တရုတ်သံရုံးကို တိုက်ခိုက်ရန် ကြံစည်သူ (၃)ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ဖမ်းဆီး


တရုတ်သံရုံးအပြင် မနီလာမြို့တော်ရှိ ပစ်မှတ်နေရာ အချို့ကို အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်နေသူ (၃)ဦးကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသား (၃)ဦးသည် မနီလာရှိ နိုင်ငံတကာ လေဆိပ်၌ ဗုံးထောင်ရန် စီစဉ်ထားပြီး ဈေးဝယ်စင်တာကြီး အချို့နှင့် မနီလာရှိ တရုတ်သံရုံးတို့ကိုပါ ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက စက်တင်ဘာ (၂)ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

စက်တင်ဘာ (၁)ရက်က လေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသားများသည် လောင်စာဆီ ဗုံးများ၊ ဗျောက်အိုးများနှင့် အခြား ပေါက်ကွဲစေတတ်သော ကိရိယာများကို ဗင်ကားတစ်စီးထဲတွင် ထည့်သွင်း ယူဆောင်လာပြီး တရုတ်ဆန့်ကျင်ရေး မကျေနပ်ချက်များ ရေးသားထားသည့် စာရွက်များကိုပါ တင်ဆောင်လာကြောင်း သိရှိရသည်။

တရားရေးဝန်ကြီး လိုင်လာဒါလီမာက “သူတို့ကတော့ ကိုယ့်ကိုယ်ကိုယ် ဖိလစ်ပိုင် ပြည်သူတွေရဲ့ အစောင့်အရှောက် ကာကွယ်သူတွေလို့ ခံယူထားတယ်။ တရုတ်နဲ့ ထိုင်ပေက လုပ်ငန်းရှင်တွေ ဖိလစ်ပိုင်မှာ လာစွက်ဖက်တာတွေ၊ တရားမဝင် သတ္တုတူးဖော်တာတွေကြောင့် ရန်သူအနေနဲ့ သတ်မှတ်ကြောင်း သူတို့က ပြောပါတယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ် ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသော်လည်း အစိုးရအနေဖြင့် ယင်းကိစ္စကို သိမ်မွေ့သော နည်းလမ်းဖြင့်သာ ကိုင်တွယ်မည်ဟု ဆိုသည်။ လီမာ၏ အဆိုအရ ဗုံးခွဲမည့် အစီအစဉ်တွင် တရုတ်ပြည်ဖွား ဖိလစ်ပိုင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဟန်နရီဆိုင် ပိုင်ဆိုင်သည့် SM Mall နှင့် နိုင်ငံ၏ ဆဋ္ဌမ အချမ်းသာဆုံးဖြစ်သည့် တရုတ်ဖိလစ်ပိုင် ကပြားသူဌေး ဒေးဗစ် ကွန်ဆွန်ဂျင် ပိုင်ဆိုင်သည့် DMCI အဆောက်အအုံတို့ ပါဝင်ကြောင်း သိရှိရသည်။

_Ref: Channelnewsasia

0 comments:

Post a Comment