အခဲ မရှိနိုင်တော့ပါ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စီးပွားရေး တက္ကသိုလ်အားလုံး၌ ကျောင်းသားဦးရေ ၃၆၀၀ လက်ခံသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်က အသက်မွေးပညာဘွဲ့များ

လွန်ခဲ့သော ခုနစ်နှစ်ကမှ ရန်ကုန်မြို့တွင် ပထမဆုံး ဘွဲ့ကြိုသင်တန်းများ လက်ခံပေးခဲ့သော ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်း ပညာဘွဲ့များဖြစ်သော စီးပွားရေး စီမံခန့်ခွဲမှုပညာ၊ သတင်းနှင့် စာနယ်ဇင်းပညာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးပညာ၊ ကျွမ်းကျင် အင်္ဂလိပ်စာပညာ အထူးပြု ဘာသာရပ်များကို သင်ကြားမည် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ထုံးစံအတိုင်း ရမှတ်အနည်းငယ် မြင့်ပြီး လူဦးရေ ကန့်သတ်ချက် ရှိသည်။ သတင်းနှင့် စာနယ်ဇင်း အတတ်ပညာအတွက် ရမှတ် ၄၄၀ ဝန်းကျင် ရှိသူတိုင်း လျှောက်ထားခွင့် ရှိသလို စီမံခန့်ခွဲမှုပညာ စိတ်ဝင်စားသူများက ရမှတ် ၄၆၀ နှင့် အထက်ရှိလျှင် ဦးစားပေး လျှောက်ထားနိုင်သည်။

အလားတူ ဟိုတယ်နှင့် ခရီးသွားလာရေးပညာ၊ ကျွမ်းကျင် အင်္ဂလိပ်စာပညာ သင်တန်းတို့ကိုလည်း တက္ကသိုလ်ဝင်တန်း ရမှတ် ၄၅၀ နှင့်အထက်ရှိသူတိုင်း အမျိုးသား စီမံခန့်ခွဲမှုပညာ ကောလိပ်မှ လျှောက်လွှာ ခေါ်ယူစဉ်တွင် တိုက်ရိုက် လျှောက်ထားခွင့် ရှိသည်။

တိ/မွေးကု၊ စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်

ဝင်ခွင့်စာမေးပွဲ သီးသန့် ဖြေဆိုရမည့် တက္ကသိုလ်များအနက် နေပြည်တော် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် သစ်တော တက္ကသိုလ်တို့သည် နယ်မြို့များရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအကြား လူကြိုက်အများဆုံး ဖြစ်နေသေးသည်။

လူဦးရေ သတ်မှတ်ချက်နှင့် အရည်အသွေးကို အဓိကထား သင်ကြားသောကြောင့် အသက်မွေးဝမ်းကျောင်းပညာ စိတ်ဝင်စားသူများက ဦးစားပေး လျှောက်ကြသည်။ ယင်းတက္ကသိုလ် ဝင်ခွင့်များအတွက် ဇီဝဗေဒ ဘာသာတွဲနှင့် အောင်မြင်သူများသာ လျှောက်ထားခွင့် ရှိသည်။

၂၀၁၄-၂၀၁၅ ခုနှစ် မွေးမြူရေး ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးလက်ခံပြီး ဇီဝဗေဒ၊ မွေးမြူရေး ဗဟုသုတနှင့် အင်္ဂလိပ်ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်မှသာ ဝင်ခွင့်လက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။

အလားတူ စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်တို့ အတွက်လည်း လူတွေ့စစ်ဆေးခြင်း၊ ဘာသာရပ်ဆိုင်ရာနှင့် ကျန်းမာရေး စစ်ဆေးခြင်းခံယူရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ကြေညာထားသည်။

နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်း၏ အသက်သွေးကြော လယ်ယာစိုက်ပျိုးရေးအတွက် သုတေသနနှင့် နည်းပညာသစ်များ စိတ်ဝင်စားသူတိုင်းအတွက် လက်တွေ့နှင့် စာတွေသင်ကြားခွင့် ရလိုလျှင် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်ကို ရွေးချယ်နိုင်သည်။ အဆိုပါ တက္ကသိုလ် အားလုံးအတွက် ဝင်ခွင့်လျှောက်လွှာများကို နိုင်ငံပိုင် သတင်းစာတွင် ကြေညာသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတကာတွင် တက္ကသိုလ် တစ်ခုတည်းတွင် မဟာဌာနပေါင်းစုံမှ စိတ်ကြိုက် ဘာသာရပ်တစ်ခုကို ရွေးချယ် သင်ကြား ကြသော်လည်း မြန်မာနိုင်ငံတွင် ဘာသာရပ်တစ်ခုကို တက္ကသိုလ်တစ်ခု အနေနှင့် တစ်သီးတစ်သန့် လျှောက်ရဆဲ ရှိသေးသည်။ ယင်းအပြင် တက္ကသိုလ် ဝင်ခွင့်တိုင်းအတွက် လူတွေ့စစ်ဆေးမေးမြန်းပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်စနစ်ကို အစိုးရ၏ ပညာရေးပြောင်းလဲမှု စီမံကိန်းတွင် ထည့်သွင်း စဉ်းစားရန် ပညာရေး ပြုပြင်ပြောင်းလဲမှု လှုပ်ရှားသူများက တောင်းဆိုထားသော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အထိ ပညာရေး ဝန်ကြီးဌာနက ပြင်ဆင်ထားခြင်း မရှိချေ။

ကျောင်းသား ၁၂၀၀ နီးပါး လက်ခံမည့် ဆေးတက္ကသိုလ် များတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ကျောင်းသား၊ ကျောင်းသူများကို အချိုးကျ လက်ခံမှု ရာခိုင်နှုန်း ထပ်တိုးမြှင့်ရန်နှင့် ဝင်ခွင့်လက်ခံမှု ပုံစံပြောင်းလဲရန် ယခုနှစ်အတွင်း ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု ဆွေးနွေးပွဲများတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က ပြောကြားထားသည်။

