အခွန်နဲ့ အခွံ


စာရေးသူတို့ မြန်မာစကားမှာ အသံထွက်ချင်းတော့ တူတယ်၊ သို့ပေမယ့် အဓိပ္ပာယ်က လုံးဝကွဲပြားခြားနားတဲ့ စကားလုံးတွဲ တစ်တွဲက ‘ခခွေးဝဆွဲ နငယ်သတ် ခွန်’ ဆိုတာနဲ့ ‘ခခွေးဝဆွဲ သေးသေးတင် ခွံ’ ဆိုတာ ဖြစ်ပါတယ်။ အခွန်ဆိုတာကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ကုန်သွယ်ခွန် (Commercial Tax)၊ အကောက်ခွန် (Custom Duty)၊ သွင်းကုန်လိုင်စင်ခွန် (Import License Tax)၊ ထုတ်ကုန်လိုင်စင်ခွန် (Export License Tax)၊ ရောင်းခွန် (Sales Tax)၊ မြေခွန် (Land Tax)၊ ရေခွန် (Water Tax)၊ ၀င်ငွေခွန် (Income Tax)၊ အမှိုက်ခွန် (Garbage Tax)၊ မီးခွန် (Lighting Tax)၊ နိုင်ငံဖြတ်ကျော်ခအခွန် (Country Pass Tax)၊ လမ်းနှင့် တံတားအသုံးပြုခွန် (Road and Bridge Tax) စတာတွေ ဖြစ်ပါတယ်။ စာရေးသူ မှတ်သားမိသလောက် ရေးပြလိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတို့ လုပ်ပိုင်ခွင့်တစ်ခုချပေးဖို့ လက်သိပ်ထိုးလို့ ဖြစ်စေ၊ ဗြောင်ကျကျဖြစ်စေ လာဘ်ထိုးရတာကလည်း အမှန်တော့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ ရုပ်မြင်သံကြားဖန်သားပြင်၊ အင်တာနက် အစရှိတာတွေမှာ နည်းလမ်းပေါင်းစုံနဲ့ ကြော်ငြာတာ၊ မော်တော်ကားတွေမှာ ကြော်ငြာတာ၊ မြေစိုက် ဒါမှမဟုတ် တိုင်ထောင်ဘုတ်ကြော်ငြာ အပါအ၀င် ကြော်ငြာတွေအားလုံးကလည်း ကြော်ငြာခွန်လို့သုံးရင် မှားမယ်မထင်ပါ။ သူများနိုင်ငံတွေမှာ အခမဲ့ပေးနေတဲ့ မိုဘိုင်းတယ်လီဖုန်း ဆင်းမ်ကတ်တွေကို ဈေးကွက်ထိန်းပြီး ရောင်းချတာတွေကလည်း တစ်နည်းအားဖြင့် မှောင်ခိုအခွန်ဖြစ်တယ်။ ယခင်က အောင်ဘာလေသိန်းထီလက်မှတ် တစ်စောင်တန်ဖိုးက နှစ်ကျပ်နဲ့ ရောင်းခဲ့တယ်။
အဲဒီအချိန်က ထီတစ်စောင် နှစ်ကျပ်ကိုဝယ်ရင် နှစ်ကျပ်ပဲပေးရတယ်။ ဒီဘက်ခေတ်မှာ ထီတစ်စောင်ရဲ့ အစိုးရမူရင်းဈေးက တစ်စောင် ၂၀၀ ကျပ်ဖြစ်ပေမယ့် ထီထိုးသူတွေက တစ်စောင်ကို အက္ခရာနဲ့ နံပါတ်အပေါ်မူတည်ပြီး တစ်စောင်ကို ၃၀၀ ကျပ်၊ ဒါမှမဟုတ် ၃၅၀ ကျပ်အထိ ပေးဝယ်ကြရတယ်။
