MPT ၁၅၀၀ တန်ဆင်းမ်ကတ်များကို ငွေဖြည့်ကတ်ဖြင့် တွဲဖက်ရောင်းချနေ



နေပြည်တော်၊ မဇ္ဈိမ။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယနေ့(စက်တင်ဘာ ၁ရက်)စတင်ရောင်းချသည့် ၁၅၀၀ တန် ဆင်းကတ်များကို ရောင်းချရာတွင် အချို့သော ဆိုင်များက ငွေဖြည့်ကတ်တစ်ကတ်ဖြင့် တွဲဖက်ရောင်းချလျက်ရှိသည်ဟု ဝယ်ယူသူများက ပြောသည်။


သပြေကုန်းဈေးရှိ လက်လီအရောင်းဆိုင်တစ်ဆိုင်မှ ၀ယ်ယူခဲ့သူတစ်ဦးက "ဆင်းကတ်ကတော့ ၁၅၀၀ ကျပ်ပဲ၊ ပိုမပေးရဘူး၊ ဒါပေမယ့် ငွေဖြည့်ကတ် ၅၀၀၀ ကျပ်တန် တစ်ကတ်တော့ ဝယ်လိုက်ရတယ်’’ ဟု ဆိုသည်။

တောင်ကြီးမြို့မှ ဆင်းမ်ကတ်ဝယ်ယူခဲ့သူ ဦးဇော်ဝင်းကလည်း ဖုန်းဆင်းကတ် တစ်ကတ် ဝယ်ယူပါက တစ်သောင်းတန် ငွေဖြည့်ကတ်တစ်ကတ် ဝယ်ယူရသဖြင့် ၁၁၅၀၀ ကုန်ကျသည်ဟု မဇ္ဈိမကို ပြောသည်။

သို့သော် နေပြည်တော်ရှိ အခြားလက်လီဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကမူ ဖုန်းဆင်းမ်ကတ် ဝယ်ယူသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူတစ်စုံယူလာပါက ရောင်းချနေပြီး ငွေဖြည့်ကတ် ၅၀၀၀ တန်ဝယ်ရန်မလိုအပ်ဟုဆိုသည်။ ၎င်းဆိုင်မှာ နံနက် ၉ နာရီခန့်မှ စတင် ရောင်းချခဲ့ရာ ၁၁ နာရီခန့်တွင် ကတ်များ ပြတ်လပ်သွားသည်ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းဆင်းကတ်များသည် ဟန်းဆက်မရွေးအသုံးပြုနိုင်ခြင်း၊ အင်တာနက်သုံးစွဲရာတွင် ကုန်ကျစရိတ် သက်သာခြင်းကြောင့် စိတ်ဝင်စားသူ များပြားသည်ဟု ဝယ်ယူသူများက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ် လေးသိန်းကျော်ကို ပြီးခဲ့သည့်လများက တစ်နိုင်ငံလုံးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ခွဲတမ်းစနစ်ဖြင့် ရောင်းချ ခဲ့သော်လည်း ယနေ့မှစ၍ လွတ်လပ်စွာ ဖုန်းဆိုင်များတွင် စတင် ဝယ်ယူနိုင်ခြင်းဖြစ်သည်။

အဆိုပါဆင်းကတ်များကို နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့နယ် အနည်းဆုံးလေးခုခန့်တွင် ရောင်းချပေးသွားမည်ဖြစ်သော်လည်း ကယားပြည်နယ်တွင်မူ လွိုင်ကော်မြို့ တစ်မြို့တည်းတွင်သာ ရောင်းချပေးသည်။

ဖုန်းနံပတ် ၂၅၄ ဖြင့်စသည့် WCDMA မိုဘိုင်းဖုန်းများကို လက်လီဆိုင်တစ်ဆိုင်လျှင် ကတ်အရေအတွက် ၂၀၀ နှုန်းဖြင့် ချထားပေးခြင်းဖြစ်သည်ဟု လက်လီဆိုင်တစ်ဆိုင်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရောင်းချရာတွင် WCDMA များကို ရောင်းချခြင်းဖြစ်ပြီး Elite၊ Asia Mega Link နှင့် တာမိုးညဲချမ်းသာစသည့်ဆိုင်များနှင့် ချိတ်ဆက်ထားသည့် ဆိုင်များတွင်သာ ရရှိခြင်းဖြစ်ပြီး မှတ်ပုံတင် မိတ္တူ တစ်ခုလျှင် တစ်ကတ်နှုန်းရောင်းချခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က အူရီဒူးက ၁၅၀၀ တန်ဆင်းကတ်များကို စတင်ရောင်းချခဲ့ပြီး တယ်လီနောကမူ ယခု စက်တင်ဘာလအတွင်း စတင် ရောင်းချပေးမည်ဖြစ်သည်။

0 comments:

Post a Comment