နိုင်ငံတကာ ပညာရေးအတိုင်း အမီလိုက်မည်ဟု နိုင်ငံတော်သမ္မတကိုယ်တိုင် ထုတ်ဖော် ပြောကြားနေချိန် လက်ရှိ ပကတိပညာရေး အဆင့်အတန်းက ရှေးရိုးစွဲ တက္ကသိုလ်ဝင်ခွင့်က ကိုယ်လွတ်ရုန်းမထွက်နိုင်သေး။ တက္ကသိုလ်ဝင်တန်းအောင် လူငယ်တိုင်းလိုလို၏ ရွေးချယ်စရာက နိုင်ငံပိုင် တက္ကသိုလ်များသာ။ ကမ္ဘာ့ပညာရေး အဖွဲ့အစည်းအချို့ အသိအမှတ်ပြု ပုဂ္ဂလိက တက္ကသိုလ်များက ဝေဝေဝါးဝါး၊ မပီမပြင်သာ ရှိသေးသည်။

ရမှတ်အနည်း၊ အများ ကွာခြားမှု မည်မျှပင်ရှိပါစေ ဝင်ခွင့်လမ်းညွှန် လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများအတွက် ကထိကဟောင်း ဦးလှမိုးက ယခုကဲ့သို့ အကြံပြု ပေးထားသည်။ 
“နောက်ဆုံးတော့ ရောက်တဲ့နေရာ ရတဲ့ဘာသာရပ်ကို အကောင်းဆုံး သင်ကြားမယ်ဆိုတဲ့ စိတ်ဝင်စားလိုမှုလေးတွေက အဓိကပါပဲ”

လဲ့ရည်မြင့်
The Voice Weekly

ဆီးရီးယား ဂျီဟတ်များအတွက် လူသစ်စုဆောင်းပေးသည်ဟု သံသယရှိခံရသူ ပြင်သစ်၌ ထိန်းသိမ်းခံရ


ဆီးရီးယား ဂျီဟတ်အုပ်စုများအတွက် လူသစ်စုဆောင်းပေးသူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးကို ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ နိုက်လေဆိပ်တွင် ထိန်းသိမ်းလိုက်ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။


ထိန်းသိမ်းခံရသူသည် ချေချင်ညာ နွယ်ဖွားတစ်ဦး ဖြစ်ပြီး နိုက်လေဆိပ်၌ စနေနေ့တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

တူရကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းသည့် ၁၆ နှစ်အရွယ် မိန်းကလေးကို ထိန်းသိမ်းခံရသူက ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ရန် ခရီးထွက်လာခြင်း ဖြစ်သည်ဟု အသက် ၁၆ နှစ်အရွယ် မိန်းကလေးက ပြောကြားသည်ကို မယုံကြည်ခြင်းကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြားရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးက မိန်းကလေး၏ ဖခင်ထံသို့ ဖုန်းဆက်သွယ် မေးမြန်းသောအခါ တူရကီနိုင်ငံတွင် မိသားစုဝင်များ မရှိကြောင်း တူရကီ ခရီးစဉ်အကြောင်းလည်း မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ဆက်လက်စုံစမ်းရာမှ တစ်ဆင့် ဂျီဟတ်အုပ်စုများအတွက် လူသစ်စုဆောင်းသူဟု သံသယရှိသူကို စုံစမ်းသိရှိခြင်း ဖြစ်သည်။

အခြားသော ဥရောပနိုင်ငံများကဲ့သို့ပင် ပြင်သစ်နိုင်ငံသည်လည်း မိမိနိုင်ငံတွင်းရှိ လူငယ်များ ဆီးရီးယားနှင့် အီရတ်နိုင်ငံများသို့ သွားရောက်တိုက်ခိုက်ပြီး မိခင်နိုင်ငံသို့ ပြန်လာသည့်အခါ လုံခြုံရေးရာ ခြိမ်းခြောက်မှုများ လုပ်ဆောင်မည်ကို စိုးရိမ်လျက်ရှိသည်။

ပြင်သစ်အစိုးရအဖွဲ့၏ ခန့်မှန်းချက်အပါ အမျိုးသမီးများ အပါအဝင် ပြင်သစ်နိုင်ငံသား ၈၀၀ ကျော်မှာ ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဂျီဟတ်ဝါဒီဖြစ်ရန် အလာအလားရှိသူများ ဆီးရီးယားနိုင်ငံသို့ သွားရောက်မှု ထိန်းချုပ်ရန် ပြီးခဲ့သည့် လအတွင်း ပြင်သစ်နိုင်ငံက ဥပဒေကြမ်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ကလေးသတို့သမီးများနှင့် သူမတို့၏ ကယ်တင်ရှင်



“အိမ်ထောင်ကျတော့ ကျွန်မဖြင့် ကြောက်လိုက်တာရှင် ကျွန်မမိသားစုနဲ့ ညီအစ်ကို မောင်နှမတွေဆီကနေ ခွဲမသွားချင်ဘူး” ဟု အသက်ဆယ်နှစ်အရွယ် နူဂျွတ်အလီက ပြောပြသည်။ 
ထိုအရွယ်ဆိုလျှင် အခြားနိုင်ငံများတွင် အရုပ်မလေးများဖြင့် ကစားဆဲ ဖြစ်သော်လည်း နူဂျွတ်ကတော့ သူမအသက်ထက် သုံးဆကြီးသူနှင့် အိမ်ထောင်ပြုရလေသည်။ 
ယီမင်လိုမျိုး ရှေးရိုးစွဲ မွတ်ဆလင်များစွာ ရှိနေသည့် နိုင်ငံတွင် အထက်ဖော်ပြပါ ဆယ်နှစ်သမီးလေးလိုမျိုး ဖြစ်ရပ်မျိုးက ဆန်းလှသည့် ကိစ္စတော့ မဟုတ်ပေ။

