အခကြေးငွေဖြင့်ရောင်းချသည့် Eleven ဒစ်ဂျစ်တယ်သတင်းစာကို Facebook ပေါ်တွင် အခမဲ့ပြန်လည်မျှဝေနေသော Free Eleven ဂျာနယ်များ လွှင့်တင်သူကို တရားစွဲဆိုမည်


အခကြေးငွေဖြင့် ရောင်းချနေသည့် Eleven ဒစ်ဂျစ်တယ်သတင်းစာကို Facebook ပေါ်တွင် အခမဲ့ပြန်လည်ဝေမျှနေသော ‘Free Eleven ဂျာနယ်များ-အခမဲ့ဖတ်နိုင်ပါပြီ’ ဟူသည့်စာမျက်နှာ လွှင့်တင်သူကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


Eleven Media Group မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များကို ဒစ်ဂျစ်တယ်သတင်းစာပုံစံဖြင့် စက်တင်ဘာ ၁ ရက်မှစပြီး မိမိကြိုက်နှစ်သက်ရာ Package များကို တစ်လ၊ သုံးလ၊ ခြောက်လ စသည်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ရန် ၀န်ဆောင်မှုစတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချမှုစတင်ပြီးနောက် ၀ယ်ယူဖတ်ရှုသူတစ်ဦးက Facebook ပေါ်တွင် ‘Free Eleven ဂျာနယ်များ-အခမဲ့ဖတ်နိုင်ပါပြီ’ ဟူသည့်စာမျက်နှာဖန်တီး၍ အခမဲ့ပြန်လည်မျှဝေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ယင်းစာမျက်နှာကို Like လုပ်ထားသူ ၂၃၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“Eleven Media Group ရဲ့ဒစ်ဂျစ်တယ်သတင်းစာနဲ့ ဂျာနယ်တွေကို ၀ယ်ယူပြီး Facebook မှာပြန်ပြီး အခမဲ့ဖြန့်ဝေနေတဲ့ Account ကို တွေ့ရပါတယ်။ ဒါနဲ့ပါတ်သတ်ပြီး စစ်ဆေးကြည့်တော့ အမေရိကန်နိုင်ငံ ကော်လိုရာဒို ကနေ ၀ယ်ထားတဲ့သူက လုပ်နေတယ်လို့သိရတယ်။ သူရဲ့ Visa Card နံပါတ်၊ E mail အပါအ၀င် အချက်အလက်တွေ ရရှိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့က ဒစ်ဂျစ်တယ်မီဒီယာအတွက် သိန်းရာထောင်ချီ ရင်းနီးထားရတာပါ။ နိုင်ငံတကာမှာ ဒစ်ဂျစ်တယ်မီဒီယာ ထွန်းကားနေတာကြာပြီ။ ကျွန်တော်တို့က အခုမှ မြန်မာနိုင်ငံမှာ ပထမဆုံအနေနဲ့ စလုပ်တယ်။ ဒီလိုမျိုးလုပ်တာ အင်မတန် ရှက်ဖို့ကောင်းပါတယ်။ ဒါဟာ အကျိုးစီးပွားပျက်စီးအောင်လုပ်တာဖြစ်သလို ဥပဒေကြောင်းအရလည်း ညိစွန်းနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံလုံးမှာ တရားစွဲဆိုသွားမှာပါ။ သတင်းစာဂျာနယ်တွေအတွက် ကျွန်တော်တို့ သတ်မှတ်နှုန်းက တစ်နှစ်ကို ဒေါ်လာ ၅၀ရှိပါတယ်။ အဲ့ဒီ Facebook Pageရဲ့ Like က လောလောဆယ်မှာ၂၃၀၀၀ ကျော်ရှိနေတယ်။ ဒီအတွက် Like တစ်ခုချင်းစီကို ကျသင့်ငွေရဲ့ ၅ဆ ဒေါ်လာ၂၅၀ နှုန်းရဖို့ Facebook Page ဖန်တီးပြီး ဖြန့်ဝေနေတဲ့ Account ပိုင်ရှင်ကို တရားစွဲဆိုသွားမှာပါ။ ” ဟု Eleven အွန်လိုင်းမီဒီယာ၏ အယ်ဒီတာချုပ်ဖြစ်သူ ကိုဇော်ရဲနောင်က ပြောကြားသည်။

Eleven Media Group မှထုတ်ဝေနေသော နေ့စဉ်သတင်းစာ၊ အပတ်စဉ်သတင်းဂျာနယ်နှင့် အားကစားဂျာနယ်များအားလုံးကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ရယူဖတ်ရှုလိုပါက တစ်လလျှင် ၅.၅ ဒေါ်လာ၊ သုံးလလျှင် ၁၅ ဒေါ်လာ၊ ခြောက်လစာဆိုပါက ၂၅ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး သတင်းစာနှင့် သတင်းဂျာနယ်သီးသန့်၊ အားကစားဂျာနယ် သီးသန့်ကိုလည်း သီးခြားစီ ရယူဖတ်ရှုနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများအတွက် Android App ရှိပြီး iOS အတွက် App ကိုလည်း မကြာမီရရှိမည်ဖြစ်သည်။
Eleven Media Group

0 comments:

Post a Comment