ရခိုင်ပြည်နယ် ကျောက်ဖြူစီးပွားရေးဇုန်အတွင်း ရွှံ့မီးတောင်ဟောင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် လယ်မြေဧကတစ်ရာနီးပါး ပျက်စီး

ရွှံ့မီးတောင်ဟောင်းပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာအနီး ရွှံ့ချော်ရည်များစီးဝင်ခဲ့သည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရဲမင်းနိုင်)


ကျောက်ဖြူစီးပွားရေးဇုန်မြေနေရာအတွင်း ရွှံမီးတောင်ဟောင်းတစ်လုံးပေါက်ကွဲမှု သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါမီးတောင်ပေါက်ကွဲမှုမှချော်ရည်များ စီးဆင်းခဲ့မှုကြောင့် စပါးစိုက်ခင်းများ ဧက ၁၀၀ နီးပါးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။

ရွှံမီးတောင်ဟောင်းပေါက်ကွဲသည့်နေရာမှာ ကျောက်ဖြူမြို့မှ ၁၃ မိုင်အကွာ ရှောက်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် ၂ ဖာ လုံခန့်အကွာ စည်မော်ကျေးရွာ၏ အနောက်ဘက် ကြတ္တိန်ကျေးရွာ၏ မြောက်ဘက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်မီးတောင်ဟောင်းနေရာဖြစ်ကြောင်း သိရသည်။

"မီးတောင်က သြဂုတ် ၃၁ ရက် ညနေ ၅နာရီခွဲအချိန်မှာ စတင်ပေါက်ကွဲတာဖြစ်တယ်။ ညနေ ၇ နာရီခွဲမှာ ပေါက်ကွဲတာရပ်သွားတယ်။ သစ်ချောင်းရွာရဲ့အရှေ့တောင်ဘက် ၂ ဖာလုံ၊ ကျောက်ချောင်းကနေ ၂ မိုင် ခန့်အကွာ ကျောက်ဖြူစီးပွားရေးဇုန်လုပ်မယ့်နေရာမှာ ကျရောက်ပါတယ်။ မီးညွန့်တွေထွက်တာမဟုတ်ဘဲ ရွှံ့တွေက အမြင့်ပေ ၈၀ အထိ ပေါက်ကွဲတယ်။ အနီးအနားမှာ လူသူ၊ ကျွဲနွားတွေမရှိခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူး။ အခုရွှံချော်ရည်တွေ ရွာဘက်ရောက်မှာ စိုးရိမ်နေရတယ်" ဟု ရှောက်ချောင်းရွာသားတစ်ဦးက ပြောကြားသည်။


ရွှံ့မီးတောင်ဟောင်း ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှောက်ချောင်းကျေးရွာအနီး ရွှံ့ချော်ရည်များစီးဝင်ခဲ့သည်ကို စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရဲမင်းနိုင်)

အဆိုပါမီးတောင်မှာ လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ခန့်က တစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းပြန်လည်ပေါက်ကွဲခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့နယ်အတွင်း မီးတောင်သေများစွာရှိနေပြီး ပေါက်ကွဲမှုများ မကြာခဏဆိုသလို တွေ့ရှိရကြောင်းနှင့် မီးတောင်မှချော်ရည်များ ရွာထဲသို့ရောက်ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေရကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲသောနေရာနှင့် အနီးဆုံးတွင်ရှိနေသော စည်မော်ကျေးရွာမှ ဦးကျားသိန်းအောင်က "အခုဆိုရင် မီးတောင်ကကျလာတဲ့ ချော်ရည်တွေကြောင့် လယ်ဧက ၁၀၀ လောက် ပျက်စီးသွားတယ်။ အဲဒီလယ်တွေဟာ ကျေးရွာသုံးရွာကလုပ်ကိုင်ထားတဲ့ လယ်တွေဖြစ်တယ်။ မီးတောင်ပေါက်လာမယ်လို့လည်း ဘယ်သူမှထင်မထားဘူး။ ကံကောင်းတာက လူတွေ၊ အိမ်တွေ တိရစ္ဆာန်တွေမသေတာပါဘဲ" ဟုလည်း ပြောကြားသည်။
EMG

0 comments:

Post a Comment