ယီမင် အမျိုးသမီးရှေ့နေ ရှာဒါနက်စ်ဆာက ဒီလိုကလေးသူငယ် မိန်းကလေးများကို အရွယ်မတိုင်ခင် အိမ်ထောင်ချသည့် ကိစ္စအား ကာလရှည် ဆန့်ကျင်နေခဲ့သူ ဖြစ်သည်။ ၂၀၀၈ နှစ်လည်လောက်တွင် တစ်ခုခု လုပ်ပေးဖို့ အခွင့်အရေး ရခဲ့သည်။ တရားရုံးမှာ နေ့စဉ်အလုပ်များ လုပ်နေရင်း ကလေးမလေး တစ်ယောက်က တွေ့ခွင့်တောင်းနေသည်ဟု လာပြောသည်။ နူဂျွတ်ဆိုသည့် ထိုစဉ်က ၁၀ နှစ်သမီးလေး ဖြစ်နေသည်။ ထိုကောင်မလေးက သူမစိတ်ဆင်းရဲ နေရကြောင်း ခင်ပွန်းနှင့် ကွာရှင်းလိုကြောင်း ပြောပါသည်။

အသက် ၁၀ နှစ်အရွယ် မိန်းကလေးမှာ နေ့စဉ် အသက် ၃၀ အရွယ် ယောက်ျားကြီး၏ ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်း ခံနေရသည့် ဇာတ်လမ်းကို နက်စ်ဆာကြားရတော့ တုန်လှုပ်သွားခဲ့သည်။ ကလေးသေးသေးလေးက ကွာရှင်းခွင့် လာတောင်းသည့်ကိစ္စက အရင်က မဖြစ်ဖူး၊ မကြားဖူးပေ။ သို့သော် ရှေ့နေမ နက်စ်ဆာသည် တုံ့ဆိုင်းခြင်း ကင်းစွာဖြင့် အမှု တည်ဆောက်ပါတော့သည်။
“သူမနဲ့ စကားပြောနေတဲ့ အချိန်မှာ သူ့ကို ကျွန်မသမီးလေးလို့ မြင်လာမိတယ်။ ဖက်ထားလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ မကြောက်နဲ့ သမီးလေး။ မင်းကို အန်တီကူညီမယ်။ ကွာရှင်းခွင့် ရစေရမယ်” ဟုလည်း အခိုင်အမာ ပြောလိုက်ပါသည်။

ထိုအချိန်မှစပြီး ကလေးသူငယ် သတို့သမီးလေးများကို ကယ်တင်သည့် လုပ်ရပ်ကို တစိုက်မတ်မတ် စေတနာ့ ဝန်ထမ်း စလုပ်ပါတော့သည်။ ယီမင်တွင် မိန်းကလေးများ တရားဝင် လက်ထပ်နိုင်သည့် အသက်ကို မြှင့်တင်ဖို့ ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကိုလည်း ကြိုးစားရသည်။

တက်ကြွလှုပ်ရှားသူ တစ်ဖြစ်လဲ ဥပဒေပညာရှင် နက်စ်ဆာသည် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးကို အမြဲတစေ ရှေ့တန်းတင် ကြိုးစား လှုပ်ရှားပေးတော့သည်။ နက်စ်ဆာကို ယီမင်တောင်ပိုင်းတွင် မွေးဖွားခဲ့ကာ မိသားစုက ကြွယ်ပိုးကြွယ်ဝရှိသည်။ (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရက်ဂ်မြို့မှ ဥပဒေဘွဲ့ကို ၁၉၉၀ တွင် ရရှိခဲ့သည်။ သူမ အဖေကလည်း သတင်းစာဆရာ တစ်ဦးဖြစ်ကာ သမဂ္ဂဖွဲ့စည်း စည်းရုံးသူ တစ်ဦးလည်း ဖြစ်သည်။ မဖြစ်သင့်သော လူမှုရေး မမျှတမှုများကို ငုံ့မခံ တွန်းလှန်တတ်သော ဉာဉ်က ဖခင်ထံမှ အမွေရထားသည်ဟု ပြောရမည်ပင်။

ယီမင်တွင် ပထမဆုံး အမျိုးသမီး ရှေ့နေများထဲမှ တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေရင်း မဟုတ်မဟတ် နှိပ်စက်ခံနေရသော အမျိုးသမီးပေါင်း မြောက်မြားစွာကို ကာကွယ် ခုခံပေးခဲ့သည်။ “ရှေ့နေတစ်ယောက် အနေနဲ့ လူတွေကို ကူညီနိုင်တယ်လို့ ကျွန်မကတော့ ယုံကြည်တယ်” ဟု နက်စ်ဆာက ဆိုပါသည်။

မိန်းကလေးများကို ငယ်ငယ်လေးဖြင့် အိမ်ထောင် ချပေးသည့်ကိစ္စကို ယီမင်လိုမျိုး ရာစုနှစ်ပေါင်းများစွာ ထုံးတမ်းဓလေ့ ဖြစ်နေသော နိုင်ငံမျိုးတွင် ရပ်တန့်သွားအောင် လှုပ်ရှားရသည်မှာ စိန်ခေါ်မှုက ဒုနဲ့ဒေး ဖြစ်ပါသည်။ စောစောစီးစီး သမီးငယ်လေးတွေကို အိမ်ထောင် ချပေးကြသည်မှာလည်း သူတို့အကြောင်း ရှိသည်။ ပထမတစ်ခုက ဆင်းရဲသောကြောင့် ဖြစ်သည်။ ကြွယ်ပိုးကြွယ်ဝ ရှိသူလက်ထဲ အပ်လိုက်လျှင် သူတို့သမီးလေးများ ကောင်းကောင်းနေ ကောင်းကောင်းစား ရတော့မည်ဟု မျှော်လင့်သောကြောင့် လက်ထပ်ပေးကြသည်။ အပျိုကြီး ဖြစ်နေခြင်းသည် မကောင်းဟု ယူဆကြသူ များကလည်း အပျိုတောင် မဖြစ်သေးခင် မြန်မြန် ပေးစားလိုက်ကြသည်။ နောက်ထပ် စိုးရိမ်မှုတစ်ခုမှာ လက်မထပ်သေးခင် ချစ်သူတွေ့သွားမှာကို ဖြစ်သည်။