တစ်လချင်း ထီဖွင့်တာဖြစ်လို့ တစ်လကို ထီအစောင်သုံးသန်းထုတ်ပြီးရောင်းရင် စုစုပေါင်း ရောင်းရတန်ဖိုး သိန်း ၆၀၀၀ ကျော်ဖြစ်ပြီး အဲဒီအထဲက ၄၀ ရာခိုင်နှုန်းကို အစိုးရကနေ အခွန်အဖြစ်ရယူပြီး ၆၀ ရာခိုင်နှုန်းကို ပေါက်မဲအဖြစ် ပြန်လည်ဖောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် တစ်လကို အစိုးရရဲ့ အခွန်ငွေက သိန်းပေါင်း ၂၄၀၀ ရရှိပြီး ထီထိုးသူတွေကို ပြန်လည်ခွဲဝေပေးတဲ့ပမာဏ သိန်း ၃၆၀၀ ကျပ်ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ ပြင်ပပေါက်ဈေးနဲ့ ၀ယ်ပြီးထိုးရရင် အပိုကြေးပါထပ်ပြီး ပေးကြရတာဖြစ်တယ်။ ဒါကလည်း ထီရောင်းရာမှာ ကြားခံရောင်းတဲ့ဆိုင်တွေက ထီခွဲတမ်းလစဉ်ရရှိသူထံကနေတစ်ဆင့် ပြန်လည်ဝယ်ယူကြရလို့ ဈေးတင်ရောင်းကြရတာ ဖြစ်တယ်ဆိုတာ သိရတယ်။ ဒါကလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်။
အခွန်နဲ့ပတ်သက်ပြီး စနစ်တကျ သေချာလေ့လာကြည့်ရင် အဲဒီအခွန်တွေကို နိုင်ငံသားတွေက ပြန်လည်မျှပြီး ပေးနေကြရတာ ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းလုပ်သူတွေက အမြတ်ရဖို့ သူတို့ပေးလိုက်ရတဲ့ ကုန်ကျစရိတ်တွေကို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ထပ်ပေါင်းပြီး ထည့်လိုက်တာလို့ အခွန်ဆိုတဲ့ဝန်ထုပ်က နိုင်ငံသားတွေအပေါ် ပါလာစေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်ဘက်ကလည်း အခွန်အထုပ်တွေနဲ့ မိမိနိုင်ငံသားတွေကို ၀န်ထုပ်ဝန်ပိုးမဖြစ်စေဖို့ လိုအပ်သလို ပေါင်းစုံကနေရရှိတဲ့ အခွန်ငွေကြေးတွေ ကဏ္ဍအလိုက်ရရှိတဲ့အခွန် အဲဒီအခွန်တွေကို နိုင်ငံနှင့် နိုင်ငံသားတွေ အကျိုးအတွက် ဘယ်လိုခွဲဝေချထား သုံးစွဲတယ်ဆိုတာကိုလည်း စနစ်တကျ စာရင်းဇယားနဲ့ ချပြသင့်တယ်။ ဒါမှ ပွင့်လင်းမြင်သာမှုက အစိုးရနဲ့ နိုင်ငံသားတွေကြားမှာ ရှိလာစေမှာ ဖြစ်တယ်။ အစိုးရအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုကိုလည်း ဒီမိုကရေစီအစိုးရ တက်လာတယ်ဆိုကတည်းက မိမိနိုင်ငံသားတွေကို ဘာကြောင့်ထင်သာမြင်သာ မပြရဲကြတာလဲ။ ဒါကို ဦးစီးဦးဆောင်တဲ့သူကနေ ပွင့်လင်းမြင်သာရှိစေရမှာ ဖြစ်တယ်။
