ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာလဆန်းတွင် တင်သွင်းဖွယ်ရှိ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ရန်ကုန်မြို့တွင် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-AFP)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီအစည်းအဝေးကို စက်တင်ဘာ ၄ ရက်တွင် နေပြည်တော်၌ ပြန်လည်စတင်သွားမည်ဖြစ်ပြီး ယင်းကော်မတီ၏ အစီရင်ခံစာကို အောက်တိုဘာလ ပထမပတ်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ဖွယ်ရှိကြောင်း ကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင် က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြလိုက်သည့် အစီရင်ခံစာသည် အဖွဲ့ဝင်လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ဆွေးနွေးချက်များသာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်များမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။

ဦးအောင်ကြည်ညွန့်က“အစီရင်ခံစာပေါ်မှာ ဆွေးနွေးမှာပါ။ အစီရင်ခံစာကို ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီး တိကျတဲ့ဆုံးဖြတ်ချက်ရမှ ဥပဒေကြမ်းရေးဆွဲမှာ။ လွှတ်တော်မှာ ဆွေးနွေးချက်အပေါ်မူတည်ပြီး ဥပဒေကြမ်းတစ်ခု ရေးဆွဲနိုင်လောက်အောင် ဘယ်ဟာတွေကို ဘယ်လိုပြင်မယ်ဆိုတာ တိတိကျကျလွှတ်တော်က အဆုံးအဖြတ်ပြု ပြီးတော့မှ အဲဒီဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဥပဒေကြမ်းကို ရေးဆွဲမှာပါ”ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် လက်မှတ်ရေးထိုးဆန္ဒပြုသည့် ပြည်သူ ငါးသန်းခန့်ရှိခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်လိုကြောင်း လက်မှတ်ရေးထိုးဆန္ဒပြုထားသည့် လူထုငါးသန်း၏ တင်ပြချက်များကို လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း အလေးအနက်ထားမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းတက်လာပြီး နောက်ပိုင်းတွင်လည်း လွှတ်တော်နှင့် လွှတ်တော်အမတ်များအပေါ် လွှမ်းမိုးမှုရှိမည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။

“၃၁ ဦးပါကော်မတီရဲ့ သုံးသပ်ချက်တွေကို အထူးသဖြင့် ၃၁ ဦးရဲ့ အစည်းအဝေးစထိုင်ကတည်းက အခန်း ၁၂ က စတာ။ အခန်း ၁၂ ဆိုသည်မှာ ၄၃၆ ပုဒ်မကို ပထမဆုံးအစည်းအဝေးစထိုင်ပြီး တစ်ရက်နှစ်ရက်လောက်မှာပဲ ဆွေးနွေးပြီးသားဖြစ်တယ်။ အဲဒီတော့ ၄၃၆ နဲ့ ပတ်သက်လို့ ဘာလုပ်ပါဆိုတာမျိုးက ၃၁ ဦးပါကော်မတီအပေါ် သက်ရောက်မှုရှိချင်မှ ရှိမယ်။ အထူးသဖြင့် ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုမစခင်ကတည်းက ကျွန်တော်တို့က ၄၃၆ နဲ့ပတ်သက်တာကို ဆွေးနွေးပြီးပြီ။ ငါးသန်းသော လူထုရဲ့ ဆန္ဒ နဲ့ကျွန်တော်တို့ ၃၁ ဦးပါကော်မတီရဲ့ ကနဦး ဆွေးနွေးချက် ကွာခြားမှုရှိခြင်းမရှိခြင်းအပေါ်မှာပဲ မူတည်တာပေါ့။ အကြမ်းဖျင်းကတော့ သိပ်မရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်”ဟု ကော်မတီအဖွဲ့ဝင် ဒေါက်တာအေးမောင်က ပြောကြားသည်။-
EMG

0 comments:

Post a Comment