ဆန်နာတက္ကသိုလ် အမျိုးသမီးနှင့် ဖွံ့ဖြိုးရေးရာဌာနက တွေ့ရှိချက်အရ ၅၀ ရာခိုင်နူန်းကျော်သော ယီမင် အမျိုးသမီးများမှာ အသက် ၁၈ နှစ် မပြည့်သေးခင် လက်ထပ်ကြရပြီး အများစုမှာ ရှစ်နှစ်နှင့် ၁၀ နှစ်ကြား သတို့သမီးများ ဖြစ်ကြသည်။ ၁၉၉၂ ယီမင်ဥပဒေအရ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုမည် ဆိုပါက အသက် ၁၅ နှစ် ရှိရမည်ဖြစ်ကာ မိဘများ သဘောတူပါလျှင် ထို့ထက်ငယ်လည်း ပြုနိုင်သည်။ အလွန်ငယ်သေးသော အိမ်ထောင်ရှင် မိန်းကလေးများကို အဆင်သင့် မဖြစ်သေးသည့် အရွယ်အထိ လိင်ပိုင်းဆိုင်ရာ မထိပါးရ ဥပဒေ ရှိပါသော်ငြား မည်သို့မည်ပုံ ဥပဒေ အသက်ဝင်အောင် စောင့်ကြည့် ကြပေမည်နည်း။

နူဂျွတ်၏ အမှုတွင်လည်း အသက် ၂၀ မပြည့်အချင်း ချစ်တင်းမနှောပါဟု ကတိခံကာ လက်ထပ်ယူဆောင် ထားလိုက်ပြီးနောက် ယခုကဲ့သို့ နှိပ်စက်ရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ယခုမှ ကတိမတည်ပါဘူးဟု အမျိုးသားဘက်ကို မိဘဖြစ်သူများက ဒေါသထွက်နေသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစသေနူန်းတွင် ယီမင်က ထိပ်တန်းရောက်နေခြင်းမှာ မိန်းကလေးများ သိပ်ငယ်သေးသည့် အချိန်တွင် အိမ်ထောင် ချပေးခြင်းကလည်း တစ်ကြောင်း ပါဝင်နေသည်ဟု အထူးလေ့လာထားသူများက ပြောကြားကြသည်။
နက်စ်ဆာ၏ ကြိုးစားပမ်းစား ကျားကုတ်ကျားခဲ အမှုလိုက်သောကြောင့် ယင်းအမှု နိုင်သွားပါသည်။ နူဂျွတ်ကလေးလည်း ကလေးတစ်ယောက် အဖြစ်ကို ထိုစဉ်က ပြန်လည် ရရှိသွားခဲ့သည်။ နောက်ထပ် အမြတ်ရသည်မှာ ယင်းအမှုကို မီဒီယာများက အာရုံစိုက်လာနိုင်အောင် ရှေ့နေမနက်စ်ဆာက လုပ်နိုင်ခဲ့သည်။ တစ်ကမ္ဘာလုံးက သတင်းစာတိုင်းတွင် ခေါင်းကြီးသတင်း ဖြစ်ကုန်သည်။

“သမီးက ကြီးလာရင် သတင်းစာဆရာမ လုပ်မှာ။ ယောက်ျား ပြန်မယူတော့ဘူး” ဟု နူဂျွတ်က ပြောပြသည်။ သူမသည် ၁၀ နှစ်ဆိုသည့် အသက်နှင့် မတန်လောက်အောင် အတွေ့အကြုံတွေ လောကဓံ၏ ရိုက်ပုတ်မှုတွေကို ခံခဲ့ရပြီး ဖြစ်ချေပြီ။ “သမီးအမှုကြောင့် လူတွေ စိတ်ဝင်စားလာပြီး မိန်းကလေးတွေ ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုပြီး သမီးလိုအဖြစ်တွေ မဖြစ်ရအောင် လုပ်ခဲ့တာပါ” ဟု သူက ပြောပြသည်။

(သန့်ဇင်စိုး)
The Voice Weekly

ယောင်္ကျားတို့၏ ညှို့ချက်များ



( အညာသူ ရေနံ့သာသူ )
ညို့ချက်(၁) တစ်ချို့ယောင်္ကျားတွေက မျက်နှာမှာအမြဲပြုံးရွှင်နေတတ်ပြီး မိန်းမတွေအပေါ်ဖော်ရွေအလိုက်သိတတ်တယ် ။ဒါက နံပါတ် ၁ အချက်ပေါ့နော် (မျက်နှာမြင် ခိုင်းချင်ပါစေ ဆိုတဲ့ရုပ်လေးတွေပေါ့ )


ညို့ချက် (၂) တစ်ချို့ကျတော့ စကားပြောရင် အသံတိုးတိုးလေးနဲ့ စတိုင်ထုတ်ပြောတတ်ကြတယ် ။ဒါက ချစ်သူမရှိသေးတဲ့အချိန် ၊ချစ်သူနဲ့ ဖုန်းပြောတဲ့အချိန်တွေမှာ ပိုသိသာပါတယ် နှုတ်ခမ်းလေးမလှုပ်တလှုပ်ပြောတာမျိုးပေါ့။ (အိမ်ထောင်ကျရင် အသားကုန် အော်ပြောမယ့် နှုတ်ခမ်းများ ပိုင်ရှင်ပါ ။ မိန်းကလေးများ သတိထားနိုင်ပါစေ)

ညို့ချက် (၃) တစ်ချို့က မိန်းကလေးတွေရှေ့ရောက်ရင် မျက်နှာထားခပ်တည်တည်နဲ့ ပေါင်ချိန်မျက်နှာပေးမျိုးထားတတ်ကြပါတယ် ၊ ဒါကလည်း မိန်းကလေးတွေကို စွဲဆောင်နည်းတစ်မျိုးပေါ့ (အိမ်ထောင်ကျမှ တစ်နိုင်ငံလုံး သူ့လုပ်စာစားနေတာကျနေတာပဲဆိုပြီး မိန်းမ မျက်စောင်းစာမိမဲ့ ညို့ချက်လေးတွေပေါ့ ။ မိန်းကလေးများ စဉ်းစားတတ်ပါစေ )

ညို့ချက် (၄) တစ်ချို့ယောင်္ကျားတွေက မျက်စိတစ်ဖက်မှိတ်ပြဟန် ၊ သွားပေါ်အောင်ပြုံးပြီး အူလှိုက်သည်းလှိုက်ရယ်မောတတ်ကြတယ်၊ ဒါက ပုရိသတို့ရဲ့ ညို့ချက်တစ်ခုပဲပေါ့ (သူပြုံးနေတဲ့ပုံကိုကြည့်ပြီး ကိုယ်ပါလိုက်ပြုံးမိရင်း.. မသိစိတ်က သူနဲ့အတူပျော်နေတတ်တဲ့ ညို့ချက်မျိုး မိန်းကလေးများ သတိထားတတ်ပါစေ )

