အယ်လ်ကိုင်ဒါ အဖွဲ့ အရှိန်အဝါများ ပြန်လည် အဖတ်ဆည်နိုင်ရန် အတွက် တောင်အာရှဂိုဏ်းခွဲသစ် တည်ထောင်ခြင်းဖြစ်ဟု လေ့လာသူများ သုံးသပ်

အစ္စလာမ်မစ်နိုင်ငံတော် IS အဖွဲ့ ၏ ရက်စက်ကြမ်းကြုတ်မှု နှင့် တိုက်ခိုက်ရေးအောင်မြင်မှုများကြောင့် ယခင်က ကမ္ဘာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အရှိန်အဝါ ကြီးမားခဲ့သော အယ်လ်ကိုင်ဒါ အဖွဲ့မှာ အရှိန်အဝါ ကျဆင်းလာခဲ့ပြီး တောင်အာရှဒေသတွင် ဂိုဏ်းခွဲသစ်တစ်ခု တည် ထောင်လိုက်ခြင်းအားဖြင့် ၄င်းတို့၏ သြဇာပြန်လည်ကြီးမားလာအောင် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည် ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



အယ်လ်ကိုင်ဒါအဖွဲ့ အရှိန်အဝါကျဆင်းသွားခဲ့ရသော အကြောင်းရင်းများထဲတွင် အိုစမာဘင်လာဒင် သတ်ဖြတ်ခံရခြင်း ကဲ့သို့သော အချက်များ လည်း ပါဝင်ပြီး တိုက်ခိုက်ရေးသမား အများအပြားမှာ အရှေ့အလယ်ပိုင်းရှိ IS အဖွဲ့ထံသို့ ကူးပြောင်းသွားကြသည်။

အာဖဂန်နစ္စတန်အား ဆိုဗီယက်တို့ ကျူးကျော်တိုက်ခိုက်နေခဲ့စဉ် ၁၉၈၀ပြည့်လွန်နှစ် နှောင်းပိုင်းတွင် အယ်လ်ကိုင်ဒါ အဖွဲ့ကို အိုစမာဘင်လာ ဒင်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အယ်လ်ကိုင်ဒါ အဖွဲ့မှာ တောင်အာရှဒေသ နှင့် ခွဲခြား၍ မရနိုင်လောက်အောင် ဆက်နွယ်မှုရှိခဲ့သော အဖွဲ့ဖြစ် သည်။ သို့ရာတွင် ယခုအခါ လေ့လာသူများက ပါကစ္စတန်နိုင်ငံ၏ လူမျိုးစုဒေသများတွင် အယ်လ်ကိုင်ဒါ သူပုန် ဦးရေမှာ ထောင်ဂဏန်း အနည်းငယ် သာ ရှိတော့ကြောင်း ခန့်မှန်းထားကြသည်။

ထို့ပြင် ပါကစ္စတန်တွင် အယ်လ်ကိုင်ဒါ အဖွဲ့၏ တိုက်ရိုက် စစ်ဆင်ရေးညွှန်ကြားခိုင်းစေမှုများ လျော့ကျလာပြီး အဖွဲ့အနေဖြင့် သဘောတရားရေး ရာ မူဘောင်တစ်ရပ် နှင့် ငွေရေးကြေးရေး အထောက်အပံ့များ ပေးအပ်ခြင်းကိုသာ ပို၍ အာရုံစိုက်လုပ်ဆောင်လျက် ရှိသည်။

“အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ တက်ခ်ျရီခ်-အီး တာလီဘန် အဖွဲ့လိုမျိုး ဒေသတွင်း အဖွဲ့တွေ အင်အားတောင့်တင်းလာတာကို ကျွန်တော် တို့ တွေ့နေရပါတယ်” ဟု ပါကစ္စတန်ရှိ စစ်သွေးကြွရေးရာ လေ့လာရေး ကျွမ်းကျင်သူ အမီယာရန်နာက ဆိုသည်။

“ဒီဒေသက အယ်လ်ကိုင်ဒါ တွေကို လစ်ဗျား နဲ့ တခြား အာရပ်နိုင်ငံတွေဆီ ရွှေ့ပြောင်းလိုက်တာဟာ သူတို့ကို အင်အားနည်းသွားစေပါတယ်” ဟု ၎င်းက သုံးသပ်ခဲ့သည်။

IS အဖွဲ့မှာမူ နယ်မြေအများအပြားအား သိမ်းပိုက်နိုင်ခဲ့သည့် အပြင် လူမှုမီဒီယာအသုံးပြု ဝါဒဖြန့် လှုပ်ရှားမှုများဖြင့် အယ်လ်ကိုင်ဒါ အဖွဲ့အား အရှိန်အဝါ အသာစီးရလာခဲ့ရာ၊ ထက်မြက်သော ကုမ္ပဏီသစ် တစ်ခုက ငြီးငွေ့ဖွယ်ခေတ်ဟောင်း နိုင်ငံစုံ ကုမ္ပဏီကြီး တစ်ခုအား စိန်ခေါ် လိုက်ခြင်းနှင့် အလားသဏ္ဍန် တူနေသည်။

IS အဖွဲ့အနေဖြင့် ၄င်းတို့၏ အရှိန်အဝါကို အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်တို့အထိ တိုးချဲ့တည်ထောင်နိုင်ရေး ကြိုးပမ်းကောင်း ကြိုးပမ်းနေ သည်ဟု ယူဆရသော အထောက်အထားအချို့ပင် တွေ့ရှိလာရပြီး ထိုဒေသများမှာ တစ်ချိန်က အယ်လ်ကိုင်ဒါ အဖွဲ့ အားကောင်း ခဲ့သော ဒေသများ ဖြစ်ကြသည်။
Ref:AFP

0 comments:

Post a Comment