အခွန်တွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ကောက်၊ ထိပ်ပိုင်းပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကျတော့ ချန်လှပ်ထားတာက တစ်နည်းဆိုရင် အခွန်ရှောင်တဲ့သဘော ဖြစ်တယ်။ သေရင် မိမိနောက်ကို ပါမသွားပေမယ့် ပိုင်ဆိုင်ပစ္စည်းတွေကိုတော့ ဘာကြောင့်တွယ်တာနေကြတာလဲ။ ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ဒီဘ၀မှာ အကောင်းဆုံးစားမယ်။ သုံးမယ်။ ဖြုန်းမယ်။ နောက်ဘ၀ဆိုတာ မရှိဘူးလို့များ တွေးထင်မှတ်နေကြရော့လား။ ဒီဘဝ လူဖြစ်တုန်းအခိုက် အကောင်းဆုံးလုပ်ဆောင်ပါမှ အနာဂတ်ဘ၀သာယာစေမှာ ဖြစ်တယ်။ တစ်ဘ၀တည်းနဲ့ လူ့ဘ၀က ပြီးမသွားပါ။
ဒါဆိုရင် အဲဒီလို တစ်ဘ၀စံ အတွေးရှိသူတွေကို အနှစ်သာရမရှိဘဲ အခွံသက်သက်လူတွေလို့ ဆိုချင်တယ်။ အခွံဆိုတာ ဘာမျှအသုံးပြုလို့မရတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥကိုခွဲလိုက် အခွံကို ဘယ်သူစားပါသလဲ။ လွှတ်ပစ်လိုက်ကြတာပဲ မဟုတ်လား။ အလားတူ သစ်သီးတွေကို အခွံနွှာစားကြတယ်။ အခွံကို ပစ်လိုက်ကြတယ်။ အခွံက လူတွေကို ဘာမျှအကျိုးမပြုပါ။ လူကိုလည်း ဒီကောင်အခွံပါကွာဆိုရင် လူ့ဘ၀မှာ ဘာမျှ မိမိနိုင်ငံ မိမိနိုင်ငံသားတွေကို အကျိုးမပြုသူကို ခေါ်ကြတာ ဖြစ်တယ်။ လူ့ဘ၀မှာ လူ့တန်ဖိုးနားလည်ပြီး လူဖြစ်ရကျိုးနပ်အောင် လုပ်ဆောင်တတ်ကြဖို့ လိုအပ်တယ်။
ဆရာကြီးဦးသုခရဲ့ ‘အကာက အချစ်၊ အနှစ်က မေတ္တာ’ ဆိုတဲ့ကားကို ကြည့်ဖူးတယ်။ အခွံက ဘာမျှအသုံးမ၀င်တာမို့ ချန်လှပ်ထားတာ ဖြစ်တယ်။ ကြက်ဥ၊ ဘဲဥတွေမှာ အကာနဲ့ အနှစ်ကိုသာ စားသုံးကြပြီး အခွံကိုတော့ အမှိုက်ပုံထဲ ပစ်လိုက်ကြတယ်။ အခွံက ဘာမျှအသုံးမ၀င်လို့ ဖြစ်တယ်။ သစ္စာကိုတိုင်တည်ပြီး ချစ်ခြင်းမေတ္တာတရားကို လက်ကိုင်ပြုကြဖို့ လိုအပ်တယ်။ လူတွေမှာ အပြန်အလှန်ဆက်နွှယ်မှု၊ အပြန်အလှန် အကျိုးပြုမှုတွေရှိစေဖို့ လိုအပ်တယ်။ သူ့ဘက်လည်းကြည့်၊ ကိုယ့်ဘက်လည်း ကြည့်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ အခုဟာက အတ္တတွေများပြီး မိမိအကျိုးကိုသာ ကြည့်တတ်သူတွေဖြစ်တယ်ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေတယ်။
အတ္တတွေကို ခ၀ါချပြီး တစ်ဖက်မှာ နိုင်ငံတော်အကျိုးအတွက် အခွန်တွေကို စနစ်တကျအသုံးပြုပြီး မိမိနိုင်ငံသားတွေရဲ့ ချစ်ခြင်းမေတ္တာကို ခံယူကြပါလို့ ဆိုချင်တယ်။ မိမိတို့ကိုယ်ကို အခွံမဖြစ်ပါစေနဲ့လို့သာ ဆိုချင်ကြောင်းပါ။
(ဆောင်းပါးရှင် - ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်))
Eleven Media Group

0 comments:

Post a Comment