ညို့ချက် (၅) တစ်ချို့ယောင်္ကျားတွေက လမ်းလျှောက်ရင် ဖိနပ်နဲ့လမ်းကိုအတင်းရှပ်တိုက်ပြီး အသံထွက်အောင် လမ်းလျှောက်တတ်တယ်... ဒါမှ မိန်းကလေးတွေက ဘယ်သူများလဲဆိုတဲ့သဘောနဲ့ လှည့်ကြည့်တတ်ကြတယ်... ဒါက အာရုံတွေ မြန်မြန်ဂရုပြုနိုင်တဲ့ ညို့ချက် (နောက်မှ ဖိနပ်ခဏခဏ ၀ယ်ပေးရလွန်းလို့ မိမိရဲ့ မိတ်ကပ်ဖိုးလျှော့နည်းစေနိုင်တာ မိန်းကလေးများ တွေးနိုင်ပါစေ )

ညို့ချက် (၆) တစ်ချို့ယောင်္ကျားတွေက စကားကို ဘုဂလန့်ဂျစ်ကန်ကန် ပြောတတ်ကြတယ်။ ဒါကလည်း မိန်းကလေးတွေရဲ့စိတ်ကို စွဲဆောင်ထားနိုင်တဲ့ ညို့ချက်တစ်ခုပါပဲ ။( ချစ်နေတုန်းကတော့ ဂျစ်ကန်ကန်ကောင်လေးဆိုပြီး ချစ်တတ်ကြပေမယ့် အချိန်ကြာလာရင်တော့ တဇောက်ကန်း အစွန်းရောက်လို့ မြင်လာတတ်လို့ မိန်းကလေးများ ရေရှည်သတိမူနိုင်ပါစေ )

ညို့ချက် (၇) တစ်ချို့ယောကျွားတွေက မျက်လုံးစူးစူး အကြည့်စူးစူးတွေနဲ့ ကျော့ကွင်းမိတဲ့ သမင်ငယ်ကိုကြည့်တဲ့အကြည့်မျိုးနဲ့ မိန်းကလေးတွေကို လွှမ်းမိုးကြည့်တတ်တယ် ။ ဘယ်လိုပြောရမလဲ စိုးစန္ဒာထွန်း သီချင်းလိုပေါ့နော် (သူ့အကြည့်အောက်မှာတင် အရည်ပျော်ကြတတ်တာမို့ တတ်နိုင်သမျှ မျက်လုံးချင်းစုံမကြည့်မိပါစေနှင့် )

ညို့ချက် (၈) တစ်ချို့ယောင်္ကျားတွေက အ၀တ်အစားဒီဇိုင်း ဆံပင်ဒီဇိုင်းအားလုံး ခေတ်ရှေ့ပြေးတတ်လွန်းကျတယ်။ အများကြားမှာ ထင်းကနဲ လင်းကနဲ သိသာနေစေတဲ့ ညို့ချက် တစ်ခုပေါ့ (အိမ်ထောင်ကျရင် မှန်လုနေရမယ့်ကိန်း မိန်းကလေးများ သိကြပါစေ )

ပုရိသတို့၏ ညို့ကွင်းများမှ မိန်းကလေးများ လွတ်မြောက်နိုင်ကြပါစေ

Anyarthu Yenantharthu

လူမည်း မိခင်က မွေးတဲ့ လူဖြူ ကလေးငယ်


မိခင်တစ်ယောက်က အသားအရောင်ကွဲပြားတဲ့ ကလေးကိုမွေးဖွားဖို့ဆိုတာ လူ တစ်သန်း မှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိတဲ့ ကိစ္စရပ်တစ်ခုပါ။ နီုင်ဂျီးရီးယားလူမျိုး အသက် ၃၂ နှစ် အရွယ် Catherine Howarth ဟာ သူမရဲ့သားလေးJonah ကို မွေးဖွားပြီး ပထမဆုံးတွေ့လိုက်တဲ့အခါ အံ့အားသင့်ခဲ့ရပါတယ်။

အသားဖြူဖြူ ၊ မျက်လုံးအစိမ်းရောင် နဲ့ အညိုရောင်ဖျော့ဖျော့ ဆံသားတွေနဲ့ သူမရဲ့သား Jonah ဟာ ယခုအချိန်မှာ အသက် သုံးလအရွယ်ရှိနေပါပြီ။ နိုင်ဂျီးရီးယားသူ လူမည်းတစ်ဦးဖြစ်တဲ့ မိခင်ရဲ့ လက်ထဲက ဖွေးစွတ်နေတဲ့ အသားအရေရှိတဲ့ လူဖြူကလေးငယ်ရဲ့ မြင်ကွင်းဟာ ရှားပါးပါတယ်။


Catherine Howarth ရဲ့ မိဘ၂ဦးလုံးက နိုင်ဂျီးရီးယားလူမျိုး လူမည်းတွေဖြစ်ကြပြီး သူမရဲ့ခင်ပွန်း အသက်၃၄ နှစ်အရွယ် Richard ကတော့ လူဖြူတစ်ယောက်ဖြစ်ပြီး အလုပ်အကိုင်ကတော့ ဆေးဘက်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

၂၀၁၀ခုနှစ်တုန်းကလည်း Benjaman နဲ့ Angela Ihegboro တို့ လူမည်းမိဘ၂ဦးကနေ လူဖြူသမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဲဒီလို အသားရောင် ကွဲပြားတဲ့ ကလေးကို မွေးဖွားတာဟာ အရမ်းကို ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေဖြစ်ပါတယ်။

တရုတ်သံရုံးကို တိုက်ခိုက်ရန် ကြံစည်သူ (၃)ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ဖမ်းဆီး


တရုတ်သံရုံးအပြင် မနီလာမြို့တော်ရှိ ပစ်မှတ်နေရာ အချို့ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်နေသူ (၃)ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသား (၃)ဦးသည် မနီလာရှိ နိုင်ငံတကာ လေဆိပ်၌ ဗုံးထောင်ရန် စီစဉ်ထားပြီး ဈေးဝယ်စင်တာကြီး အချို့နှင့် မနီလာရှိ တရုတ်သံရုံးတို့ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက စက်တင်ဘာ (၂)ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

စက်တင်ဘာ (၁)ရက်က လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားများသည် လောင်စာဆီ ဗုံးများ၊ ဗျောက်အိုးများနှင့် အခြား ပေါက်ကွဲစေတတ်သော ကိရိယာများကို ဗင်ကားတစ်စီးထဲတွင် ထည့်သွင်း ယူဆောင်လာပြီး တရုတ်ဆန့်ကျင်ရေး မကျေနပ်ချက်များ ရေးသားထားသည့် စာရွက်များကိုပါ တင်ဆောင်လာကြောင်း သိရှိရသည်။

တရားရေးဝန်ကြီး လိုင်လာဒါလီမာက “သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ဖိလစ်ပိုင် ပြည်သူတွေရဲ့ အစောင့်အရှောက် ကာကွယ်သူတွေလို့ ခံယူထားတယ်။ တရုတ်နဲ့ ထိုင်ပေက လုပ်ငန်းရှင်တွေ ဖိလစ်ပိုင်မှာ လာစွက်ဖက်တာတွေ၊ တရားမဝင် သတ္တုတူးဖော်တာတွေကြောင့် ရန်သူအနေနဲ့ သတ်မှတ်ကြောင်း သူတို့က ပြောပါတယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ် ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း အစိုးရအနေဖြင့် ယင်းကိစ္စကို သိမ်မွေ့သော နည်းလမ်းဖြင့်သာ ကိုင်တွယ်မည်ဟု ဆိုသည်။ လီမာ၏ အဆိုအရ ဗုံးခွဲမည့် အစီအစဉ်တွင် တရုတ်ပြည်ဖွား ဖိလစ်ပိုင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟန်နရီဆိုင် ပိုင်ဆိုင်သည့် SM Mall နှင့် နိုင်ငံ၏ ဆဋ္ဌမ အချမ်းသာဆုံးဖြစ်သည့် တရုတ်ဖိလစ်ပိုင် ကပြားသူဌေး ဒေးဗစ် ကွန်ဆွန်ဂျင် ပိုင်ဆိုင်သည့် DMCI အဆောက်အအုံတို့ ပါဝင်ကြောင်း သိရှိရသည်။

_Ref: Channelnewsasia

ကြက်သွန်နီမှရရှိသော အကျိုးကျေးဇူး (၈) ချက်


သင့်ကိုကြက်သွန်နီက မျက်ရည်ကျစေတာကြောင့် သင်စိုးရိမ်မသွားပါနဲ့။ အမှန်တော့ သူက သင့်ရောဂါတွေကို ဝှက်ဖဲလေးတစ်ခုအနေနဲ့ တိုက်ခိုက်ပေးနေတဲ့ မိတ်ဆွေပဲဖြစ်ပါတယ်။ သင်နေ့စဉ်ချက်ပြုတ်တဲ့ ဟင်းလျာတွေမှာ ကြက်သွန်နီကို ဖောဖောသီသီ သုံးပေးရုံနဲ့ ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။
ကြက်သွန်နီရဲ့ မယုံနိုင်လောက်အောင် အကျိုးပြုပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ကြက်သွန်နီမှာပါဝင်တဲ့ Phytochemical က သင့်ကိုယ်တွင်းက ဗီတာမင်စီဓာတ်ကို ပိုမိုပွားများစေပြီး ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။

၂။ ခရိုမီယမ်သတ္တုဓာတ်များစွာပါဝင်လို့ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်။

၃။ ရာစုနှစ်များစွာကတည်းကစ၍ ယခုအချိန်ထိ ကြက်သွန်နီကို အနာရောဂါကုသရန်နှင့် ရောင်ရမ်းခြင်း တွေလျော့နည်းစေဖို့ အသုံးပြုခဲ့ကြပါတယ်။

၎။ သင့်အစားအသောက်ထဲမှာ ကြက်သွန်နီကို ပါးပါးလှီးပြီးစားရတာကို သင်နှစ်သက်ပါသလား? ဟုတ်တယ်ဆိုရင်တော့ ဒါဟာ ဝမ်းသာစရာပါပဲ။ ကြက်သွန်စိမ်းက သင့်ကို ကောင်းမွန်တဲ့ ကိုလက်စထရောပမာဏကို ထုတ်ပေးပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။

၅။ ကြက်သွန်နီထဲက Quercetin လို့ခေါ်တဲ့အစွမ်းထက် ကွန်ပေါင်းတစ်မျိုးက ကင်ဆာရောဂါကို ကာကွယ်တဲ့ အဓိကနေရာကနေ ပါဝင်ပါတယ်။

၆။ ပျား၊ ခြင်ယင်နဲ့ တခြားအင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ ကြက်သွန်နီရဲ့ အစေးကို လိမ်းပေးခြင်းဖြင့် အဆိပ်တက်၍ ရောင်ရမ်းနာကျင်ခြင်းများကို သက်သာစေပါတယ်။

၇။ ကြက်သွန်နီက ကိုယ်တွင်းအပူအပုပ်နှင့် ပြည်တည်နာတွေကို ထိရောက်စွာ ပြောက်ကင်းသက်သာတြောကို အံ့သြဖွယ် တွေ့ရှိရပါမယ်။

၈။ ကြက်သွန်နီမှ ဖြစ်တဲ့ ကြက်သွန်မိတ်ကလည်း ဗီတာမင် အေ အပြည့်ပါဝင်လို့ မဖြစ်မနေစားသုံးသင့်တဲ့ အစားအစာလည်းဖြစ်ပါတယ်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဒဂုံတက္ကသိုလ်ကျောင်းသားများ ကန့်ကွက်ဆန္ဒထုတ်ဖော်



သီဟ(မြစ်မခ)

"အမျိုးသားပညာရေးဥပဒေမှာ အချက်အားလုံးကို လက်မခံပါဘူး။ အဲဒီအထဲမှာပါတဲ့အချက်တွေက ပညာရေးစနစ်ကို ဖိနိပ်နေတယ် ချုပ်ချယ်နေတဲ့အတွက်ပါ။လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်က နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းကိုနိမ့်ကျနေပါပြီ"

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထုတ်ထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းတစ်ခုလုံးအား ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်ဒဂုံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာလ ၂ ရက်နေ့က ဒဂုံတက္ကသိုလ်အတွင်း၌ ပြုလုပ်ခဲ့သည်။
Shwe Myitmakha Media Group

ဘင်္ဂလာတွင်တူးဖေါ်ထားသော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးဟောင်လှေ ထိမ်းသိမ်းမှုအားနည်း၍ ပျက်စီးနေ


ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘောရီချာခေါ် အ၀ကျွန်းဒေသတွင် တူးဖော်ရရှိထားသည့် နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်အမျိုးသားတို့ အသုံးပြုခဲ့သော ရှေးဟောင်းလှေမှာ ယခုအခါ ထိမ်းသိမ်းမှုအားနည်းနေသည့်အတွက် ပျက်စီးနေကြောင်း သိရသည်။


အဆိုပါ ရှေ့ဟောင်းလှေကို ပင်လယ်ကမ်းခြေဒေသ တစ်ခုတွင် နစ်မြုပ်နေရာမှ ဘင်္ဂလာဒေ့ခ်ျ စစ်တပ် အကူအညီဖြင့် ရှေ့ဟောင်းသု တေသနဌာနမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အ၀ကျွန်းဒေသမှ ကူဝါကာတာရွာအနီးရှိကုန်းပေါ်သို့ ပြောင်းရွေ့လာခဲ့ပြီး အများပြည်သူများ ကြည့်ရှု့နိုင်ရန် ပြသထားသည်။

ယင်းရှေးဟောင်းလှေကို လူအများအပြား လာရောက်လည့်ပတ်သော ပင်လယ်ကမ်းခြေအနီးတွင် ပြသထားသဖြင့် ကြည့်ရှု့သူ များပြားသော်လည်း လှေကိုအမိုးအကာမဲ့ ထားရှိသည့်အတွက် ပျက်စီးမှုများရှိ နေကြောင်း ဒေသခံများကပြောသည်။

အစိုးရအနေဖြင့် အဆိုပါလှေအား မပျက်စီးရအောင် ချက်ချင်းကာကွယ်ပေးသင့်သည့်ဟု ဒေသခံများက တောင်းဆိုနေကြသည်ဟုလည်း ဘင်္ဂလာသတင်းများတွင် ဖေါ်ပြသည်။

ရှေ့ဟောင်းသုတေသန လက်ထောက်ဒါရိုက်တာဖြစ်သူ Afroza Khan Mitaက အဆိုပါ ရှေ့ ဟောင်း လှေကြီးအား အမိုးလုပ်ပေးရန် စီစဉ်နေကြောင်းနှင့် အောက်တိုဘာလအတွင်း စတင်လုပ် ဆောင်နိုင် မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု Dailystar သတင်းစာတွင် ရေးသားထားသည်။

ယင်းရှေ့ဟောင်းလှေမှာ အလျှား ၅၂ ပေ၊ အနံ ၂၂ ဒသမ ၅ ပေရှိကြောင်းသိရသည်။

အဆိုပါလှေကို ဒေသခံများက ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် နစ်မြုပ်နေ သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၁၇၈၄ ခုနှစ်တွင် ဘိုးတော်ဘုရားမှ ရခိုင်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ယခုတွေ့ရှိထားသည့် လှေအမျိုးအစား အများအပြားဖြင့် ရခိုင်အမျိုးသားများက အ၀ကျွန်းဒေသသို့ လာရောက်အခြေချ နေထိုင်ခဲ့ကြသည်ဟု ကူဝါကာတာရွာမှ အသက် ၇၀ ခန့်ရခိုင်လူကြီး တစ်ဦးမှ ပြောဆိုကြောင်း သတင်းတွင် ရေးသားသည်။

by burma news international

အသားအရေနဲ့ ဆံပင်အတွက် ရှာလကာရည်ကို အသုံးပြုနိုင်တဲ့ နည်းလမ်း (၅ ) သွယ်


ရှာလကာရည်က သင့်ကို ၀ိတ်ကျအောင် အများကြီး ကူညီပေးနိုင်တယ်ဆိုတဲ့အကြောင်း ဆောင်းပါးတွေ တော်တော်လေး ရေးသားခဲ့ပြီးပါပြီ။ ဒါ့အပြင် ရှာလကာရည်ကပဲ သင့်အသားအရေနဲ့ ဆံပင်အတွက်လည်း အများကြီး အထောက်အကူပြုတယ်ဆိုတာ ထပ်မံပြောပြပေးချင်ပါတယ်။

၁။အသားအရေကို နူးညံစေဖို့ အထောက်အကူပြု


ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကို သင်ရေချိုးခါနီး ချိုးမယ့်ရေနွေးနွေးလေးထဲ ၈အောင်စလောက်ရောပြီး ချိုးပေးမေယ်ဆိုရင် သင့်အသားအရေဟာ နူးညံ့သွားပါလိမ့်မယ်။

၂။ တိုနာအဖြစ်လည်း သုံးနိုင်

ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ရှာလကာရည်ကိုပဲ တိုနာအဖြစ်သုံးတဲ့နည်းလေး ပြောပြပေးပါမယ်။ ရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရေနှစ်ခွက်စာလောက်ရောလိုက်ပါ။ အဲ့ဒါကို ဂွမ်းစလေးနဲ့ယူပြီး တိုနာအဖြစ်သုံးလို့ရပါတယ်။ ရေပြန်ဆေးချစရာမလိုပါဘူး။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်အသားအရေက တင်းတင်းရင်းရင်းဖြစ်သွားစေမယ့်အပြင် ချွေးပေါက်တွေလည်း ကျဉ်းသွားမှာပါ။

၃။ဆံပင်တွေ တောက်ပြောင်လှပအောင် စွမ်းဆောင်ပေး

ရေတစ်ခွက်မှာ ရှာလကာရည် စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောလိုက်ပါ။ ပြီးသွားတဲ့အခါ ဆံပင်ကို ရေလောင်းချပြီးနောက် အဲ့ဒီအရည်ကို ခေါင်းကို သုတ်လိမ်းလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ရေနဲ့စင်အောင်ဆေးချလိုက်ပြီး ဆံပင်ပျော့ဆေးထပ်သုံးလိုက်ရုံနဲ့ ဆံသားတွေ အရင်ထက်ပိုမိုတောက်ပြောင်လာတာကို သတိထားမိမှာပါ။

၎။နေလောင်ထားတဲ့ အသားအရေအရောင်ကို လျော့ချပေးနိုင်

ရေလေးခွက်နဲ့ ရှာလာကာရည် စားပွဲတင်ဇွန်း နှစ်ဇွန်းစာကို ရောပြီးတဲ့နောက် နေလောင်ခံထားရတဲ့ အသားအရေပေါ်ကို ရေစိုဝတ်လေးနဲ့ သုတ်လိမ်းပေးလိုက်ပါ။ သူက အသားအရေကို ထိန်းညှိပေးနိုင်တဲ့အတွက် အသားအရေ အရင်ထက် ပိုညီသွားပါလိမ့်မယ်။

၅။ဗောက်ထခြင်းက ကင်းဝေးစေနိုင်

ရေနဲ့ရှာလကာရည်ကို ဆတူရောလိုက်ပါ။ ပြီးတဲ့နောက် ခုနရောထားတဲ့ အရည်နဲ့ ခေါင်းမလျှော်ခင် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ တကယ်လို့ ဆန္ဒရှိသေးရင် ရှန်ပူထဲကိုလည်း ရှာလကာရည်တစ်ဇွန်းထည့်ပြီး လျှော်နိုင်ပါတယ်။ အက်ဆစ်ဓာတ်ပါတဲ့အတွက် သင့်ဦးခေါင်းမှာ ဗောက်မထအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

Ref:womenshealthmag.com

အပစ်မရပ်သေးသော KIA ပယင်းမှော် တွင် ဒေသခံ(၁၂၀)ဦးအား လူသစ် အဖြစ် လိုက်လံဖမ်းဆီး


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ မှော်များတွင် နေထိုင် လုပ်ကိုင်လျက်ရှိသော ဒေသခံမှော်သူ မှော်သား(၁၂၀)ဦးခန့်အား သြဂုတ်လတတိယပတ်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် လိုက်လံဖမ်းဆီးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။


ပယင်းမှော်အပါအ၀င် လဘူးခရွှေမှော်၊ ချောင်းသာရွှေမှော်၊ နမ့်ကွမ်းရွှေမှော်၊ အောင်ဘာရွှေမှော်၊ မျောက်လွှဲ ကျော်ကုန်းနှင့် နန်ဗျူဒေသတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်နေသော မှော်သူ၊ မှော်သားများအား ရက်ခြားလိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူ(၁၂၀)ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း မှော်လုပ်သားတစ်ဦးက ပြောသည်။

``ဘယ်သူပါမလဲ၊ စောင့်ကြည့်ရင်းလုပ်ကိုင်နေကြရတာပါ၊ ကျွန်တော်တို့ကလည်း မှော်လုပ်ငန်းရှင်တွေ ငှားလို့ လာလုပ်တာပါ၊ KIA အဖွဲ့က အဲဒီလို လိုက်ဖမ်းနေတာကြောင့် လစာယူထားတဲ့ လပြည့်ရင် နေရပ်ပြန်ဖို့ စဉ်းစား ထားပါတယ်´´ ဟု တနိုင်းမြို့ခံ ချောင်းသာမှော်လုပ်သားတစ်ဦးက ဆိုသည်။

KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော မှော်သူမှော်သား (၁၂၀)ဦးအား ရင်း(၁၄)ဌာနချုပ်ဟောင်း ကောင်ဂျာ တွင် ချုပ်နှောင်ထားပြီး (၈၀)ဦးအား ရွေးချယ်ကာ ၎င်းနေရာ၌ပင် စစ်သင်တန်းတက်ခိုင်းနေကြောင်း မျက်မြင် ဒေသခံများထံမှ သိရသည်။

``သင်တန်းဖွင့်တာကတော့ တစ်ပတ်လောက်ပဲရှိဦးမယ်၊ အချို့ကလည်း စစ်သင်တန်းမတက်ချင်တော့ ထွက်ပြေးလာကြတယ်၊ နယ်ကလာတဲ့သူတွေဆိုရင် ကချင်စကားလည်း မပြောတတ်ဘူး၊ သနားတာနဲ့ လမ်း စရိတ်စုဆောင်းပေးပြီး တနိုင်းကနေ မြန်မာပြည်ထဲကို ပြန်ခိုင်းလိုက်တယ်´´ ဟု တနိုင်းမြို့ကုန်သည်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသော မှော်သူမှော်သားများတွင် ဗမာ၊ ရခိုင်၊ ကချင်၊ ရှမ်း၊ လီဆူးလူမျိုးများပါဝင်ပြီး KIA အနေဖြင့် စစ်သင်တန်းတက်ခိုင်းပြီးပါက ရခိုင်လူမျိုးများအား ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွင်လည်းကောင်း၊ ဗမာလူမျိုး များအား ABSDF မြောက်ပိုင်းအဖွဲ့တွင်လည်းကောင်း၊ ကချင်၊ ရှင်းနှင့် လီဆူးလူမျိုးများအား KIA အဖွဲ့တွင် လည်းကောင်း တာဝန်ပေးစေခိုင်းသွားမည်ဖြစ်ကြောင်း KIA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သော ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူလက်မှတ်မ ထိုးနိုင်သေးသော အဖွဲ့ဖြစ်ပြီး ယခုကဲ့သို့ စစ်အင်အားတိုးချဲ့မှုများက ငြိမ်းချမ်းရေးလမ်းစဉ်ကို ချိုးဖောက်ရာရောက်နေကြောင်း ကချင်အရေး လေ့လာသုံးသပ်သူ အလွတ်သတင်းထောက်သတင်းထောက်တစ်ဦးက ပြောကြား သွားသည်။

ထွန်းလွင်အောင်